Skip to product information
1 of 8

Other Websites

ဆရာဦးမောင်မောင်သန်း - အဝေးမှသမီးများသို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          “အဖေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟိုးတော်တော်ဝေးဝေးက စာလေးတွေ ရောက်လာတယ်။ လေးငါးစောင်ထက်တောင် များတယ်။ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် နေကြပုံတူနေတယ်။ တစ်ဦးတည်းများလားလို့တောင် အသေအချာ ဂရုစိုက်ကြည့်ရသေးတယ်။ ဘာလို့လဲဆိုတော့ ဘာမှမပြောဘဲ ခေါင်းစဉ်ကို အဖေ ဆိုပြီး တန်းတပ်ကြသူတွေချည်းပဲမို့။

          လာကြတာတွေကတော့ ဟိုးရှမ်းပြည်နယ်၊ ဟိုးတနင်္သာရီတိုင်း၊ ဟိုး အထက် စုံနေတာပဲ။ သေချာကြည့်တော့မှ စာရေးပုံ မတူဘူး။ လက်ရေးလည်း ကွာတယ်။ ဒါပေမယ့် ဆရာ့စာတွေဖတ်ပြီးတော့ ကိုယ့်အဖေက ကိုယ့်ကို ဆုံးမနေသလို ခံစားနေရပါတယ်။ ဒါကြောင့် ကျေးဇူးကြီးလို့ အဖေ ဆိုပြီး ခေါ်ခွင့်ပြုပါဆိုတဲ့ စကားနိဒါန်းပျိုးပြီး ခေါ်ကြတဲ့သူတွေရှိသလို ဘာမပြော ညာမပြောနဲ့ တန်းပြီး အဖေတန်းခေါ်ကြသူတွေလည်း ရှိပါတယ်။

          ဘာပဲဖြစ်ဖြစ် အဖေ ဆိုတဲ့ ခေါင်းစဉ်တပ်လာသမျှ စာလေးတွေကို ဖတ်ရတော့ ရင်ထဲမှာ ကြည်နူးရပါတယ်။ ပီတိလည်းဖြစ်ရပါတယ်။ စိတ် မကောင်းစရာလေးတွေကိုလည်း တွေ့နေရပါတယ်။ အဖေတစ်ယောက်လို အားကိုးပြီး ရင်ဖွင့်ကြမှန်းသိတော့ သော် - ရပ်ဝေးမှာနေနေကြတဲ့ ငါ့သမီး လေးတွေကို ဘယ်လိုစကားပြန်ရဖို့ဆိုပြီး စဉ်းစားရင်းစဉ်းစားရင်း ဒီလို လေးများ စကားပြန်လိုက်ရရင်ကောင်းမလားလို့...။

          သမီးတို့...

          အိမ်ထောင်ဖက်ဟာ ဘယ်လိုမှ ဘာကိုလုပ်လုပ် လုပ်သမျှရှုံးပြီး လုပ် သမျှလုပ်ငန်းတွေ ပျက်နေရပါတယ် ဆိုတာကတော့ သူ့ရဲ့ စီးပွားရေးအမြင်၊ သူ့ရဲ့ ကိုယ်ကျင့်တရား၊ သူ့ရဲ့ ဘာသာတရား ကိုင်းရှိုင်း ကြည်ညို ရွတ်ဖတ် သူ၊ ခွေးလေးတွေ ကျွေးတာမျိုးလို တိရစ္ဆာန်လေးတွေကို အာဟာရဒါနပြု မှု၊ ပြီးတော့ သူ့ရဲ့ လုံ့လဝီရိယတွေနဲ့ပဲ ဆိုင်ပါတယ်။ အဲဒါကတော့ သမီးတို့ လုပ်ပေးလို့ မရပါဘူး။ သူတို့ကိုယ်တိုင် ပြုလုပ်ရမှာတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ ဒါဖြင့် အိမ်ထောင်ဖက်အမျိုးသားတွေခမျာ အဲသလိုတွေ ကြိုးစား နေသလား။ ကြိုးစားနေပါရက်သားနဲ့ ကံတွေနိမ့်ပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်နေလား။

