Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - သွေးစွန်းသောလက်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

တိတ်ဆိတ်သွားလေ၏။

တဲအိုသည် တစ္ဆေအိမ်သဖွယ် ပကတိ ငြိမ်သက် တိတ်ဆိတ် ကျန်ရစ်ခဲ့ပါတော့သည်။

မကြာမီ လူနှစ်ယောက်သည် တဲအိုရှေ့ လမ်းဆီသို့ ရှေးရှုလျက် စကားတပြောပြောဖြင့် လျှောက်လာကြပြန်ပေသည်။

တစ်ယောက်မှာ ဖြူဖြူ ပိန်ပိန် အရပ်မြင့်မြင့်နှင့် မည်သည့်ကိုမျှ အလေးအနက် မထားတတ်သည့် မျက်လုံးကိုဆောင်သော ဘောင်းဘီ ဖင်ကျပ်၊ ချယ်ရီသားတုတ်၊ ပင်လယ်အုန်းဆေးတံ အစရှိသည်တို့ဖြင့် တန်ဆာဆင်ထားသည့် ဓနဗလဆန်စက် မန်နေဂျာ ဗလသောင်း ဖြစ်၏။ အသက်သုံးဆယ်ရွယ် လူငယ်တစ်ယောက်လည်း ဖြစ်၏။

သူနှင့်တွဲ၍ လျှောက်လာသူမှာ ပါး၊ ပခုံးနှင့် ကျောပြင်တို့တွင် ဖွဲပြာများပေကျံနေသော အလုပ်သမား ကျော်ဒင်ဆိုသူ ဖြစ်၏။ ကျော်ဒင် သည် အလုပ်ကြမ်းသမားပီပီ ညိုသောအသားရှိ၏။ ပုအိုက်သည် ထင်ရသော်လည်း ဗလသောင်းနှင့်ကား အရပ်ချင်းညီ၏။ ကားသောမေးရိုးကြီး များနှင့် စူးရှပြောင်လက်သောမျက်လုံး ရှိ၏။ အသက်မူ ဗလသောင်းနှင့် တန်းတူပင် ဖြစ်ပေသည်။

“အတိုးပေးဆိုရင် ပေးပါ့မယ် မန်နေဂျာကြီးရယ်၊ အိမ်မှာ အသုံး ပြတ်နေလို့ပါ”

ကျော်ဒင်က ဗလသောင်း၏ မျက်နှာကို ကွက်ခနဲ လှမ်းကြည့်ရင်း ပြော၏။

ဗလသောင်းမှာ အဝေးတွင် ပျောက်ကွယ်သွားသော ကားလမ်း ကြီးကို ငေးမောကြည့်ရင်း လျှောက်လာရာက ကျော်ဒင့်စကားကြောင့် ကျော်ဒင်အား လှည့်ကြည့်လိုက်ရတော့သည်။

 

“ဒီစကားမျိုးကိုတော့ မသုံးပါနဲ့ကွာ။ မပါလို့ မပေးတာပါ။ မင့်ဆီက အတိုးရတော့ကော ဒီအတိုးဟာ ငါ့အတွက် ဘယ်လောက်များ အသုံးကျမှာလဲ။ အေး...မင့်အဖို့တော့ များချင်များမှာပေါ့”

 

“စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်လည်း ကျပ်လွန်းလို့ မန်နေဂျာ ကြီး ချေးချင်လာအောင် ပြောတာပါ”

 

ကျော်ဒင်က ခေါင်းငုံ့လျက် တောင်းပန်၏။

ဗလသောင်းက တုံ့ရပ်လိုက်ကာ ကျော်ဒင်၏ပခုံးကို ပုတ်၍ ပြောသည်။

“အတိုးမပေးပါနဲ့ကွာ။ အင်မတန် ကျပ်နေတယ်ဆိုရင်တော့ ငါ့အိမ်ကိုလိုက်ယူ။ အခုတော့ ငါ့ အိတ်ထဲမှာ ငါးပြားပဲ ပါတယ်”

ကျော်ဒင်သည် ဗလသောင်းအား မော့ကြည့် ၏။ နောက် တဲအိမ်များဖြင့် ပြည့်ကျပ်နေသော လုပ်သားရပ်ကွက်ဆီ မျှော် ကြည့်၏။

