Skip to product information
1 of 3

Other Websites

ဆန်းလွင် - သစ္စာဉာဏ်ပွင့်ဒဿန

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဒုတိယ အကြိမ် ဖြည်စွက် ပုံနှိပ်ခြင်း

အကြောင်းပြ စကား

လူမှာ အာရုံကို သိသာ အပြင် သိစိတ် ရှိသလို လူမှာ အာရုံကို မသိသော အတွင်း ဘဝင်သိစိတ်လည်း ရှိသည်။ အပြင် အာရုံ သိစိတ်သည် လောက၏ မမြဲသော သဘာဝကို မြင်နေ ကြားနေသော်လည်း သတိပြု၍ မရှုတတ်သောကြောင့် “အနိစ္စ" ကို မမြင်သလို ထိုစိတ်သည် 'အနိစ္စ” ကိုလည်း မခင်ပါ။ အတွင်း ဘဝင်သိစိတ်သည် မြင်မနေ ကြားမနေသော်လည်း သတိပြု၍ ရှုတတ်သောကြောင့် “အနိစ္စ" ကို မြင်သလို ထိုစိတ်သည် “အနိစ္စ ကိုလည်း ခင်ပါသည်။ ထိုသဘောသည် သဘာဝ အရ ထင်ရှားပါသည်။ အပြင် အာရုံ သိစိတ်သည် ဖြစ်နေသော အရာ တစ်ခု ပျက်စီးသွားလျှင် “အနိစ္စ' ဟု မမြင်တတ် “အနိစ္စ' ကို မခင်တတ်သောကြောင့် ပျက်စီးခြင်းကို ပြောင်းလဲခြင်းဟု မသိတတ်။

ပျက်စီးခြင်း ဆိုသော ပညတ်ကိုသာ စွဲ၍ နှလုံးမသာ ဖြစ်တတ်ပါသည်။ ပျက်စီးခြင်းကို မမြင်လို အနိစ္စကို မခင်လိုချေ။ အတွင်း ဘဝင်စိတ်သည် ဖြစ်နေသော အရာ တစ်ခုကို အချိန်ကြာကြာ မြင်နေရလျှင် ငြီးငွေ့ စက်ဆုပ်ချင်လာသည်။ ပျက်စီး ပြောင်းလဲသွားခြင်းကို မြင်လည်း မြင်တတ်သည်။ ခင်လည်း ခင်တတ်သည်။ အဟောင်း ပျက်ပြယ်သွားလျှင် အသစ် အသစ်တွေ အစား ဝင်လာမည်ကို ကြိုတင် သိမြင်နေနှင့်သည်။ ထိုစိတ်သည် ပရမတ် အာရုံ ရှိသည်။ အနိစ္စကို အဟောင်း အသစ်တို့၏  ပြောင်းလဲခြင်း အဖြစ်ဖြင့်သာ အစဉ် မြင်တတ်ပါသည်။ ထို့ကြောင့် လူသား၏ စိတ်သဘာဝသည် အပြင်စိတ်က အပြောင်းအလဲကို မလုပ်ချင် လက်ရှိကိုပင် ခင်တွယ်သော်လည်း အတွင်းစိတ်က အပြောင်းအလဲကို လုပ်ချင်သည်။ အနိစ္စကို မြင်ချင်သည်။ အသစ်အဆန်းကို လိုချင်သည်။ လူ့ဘဝကို အပြင်စိတ်က တိုးတက် ကြီးပွားအောင် မလုပ်နိုင်။ ဘဝင်စိတ်ကသာ တိုးတက်ကြီးပွားအောင် လုပ်နိုင်သည်။ ဘဝင်စိတ်က ရေးပြနေသော စကားဝှက်များကို လူသားသည် အဓိပ္ပာယ် ဖော်တတ်လျှင် လူ့ဘဝသည် ဒုက္ခဆင်းရဲ အားလုံးမှ ကင်းဝေး လွတ်မြောက်သွားနိုင်သည်။ အပြင်စိတ်သည် အဖြူ အနီ အပူ အအေး အမာ အပျော့ အလှုပ် အငြိမ် အချဉ် အချို့ အထိ အတွေ့ အမြင် အကြား သဘောများကိုသာ သိနိုင် မြင်နိုင် ကြားနိုင်သည်။ အမှား အမှန်ကိုမူကား အပြင်စိတ်က မသိနိုင် ဘဝင်စိတ်ကသာ သိနိုင်သည်။ ဘဝင်စိတ်ကသာ “ဓမ္မ' ကို သိပါသည်။

