ဆရာတော်ဦးဇောတိက - မေတ္တာတရား လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်လာသူ
ဆရာတော်၏ အမှာစာ
“မေတ္တာ”ဆိုတဲ့တရားတိတ်ခွေကို နာကြားရပြီးတော့ မေတ္တာရဲ့ သဘာဝကို ပိုပြီးနက်နက်နဲနဲ စဉ်းစားမိကြောင်း၊ သဘောပေါက်ကြောင်းနဲ့ ပိုပြီး လေးနက်တဲ့ မြင့်မားတဲ့ မေတ္တာမျိုး ထားနိုင်လာတဲ့အကြောင်း ဒကာ၊ ဒကာမ တော် တော်များများ ဆရာတော်ကို လာပြီးလျှောက်ထားကြတယ်။
လေးနက်တဲ့ မြင့်မြတ်တဲ့ မေတ္တာထားနိုင်လာတဲ့ အတွက် ပိုပြီး စိတ်ချမ်းသာကြတယ်၊ ပိုပြီး အဆင်ပြေကြ တယ်လို့လည်း ပြောကြတယ်။
“လမ်းပျောက်တဲ့လူ"ဆိုတဲ့ တရားခွေကို နာကြားကြ ရတဲ့ ဒကာ၊ ဒကာမတွေကလည်း ဒီတရားခွေကြောင့် အသိအမြင်တစ်မျိုးရှင်းပြီးတော့ စိတ်အားတက်လာကြတယ် လို့ ပြောကြပါတယ်။
လူတိုင်းလိုလိုပဲ ကြီးပြင်းလာရတဲ့ ဘဝခရီးမှာ တစ်ခါ မဟုတ်တစ်ခါ လမ်းပျောက်ခဲ့ဘူးကြမှာပါပဲ။ အဲဒီအထဲမှာ ဆရာတော်လည်း ပါ ပါတယ်။
ခရီးသွားနေတဲ့သူ လမ်းပျောက်တတ်တာ ဖြစ်ရိုးဖြစ် စဉ်ပါ။ စိတ်မလျှော့ဘဲ ဇွဲကောင်းကောင်းနဲ့ရှာရင် လမ်းမှန် ကို တွေ့မှာပါ။ အားငယ်စရာ ကြောက်စရာ မလိုပါဘူး။
အဲဒီတရားတိတ်ခွေတွေကို စာအုပ်အဖြစ်နဲ့ ထုတ်ဝေ ပေးဖို့လည်း ဒကာ၊ ဒကာမတွေက အကြိမ်ကြိမ်လျှောက် ထားကြပါတယ်။
စာအုပ်အဖြစ်ကို ရောက်တဲ့အခါမှာ ဖတ်ရတာလွယ် အောင် တချို့နေရာတွေမှာ ပြင်ဆင်ရေးသားလိုက်ပါတယ်။
ဒီတရားစာအုပ်ကို ဖတ်ပြီးတော့ ပိုပြီး လေးနက်တဲ့ မေတ္တာကို သဘောပေါက်ကြပြီး မိသားစုအပေါ်မှာရော၊ မိတ်ဆွေတွေအပေါ်မှာပါ အားလုံးအပေါ်မှာ သဘောထား မှန်မှန် လေးလေးနက်နက် မေတ္တာထားတတ်လာမယ်လို့ မျှော်လင့်ပြီး ဆရာတော် ဝမ်းသာနေပါတယ်။ ။
မေတ္တာငတ်နေတဲ့လူတွေ များလှပါတယ်။ တစ်ဦး ပေါ်တစ်ဦး ပိုပြီးတော့ မေတ္တာထားနိုင်လာရင် အားလုံးပိုပြီး စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု ရလာမယ်။
မေတ္တာကြီးမားတဲ့သူဟာ မြင့်မြတ်တဲ့သူ ငြိမ်းချမ်းတဲ့ သူ ဖြစ်တယ်။
လူတိုင်း လူတိုင်း မိမိကိုယ်ကို မှန်မှန်ကန်ကန် ချစ် တတ်တဲ့သူ၊ သူတစ်ပါးကိုလည်း မှန်မှန်ကန်ကန် ချစ်တတ်တဲ့ သူများ ဖြစ်ကြပါစေ။
ဆရာတော် ဦးဇောတိက
