ဆန်းလွင် - မိုးကုတ်၀ိပဿနာ အလုပ်စဥ်တရားအနှစ်ချုပ် အပိုင်း(၃)
မိုးကုတ်ဆရာတော်ဘုရားကြီး
ဦးဝိမလ (၁၂၆၁-၁၃၂၄)
မန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌဝတီ) ခေါ် မြစ်ငယ်မြစ်တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ခမည်းတော် ဦးအောင်ထွန်း၊ မယ်တော် ဒေါ်ရွှေအိတ် တို့မှ သက္ကရာဇ် ၁၂၆၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လယ် နှစ်နာရီ မိနစ်သုံးဆယ်အချိန်တွင် ဖွားမြင်တော်မူသည်။ အမည်ရင်းမှာ မောင်လှဘော်ဖြစ်သည်။ အသက် ၉ နှစ်သားအရွယ်တွင် ဥယျာဉ်တော်ရွာ ဂွေးပင် တောရကျောင်းဆရာတော် ဦးဇာဂရ ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ် သွတ်သွင်းပြီး ဘွဲ့တော်မှာ ရှင်ဝိမလ ဖြစ်သည်။ ကိုရင်ဝိမလ ၁၂ နှစ်သားအရွယ်တွင် သင်္ကန်းတော်ကို ပထမ အကြိမ် ပျားစွဲသည်။
အစ်မကြီး အရင်းဖြစ်သူ သီလရှင် ဒေါ်သုစာရီ က အမရပူရမြို့ မင်္ဂလာကျောင်းတိုက် ဆရာတော်ကြီး ဦးသုဇာတ ထံ အပ်နှံ၍ ဆရာတော်ကြီးနှင့် အဘိဓမ္မာအရာတွင် နာမည်ကျော် ပထမကျော် ဦးအုန်း တို့ထံတွင် အဘိဓမ္မာပညာရပ်များကို သင်ယူခဲ့သည်။
၁၂၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်နေ့၊ သက်တော် ၂၀ အရွယ်တွင် မင်္ဂလာတိုက် ဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ရဟန်း ခံယူသောနေ့ အိမ်မှ ထွက်တော်မူရာတွင် သင်္ကန်းတော်ကို ဒုတိယအကြိမ် ပျားစွဲသည်။
၁၂၈၃ ခုနှစ်တွင် အစ်မဖြစ်သူ သီလရှင် ဒေါ်သုစာရီ နှင့် မိုးကုတ်မြို့သူ သီလရှင် ဒေါ်ဝိစာရီ တို့က ဒုတိယအကြိမ် သိမ်ထပ်သိက္ခာတင် မင်္ဂလာပြကြရာမှ မိုးကုတ်ဆရာတော် ဟူသော အမည်တော်ကို ခေါ်ဝေါ်နိုင်ရန် အခြေခံ အကြောင်းတစ်ရပ် ဖြစ်ခဲ့သည်။
၁၂၈၆ ခုနှစ်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော နာမည်ကျော် “အဘိဓမ္မာတံခွန်ကျမ်းကြီး” ကို လက်စသတ် ရေးသားတော်မူသည်။ 'သမကမဉ္စရီကျမ်း' နှင့် "ပုထုဇန အလင်းပြကျမ်း' များကိုလည်း ပြုစုတော်မူခဲ့သည်။
ပဋိစ္စသမုပ္ပာဒ်တရားတော်ကို မိုးကုတ်ဆရာတော်၏ တရားစာအုပ်များကို ဖတ်ကြည့်မိမှ နားလည်သည်ဟု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူးရသည်။