ထိုသဘောတရားကို စိတ်ဝင်စားစရာ ဖြစ်အောင် အဇာတသတ်ကို သုံးသပ်ခြင်း အကြောင်း၌ အကျွန်ုပ် တတ်အားသမျှ ဖော်ပြထားပါသည်။

ပထမ အကြိမ် ထုတ်ဝေစဉ် အခါက ရေးဆဲ ဒဿန စာစုများကို ချန်၍ ရေးသားပြီးသမျှ စာများကိုသာ ပုံနှိပ် ထုတ်ဝေ ခဲ့ရသည်။

ယခု ဒုတိယ အကြိမ် သစ္စာဉာဏ်ပွင့် ဒဿနကို ထပ်မံ ထုတ်ဝေရပြန်သော အခါ နောက်ထပ် ဖြည့်စွက်စရာ ဒဿန စာအများ ဖြစ်နေပြန်သဖြင့် ထိုစာ လက်ကျန်များကို ဤတွင် ထပ်မံ ဖြည့်စွက်ပြီး ရေးပြီးသမျှ အားလုံး ပါအောင် ထည့်သွင်း ထုတ်ဝေ ထားပါကြောင်း ရိုးသားစွာ အစီရင် ခံပါသည်။

စာရေးသူ

 

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အနာဂတ်ကြို သဘောမှန် စာပေဝါဒ နှင့်

အကျွန်ုပ်၏ အတွေးစာ နိဒါန်း

ကုန်ရောင်းသူကို ကုန်သည်ဟု ခေါ်ပါသည်။ ဈေးရောင်းသူကို ဈေးသည်ဟု ခေါ်ပါသည်။ ပန်းရောင်းသူကို ပန်းသည်ဟု ခေါ်ပါသည်။ ပဲပြုတ် ရောင်းသူကို ပဲပြုတ်သည်ဟု ခေါ်ပါသည်။ အနှိပ် ရောင်းသူကို အနှိပ်သည်ဟု ခေါ်ပါသည်။ သို့ အခေါ်အဝေါ် ရှိသည် မှန်လျှင် အတွေး ရောင်းသူကို ၊ “အတွေးသည်” ဟု ခေါ်သင့်ပါသည်။

“ဆန်းလွင်” ဟူသော ကလောင်သည် “အတွေးစာ” ကို ရေးပါသည် ပြီးတော့ သူသည် “အတွေးစာ” ကို ရောင်းပါသည်။ ထို့ကြောင့် သူ့ကိုလည်း “အတွေးသည်” ဟု ခေါ်သင့်ပါသည်။ သစ္စာ ဉာဏ်ပွင့် ဒဿန သည် အတွေးသည် ဆန်းလွင် ရေးသော အတွေးစာ ဖြစ်ပါသည်။ ထိုစာမျိုးသည် သီးခြားဟန်ဖြင့် ဖြစ်ထွန်းပါသည်။ သုတ စာလည်း မဟုတ်ပါ။ ရသ စာလည်း မမည်ပါ။ ကဗျာနှင့်လည်း မတူပါ။

စကားပြေ ဟူ၍လည်း မဆိုသာ။ တစ်ဘာသာတော့ တစ်ဘာသာ ဖြစ်ပါ သည်။ ဤစာမျိုးကို အင်္ဂလိပ် စာပေမှာ aphorism ဟု ခေါ်ပါသည်။ ဗုဒ္ဓ စာပေမှာလည်း ရှိပါသည်။ ထိုစာကို သုတ္တန်စာဟု ခေါ်နိုင်ပါသည်။

မှန်ပါသည်။ အတွေးစာသည် သုတ္တန်စာ ဖြစ်ပါသည်။ အနက် အကျယ်ကို စာ အကျဉ်းနည်းဖြင့် ပြပါသည်။ တိုရှင်း လိုရင်းကို ဆိုပါသည်။ စာလုံးတိုင်းမှာ အတွေးပါသည်။ အတွေးကို စာက ဖွင့်သည်။ စာကို အတွေးက ပိတ်သည်။ ထို့ကြောင့် ထိုစာသည် ရုပ်ကို ဖွင့်ပြီး စိတ်ကိုမူ ပိတ်ထားတတ်ပါသည်။ သို့သော် ပိတ်ထားသော စိတ်ကို ပိတ်ထားသော စိတ် ရှိသူတိုင်း ခံစား သိမြင်နိုင်ပါသည်။ အကျွန်ုပ်သည် အနာဂတ်ကို ယုံကြည်သူ ဖြစ်ပါသည်။ ယုံကြည်ချက်ကို မျှော်လင့်သူ ဖြစ်ပါသည်။ မျှော်လင့်ချက်ကို အားပြုသူ ဖြစ်ပါသည်။ အကျွန်ုပ်သည် ဘဝကို ကောင်းအောင် အစဉ် နှလုံး သွင်းပါသည်။ အကောင်းဆုံးကို လိုလားပါသည်။ အဆိုးဆုံးကို အောင့်ခံပါသည်။ ဒေါသကို လျစ်လျူရှုဖို့ ကြိုးစားသည်။ မေတ္တာကို ပွားများဖို့ အားထုတ်သည်။