ဒီနေ့ ဒကာ ဒကာမတွေကို သိပ်ပြောချင်လွန်းနေတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်တယ်၊ ဒါလေး ကို ပြောပြချင်တာတော့ တော်တော်ကြာပါပြီ၊ မပြောဖြစ် ဘူး။ အကြောင်းအရာကလဲပဲ လူတိုင်းပြောနေဆိုနေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်၊ အထူးအဆန်းတော့ မဟုတ်ပါ ဘူး။ ဒါပေမယ့် ပြောသာပြောနေကြတယ်၊ တကယ်လေး လေးနက်နက် စဉ်းစားကြည့်တဲ့အခါမှာ တကယ်သိလို့ ပြော နေကြတာမဟုတ်ဘူး၊ သိဖို့လည်း သိပ်မလွယ်ဘူးလို့ ထင် ပါတယ်။ ကိုယ်ကိုယ်တိုင်လဲပဲ ဒီအကြောင်းအရာကို သိချင် လို့ နှစ်ပေါင်းတော်တော်ကြာကြာ လေ့လာတယ်၊ စဉ်းစား တယ်၊ ကျင့်သုံးကြည့်တယ်၊ ဒါပေမယ့် အခုအချိန်ထိ အကုန် လုံး ပြည့်ပြည့်စုံစုံသိပြီလို့ ကိုယ့်ကိုယ်ကို မပြောနိုင်သေး ပါဘူးနော်။
တကယ် စဉ်းစဉ်းစားစား ပြောရမယ်ဆိုရင်တော့ လောကမှာ ငါ ဘယ်အကြောင်းအရာကိုတော့ တကယ် အပိုင်သိပါတယ်လို့ ပြောလို့ရတဲ့ အကြောင်းအရာ ဘယ် နှစ်ခုလောက် ရှိသလဲ။ စဉ်းစားကြည့်ပါနော်။ တခြား မပြောနဲ့၊ စိတ်ကို အပိုင် သိပါတယ်လို့ ပြောလို့ရပါ့ မလား၊ မရနိုင်ပါဘူးနော်။ အဲဒီတော့ သိတယ်ဆိုတဲ့ကိစ္စဟာ အင်မတန် နက်နဲတာပါ။ သဘာဝတရားမှန်သမျှ ဘယ် ဟာကိုမှ ကုန်စင်အောင် သိဖို့ဆိုတာ မလွယ်ပါဘူး။ အရိုး ဆုံးအရှင်းဆုံးကိစ္စတွေတောင်မှ အပေါ်ယံလေး နည်းနည်း ပါးပါး အကြမ်းစားလောက် သိတာပါ။ အပြည့်အစုံ မသိ နိုင်ပါဘူး။
ဒါကြောင့် တစ်ခုခုကို ပြောမယ်လို့ ဒီဘုန်းဘုန်းက စဉ်းစားတဲ့အခါမှာ အဲဒီအကြောင်းအရာကို ငါ ဘယ် လောက် သိသလဲလို့ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေး လေ့ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် မသိတာကြီးကို သူများ ကို ပြောနေရမယ်ဆိုရင် အားမပါတော့ဘူး။ အဲဒီ စကားရဲ့ နောက်မှာ အသက် မပါနိုင်တော့ဘူး။ စကားလုံးဆိုတာ ပြောချင်တဲ့ အကြောင်းအရာကို ကိုယ်စားပြုတာ၊ သဘာဝ တစ်ခုကို ကိုယ်စားပြုတာပါနော်။ သဘာဝကို မသိဘဲနဲ့ စကားလုံးကိုသိရုံနဲ့ ပြောလိုက်ရင် အနောက်မှာ သဘာဝ ကိုသိတဲ့ဉာဏ် မပါတဲ့အတွက်ကြောင့် အဲဒီစကားလုံးတွေမှာ ရှင်းလင်းမှု ပြတ်သားမှု မရှိနိုင်တော့ဘူး၊ အသက်မပါ တော့ဘူး။
ဥပမာ ခပ်ရိုးရိုးပြောရမယ်ဆိုရင် တချို့စာရေးဆရာတွေ စာရေးတဲ့အခါမှာ သူတို့ကိုယ်တိုင်က ရေးတဲ့အကြောင်း အရာကို ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲနဲ့ ရေးမယ်ဆိုရင် ရှင်းရှင်းလင်းလင်း တိတိကျကျ မရေးနိုင်တော့ဘူး။ စာမှာ အသက်မပါဘူးဆိုတာ ဖတ်တဲ့သူကခံစားလို့ရတယ်။ ကိုယ် ကိုယ်တိုင် ပြတ်ပြတ်သားသား သိတယ်ဆိုရင်တော့ နည်း နည်းလေး ပိုပြီး အသက်ဝင်လာတယ်၊ စာထဲမှာ အင်အား တွေ ပါလာတယ်။