၁၃၀၃ ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိုးကုတ်မြို့၌ သီတင်းသုံး နေထိုင်တော် မူသည်။ ၁၃၀၇ ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့် မိုးကုတ်မှ တပည့်ဒါယကာ ဒါယိကာမများကို နှိုးဆော်ကာ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်၌ ရတနာစိန်ဖူးတော်ကို တင်လှူတော်မူခဲ့သည်။
၁၃၁၆ ခုနှစ်တွင် ဒေါ်ဒေါ် အုံ၊ ဒေါ်ဒေါ်ဒုံ တို့က မိုးကုတ်မြို့တွင် 'မင်္ဂလာတိုက်" ဟု ကမ္ပည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းတော်မူသည်။ စစ်ဘေးစစ်ဒဏ်မှ ပို၍ စိတ်ချရန် မိုးကုတ်မြို့နှင့် ၄ မိုင်ခန့်ဝေးသော ဘော်ဘတန့် တောင်ပေါ်ရွာရှိ ကျောက်လိုဏ်ဂူများတွင် ကြွရောက် သီတင်းသုံးတော်မူသည်။
၁၃၂၄ ခုနှစ် ဝါဆိုလဆန်း ၇ ရက်နေ့တွင် သာသနာရေးဦးစီးဌာနမှ လှူဒါန်း ဆက်ကပ် သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူသည်။
၁၃၂၄ ခု သီတင်းကျွတ်လပြည့်ကျော် ၄ ရက် ဗုဒ္ဓဟူးနေ့၊ နေ့လယ် တစ်နာရီ မိနစ်နှစ်ဆယ် အချိန်တွင် ခန္ဓာဇတ်သိမ်း၍ အကြွင်းမဲ့ အေးငြိမ်းတော်မူပြီး ဘဝနတ်ထံ ပျံလွန်တော်မူသည်။
ဆန်းလွင် (ရှင်အာဒိစ္စရံသီ)
(၁၉၃၈-၂၀၀၂)
ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဘ ဦးဖိုးညွန့်၊ အမိ ဒေါ်လှကြီးတို့မှ ၁၉၃၈ ခု ဇန်နဝါရီ လ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်း အမည်ရင်းမှာ ဦးဆန်းလွင် ပင် ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရွှေ့တံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိက အဖြစ် အမှုထမ်းဆောင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန် ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်အကြာတွင် ခရစ်ယာန် ဘာသာကို စွန့်လွှတ်လိုက် သည်း
အသက် ၂၂ နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့အတွေးအခေါ် မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။
အသက် ၃၂ နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန် ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှ စ၍ မိမိ ရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ ( မြန်မာပြန်) ကို ကုန်အောင် လေ့လာသည်။