          ဒါဖြင့်...ကြည့်၊ သမီးတို့ ထမင်းချက်တဲ့ မီးဖို သို့မဟုတ် ပေါင်းအိုး နဲ့ ထဘီတန်းအကွာအဝေးကိုကြည့်လိုက်။ တွေ့ဖူးတယ်၊ ပေါင်းအိုးနဲ့ ထမင်း ချက်တဲ့အိမ်တစ်အိမ်မှာ အဲဒီပေါင်းအိုးဘေးနားကပ်ရက် တစ်တန်းတည်း ထဘီကြိုးတန်းကြီးနဲ့။ တန်းထားတော့ တံခါးမှာ။ အဲဒီ တံခါးအဖွင့်အပိတ်ကို လုပ်တိုင်း လှန်းထားတဲ့ထဘီတွေကကိုင်ပြီးသားပဲ။ ဒါဖြင့် ဒီပေါင်းအိုးထဲက ထမင်းကို စားရတော့မယ်ဆိုတော့...။

          နောက်တစ်နေရာမှာ တွေ့ဖူးတာက အိပ်ခန်းထဲမှာထားတာ။ ဘာတွေ လဲဆိုတော့ ကြက်သွန်တွေ၊ အာလူးတွေ ဖြန့်ထားတာ။ အဲဒီကြက်သွန်တွေ၊ အာလူးတွေနဲ့ ကပ်ရပ်ထရံမှာ ထဘီတန်း၊ ရေချိုးပြီး ထဘီနည်းနည်းသွေ့ ပြီဆိုရင် အဲဒီ ကြက်သွန်၊ အာလူးကြားကသွားပြီး ထရံမှာ ဖျတ်ခနဲ လှန်း လိုက်ကြတာပဲ။ မိုးတွင်းဆိုရင်တော့ အင်း.....။

          ပြီးတော့ -

          အိမ်ထောင်ဖက်ရဲ့ လျှော်ပြီးသားအင်္ကျီတွေ ဒါမှမဟုတ် မလျှော်ရ သေးတဲ့အင်္ကျီတွေကို သမီးတို့ အိပ်ရာခြေရင်းမှာ ပုံထားမိသလားကြည့်။ လျှော်မယ့်အဝတ်တွေ စုထည့်ထားတဲ့ခြင်းက ခြေရင်းမှာရောက်လားကြည့်။ ရောက်နေရင်ပြင်လိုက်။ ဘေးနားလေးမှာထား။ အိမ်ထောင်ဦးစီးဆိုတာ ထမင်းရှင်။ သူရှာကျွေးနေရတာ။ သူဘုန်းကံနိမ့်ရင် သမီးတို့လည်း နိမ့်ကုန် မှာပဲ။ သူဘုန်းကံမြင့်မှ သမီးတို့လည်း ရေမြင့်မှကြာတင့်သလိုပဲပေါ့။

          အိမ်ထောင်ဦးစီးခမျာ အလူးအလဲဖြစ်နေပြီဆိုရင်တော့ အိမ်ရဲ့ခေါင်း ရင်းဘက်ခြမ်း နိမ့်နေလားကြည့်။ နိမ့်နေရင် ပြင်ဖို့လုပ်ကြ။ အဲဒါလည်း အိမ်ထောင်ဦးစီးခိုက်တာပဲ။

          ပြီးတော့ မိဘရဲ့အထက်မှာ ဒါမှမဟုတ် မိဘရဲ့ခေါင်းရင်းမှာ သမီး တို့ရဲ့ အိမ်ထောင်ဦးစီးတွေ နေကြသလားကြည့်။ အဲဒါလည်း ဘာမှလုပ်မရ ကိုင်မရဖြစ်ကြတာများတယ်။ နေဖြစ်နေရင် အကောင်းဆုံးကို စဉ်းစားကြ။