အဲသလိုပဲ ဘုန်းဘုန်းကလဲ ပြောချင်နေတဲ့အကြောင်း အရာတွေ အများကြီးရှိတဲ့အထဲက ကိုယ်သိသလောက်ကိုပဲ ပြောပါတယ်၊ ဖတ်ထားတာတွေ အကုန်လုံး မပြောချင်ပါ ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဖတ်ထားတာတွေ အကုန်လုံး ကို ကိုယ်တကယ်သိတာမှ မဟုတ်ဘဲနော်။ ဒါကြောင့် သိ သလောက်ကိုပဲ အထူးဦးစားပေးပြီး ပြောတာပါ။ အခု ဒကာ ဒကာမတွေ ဆုံကြတုန်းမှာ အင်မတန်ရိုးပြီး၊ အင်မတန်အခြေခံကျတဲ့ အကြောင်းအရာလေးကို ပြောချင်ပါ တယ်၊ အဲဒါကတော့ မေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်း အရာပါ။
မေတ္တာဆိုတာ ဘာလဲ
မေတ္တာဆိုတာ လူတိုင်း ပြောနေကြ၊ လူတိုင်း ကြားနေ ကြတာပါပဲ။ သီချင်းတွေ စာပေတွေမှာထဲမှာလဲ အများကြီး ဆိုကြရေးကြတာပါပဲ။ ဒါပေမယ့် သေသေချာချာ တည့် တည့် မေးကြည့်ချင်တယ်၊ “မေတ္တာဆိုတာ ဘာလဲ”
မေတ္တာဆိုတာကို တကယ်သိပြီလားလို့မေးရင် ဘယ်လို များ ပြန်ဖြေမလဲ။ သိသလိုလိုတော့ ရှိပါတယ်လို့ ပြန်ဖြေ ' ရတော့မှာပဲ။ ဘုန်းဘုန်းကတော့ မေတ္တာအကြောင်းကို သိ ချင်လို့ နှစ်ပေါင်းတော်တော်ကြာကြာ စဉ်းစားပါတယ်။ ၁၃-၁၄ နှစ် အရွယ်ကတည်းက စပြီး ဒီကိစ္စကို စဉ်းစား တယ်။ အဲဒီအချိန် အဲဒီအသက်အရွယ်ဟာ နည်းနည်း စဉ်းစားစပြုတဲ့အရွယ်ဖြစ်တယ်။ ဒီထက်ငယ်တုန်းက သိပ် မစဉ်းစားပါဘူး၊ လုပ်စရာရှိတာလုပ်၊ ကစားစရာရှိရင် ကစား ပြီး ဒီလိုပဲ နေလာခဲ့တာပါပဲ။ စဉ်းစားတတ်တဲ့ ၁၃-၁၄ နှစ်လောက်အရွယ်ကတည်းက စပြီးတော့ စဉ်းစားတာပဲနော်။ စဉ်းစားတော့ မေးခွန်းတွေ အများကြီး မေးဖြစ်တယ်၊ ဒီ မေးခွန်းတွေ အများကြီးထဲမှာ တစ်ခုအပါအဝင်က “ငါ့မိဘ တွေ ငါ့ကို ချစ်ရဲလား”ဆိုတဲ့ မေးခွန်းပဲ။
ဒီလိုမေးခွန်းမျိုးကို မေးဖူးတဲ့သူ ဘယ်နှစ်ယောက် လောက်များရှိမလဲ မသိဘူး၊ အခုချိန်ထိရော မေးမိကြသေး သလား၊ ဘုန်းဘုန်းကတော့ ငယ်ငယ်တုန်းက အဲဒီသံသယ တော်တော်ရှိတယ်။ တစ်ခါတလေ ကိုယ့်မိဘတွေက ကိုယ့် ကို ချစ်တယ်လို့ထင်တယ်။ တစ်ခါတလေကျတော့လည်း မချစ်ဘူးလို့ ထင်တယ်၊ တစ်ခါတလေ သူတို့မကြိုက်တာတွေ လုပ်မိတဲ့အခါမှာ ဆုံးမပုံတွေဟာ ဆုံးမရာ မရောက် ဘူး၊ ရက်စက်ရာရောက်တယ်လို့ ခံစားရဖူးပါတယ်။ ဒါ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာပါ။