၁၉၇၂ တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည် ဒါရိုက်တာ အဖြစ် 'မျက်နှာငယ်ရမှာက မောင့်ချစ်ဦး 'လောကကို အလှဆင်မယ်' 'မနော်ဟရီအလှ' ရုပ်ရှင် ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်း အနေဖြင့် 'ငါညီ ငါမြေ အမေ 'လကွယ်မိုးနှောင်း နှင့် 'မသည်းနုရဲ့ သံသရာ" ဇာတ်ကားများကို ရေးသားခဲ့သည်။ 'ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း' ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ “ဖဲသမား' (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် စာပေ စတုတ္ထဆု ရရှိခဲ့သည်။
လုံးချင်းစာအုပ်များ အနေဖြင့် သျှင်ဥက္ကဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက် ဖီလိုဆိုဖီ ကကြီး ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ်ရှင်ကြီးများ၊ ရုရှားတွေးခေါ်ရှင်ကြီးများ တရားတွေ့ ချမ်းမြေ့ဖို့ အတွေးအမြင် ဆောင်းပါး များ ကျုရှိးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တက်ဒဿန၊ ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့် ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ (ဦးဟန်ဌေးနှင့် ပူးတွဲရေးသည်) ၊ မိုးကုတ် ဝိပဿနာ ရှုနည်း ထေရဝါဒ အုတ်မြစ်များအဖွင့်၊ ဘုံစဉ်စံ ဘဝလမ်းပြ ဒဿန ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး တရား၊ ဓမ္မ ဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့် လည်း စိတ်ညှိ အိပ်မွေ့ချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင်နယ် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
အသက် ၅၈ နှစ်တွင် ပဲခူးတိုင်း၊ ပိုးသောင်ကျေးရွာ၊ ရွှေပင်းဝင်ရပ်ကွက်၊ ဓမ္မစာရီကျောင်း တွင် ရဟန်းအဖြစ် ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။
မိုးကုတ်ဝိပဿနာအလုပ်စဉ်တရား စာအုပ်အမှတ် (၂၁)
နိဒါန်း