          နောက်တစ်ခုတွေ့ဖူးတာကတော့ တော်တော်ဆိုးတယ်။ အိမ်တစ် အိမ်မှာပေါ့လေ။ ကလေးမလေးတစ်ယောက် အဝတ်တွေလျှော်နေတယ်။ ရေ စည်ဘေးမှာရိုက်လျှော်တော့ ရေစည်ထဲကို လျှော်တဲ့ရေစဉ်ပြီး ဝင်ကုန်တယ်။ အင်္ကျီတွေလျှော်တာကတော့ ထားပါတော့။ ဟော - ထဘီလျှော်တဲ့အလှည့် ရောက်လာတော့လည်း ဒီလိုပဲ။ ထဘီရေတွေကစဉ်ပြီး ရေစည်ထဲရောက်ကြ ပြန်ရော။ ကလေးမလေးက ထဘီရေညှစ်လိုက်၊ အဲဒီထဘီရေစက်လက်ဖြစ်နေ တဲ့လက်နဲ့ ရေစည်ထဲရေခွက်ကို ခပ်ယူလိုက်၊ ထဘီကိုလောင်းလိုက်၊ ရေညှစ် လို့၊ ခပ်လိုက်။ စဉ်းစားကြည့်တော့။ မကြာဘူး၊ အဲဒီရေစည်ထဲကရေနဲ့ ဆန် ဆေးတော့တာပဲ၊ ထမင်းအိုးတည်ဖို့။

          ကဲ - ရေစည်က တစ်စည်တည်းရှိနေလို့ပါဆိုတဲ့ ဆင်ခြင်ပေးချင် သေးလား။ တစ်စည်တည်းလည်း တစ်စည်တည်းအလျောက် စည်းနဲ့ကမ်းနဲ့ သုံးရင် ဖြစ်ပါတယ်။

          တစ်ခါက တစ်နေရာကို ဖြတ်လျှောက်သွားတော့ တွေ့ရတဲ့မြင်ကွင်း က မလှဘူး။ အဝတ်လျှော်နေတဲ့ကလေးက ဆယ်နှစ်သာသာပဲရှိဦးမယ်ဆိုတော့ အသိဉာဏ်မကြွယ်သေးဘူးပေါ့။ ဟော- လျှော်ပြီးသား လိမ်ညှစ်ထား တဲ့ အဝတ်တွေကို ခုနပြောတဲ့ ရေစည်ထဲမှာ အလိမ်လိုက်တင်ထားတယ်။ ရေတွေဘယ်ကိုစက်လက်ကျမလဲ စဉ်းစားကြည့်။ အဲဒီထဲမှာ တစ်ကိုယ်လုံး ခြေဖျားထိဝတ်တဲ့ မိန်းမလေးအကျီတို့ဘာတို့ညာတို့ လှမ်းမြင်လိုက်တယ်။ အင်း - အသိဉာဏ်မကြွယ်သေးတဲ့ကလေးကို လျှော်ခိုင်းရင်တော့ သတိထား ကြရမှာပေါ့။ သမီးတို့ကော အဲဒါမျိုးကို မမေ့ကြနဲ့။ သတိထားကြ၊ ဂရုစိုက်