ဗုဒ္ဓတရားကို ယုံကြည် သက်ဝင်သည်။ ကမ္မသတ္တိကို သိမြင်သည်။ ကံမှာ ဝိပါက် ရှိသည်ကို နားလည်သည်။ ဘာကိုမျှ အဆိုး မမြင်ပါ။ ဘယ်သူ့ကိုမျှ အပြစ် မတင်ပါ။ ဖြစ်ချင်တာတွေ ဖြစ်နေပါစေ သူ့ထိုက်နှင့် သူ့ကံဟု နှလုံး ထားတတ်ပါသည်။

အကျွန်ုပ်၏ စာပေ အနုပညာ အမြင်သည် အနာဂတ်ကြို သဘောမှန် ဝါဒ ဖြစ်ပါသည်။

ထိုသဘောကို ဆိုသင့်ပါသည်။ ဤသို့ ဖြစ်ပါသည်။ အနုပညာ ရသ စာပေသည် ပရိသတ်အား တန်ရာတန်ဖိုး တောင်းသော ရောင်းကုန် ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ ထိုပစ္စည်းမှာ တန်ဖိုး ရှိပါသည်။ ရတနာမျိုး ဖြစ်ပါသည်။ ရတနာ ဟူသည် ။ အပေါစား ဖြစ်လျှင် တန်ဖိုး မရပါး၊ နှစ်သက်ဖွယ် မဖြစ်လျှင် တန်ဖိုး မရှိပါ။ စာပေ အနုပညာ ရတနာသည် ပရိသတ်မှာ အကျိုး ရှိသော အခါ၊ ပရိသတ်များ ကြိုက်နှစ်သက်သော အခါ တန်ဖိုး များစွာ ရှိပါသည်။ အကျွန်ုပ် ဤသို့ ယုံကြည်ပါသည်။ အများပြည်သူ ပရိသတ်မှာ အကျိုးလည်း ရှိသည်၊ အများပြည်သူ ပရိသတ်တို့ အကြိုက်လည်း တွေ့သည် ဆိုလျှင် ထို အနုပညာ စာပေကို ခေတ်က လက်ခံပါလိမ့်မည်။ အနုပညာရှင်၏ ဖန်ဆင်းခြင်း အတတ်သည် မိမိ၏ ရောင်းကုန် ပစ္စည်းကို ပရိသတ် အကျိုး ရှိအောင် ပရိသတ် အကြိုက် ဖြစ်အောင် ပဋိဘာန် ဉာဏ်ဖြင့် ထုတ်လုပ်ခြင်းကို ခေါ်ပါသည်။

ယနေ့ လူသား၏ ဘဝကို လေ့လာပါ။ လူသားသည် ရထားသော ဘဝ အခြေအနေကို အစဉ်သဖြင့် စိတ်တိုင်းမကျ ဖြစ်တတ်သည်။ ပိုကောင်းသော အနာဂတ်ကို မျှော်လင့်မြဲ ဖြစ်သည်။ လူတို့ မျှော်လင့်သော ထိုဘဝသည် စက်မှု ထွန်းကားသော ဘဝ ဖြစ်သည်ဟု လူတို့ ယုံကြည် နေပါသည်။

စက်မှု ဘဝသည် မဝေးပါ။ လှမ်း၍ ကြည့်လျှင် မြင်ပါသည်။ ကြွယ်ဝသည်ကို မြင်ရသည်။ ချမ်းသာသည်ဟု ထင်ရသည်။ လှုပ်လှုပ်ရှားရှား ရှိသည်။ တက်တက်ကြွကြွ ရှိသည်။ ဝဝလင်လင် ရှိသည်။ စိုစိုပြည်ပြည် ရှိသည်။ ခမ်းခမ်းနားနား ရှိသည်။ တောက်တောက်ပြောင်ပြောင် ရှိသည်။ မြင့်မြင့်မားမား ရှိသည်။ ထည်ထည်ဝါဝါ ရှိသည်။