ဤနိဒါန်းကိုလည်း မိုးကုတ် ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွား ရေး အဖွဲ့ကို တည်ထောင်သူ ဆရာကြီး ဦးသံဒိုင်က ရေးသားခဲ့လေသည်။ ဤနိဒါန်း တွင် ဆရာကြီးက ခန္ဓာနှင့် ကိလေသာသည် လောင်စာနှင့် မီး တွဲလျက်ချည်း ကပ်နေပုံကို အဓိကထား၍ ဖော်ပြသည်။ အိပ်နေသည့် အခါ ဇာတိ၊ ဇရာ၊ မရဏ မီးသုံးမျိုး လောင်လျက် ရှိသည်။ နိုးနေသည့် အခါ လောဘ၊ မောဟ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနုဿ၊ ဥပါယာသ မီး ၈ မီး လောင်လျက် ရှိကြောင်းကို ဖော်ပြသည်။ ထို့နောက် ခန္ဓာငါးပါးကို ပုဂ္ဂိုလ် သတ္တဝါဟု အမှတ် မှားမှု၊ ဒိဋ္ဌိ ကိလေသာမီး လောင်မြိုက်ပုံ၊ ခန္ဓာငါးပါး မမြဲပါဘဲလျက် မြဲသည်ဟု အမှတ်မှား သော ဒိဋ္ဌိ ကိလေသာမီး လောင်မြိုက်ပုံ၊ ခန္ဓာငါးပါးကို သုခ မဟုတ်ပါဘဲလျက် သုခဟု အမှတ်မှားမှု၊ ဒိဋ္ဌိ ကိလေသာမီး လောင်မြိုက်ပုံများကို ပြသည်။ ဗုဒ္ဓ ဘာသာဝင် မှန်က ခန္ဓာကို လောင်စာဟူ၍ လည်းကောင်း၊ ကိလေသာကို မီးဟူ၍ လည်းကောင်း သိနားလည်ဖို့ လိုအပ်ပုံကို ဖော်ပြပြီး လောင်စာ သိမ်း၍ မီးငြိမ်းရာကို ရှာရန် လိုအပ်ပုံကို ဟောသည်။
လူမှာ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဒုက္ခ၊ ဒေါမနုဿ၊ ဥပါယာသမီး၊ ဇရာမီး၊ မရဏမီး လောင်နေပုံများကို ပြသည်။ မီးငြိမ်းရာ အရပ်သည် ဘယ်ဘုံ ဘယ်ဘဝမှာမှ မရှိပုံကို ပြသည်။ ခန္ဓာ ရှိနေသရွေ့ လောင်စာ ရှိနေသောကြောင့် ဘယ်တော့မှ မီး ၁၁ မီး ငြိမ်းမည် မဟုတ်ပုံ၊ ခန္ဓာ မရှိမှ မီးငြိမ်းနိုင်ပုံ၊ ဤစာအုပ်တွင် ခန္ဓာ၏ ဖြစ်ပျက် (မမြဲ-အနိစ္စ)ကို မြင်အောင် ရှုပြီး ထိုခန္ဓာအပေါ် ငြီးငွေ့ မုန်းတီးပြီး မလိုချင်မှ ထိုခန္ဓာ အဆုံးကို မြင်နိုင်ပုံများကို ဟောတော်မူ ထားကြောင်း ဖော်ပြထား သည်။
၁။ ဝေဒနာနှင့် တရားနာနေပုံ
[၃-၁၀-၆၁ နေ့က အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း ဓမ္မာရုံတွင် ဟောသောတရား )
ဤတရားတွင် ဆရာတော်ကြီးသည် ဝေဒနာ နုပဿနာ ရှုနည်းကို တစ်မျိုး ဟောထားသည်။ နေ့စဉ် ဘ၀ အတွေ့ အကြုံပေါ် မူတည်ပြီး ကျန်းမာစဉ် ဖြစ်သော သုခ ဝေဒနာ၊ မကျန်းမာစဉ် ဖြစ်သော ဒုက္ခ ဝေဒနာ၊ သာမန် အချိန်မှာ ပေါ်သော (မျက်စိ၊ နား၊ နှာခြောက်ဒွါရမှာ) ပေါ်သော ဥပေက္ခာ ဝေဒနာတို့အပေါ် ဝိပဿနာ ရှုနည်းကို ပြထားခြင်း ဖြစ်သည်။
