Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - ၀ဲဂယက်မှာနွဲလျက်ချာချာလည်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

                             ဆင်ဖြူကျွန်းအောင်သိန်း

                           ဝဲဂယက်မှာနွဲလျက်ချာချာလည်

ကျောင်းမှာ မူလတန်းကျောင်းဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီး မှာ အဖေ၏အစ်မ တစ်ဝမ်းကွဲတော်စပ်သည်။ ရွာနှင့်ကျောင်းမှာ မိုင် မျှသာဝေးသည်။ သို့ရာတွင် စိတ်မချသဖြင့် ကျောင်းအိပ်ကျောင်းစား ထားသည်။

ကျုပ်ကိုကျောင်းအပ်ချိန်တွင် ကျုပ်အစ်ကိုမှာ ပဉ္စမတန်းသို့ရောက် နေပြီ။ တစ်ခုသော ဆောင်းရာသီအရုဏ်ဦးတွင် ကျုပ်မနိုးမီလူလွှတ် ပြီး အစ်ကို့ကိုအခေါ်ခိုင်းသည်။ အရီး(ဒေါ်စိန်ဖွား)ကထည့်လိုက်သည်။ စာမေးပွဲအမီပြန်လာရန် မှာလိုက်၏။ သို့သော် အစ်ကိုသည် အတန်း တင်စာမေးပွဲအမီပြန်ရောက်လာဟန်မတူပေ။ သျှောင်ထုံးကလေးဖြင့် အစ်ကိုသည် တစ်နံနက်တွင် ပန်းမုန်လာ(ပန်းဂေါ်ဖီ)နှစ်ပွင့်ကို ဝါးထမ်း ပိုးဖြင့် ရှေ့တစ်ပွင့် နောက်တစ်ပွင့်ထမ်းလျက် ရောက်လာရာ ဆရာ(အရီး) က နှင်လွှတ်သည်။

သို့ဖြစ်၍ အစ်ကို့ကို နောက်ထပ်မမြင်ရတော့ပါ။ သို့ရာတွင် ကျန်ခဲ့သောအကြောင်းအရာတွေ ရှိပါသည်။ ယင်းတို့ မှာ အိပ်ရာထဲတွင် ဝမ်းသွားခြင်းနှင့် နားရင်းအအုပ်ခံရခြင်းတို့ဖြစ်ပါသည်။

ကျုပ်သည် ညစာကို စားကောင်းကောင်းနှင့် တအားစားပြီးအိပ်ရာ အိပ်ရာထဲတွင် ဝမ်းသွားသည်။ သို့တစေ ကာယကံရှင်က မသိ။ အရီးက သိသည်။ အစ်ကို့ကိုနှိုးပြီး စောင်အလျှော်ခိုင်းတော့သည်။

ကျုပ်နှင့် ကျုပ်အစ်ကိုသည် အတူအိပ်သည်။ တစ်ညတွင် တစ်ရေး နိုးချိန်၌ ကျုပ်လည်ပင်းက ကိုက်ခဲသည်။ ကျုပ်မှာ အစ်ကို့အပေါ်တက် စီးပြီး ညည်းညူနေသည်။ ဤသည်ကို မမ မခင်တင့်သိသည်။ ထိုသို့ လည်ပင်းနာချိန်မှာ ညကြီးသန်းခေါင်ဖြစ်သောကြောင့် ချော့မော့ပြောဆို ရင်း သူလည်း အိပ်ပျော်၊ ကျုပ်လည်း အိပ်ပျော်သွားကြပါသည်။

 

 

ထိုနေ့က အဖိတ်နေ့ဖြစ်၏။

ကျောင်းများသည် အဖိတ်နေ့၌ နေ့ဝက်ပိတ်၍ ဥပုသ်နေ့၌ တစ် နေ့လုံးပိတ်ကြသည်။ အစ်ကိုနှင့် မမတို့တက်သော အလယ်တန်းကျောင်း မှာ ကျုပ်တို့မူလတန်းကျောင်းထက် အဆင်းစော၏။

ထိုအခါ အဆင်းစောသော မမနှင့် အစ်ကိုတို့က ကျုပ်ကို ပြုံးစေ့စေ့ နှင့် ကြည့်ကြသည်။ ညတုန်းက ညည်းညူအော်ဟစ်ခဲ့ပြီး ယခုမူ အကောင်းဖြစ်နေသည် မဟုတ်လော။ ထိုအချိန်က လက်ထောက်ဆရာ ဦးကံညွန့်သည် ကျုပ်တို့ကို အဝိုင်းခိုင်းပြီး အလယ်တွင်သူထိုင်ကာ တစ်စုံ တစ်ရာ သင်ကြားနေချိန်ဖြစ်၏။