ကြ။

          ပြီးတော့ စားအိုးစားခွက်တွေရဲ့အပေါ်မှာ အဝတ်လှန်းတာ။ ခုနလိုပဲရေစက်လက်နဲ့။

          သောက်ရေမခန်းကြစေနဲ့။ ရေသန့်ပုလင်းတွေဝယ်ပြီး ကြံသလိုသောက် တာနဲ့ ပြီးပြီလို့လည်း မအောက်မေ့ကြနဲ့။ သောက်ရေအိုးဟာ တို့မြန်မာလူမျိုး တွေမှာ သိပ်အရေးကြီးတယ်။ အိမ်ပြောင်းရင်တောင် ဘုရားပင့်ပြီးရင် သောက် ရေအိုးတင်ရတာ များတယ်။ ရှေးတုန်းက လူကြီးတွေဟာ သောက်ရေအိုး ထားပုံသိုပုံ၊ အဖုံး၊ ခွက် စတာတွေကိုကြည့်ပြီး အိမ်တွင်းမိသားစုရဲ့ အခြေအ နေကိုအကဲခတ်ကြလေ့ရှိတယ်။ ရှေးရှေးက နယ်တွေမှာ ကြေးဖလားသိပ်သုံး ကြတယ်။ ပြောင်လက်နေတာပဲ။ အိမ်ရှင်မရဲ့ အရည်အချင်းကို ကြေးဖလား ကပြနေတယ်။ ကြေးဖလားလေးတွေနဲ့ သောက်ကြတယ်။ အိမ်ရှင်မကိုယ်တိုင် ပဲ ပြောင်နေအောင် တိုက်သည်ဖြစ်စေ၊ သူက စီမံတတ်လို့ ခိုင်းတတ်လို့ပဲပြောင်လက်နေသည်ဖြစ်စေ စိမ့်အေးနေတဲ့သောက်ရေအိုးပေါ်က ပြောင်လက်နေ တဲ့ ကြေးဖလားလေးဟာ အင်မတန်မှ ကျက်သရေရှိတယ်။ ခုခေတ် ပလတ် စတစ်ခွက်တွေလို လွယ်လွယ်သောက်၊ လွယ်လွယ်ထားလို့မရဘူး။ ကြေး ဆိုတာ သိတဲ့အတိုင်းပဲ။ အမြဲ ပြောင်လက်နေမှ ကျက်သရေရှိတာ။ သောက် ရေအိုးကို ဂရုတစိုက်ထားကြတဲ့ ရှေးလူကြီးတွေကိုကြည့်။ ဧည့်သည်ကိုခပ် တည်တဲ့ရေလေးတွေကလည်း အေးနေတာပဲ။ ကျန်းမာရေးနဲ့လည်း ညီညွတ် ကြတယ်။ ရောဂါလည်းကင်းကြတယ်။ ဒါကြောင့် ထူးဆန်းတဲ့ရောဂါတွေ လည်း မဖြစ်ကြဘူး။ အသက်လည်းရှည်ကြတယ်။ သောက်ရေအိုးကြီးတွေ ကလည်း ခံ့ညားလိုက်ပါဘိ။

          အတုယူသင့်ရင်ယူရမှာပဲ။

          ရှေးရှေးက တို့ဘိုးတို့ဘွားတွေ သူတို့ ဘယ်လိုရောဂါကင်းအောင် နေခဲ့ကြသလဲ။ ဘယ်လို အသက်ရှည်အောင်နေခဲ့ကြသလဲ။ ဘယ်လိုအန္တရာယ် ကင်းအောင်နေခဲ့ကြသလဲ။ အတုယူသင့်ရင်ယူရမှာပဲ။ သမီးတို့အတုယူကြ။

          ပြီးတော့ -

          သမီးနှစ်ယောက်ရဲ့စာထဲမှာ မိဘတွေရဲ့ ရက်စက်ပုံတွေ ရေးပြထား တာ ဖတ်ရပါတယ်။ အဖေ ခံစားတတ်ပါ့မလား မသိဘူးလို့လည်း ရေးထား တာတွေ့ပါတယ်။ ခံစားတတ်ပါတယ်။ နားလည်ပေးပါတယ်။

ဒါပေမယ့် သမီးတို့ကို ပြောချင်ပါတယ်။

          ဘာပဲပြောပြော ဘာကြီးပဲဖြစ်နေဖြစ်နေ မိဘကိုအန်တုရင် အုတ်ထရံ ကို ခေါင်းနဲ့ပြေးဆောင့်သလိုပါပဲ။ မိဘဟာ မိဘပါပဲ။ အစားထိုးလို့ ဘယ်လို မှမရပါဘူး။ သမီးတို့ ဒိပြင်အကြောင်းတရားတွေ အစားထိုးချင်ထိုးလို့ရမယ်။ မိဘကို ဘယ်လိုမှ အစားထိုးလို့မရနိုင်ပါဘူး။ မိခင်တွေဖြစ်ကြတဲ့ သမီးတို့က ပိုပြီး နားလည်ကြမှာပါ။ ရင်သွေးလေး စဖြစ်လာပြီဆိုကတည်းက ဘယ်လို အစားအသောက် အနေအထိုင် ဆင်ခြင်ရတာတွေ၊ အပူအစပ်ရှောင်ရတာတွေ၊ စားချင်တာမစားဘဲ ထိန်းချုပ်ခဲ့ရတာတွေ၊ မွေးဖွားတဲ့အခါ အသက်ကိုရင်း သေမင်းကိုအန်တုပြီး မွေးခဲ့ရတာတွေ သမီးတို့ ပိုသိမှာပါ။ 