ပထမဦးစွာ ယခု တရား နာနေကြစဉ်မှာပင် ကျန်းကျန်းမာမာ တရား နာရလျှင် သုခ ဝေဒနာနှင့် တရားနာနေခြင်း ဖြစ်ပုံ၊ ချောင်းဆိုး ဗိုက်နာပြီး နာနေရလျှင် ဒုက္ခ ဝေဒနာနှင့် တရား နာနေရပုံ၊ သာမန်အားဖြင့် ဆရာတော် ဟာနေပုံကို မျက်စိက မြင်၊ ဟောနေသံကို နားက ကြားလျှင် ဥပေက္ခာ ဝေဒနာဖြင့် တရား နာနေရပုံကို ဟောသည်။ သဘောမှာ တရား နာနေတာ သူ မဟုတ်၊ ငါ မဟုတ်၊ ယောက်ျား ‘မဟုတ်၊ မိန်းမ မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်။ တရား နာနေတာ ဝေဒနာက္ခန္ဓာက နာနေတာ ဖြစ်ကြောင်း ဟောပြတော်မူသည်။ ဒိဋ္ဌိဖြုတ်ဖို့ ဖြစ်သည်။ တရား နာနေစဉ် ခြေထောက်က ထုံကျင် ကိုက်ခဲရင်း နာနေရလျှင် ဒုက္ခ ဝေဒနာဖြင့် နာနေရသည်။ ယောဂီက တရားနာရင်း ဝေဒနာ (ဒုက္ခ၊သုခ) ပေါ်မှန်းသိအောင် ခန္ဓာကို ဉာဏ်လှည့်တတ်ပါက ဝေဒနာပေါ်မှန်း၊ ဝေဒနာ ပျက်မှန်း သိသည်။ ဤသို့ ဝေဒနာပေါ် ဝေဒနာ ပျက်မှန်း သိလျှင် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး ဝေဒနာ အစစ်ပဲ ဟူ၍ ဉာဏ်ရောက်သည်။ ထိုဉာဏ် ရောက်ပါက သက္ကာယ ဒိဋ္ဌိ ပြုတ်သည်။ (နှာ-၅)သက္ကာယ ဒိဋ္ဌိ ပြုတ်လျှင် တရားပွဲထဲမှာပင် သောတာပန် တည်နိုင်သည်ဟု ဆိုသည်။
သုခ ဝေဒနာ ပျောက်ပြီး ဒုက္ခ ဝေဒနာ ရောက်လာကာ ထိုဝေဒနာနှင့် တရား နာနေရသည်ဟု သိခြင်း အားဖြင့် သဿတ ဒိဋ္ဌိ ပြုတ်သွားတယ်ဟု ဟောသည် (နှာ-၇)။ တစ်ဖန် ဒုက္ခ ဝေဒနာ ပျောက်ရာမှာ သုခ ဝေဒနာက အစားထိုး ဖြစ်ပေါ်မှန်း သိခြင်း အားဖြင့် ဥစ္ဆေဒ ဒိဌိ ပြုတ်နိုင်ပုံကို ပြသည်။ ထိုဒိဋ္ဌိ သုံးမျိုး မပြုတ်လျှင် မဂ်တား၊ ဖိုလ်တား ဖြစ်သည် (နှာ-၈)။ ထို့နောက် ဒိဋ္ဌိ မဖြုတ်ဘဲ ဝိပဿနာ တရားကို အားထုတ်လျှင် နတ်ရွာ သုဂတိကို ရသော ကုသိုလ် ရနိုင်သော်လည်း မဂ်၊ ဖိုလ်ကို မရနိုင်ဆိုသော စကားကို ဤတွင် ထပ်၍ ဟောပြန် သည်။ ပြီးမှ တရား နာနေတာ ပုဂ္ဂိုလ် သတ္တဝါတွေ မဟုတ်ဘဲ ဝေဒနာတွေနှင့် တရား နာနေတာမှန်း မသိလိုက်လျှင် ဝေဒနာ ပစ္စယာ တဏှာ ဖြစ်သွားသည်။ “ပဋိစ္စသမုပ္ပာဒ် လည်သွားသည်။ ဝေဒနာကို ဝေဒနာမှန်း မသိလိုက်လျှင် ခန္ဓာကို ခင်သော တဏှာလာသည် [နှာ-၁၂ ]။ ထိုအခါ ထိုခန္ဓာ ခလုတ်မထိ ဆူး မငြိ ပါစေနှင့် ဆိုပြီး “အဟံ အဝေရာ ဟောတိ" ငါသည် ရန်မရှိသည် ဖြစ်ပါစေဟု မေတ္တာ ပို့တတ်ကြပုံ၊ ထိုသို့ မေတ္တာ ပို့ခြင်းသည် တဏှာနှင့် မေတ္တာ ပို့ခြင်းသာ ဖြစ်၍ မေတ္တာ မည်ပုံကို အကျယ် ဟောတော်မူသည်။ 'ဒါမေတ္တာ မဟုတ်ဘူး။ တဏှာ' ဟု ပြတ်ပြတ်သားသား မိန့်ထားသည် (နှာ-၁၄)။