မမနှင့် အစ်ကိုတို့က ပြုံးကြည့်သောအခါ ကျုပ်ကလည်း လည်ပင်း စောင်းငန်းငန်းဖြင့် ပြန်ကြည့်သည်။ ကလေးတွေ၏ အလယ်တွင် ငိုက် မျဉ်းနေသော ဦးကံညွန့် ဖျတ်ခနဲထလာသည်။ ကျုပ်ကိုဆွဲပြီး နားရင်း အုပ်ရာ မမနှင့် အစ်ကိုတို့ မျက်နှာပျက်သွားကြ၏။ ကျုပ်လည်း မျက် ရည်ဝဲလျက် အကြည့်သိမ်းရသည်။

နောက် ကျုပ်မှတ်မိသောအရာ ရှိသေးသည်။ ယင်းမှာ သောင်းစိန် ဖြစ်သည်။ ။

ကျုပ်ထင်ထားတာက အမေကြီးငြိမ်းသည် သည်အိမ်သို့ ကျုပ် ရောက်ပြီးမှ သောင်းစိန်ကို “စကု”မှ ခေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် ဘေးလူများ၏ ပြောစကားကို ထောက်လျှင် သောင်းစိန်သည် ဤအိမ် ၌ မိမိအရင်ရှိနေသည့်သဘောသက်ရောက်နေပေသည်။ မရှိ။

ယခု ကျုပ်ရောက်ရှိနေသော နေရာအကြောင်းကို တစ်စုံတစ်ရာ ရှင်းမပြဘဲ မမ မခင်တင့်၊ အမေကြီးငြိမ်းဟု ဖော်ပြခဲ့၏။ သို့ဖြစ်သော ကြောင့် သူတို့အကြောင်းကို ဖော်ပြမှသာ ဖြစ်တော့မည်။ ကျုပ် ကျောင်းအိပ်ကျောင်းစား နေရသောအိမ်တွင် လူလေးယောက်ရှိသည်။ အမေကြီးငြိမ်း၊ ဦးလေးစော၊ ဒေါ်စိန်ဖွားနှင့် မခင်တင့်တို့ဖြစ်၏။

အမေကြီးငြိမ်းမှာ အသက် ၇၀ ရှိပြီဖြစ်ငြား သွားတစ်ချောင်းမျှ မကျိုးသေးပေ။ ကျုပ်အမေကြီး(အဘွား)ဒေါ်အို၏ အစ်မအရင်းဖြစ် သည်။ ထို့ကြောင့် ဒေါ်ငြိမ်း၏သမီး ဒေါ်စိန်ဖွားနှင့် ကျုပ်အဖေမှာ မောင် နှမ တစ်ဝမ်းကွဲတော်စပ်သည်ဟူ၍ ဆိုခဲ့ခြင်းဖြစ်ပေ၏။ ထိုအမေကြီးငြိမ်း သည် အိမ်ထောင်ဆက် တစ်ဆက်မက ပိုခဲ့ဟန်တူ၏။ တောင်အရပ်ရှိ မိုင် ၂၀ ခန့်ဝေးသော စကုမြို့တွင် ကိုဘခင်အမည်ရှိသည့် သားတစ် ယောက်ရှိ၏။ သောင်းစိန်မှာ ထိုကိုဘခင်၏သားဖြစ်သည်။ အမေကြီးငြိမ်းသည် ငယ်စဉ်အခါက ကျားကိုက်ခံရဖူးသည်။ ထို့ ကြောင့် တစ်ခါတစ်ခါ အံကြိတ်ပြီး စကားပြောခြင်းဖြစ်သည်ဟူ၏။ ထိုအမေကြီးငြိမ်းသည် မိုင် ၂၀ မျှဝေးသော စကုမြို့သို့ ခြေကျင်သွား သည်။ သွားရာတွင် ပစ္စည်းပစ္စယ မျိုးစုံထည့်ထားသောတောင်းကိုရွက် သည်။ သွားရိုးသွားစဉ် သွားနေရာက ရုတ်တရက် အပြေးလည်းသွား တတ်၏။

ဆင်ဖြူကျွန်းမှ စကုသို့သွားရာတွင် စကုသို့ ရောက်ရန် ၁၀ မိုင်မျှ ဝေးသော ပွင့်ဖြူမြို့အနီးသို့ရောက်သော မုန်းမြောင်း-မြောင်းပေါင်အတိုင်း သွားသည်က များ၏။ တစ်ခါသော် အမေကြီးငြိမ်းသွားလိုရာ စကုမြို့သို့ မရောက်မီ နေဝင်သွား၏။ အမေကြီးငြိမ်းသည် နီးရာရွာသို့ ဝင်ကာ အိမ်တစ်အိမ်၌ ဝင်ရောက်အိပ်စက်တော့သည်။

ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်ရကား အိပ်ရာဘေးတွင် ဆီးအိုးမထား နိုင်။ သို့ကြောင့် အိပ်ရာမှထပြီး အမေကြီးငြိမ်းဆီးသွားရန် အပြင်ထွက် သည်။ လှေကားသို့သွားသော တံခါးကိုမဖွင့်ဘဲ အခြားတံခါးကိုဖွင့် သည်။ ကပြင်(ကြမ်းပြင်)ထင်ပြီးဆင်းသည်။ မြေကြီးပေါ်ကျပြီး ကျိုး သည်။ အိမ်ရှင်က လှည်းဖြင့်တင်ပြီး လာပို့ရသည်ဟူ၏။

 

အမေကြီးငြိမ်းပြီးလျှင် အသက်အကြီးဆုံးမှာ ဦးလေးစောဖြစ်၏။ နာမည်အပြည့်အစုံမှာ ဦးဘစောဖြစ်သည်။ ဆိုင်းပညာရှင် ဖြစ်ဖူးသောကြောင့် အပျော်တမ်း တူရိယာသမားများ အလေးထားကြသည်။ ထို ဦးဘစောသည် စကားပြောလျှင် ထစ်တတ်သည်။ အလုပ်မရှိ။ မှီခို။

ဦးလေးစောအပြီးတွင် ဖော်ပြရမည့်သူမှာ ဒေါ်စိန်ဖွားဖြစ်သည်။ မူလတန်းကျောင်းအုပ် ဆရာကြီးဖြစ်ငြား လေးတန်းသာအောင်သည်ဆို ၏။ ကျောင်းသားတွေက “ဆရာ”ဟူ၍သာခေါ်၏။ ဆရာမဟူ၍လည်း ကောင်း၊ ဆရာမကြီးဟူ၍လည်းကောင်း မခေါ်ကြပါ။

၎င်းဆရာမကြီးသည် စကားပြောရာတွင် ကျယ်လောင်ရှည်လျား စွာ ပြောတတ်သည်။ တက်ခေါက်ရာတွင် တစ်သံနှင့်တစ်သံ ဆက်လျက် ခေါက်နိုင်စွမ်းရှိ၏။ သူကဲ့သို့ အဆက်မပြတ် တက်ခေါက်နိုင်သူ ရှား ပါးပါသည်။

ယခု ဆရာမကြီး ဒေါ်စိန်ဖွားအကြောင်း ခေတ္တရပ်ပြီး အမေကြီး အကြောင်း ဖော်ပြပါဦးမည်။ မည်သည့်အရာကရှေ့၊ မည်သည့်အရာ က နောက် စာရင်းထဲတွင် ပါဝင်သောကြောင့် ဖြစ်ပါသည်။ ထိုကြောင့် သတိရခိုက်၌ ကောက်ရေးရခြင်းဖြစ်ပါသည်။

အမေကြီး(အဖေ့အမေ အဘွား)၏ အမည်မှာ ဒေါ်အိုဖြစ်ပါသည်။ သူ့အစ်မအကြီးဆုံးမှာ ဒေါ်ငြိမ်းဖြစ်ပြီး သူ့အောက်၌ ဒေါ်တဆုပ်၊ ဒေါ်အို ဟု ညီမများ အစဉ်လိုက်ရှိကြသည်။

၎င်းဒေါ်အိုသည် ဆိပ်ဖြူမြို့၏ အနောက်အရပ် ၆ မိုင်ကွာခန့်တွင် ရှိသော ကွေ့ပင်(ဂွေးပင်၊ ခွေးဖင်)ရွာသားဖြစ်၏။ ထိုရွာမှ အမေကြီးတို့ ရွာသို့ အဖြောင့်တိုင်းလျှင် ၉ မိုင်ခန့်ဝေးမည်ထင်ပါသည်။

အချိန်ကာလမှာ “ကွမ်း”ခေတ်ဖြစ်ရာ ကွေ့ပင်ရွာသား ကိုပု (ဘဦးပု)သည်လည်း ကွမ်းသည်ဖြစ်ဟန်တူပါသည်။ ပုဂံခေတ် ကွမ်းထမ်းပင်းရာဇာကို မျှော်ကြည့်သောအခါ ဦးပုကဲ့သို့ ကွမ်းသည်ပင် ဖြစ်ဟန် ရှိပါသည်။