“ကျေးဇူးတင်လိုက်တာ မန်နေဂျာကြီးရယ်။ ညကျမှ လာခဲ့ ပါရစေ။ အခုတော့ အမေ မျှော်နေမှာစိုးလို့ပါ”

“အေး...လာခဲ့။ ငါ ကနေ့ည ဘယ်မှ မသွားဘူး။ ကဲ...သွား မယ်ဟေ့”

မန်နေဂျာ ဗလသောင်းက ပြောပြောဆိုဆိုဖြင့် လမ်းဘေးရှိ ဆင်ငိုမြက်ဖုတ်တစ်ခုကို တုတ်ဖျားဖြင့်ရိုက်ရင်း လမ်းခွဲကလေးအတိုင်း ထွက်ခွာသွားလေ၏။

ကျော်ဒင်သည် အခက်အခဲကို ယာယီအနေဖြင့် ဖြေရှင်းနိုင်ပြီ ဖြစ်သည့်အတွက် အတန့်မျှ နေသာထိုင်သာ ရှိသွားဟန်ရှိ၏။ သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ခေါင်းငိုက်စိုက်ချလျက် ဆက်လက် လျှောက်ပေသည်။

ကျော်ဒင်၏ရှေ့ဝယ် လုပ်သားရပ်ကွက်က မှုန်ကုပ်သိမ်ငယ် စွာဖြင့် ရှိနေ၏။

ရပ်ကွက်အစွန်သို့ရောက်ရန် ကိုက်တစ်ရာခန့် အလိုတွင် မြေနီ လမ်းကျယ်တစ်ခုသည် လာရောက်ဖြတ်သန်းသွား၏။

ထိုလမ်းဆုံသို့ ကျော်ဒင် ရောက်လာသည့်အခါတွင် လူသုံး ယောက်က လမ်းဘေးတွင် စီတန်းရပ်လျက် ကျော်ဒင်အား စောင့်ကြိုနေ ကြသည်။ ကျော်ဒင်သည် ငုံ့စိုက်လျက် လျှောက်လာရာက

“ဟေ့”

ဟူ သော အသံကြားရ၍ မော့ကြည့်မိသည်နှင့်တစ်ပြိုင်နက် ဒုတ်ခနဲ ပြင်းထန် သော လက်သီးတစ်လုံးက မေးရိုးကို ဝင်ဆောင့်လေသည့်အတွက် ဖင်ထိုင်လဲကျသွားလေ၏။ ။

ကျော်ဒင်မှာ သတိကောင်းသောကြောင့်သာ လက်နှစ်ဖက် လှမ်း ထောက်ထားလိုက်နိုင်ကာ နောက်စေ့နှင့်မြေပြင် မရိုက်မိဘဲ ရှိတော့သည်။ သူက မြေပြင်နှင့်လက်နှင့် ထောက်မိပြီး မရှေးမနှောင်းပင် လျင်မြန်စွာမော့ ကြည့်၏။

သူ့အား ဆိုင်းမဆင့် ဗုံမပါဘဲ ဆီးထိုးသူကို သူမသိပေ။ လူစိမ်း တစ်ယောက်သာ ဖြစ်သည်။

သို့သော် ထိုသူ၏အနီးတွင် ရပ်နေသော လူနှစ်ယောက်အနက်မှ တစ်ယောက်ကိုကား သူသိသည်။

သူတို့စက်မှ မေဆရာ ဖြစ်ပေ၏။

“ဟေ့...ဘအောင်။ မင့် အပေါက်က ဘာအပေါက်လဲကွ”

ကျော်ဒင်က ဖုတ်ဖက်ခါထရင်း ဒေါသဖြင့်မေးကာ မေဆရာ ဘအောင်ရှေ့သို့ လျှောက်လာ၏။

“ငါ ထောင်က လွတ်လာလို့ နှုတ်ဆက်တာလေကွာ။ ဟဲဟဲ”

ဘအောင်၏ မျက်နှာထားမှာ အလုပ်သမားရဲဘော်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်းကို ချစ်ကျီစယ်ရာ၌ထားသော မျက်နှာထား မဟုတ်ပေ။ အာဃာတတရား၊ ကောက်ကျစ်သောစိတ်ထားတို့ကို အထင်းသား ဖော်ပြနေသော မျက်နှာဖြစ်၏။ ညိုသောအသားပေါ်ဝယ် တိုနံ့နံ့မုတ်ဆိတ်နှင့် ပါးမြိုင်းမွေးတို့ လွှမ်းနေသောကြောင့် အကျည်းတန် သည်မှာ မပြောပလောက်သော်လည်း ဒေါသအာဃာတနှင့် မုန်းတီးခြင်းတို့ကို ဖော်ပြနေသည့်အတွက်ကား လွန်စွာ ကျက်သရေကင်းနေပေတော့၏။