ထို့နောက် လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ကျန်းမာလျှင် တဏှာ ဖြစ်တတ်ပုံကို ဟောသည်။ ကျန်းမာတုန်း ငွေရှာထားမှ ဆိုသော စိတ်ကူး ပေါက်တတ်ပုံ။ ထို့ကြောင့် ကျန်းမာလျှင် တဏှာ ဖြစ်ပြီး တဏှာ၊ ဥပါဒါန်၊ ကံ၊ အပါယ် အထိ ဆက်ပုံကို ဟောသည်။ ကျန်းမာတာ အကောင်း မထင်နှင့် အပါယ် သွားနေတာ ဖြစ်ပုံကို ပေါ်လွင်အောင် ပြထားသည်။ မကျန်းမာပြန်လျှင်လည်း ဒေါသ ဖြစ်ပြန်သည်။ ထိုအခါ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနုဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရ ဆက်ပြီး သံသရာ လည်ရပြန်သည်။ အပါယ် ဇာတိသို့ ရောက်ရပြန်သည်။ ဝိပဿနာ မရှုတတ်လျှင် ကျန်းမာလည်း အပါယ် သွားနိုင်သည်။ မကျန်းမာလည်း အပါယ် သွားနိုင်သည်။ “ဝိဿနာ မညှပ်လို့ရှိရင် အပါယ် အရောက် ပို့တာချည်းပဲ” ဟု ဆိုသည် ( နှာ-၂၀)။ လူတွေကို မေးလိုက်လျှင် တရား အားမထုတ်နိုင်သေးဘူး၊ မအားဘူးဟု ပြောတတ်ပုံ၊ မအားတာ အပါယ်သွားဖို့ အတွက် မအားမလပ် လုပ်နေရတာဟု ပြောခြင်း ဖြစ်သည်ဟု သံဝေဂ ရအောင် ဝေဖန် ပြထားသည် (နှာ-၂၃)။ ထို့ကြောင့် ယောဂီသည် ကျန်းမာတာကိုလည်း ဖြစ်ပြီး ပျက်တာပဲဟု ရှုရသည်။ ကျန်းမာနေမှုကို တဏှာနှင့် မသိဘဲ ဉာဏ်နှင့် သိရမည်း ကျန်းမာခြင်း၏ ဖြစ်ပျက်ကို မြင်အောင် ဉာဏ်နှင့် ရှုရမည်း မကျန်းမာလျှင်လည်း ဖြစ်ပျက် မြင်အောင် ဉာဏ်စိုက်ပြီး ရှုရမည်။ ဥပေက္ခာ ဝေဒနာကိုလည်း ဖြစ်ပျက်ဟု ရှုရသည်။ ထိုအခါ ကျန်းမာတာက ဖြစ်ပျက်၊ သိလိုက်တာက မဂ် ဖြစ်သွားသည်။ မဂ် ရမှ အပါယ်ဘေးက စိတ်ချရသည် (နှာ-၂၆]။ မဂ်မရသေးသမျှ မတင်းတိမ်ကြနှင့်ဟု သတိ ပေးထားသည်။ ,
ထို့နောက် သီလ လုံရုံဖြင့် နိဗ္ဗာန်ကို မရနိုင်ကြောင်း၊ ပဋိစ္စသမုပ္ပာဒ် ပြတ်အောင် ရှုတတ်မှ နိဗ္ဗာန်ကို ရောက်နိုင်ကြောင်း ပြသည်။ ဒါကြောင့် ကျန်းမာတာ ငွေရှာဖို့ အတွက် ဖြစ်သင့်သလား၊ မဂ် ရဖို့ အတွက် ဖြစ်သင့်လား စဉ်းစား ဆုံးဖြတ်သင့်သည်။ ကျန်းမာစဉ် ငွေရှာချင်တာက တဏှာ၊ ငါလုပ်မှ ငါရမှာပေါ့ ဆိုပြန်တာက ဒိဋ္ဌိ ဖြစ်ကြောင်း ပြသည်။ ကျန်းမာတာလည်း ဖြစ်ပျက်ရှု၊ သုခ ဝေဒနာ ဖြစ်ပျက်ရှု၊ မကျန်းမာတာ (ဒုက္ခ ဝေဒနာလည်း ဖြစ်ပျက်ရှု၊ သို့ ရှုတတ်လျှင် ကျန်းမာလည်း နိဗ္ဗာန် ရသည်။ မကျန်းမာလည်း နိဗ္ဗာန် ရနိုင်ကြောင်း ဟောသည် (နှာ-၃၇)။ ခြောက်ဒွါရမှာ ဥပေက္ခာ ဝေဒနာ ပေါ်လျှင်လည်း ဖြစ်ပျက်ရှုရသည်။ ဆရာတော်က လူ့သဘောကို သိနားလည်သည်။ ဒီလိုသာ ဖြစ်ပျက်ချည်း ရှုနေလျှင် လုပ်စားချိန် မရှိဘူးဟု ဆိုကြမည်ကို သိသည်။ ဆရာတော်က လုပ်စားချင်သော စိတ်သည် အပါယ် သွားချင်သော စိတ် ဖြစ်ပုံ၊ မလုပ်ဘဲ စားရမှ ချမ်းသာရပုံကို