ထိုကွမ်းသည်လည်း ကွမ်းရွက်ရောင်း၏။ ကွမ်းပင်စိုက်လိုသည်ဆို လျှင်လည်း ရွာပြန်ပြီး မျိုးယူရောင်းချပေးဟန်တူပါသည်။ သူသည် ရောင်းစရာကွမ်းနှင့် စားစရာဆန်ကို ထမ်းလျက် တစ်ခြံဝင်တစ်ခြံထွက် သွားစဉ်တွင် မအိုနှင့် ချစ်ကြခြင်းဖြစ်ပါသည်။

ကိုပုနှင့် မအိုတို့မှ မောင်ရွှေစံနှင့် မအေးခင်၊ မောင်ကျောက်လုံးအပြင် နောက်တစ်ယောက် မွေးဖွားသေးသည်ထင်၏။ ထင်ရုံသာရှိသည်။ အတိအကျ မမှတ်မိတော့ပါ။ ကိုရွှေစံ မည်သည့်အရွယ်တွင် ဦးပုကွယ် လွန်ကြောင်းလည်း မသိပါ။

မအိုသည် ကိုပုကွယ်လွန်ပြီးနောက် ကိုစောနှင့် လက်ထပ်ခဲ့ပါသည်။ ကိုစောသည် ဘုန်းကြီးလူထွက်ဖြစ်၏။ ထိုခေတ်ထိုအခါက ကျေးရွာ တွင် နာမည်ကြီးနေသော “နားခံတော်ဦးမှော်”၏ သားဖြစ်ပါသည်။ သို့ရာတွင် ဦးမှော်မည်မျှ နာမည်ကြီးစေကာမူ မယားတွေမှိုလိုပေါက်အောင် မယူခဲ့စေကာမူ သေချိန်၌ လွှမ်းစရာပုဆိုးပင်မရှိဟု နှောင်းပိုင်း တွင် ပြောသံများကြားရဖူး၏။

ထိုကိုစော မအိုတို့မှ မမနှင့် မသာယာဟူ၍ မွေးဖွားသည်။ မသာယာ မှာ အရွယ်ရောက်စတွင် ကွယ်လွန်သည်။

ကျုပ်မှတ်မိသမျှမှာ အမေကြီးဒေါ်အိုသည် ဘာမျှမသိသော ကျုပ် ကို ဘေးမှာထားပြီး ကွယ်လွန်သူ သူ့သမီးအကြောင်းပြောပြီး ငိုကြွေး ခြင်းဖြစ်၏။

ဒေါ်စိန်ဖွားအကြောင်းပြောရာက မသာယာအကြောင်း ကြားဖောက် ပြောရခြင်းမှာ မေ့သွားမည်စိုးသောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်၍ ကို ကျောက်လုံးအကြောင်း ဖော်ပြလိုပါသည်။

 

 

ဒေါ်အိုသည် အိမ်ထောင်ဟောင်းနှင့် မအေးရှင်၊ မောင်ရွှေစံနှင့် မောင် ကျောက်လုံးတို့ကို ရသည်။ ကိုစောနှင့် မအိုတို့ ရချိန်တွင် မအေးရှင် အိမ်ထောင်ကျသည်။ အိမ်ကြီး၏ နောက်၌ အဖီဆွယ်ပြီး နေကြသည်။

မအေးရှင်နှင့် သူ့ယောက်ျားတို့ နေပုံထိုင်ပုံကို ကိုကျောက်လုံး သဘောမကျ။ ယောက်ဖနှင့် အစ်မနေသောအခန်းကို မီးတင်ရှို့သည်။ မူရင်းအိမ်များသာမက တစ်ရွာလုံးတက်တက်ပြောင်တော့သည်။ ကို

ကျောက်လုံးမှာ ထိုအချိန်ကများစွာ ငယ်ရွယ်သူဖြစ်၍ တစ်ရွာလုံးက ခွင့်လွှတ်၏။ သို့သော် ကိုစောက ခွင့်မလွှတ်။ မယားပါသားကို တရား စွဲရာ ကိုကျောက်လုံးမှာ အမှုထင်ရှားသဖြင့် ကလေးထောင်သို့ ထောင် ကျသွား၏။

ယင်းသို့ဖြစ်သည့်အတွက် ကိုစောကို တစ်ဆွေလုံး တစ်မျိုးလုံးက ဝိုင်းပယ်သည်။ ကျုပ်တို့ လူမှန်းသိချိန်အထိ ထိုဂယက်မသေသေး။ ရှိ စေဦးတော့။ ။