ဘုန်းဘုန်းက ကိုယ့်ခံစားချက်ကိုပဲ အဓိကထားပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်၊ ဒီဘုန်းဘုန်းလိုပဲ ခံစား ရတဲ့လူတွေရှိမယ်လို့ ထင်ပါတယ်၊ တချို့ လာပြောတာ လည်း ကြားဖူးပါတယ်။ အဲသလို ကိုယ့်မိဘရဲမေတ္တာကိုတောင်မှ သံသယဝင်ခဲ့တဲ့စိတ်ရှိနေတော့ နောက်ထပ် တွေ့ရ ကြုံရတဲ့လူတွေကိုလဲပဲ ဒီသံသယစိတ်နဲ့ချည်းပဲ အမြဲတမ်းလို လို ဆက်ဆံမိတတ်တယ်နော်။ စိတ်ရဲ့ သဘာဝက မိဘရဲ မေတ္တာကို သံသယရှိရင် အခြားဘယ်သူ့မေတ္တာကိုမှ ယုံလို့ မရတော့ဘူး၊ ဒါအင်မတန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
အခု အသက်ကြီးလာတဲ့အခါမှာ ပြန်ပြီးတော့ စဉ်းစား သုံးသပ်ကြည့်တော့မှ မိဘတွေရဲ့ဘဝနဲ့ခံစားချက်ကို ပိုပြီး တော့ နားလည်လာတယ်။ အခုမှ နားလည်ခါစရှိသေးတယ် လို့ပြောရင်လဲ မမှားပါဘူး။ သူတို့ဘဝနဲ့ သူတို့ခံစားချက်တွေကို နားလည်လာတဲ့အခါကျတော့မှ သူတို့ကိုသနားတဲ့ စိတ်၊ ချစ်တဲ့စိတ်ဖြစ်လာပါတယ်။ နားလည်မှပဲ ချစ်လို့ရ တယ်၊ နားမလည်ရင် ချစ်လို့မရဘူးနော်။ ငယ်ငယ်တုန်းက သူတို့အပေါ် အထင်လွဲတာ၊ သူတို့ရဲ့ အပြုအမူတွေကို အဓိပ္ပါယ်ကောက်လွဲတာတွေ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါကျမှ သူတို့ကို ပြန်စဉ်းစားကြည့်တော့ ငါ ၁၅-နှစ် ၁၆-နှစ် အရွယ်လောက်တုန်းက မိဘတွေက ၃၅-၃၆ နှစ်လောက် ရှိသေးတယ်။ အခု ကိုယ်ကိုယ်တိုင် အသက်(၅၀)လောက် ရှိလာတဲ့အခါကျတော့မှ ပြန်ကြည့်တော့ သူတို့ အဲဒီအရွယ်တုန်းက ကလေးပဲရှိသေးတာပဲ။ ဘာမှသိပ်မသိကြရှာပါဘူးလို့ ပြန်မြင်မိတယ်။
အခြေအနေအရ အရွယ်ရောက်လို့ အိမ်ထောင်ပြု၊ သားသမီးတွေရ၊ စားဝတ်နေရေးအတွက် အလုပ်တွေလုပ်ပြီးတော့ ဘဝကို ရှုပ်ရှုပ်ထွေးထွေးကြီးနဲ့ပဲ ရုန်းကန်ပြီးတော့နေ ခဲ့ကြတာပါ။ ဘာမှ ရှင်းရှင်းလင်းလင်း တိတိကျကျ မသိ ကြရှာပါဘူး။ သူတို့ဘဝမှာလဲပဲ စိတ်ရှုပ်စရာတွေ စိတ် ပင်ပန်းစရာတွေ အင်မတန်များနေတော့ တစ်ခါတလေ သား သမီးတွေနဲ့ ပတ်သက်တာကို အချိန်ပေးပြီး မစဉ်းစားနိုင်
တော့ဘူး။ သားသမီးတွေနဲ့ စကားပြောချိန် မရှိဘူး။ သား သမီးတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရမယ်ဆိုတာကို မသိ နိုင်တော့ဘူး။ သူတို့ကောင်းတယ်ထင်တာပဲ အတင်းအကျပ် ခိုင်းလေ့ရှိတယ်။ တစ်ခါတလေ သူတို့ခိုင်းတာတွေကကောင်းတာတွေလဲ ပါပါတယ်၊ ဒါပေမယ့် အသိဉာဏ် မပြည့်စုံတဲ့ လူသားတို့ရဲ့ သဘာဝအတိုင်းပဲ၊ တချို့ သူတို့ ခိုင်းတာတွေတော့ မကောင်းဘူးလို့ ဘုန်းဘုန်းကယူဆတယ်။ လူတိုင်းကြုံရမဲ့ကိစ္စပါနော်။ "
အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သက်လာတဲ့ကိစ္စတွေ မှာ အယူအဆ မတူတော့ဘူး။ ဘုန်းဘုန်းက ဗုဒ္ဓဘာသာ တရားဘက်ကို ကြာလေစိတ်ဝင်စားလေဖြစ်လာတယ်။ မိဘ ရဲ့ ဘာသာတရားကို လက်မခံနိုင်တော့ဘူး၊ အဲဒီလိုအခါမှာ မိဘနဲ့ အကြီးအကျယ်ပြဿနာဖြစ်ရတော့တာပဲ။ ဘုန်းဘုန်း ရဲ့မိတ်ဆွေ ဘုန်းကြီးတစ်ပါးက ပြောဖူးတယ်၊ သူ ဗုဒ္ဓ ဘာသာ ဖြစ်လာတဲ့အခါမှာ သူ့အဖေက “မင်းဘာသာကို မင်း ပြန်မပြင်နိုင်ရင် အိမ်ပြန်မလာနဲ့တော့”လို့ ပြောတယ်တဲ့။ ဒါကြောင့် အဲဒီဘုန်းကြီးဟာ အခုအချိန်ထိ သူ့မိဘ အိမ်ကို မပြန်တော့ဘူး၊ သူ့အဖေလည်း အခုအချိန်ထိ ရှိပါသေးတယ်၊ ဒါပေမယ့် စာလဲ မရေးဘူး၊ တယ်လီဖုန်းလဲ မဆက်ဘူး၊ လုံးဝအဆက်အသွယ် မရှိဘူး၊ သူကလဲ မသွား ဘူး၊ သူ့အဖေကလဲ မလာဘူး၊ အဲလိုဖြစ်သွားတာတွေရှိ တယ်နော်။
တစ်ခါတစ်ရံမှာ မိဘနဲ့သားသမီး သဘောထားအ အဆ အတွေးအခေါ် ကွဲလွဲတယ်ဆိုတာမျိုးဟာ ဖြစ်တတ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပြီးတော့ ညှိနှိုင်းမယ်ဆိုရင် အင်မတန်စိတ်ချမ်းသာစရာကောင်းမှာပါ။
တစ်ယောက်ကိုတစ်ယောက် နားမလည်ဘဲနဲ့ ကိုယ်လိုသလို မဖြစ်ရကောင်းလားဆိုပြီးတော့ ရက်ရက်စက်စက် လုပ်မိမယ်ဆိုရင်တော့ နောက်ဆုံး ခံရတဲ့သူဟာ ငါ့မိဘက ငါ့ ကို ချစ်ရဲ့လားဆိုတဲ့သံသယ ဧကန်မုချ ဝင်တော့မှာပဲနော်။
ဒါကြောင့် ဒီမေတ္တာနဲ့ ပတ်သက်ပြီးတော့ အင်မတန် ပြောချင်နေတာပါ။ ဘုန်းဘုန်းကလဲ စဉ်းစားလို့ရသလောက် ပြောတတ်သလို အေးအေးဆေးဆေးပြောမယ်၊ ဒကာ၊ ဒကာမ တွေကလဲ စိတ်ကို အေးအေးချမ်းချမ်းထားပြီးတော့ စဉ်း စဉ်းစားစား နာယူစေချင်ပါတယ်။
ဘုန်းဘုန်း စဉ်းစားလို့ရသလောက်ပြောတာကို အားလုံး အပြည့်အစုံလို့သဘောမထားစေချင်ပါဘူး။ ဘယ်အကြောင်း အရာတစ်ခုကိုမှ ဘုရားမှတစ်ပါး ဘယ်သူမှ ပြည့်ပြည့်စုံစုံ မသိကြပါဘူး၊ ဒါကြောင့် လူတိုင်းတွေ့ကြုံခံစားနေရတဲ့ မေတ္တာဆိုတဲ့ အကြောင်းအရာကို ပြောဖို့ အရေးကိုတောင်မှ အင်မတန်တွန့်ဆုတ်မိပါတယ်၊ တစ်ယောက်လောက်ကများ “အရှင်ဘုရား ဘယ်လောက်သိလို့တုန်း”လို့ မေးလိုက်ရင်တော်တော်လန့်သွားမှာနော်။ သိတယ်လို့ မပြောရဲပါဘူး၊ သို့သော် နည်းနည်းတော့ရိပ်မိတယ်လို့ ပြောလို့ ရပါတယ်။