ဟောသည်။ လုပ်စားချင်တာ ငတ်နေသော ပုဂ္ဂိုလ်၏ စိတ်ဖြစ်သည်။ မဂ်အလုပ်ကို လုပ်နေသူ အငတ် ပျောက်သည် [နှာ-၄၂]။ လုပ်စားကြမလား။ မလုပ်ဘဲနဲ့ ဝတာ ကြိုက်သလားဟု ဆရာတော်က မေးထားသည် (နှာ-၄၃)။ ဆရာတော်က ငတ်နေတာ တဏှာကြောင့် ဖြစ်သည်။ အငတ် ပျောက်ချင်လျှင် တဏှာ ပျောက်အောင်လုပ်ဟု တိုက်တွန်းသည်။ လုပ်စားချင်တာ တဏှာ၊ တဏှာ မရှိလျှင် လုပ်စားနေစရာ မလိုတော့ကြောင်း တရား အားထုတ်တာသည် အငတ် ပျောက်သည် ဟု မှတ်ပါဟု ထူးထူးခြားခြား ဟောထားသည် (နှာ-၄၄)။
အမြဲ နေအိမ်နှင့် ယာယီ နေအိမ်
(၄-၁၀-၆၁ နေ့က အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း ဓမ္မာရုံမှာ ဟောသော
တရား)
ဤတရားတွင် ဦးစွာ 'စတ္တာရော အပါယာ သကဂေဟ သတိသာ”လေးပါးသော အပါယ်ဘုံသည် အမြဲ နေရာ မိမိ၏ နေအိမ် ဖြစ်သည် ဆိုသော အချက်ကို မူတည်၍ ဟောသည်။ လူ့ဘဝ၊ နတ်ဘဝ ရောက်တာက ကောင်းကင်ပေါ်ပစ်လိုက်သော ခဲတစ်လုံး အရှိန် သတ်ပြီး ပြီးချင်း မြေပေါ် ပြန်ကျသလို ဖြစ်ပုံကို ပြသည်။ လူ့ပြည် လူ့ဘဝ ရောက်စဉ် ကိုယ့်ဘဝကိုယ် အကောင်းထင်ပြီး တင်းတိမ် နေတတ်ကြသည် (နှာ-၄၉)။ ထိုသို့ ဘဝမှာ တင်းတိမ်နေခြင်းသည် အများကြီး ဖြစ်ကြောင်း ဆရာတော်က ပြသည်။ လူ့ပြည် ရောက်နေသော်လည်း ဝမ်းထဲမှာ ငရဲမျိုးစေ့ ဒိဋ္ဌိ ဝိစိကိစ္ဆာက ရှိနေသည်။ ထိုငရဲ မျိုးစေ့ အညှောက် ပေါက်လျှင် အပါယ်ကို ပြန်ရောက်မည်း .
ထို့ကြောင့် လူ့ပြည် ရောက်ခိုက် ငရဲမျိုးစေ့ အညှောက် မပေါက်အောင် လုပ်ဖို့ အရေးကြီးကြောင်း ဟောသည် (နှာ-၅ဝ)။ ငရဲမျိုးစေ့ သတ်နိုင်တဲ့ တရား လူ့ပြည်မှာသာ ရှိသည် (နှာ-၅၁)။ သာသနာနှင့် ကြုံတုန်း၊ ဆရာကောင်းနှင့် တွေ့တုန်း ကိုယ့်ဝမ်းထဲက ငရဲမျိုးစေ့ကို ထုတ်ပြီး သတ်ရမည်။ အပင် မပေါက်အောင် လုပ်ရမည် [နှာ-၅၂)။ သို့သော် လူတွေက လူ့ဘဝ၊ နတ်ဘဝ ရပါလို၏၊ အကြိမ်ကြိမ် ရပါလို၏ဟုဆုတောင်း မှားနေကြပုံကို ပြသည်။ ခန္ဓာ ရချင်တာ သုသာန် ပြေးချင်လို့၊ အိုချင်လို့၊ နာချင် သေချင်လို့ တောင်းနေတာ၊ ဉာဏ်မရှိလို့၊ ခန္ဓာ ဒုက္ခသစ္စာကို မသိလို့ တောင်းတာ ဖြစ်ကြောင်း ပြသည် (နှာ-၅၇)။ သစ္စာ မသိတာက အဝိဇ္ဇာ၊ ဆုတောင်းတာက တဏှာ၊ ဘုရားရှေ့မှာ သစ္စာ မသိဘဲ ဆတောင်း နေကြတာ ရှက်ဖို့ ကောင်းကြောင်း ဟောသည် [နှာ-၅၉)။ ဘာမှန်း မသိဘဲ ရမ်းပြီး ဆုတောင်းနေကြတာသည် နှလုံးသွင်း မှားနေကြခြင်း ဖြစ်ပုံကို ပြသည် (နှာ-၆၁)။ ဒုက္ခသစ္စာကြီး ဆုတောင်း ယူတာ နှလုံးသွင်း မှားတာ ဖြစ်သည်။ သစ္စာ သိလျှင် ဘဝကို ဘယ်သူမှ ဆုမတောင်းဘူးဟု ဆိုသည်။ ထို့နောက် နှလုံးသွင်း မှားမှုသည် မြေကြီးနှင့် တူသည်။ မသိမှု အဝိဇ္ဇာက မျိုးစေ့နှင့် တူသည်။ နှလုံးသွင်းမှာ မြေပေါ်မှာ အဝိဇ္ဇာ မျိုးစေ့ ကျတော့ တဏှာရေ လောင်းလိုက်ပါက ခန္ဓာ ဒုက္ခသစ္စာ အပင်ပေါက်သည်။ (နှာ-၆၅)။ ဒုက္ခသစ္စာ အပင် ဆိုတာ အဆိပ်ပင် ဖြစ်သည်။ ဒါကြောင့် အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်ဖို့ အရေးကြီးသည်။ နှလုံးသွင်း မှန်ဖို့ အရေးကြီးသည်။ ဤတွင် ခန္ဓာဇာတ် မသိမ်းသေးသရွေ့ အဆိပ်ပင်ဇာတ် မသိမ်း
သေး။ ဒါကိုသိဖို့ အရေးကြီးသည်။ ခန္ဓာအပေါ် ဉာဏ်ရောက်မှ ခန္ဓာ ဒုက္ခသစ္စာ ဇာတ်သိမ်းမည်။ အပါယ်မျိုးစေ့ ဇာတ်သိမ်းမည်။
ဒါကြောင့် ဝိပဿနာ အလုပ်လုပ်ကြပါ။ ဖြစ်ပျက် မြင်အောင်လည်း လုပ်ကြပါ။ ဖြစ်ပျက်မုန်း ဖြစ်ပျက် ဆုံးအောင်လည်း လိုက်ကြပါဟု ဆရာတော်က တိုက်တွန်း ထားသည် (နှာ-၇၁)၊ အဝိဇ္ဇာကို ဝိဇ္ဇာဉာဏ် ဖြစ်အောင် လုပ်၊ မသိသူနှင့် မပေါင်းသင့်၊ နှလုံးသွင်း မှန်အောင်လုပ်၊ နှလုံးသွင်း မှန်တဲ့ မြေပေါ်မှာ ဝိဇ္ဇာမျိုးစေ့ စိုက်၊ သဒ္ဓါရေဖြင့် လောင်း။ ဒါမှ အဆိပ်ပင် မပေါက်တော့ပါ။ အပါယ်ခန္ဓာ ဇာတ်သိမ်းမည်။ ဒုက္ခခန္ဓာ ဇာတ်သိမ်းမည်။ ဆရာတော်က အပါယ်ဇာတ် မသိမ်းသေး သမျှ မပြုပါနှင့်ဦး၊ နိဗ္ဗာန် မြင်ပြီးမှသာ ပြုံးကြပါဟု ဆုံးမသည်။ ထို့နောက် ဤတရားတွင် ကျန်းမာစဉ် သုခ ဝေဒနာ ဖြစ်ပုံ၊ သုခ ဝေဒနာကြောင့် ရှာလိုမှု တဏှာ ဖြစ်ပုံကိုရော၊ မကျန်းမာ၍ မိမိကိုယ် ခင်မင်မှုကြောင့် အိုစာ၊ နာစာ ရှာလိုမှု တဏှာ ဖြစ်ပုံ၊ ဝေဒနာကြောင့် တဏှာ၊ တဏှာကြောင့် ပရိယေသန ရှာမှီးကြရပုံ၊ အိမ်တွင်း ပဋိစ္စသမုပ္ပာဒ် လည်နေပုံကို ပြရင်း အချိန်စေ့၍ တရား နားလိုက်သည်။