ဒေါ်စိန်ဖွားအကြောင်းဆက်ပါမည်။

သူ့အမေမှာ ဒေါ်ငြိမ်းဖြစ်ငြား အိမ်ထောင်ရေး တည်ငြိမ်ပုံမရပါ။ အကြောင်းသော်ကား သောင်းစိန်၏အဖ ဦးဘခင်မှာ ဒေါ်စိန်ဖွားနှင့် အမေတူ အမေကွဲ ဖြစ်နေသောကြောင့်တည်း။ ။

ဒေါ်စိန်ဖွားကို ဒေါ်ထိုက်ဆိုသူက ကောက်ယူမွေးစားသည်။ ထို ဒေါ်ထိုက်၌ မောင်တိုးနှင့် မသိန်းညွန့်ဟူ၍ သားသမီးနှစ်ယောက်ရှိ သည်။ ပုဂံကျောင်း၌နေသည်။

ဒေါ်ထိုက်၏ သား မောင်တိုးသည် စိတ်ကောင်းစွာမနှံ့ပါ။ ထိုသူ ကို ကျောင်းအုပ်ခန့်ကာ မူလတန်းကျောင်း တည်ထောင်ခွင့်အမိန့်ကျ လာ၏။ ကျောင်းအုပ်ဆရာ မောင်တိုးသည် ခဏတစ်ဖြုတ်သာ ကျောင်း ဆရာလုပ်သည်။ ၄ တန်းစာမေးပွဲနီးချိန်၌ ကျောင်းမတက်တော့ပေ။

ဤသည်ကို ဘဝနာသော မစိန်ဖွားက မြင်သည်။ ကလေးတွေ စာမေးပွဲမကျရှုံးစေချင်။ ရခဲသော ကျောင်းတစ်ကျောင်း ပျောက်မသွား စေချင်။ ဤသို့သော စေတနာဖြင့် မစိန်ဖွား ဝင်ရောက်စာပြပေးရာက ဆရာမကြီး ဖြစ်လာရသည်။

ဒေါ်စိန်ဖွား အနီးမှာ ခုနစ်နှစ်နေခဲ့သော ကျုပ်သည် ဒေါ်စိန်ဖွား နှင့် ဦးဘစော မည်သို့ ရသည်၊ မည်သို့ ကွဲသွားကာ မည်သို့ ပြန်ပေါင်း သည်ကို မသိရပါ။ ထိုအခါတွင် လက်ရှိသမီး မခင်တင့်နှင့် ကွယ်လွန် သွားသော မစောလှကိုပင် ဦးဘစောနှင့်ရသော သမီးလောဟူသည်ကို ကျုပ်မသိပါ။ မစောလှကိုလည်း မမီလိုက်ပါ။ သို့ရာတွင် အသက်မဲ့ တော့မှ ရိုက်ကူးထားသောပုံကိုမြင်ဖူးပါသည်။

“သည်ကလေးသေလို့ အရိုက်လျှော့လိုက်တာ၊ အရင်တုန်းက အလွန်အရိုက်ကြမ်းတာ”

ဆရာမကြီး၏ နှုတ်ပြောစကားကိုနားထောင်ပြီး ကျုပ်တို့ကြက်သီး ထမိသည်။ အငြိုးအတေးကြီးပုံမှာလည်း ကြောက်ခမန်းလိလိဖြစ်သည်။ ရိုက်စရာအကြောင်းပေါ်သော်ငြား ဧည့်သည်လာ၍ ဖြစ်စေ၊ ဟင်းအိုး ဝေ၍ ဖြစ်စေ မရိုက်နိုင်ပါက ဘုရားရုပ်ပွားတော်ကို လက်အုပ်ချီ၏။ “တပည့်တော် သူ့ကို ရိုက်ပါမယ်ဘုရား” ကို

မရိုက်ဘဲ မနေမိရန် ဘုရားထံတွင် သစ္စာဆိုခြင်းဖြစ်ရာ တစ်ခါတစ်ရံ ရက်ကျော်သွားတတ်သည်။ ဒေါသပြေနေပြီဖြစ်သဖြင့် အရိုက်ခံရသူ သက်သာ၏။

ဆရာမကြီးကို လျှာရှည်သူ ဟူ၍လည်း ဆိုကြသေးသည်။ စင် စစ်အားဖြင့် အကျိုးသင့် အကြောင်းသင့် စုံစေ့အောင် ရှင်းပြခြင်းဖြစ် သည်။ ဥပမာ လိမ်းဆေးဆိုပါစို့ ။

“အနာလိမ်းဆေးလိုချင်လို့ပါ”