          ဒါကြောင့် မိဘကို ရက်စက်တယ်လို့ မမြင်ပါနဲ့။

          ကိုယ့်ရဲ့ အတိတ်ကံမကောင်းလို့ဘဲလို့ သိထားပါ။ အဲဒီလို မကောင်း တဲ့အတိတ်ကံကို ဆက်ပြီး သယ်ဆောင်သွားဖို့ သမီးတို့ စိတ်မကူးနဲ့တော့။ အဲဒီမကောင်းတဲ့ အတိတ်ကံကို ဖြတ်လိုက်တော့။ အမေက ကိုယ့်ကို ဘယ် လိုပဲ ဆက်ဆံဆက်ဆံ၊ အဖေက ကိုယ့်ကိုဘယ်လိုပဲဆက်ဆံဆက်ဆံ ရက် သားနုနုလေးကနေ ပိုးမွှားမကိုက်အောင်၊ ဒိပြင်ရောဂါဘယတွေမဝင်အောင်၊ အန္တရာယ်မဖြစ်အောင် ကိုယ် ဒီအသက်ဒီအသိဉာဏ်တွေဖြစ်လာတဲ့အထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ကျေးဇူးကိုပဲကြည့်လိုက်။ အဲဒီကျေးဇူးကိုပဲ စဉ်းစားပြီး အမေ့ကို ချစ်လိုက်စမ်းပါ။ အဖေ့ကို ချစ်လိုက်စမ်းပါ။

          သိပ်ချစ်စရာကောင်းတဲ့ မေမေပါလား။ သိပ်ချစ်စရာကောင်းတဲ့ ဖေဖေ ပါလားဆိုပြီး သမီးတို့စိတ်ထဲမှာ ကြည်နူးစွာ ချစ်လိုက်စမ်းပါ။

          မိခင်ရဲ့ ထဘီကို ခုနစ်ထုံးထုံးပြီး ဆောင်ထားလို့ ရန်သူ့လက်နက် က မီးမကူးတာတွေ၊ ကျည်လွဲတာတွေ သမီးတို့ ကြားဖူးကြမှာပါ။

           မိခင်ရဲ့ခြေသည်းကို ဆောင်ထားလို့ ဘယ်လိုမှ အဆင်မပြေနိုင်လွန်း တဲ့ စီးပွားရေးကြီးတွေ အဆင်ပြေသွားတာမျိုး ကြားဖူးမှာပါ။

          ဒီရက်ထဲမှာ ဒီစာလေးကို ရေးဖြစ်မှာမို့လားမသိဘူး။ ဟိုတစ်လောက ရင်ထဲမှာခံစားရတဲ့ အဖြစ်လေးနှစ်ခု ပြောပြဦးမယ်။

           တစ်ခုက ကြွက်။

ကြွက်ဆိုတာ သမီးတို့သိတဲ့အတိုင်း လူမြင်ရင် ပြေးတာ။ လူကိုသိပ် ကြောက်တာ။ ဟော - တစ်နေ့ အိမ်အလယ်က ဝါးပက်လက်ကုလားထိုင်လေးပေါ်မှာတင်ထားတဲ့ ပုဆိုးခေါက်ထဲကနေ ကြွက်တစ်ကောင် ဖျတ်ခနဲ ခုန်ချထွက်ပြေးသွားလို့ အံ့သြပြီး ပုဆိုးတွေကို အခေါက်လိုက် လှန်ကြည့် မိတယ်။ နီရဲနေတဲ့ ကြွက်လေးသုံးကောင် တွန့်လိမ်နေတာပဲ။ ပုဆိုးကြားမှာ ပုဆိုးနှစ်ထည်လောက်က ကွက်ပြီးကိုက်ထားလို့ပေါက်နေပြီ။