ပေါပေါများများ ရှိသည်။ တောင့်တောင့်တင်းတင်း ရှိသည်။ အခြင်းအရာအားဖြင့် ထင်ရှားသော ထိုဘဝကို လူသားတိုင်း လိုလားပါသည်။ အနုပညာသည် ဘဝ၏ နရီကို လိုက်ရပါသည်။ အနာဂတ်ကြို၊ စာပေ အနုပညာသည် အနာဂတ် စက်မှု လောက၏ ဘဝနရီကို တင်စားရပါသည်။ ထိုနရီသည်သာ မျက်မှောက် လူသားတို့၏ ဘဝ ရင်ခုန်သံ ဖြစ်သည်။ စက်သံတွေ မြန်နေသလို ရင်ခုန်သံ မြန်လာပါသည်။ အနုပညာ နရီ မြန်လာပါသည်။ ထိုနရီကား ပေါ့ပါသည်။ သွက်ပါသည်။ ထက်ပါသည်။ သန်ပါသည်။ မြန်ပါသည်။ လှုပ်ပါသည်။ ပြင်းပါသည်။ ဒိုင်နဲမစ် (dynamic) နရီပါ။

အတွေးစာသည် ဒိုင်နဲမစ် နရီ ရှိပါသည်။ တိုသည်။ ကျဉ်းသည်။ ရှင်းသည်။ ပေါ့ သည်။သွက်သည်။ မြန်သည်။ သန်သည်။ ထက်သည်။ အဟုန် ပါသည်။ အရှိန် ပြင်းသည်။ အတွေး နက်သည်။ အပို အလို မရှိပါ။ အတိမ်း အစောင်း မရှိပါ။ အချွတ် အချော် မရှိပါ။ အစွန်း အထင်း မရှိပါ။ အဆိပ် အတောက် မရှိပါ။ အညစ် အကြေး မရှိပါ။ အပြစ် အနာ မရှိပါ။ အဆောင် အယောင် မရှိပါ။ အပြောက် အမွမ်း မရှိပါ။ အဆင်းတန်ဆာ မရှိပါ။ ပကတိ ဘဝ၏ “ဒဿန အလှ' ကိုသာ ရှုပါသည်။

ဒဿန အလှကို သစ္စာဉာဏ် ပွင့်သော အခါ လူသားတိုင်း မြင်ရပါသည်။ ဗုဒ္ဓသည် ထိုအလှကို ရှာသူ တွေ့သူ ဖြစ်ပါသည်။ ထိုအလှကို ဗုဒ္ဓက “ဓမ္မ” ဟု ခေါ်ပါသည်။ ထိုဓမ္မသည် “သစ္စာ” ဖြစ်ပါသည်။ လောကမှာ “ဓမ္မ” ထွန်းကားမှသာ လောက ကောင်းစားပါလိမ့်မည်။ လောက ချမ်းသာပါလိမ့်မည်။ လောက စည်ပင်ပါလိမ့်မည်။

သစ္စာဉာဏ်ပွင့် ဒဿန သည် ဗုဒ္ဓ မြင်တွေ့တော် မူခဲ့သော လောက၏ သစ္စာဓမ္မကို ပါဠိ မပါ ပါဠိသံ မနှောဘဲ သဘောစင်စစ် အမြင် သန့်သန့်ဖြင့် မကွယ် မထောင့် အဖြောင့် ဖွင့်သော ထေရဝါဒ ဖွင့်ပုံ တစ်နည်းဟု သီးခြား အမည် ပေးလျှင်လည်း ရမည် ထင်ပါသည်။

သောင်းပြောင်း ဒဿဟု ဆိုသော အမည်ဖြင့် ဤစာစုကို အကျွန်ုပ်သည် ၁၉၈၄ ခုနှစ်က စ၍

သောင်းပြောင်း ထွေလာ မဂ္ဂဇင်းမှာ လစဉ် ရေးခဲ့ပါသည်။

ထိုစာပန်းပွင့်များ ပမာဒ လေထန်ကုန်းမှာ လွင့်စဉ် ပျောက်ကွယ် မသွားအောင်၊ မြတ်နိုးသူတို့၏ ဆံစမှာ ပန်လိုက ပန်ရအောင် “ဘဝ တက္ကသိုလ်” က ပန်းကုံး ပြုပါသည်။

ကျေးဇူးတင်ထိုက်သူ အားလုံးကို အကျွန်ုပ် ကျေးဇူးတင်ပါသည်။ ရှိခိုး ထိုက်သူ အားလုံးကို

အကျွန်ုပ် ရှိခိုး ကန်တော့ပါသည်။ နှလုံး မသာသူ အားလုံးကို အကျွန်ုပ် မေတ္တာ ပို့ပါသည်။ အမျှဝေသူ အားလုံးကို အကျွန်ုပ် သာဓု ခေါ်ပါကြောင်း၊

ဆန်းလွင် ၅၊ ၄၊ ၁၉၉၀

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)