          ဪ- သူကလေးဝင်မွေးတာကိုးလို့ စဉ်းစားရင်း ကြွက်ပေါက်က လေးတွေကိုကြည့်နေတုန်း ခုနကြွက်ဟာ အတင်းပြန်ပြေးလာတယ်။ နှစ်ထွာ၊ သုံးထွာလောက်အကွာမှာ လူကို သေသေချာချာကြည့်နေတယ်။ ဒါနဲ့ သူ့ ကလေးတွေကို စိတ်မချလို့လားမသိဘူးဆိုပြီး ဘေးကို အသာလေးဖယ်ပေး လိုက်တယ်။ ဘာပြောကောင်းမလဲ။ ဖျတ်ခနဲဝင်ကိုက်ပြီး ဘယ်သွားထား လိုက်လဲမသိဘူး။ ခေါက်တုံ့ခေါက်ပြန်သယ်သွားတယ်။

          အဲဒါကြည့်၊ လူကို အင်မတန်ကြောက်တဲ့ကြွက်ဟာ သူ့ကိုလှမ်းရိုက် လိုက်မှာ မကြောက်တော့ဘူး။ သူ့အန္တရာယ် သူမမြင်တော့ဘူး။ ကလေးတွေ ဆီကို အသေခံပြီး အရောက်လာသယ်တယ်။ အန္တရာယ်ကင်းတဲ့နေရာကို ရွှေ့ပေးတယ်။ ကြည့်စမ်း။

          နောက်တစ်ခါက လမ်းထိပ်နားက ခွေးနက်မ။ ခါတိုင်းလမ်းထွက်ပြီ ဆိုရင် သူတို့တွေဝိုင်းနေလို့ သူတို့ကိုကျွေးပြီးမှထွက်ရတယ်။ အဲဒီ ငနက်မက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူ့ကို ပိုကျွေးမိတယ်။ သူပိုစားရတယ်။ ဟော မကြာပါဘူး။ ငနက်မမွေးရော။

          တစ်နေ့ ဒိပြင်ခွေးတွေနဲ့ရောပြီး လမ်းထိပ်ကို သူလိုက်လာတာ။ ခါ တိုင်းလိုပဲပေါ့လေ။ သူက အတင်းလု၊ အတင်းစားနေကျဆိုတော့။ ပြီးတော့ ကလေးလည်း မွေးထားပြီးခါစဆိုတော့ သူ့ကို ပိုကျွေးမိတာပေါ့။ ဘာလုပ်လဲ သိလား။ ပေါင်မုန့်ကို ကိုက်ထားတယ်။ မစားဘူး။ ဒိပြင်ခွေးတွေကတော့ အလုအယက်ပေါ့။ သူက မစားဘူး။ ကိုက်ထားရင်း ဟိုကြည့်ဒီကြည့်နဲ့ မယောင်မလည်ကြည့်ပြီး ချာခနဲလှည့်ထွက်သွားတယ်။ ဘေးကလူတွေက ငနက်မ သူ့ကလေးတွေ သူသွားကျွေးတာဆိုပြီး ဝိုင်းပြောကြတော့ လိုက်သွား ကြည့်လိုက်တယ်။ ဟုတ်ပါ့၊ ကလေးတွေကို သူ့ပါးစပ်ထဲ ပေါင်မုန့်ကြီးချ ကျွေးလိုက်တယ်။ ချွေးပေါက်တွေက အတင်းလုစားကြတော့ ခွေးလေးတွေကို လျှာနဲ့လျက်ပေးတယ်။ သူ့နားကိုရောက်သွားတော့ အမြီးလေးတနန့်နန့်နဲ့မော့ကြည့်နေတယ်။ စကားတော့မပြောပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ ကလေး လေးတွေကို စားစေချင်လို့ပါ ဆိုတဲ့စကားတွေ သူ့မျက်လုံးက အသံတိတ် ပြောပြနေသလိုပဲ။ စိတ်မကောင်းဘူး။ မျက်ရည်တောင်လည်မိတယ်။ ဒါ လောက် အငမ်းမရ အတင်းလုစားတတ်တဲ့ ငနက်မဟာ သားသမီးတွေနဲ့ ပတ်သက်လာရင် အငတ်ခံပါလားဆိုပြီး ခံစားချက်အပြည့်နဲ့ ပေါင်မုန့်တွေ အများကြီး သွားဝယ်ကျွေးလိုက်မိတယ်။

          ပြောချင်တာက မိခင်မေတ္တာကိုပါပဲ။

          ကြွက်မကြီးရဲ့ မေတ္တာနဲ့ ငနက်မရဲ့မေတ္တာကို သွားသတိရလိုက်လို့ ပြောပြတာပါ။ ဒါ အဟိတ်တိရစ္ဆာန်ပဲ ရှိပါသေးတယ်။ ရတနာမြတ်သုံးပါး ကို ကြည်ညိုတတ်တဲ့ လူသားမိခင်ရဲ့ မေတ္တာကို သမီးတို့ ဘာနဲ့တန်ဖိုးဖြတ် ကြမှာလဲ။ ဘယ်ပေတံနဲ့တိုင်းမှာလဲ။ စဉ်းစားပါ။

          သမီးတို့ဟာ အတွေးအခေါ်မညံ့တဲ့နာမည်ရှင်တွေပါ။ ဒါကြောင့် မိခင်၊ ဖခင်တွေကို အမြင်ရှင်းစေချင်ပါတယ်။ ဒါမှ သမီးတို့တွေမှာ ပိတ်ဆို့တား ဆီးနေတဲ့အဟန့်အတားတွေ လွင့်ပြယ်ကုန်မှာမို့ပါ။ အဲဒီ အပိတ်အဆို့အတား အဆီးတွေ မရှိတော့ဘူးဆိုရင် သမီးတို့ကံတွေပွင့်ပါပြီ။ ဘုန်းတွေပွင့်ပါပြီ။ မိသားစုအဆင်ပြေပါပြီ။ ဒါတင်မကသေးဘူး ပြောဦးမယ်။

          ဒိဝါတပတိကိုရွတ်ပါ။ ယုံကြည်မှုအပြည့်နဲ့ရွတ်ပါ။ သမီးတို့ မုချ ကျိန်းသေ အဆင်ပြေလာပါလိမ့်မယ်။

          မနက်စောစောထ၊ အိမ်ထောင်ဖက်ကိုလည်း စောစောထပြီး မင်္ဂလာ ကျက်သရေရှိရှိ ဘုရားဝတ်ပြုအောင် သမီးတို့က တိုက်တွန်းပါ။ ဖြစ်လာမှာပါ။

          ပိုက်ဆံအိတ်အပြအပေါက်အစုတ်ဆိုရင်တော့ မကိုင်ပါနဲ့။ ဖာထေး လည်း မကိုင်ပါနဲ့။ အလှပြင်တဲ့မှန် မကွဲစေနဲ့။

          မီးနဲ့လေနဲ့ ဘုရားရှင်ကိုပူဇော်တဲ့အစီအရင်အတွက်မေးတဲ့ ရပ်ဝေး မြေခြားက သမီးကိုလည်း ဖြေလိုက်ပါ့မယ်။ အဲဒီနိုင်ငံ၊ အဲဒီနာရီနဲ့ တွက်ယူ တဲ့ သောကြာအခါကိုပဲယူပါ။ အောင်မြင်ပါလိမ့်မယ်။

          ကဲ - ဒါဆိုရင်တော့ သမီးတို့သိချင်တာတွေ၊ သမီးတို့ဖြစ်ချင်တိုင်း မဖြစ်တာတွေ၊ သမီးတို့ မွန်းကျပ်နေတာတွေကို အတိုင်းအတာတစ်ခုအထိ ကျေနပ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)