“ထောင်က လွတ်လာတာ”

ကျော်ဒင်က ဘာမျှ နားမလည်သော အသိဖြင့် ရေရွတ်လိုက်ရာ ဘအောင်က ဒေါသတကြီး မေးလေသည်။

“အေး..စိန်ခိုတို့ နေသွားတဲ့ တဲကလေးထဲမှာလုပ်တဲ့ ငါတို့ ဖဲဝိုင်း ကို ပုလိပ်ဖမ်းသွားတာလေ၊ မင်း မှတ်မိသေးလား”

“ဒါနဲ့ ဘာဆိုင်လဲ”

“ဟား..ဟား၊ လူလည်မလုပ်ချင်ပါနဲ့ ကျော်ဒင်ရာ။ ဒီဥစ္စာ ရဲကို မင်းသွား သတင်းပေးတာမဟုတ်လား။ တစ်ကြိမ်နဲ့ အရေးမယူတော့ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့ အရေးမယူတော့ သတင်းစာထဲ ထည့်လို ထည့်နဲ့ လုပ်တာ၊ မင်းဆိုတာ ငါမသိဘူး ထင်နေသလား။ ဟင်း..... ဘအောင်ကို ဒီလို လူလည်လုပ်လို့ မရဘူးမှတ်ထား”

 

“ဒါဟာ မင်း ငါ့ကို သက်သက် အထင်လွဲတာပဲ။ ငါဟာ ကိုယ့် ဘဝတူ အလုပ်သမားချင်းချင်းကို ဘယ်တော့မှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူးဟေ့”

 

“နစ်နာအောင်တော့ မလုပ်ဘူး။ ပုလိပ်ကိုပဲ တိုင်တယ်၊ ဒီလိုလား”

ထိုသို့ ထပ်ဆင့်ပြောလိုက်သူကား ဘအောင် မဟုတ်ပေ။ ဘအောင်၏ အဖော်နှစ်ယောက်ထဲမှ တစ်ယောက်သောသူ ဖြစ်၏။

ကျော်ဒင်က ထိုသူကို ဆတ်ခနဲ လှည့်ကြည့်သည်။ ထိုသူကား ကျော်ဒင်ကို ဘုမသိ ဘမသိ ဝင်ထိုးသူပေတည်း။

“မိတ်ဆွေက ဘယ်ကလဲ။ ကျုပ်တို့အလုပ်သမားထဲကတော့ မဟုတ်ဘူး။ ကျုပ်တို့ သူငယ်ချင်းအချင်းချင်းထဲမှာ ခင်ဗျား ဝင်မရှုပ်ပါနဲ့

ဗျာ"

 

“ဟ..ရှုပ်တော့ ဘာဖြစ်လဲကွ။ မင်းက လက်သီး လိုချင်ပြန်ပြီ လား”

ထိုမျက်နှာစိမ်းက စီးစီးနင်းနင်း ပြောရုံဖြင့် မပြီးသေးဘဲ ပါးရိုက် တော့မယောင် လက်ဝါးကြီးပါ ရွယ်မိုးလာပြန်သည့်အတွက် ကျော်ဒင်၏ စိတ်မှာ ထောင်းခနဲ ပြတ်ထွက်သွား၏။

တစ်ပြိုင်နက်ပင် ထိုသူမှာ အင့်ခနဲ မြည်လျက် ကုန်းငိုက်သွားစဉ် ကျော်ဒင်က ဒူးရောလက်သီးပါ ထိုလူစိမ်းလူကျယ်၏ မျက်နှာနှင့် ရင်ဘတ်သို့ စုပြုံပစ်သွင်းလိုက်လေ၏။

ထိုသူ လဲကျအိပ်ပျော်သွားသည့် အချိန်တွင် ဘအောင်နှင့် ကျန်တစ်ယောက်က ကျော်ဒင်ကိုဝိုင်း၍ အမဲ ဖျက်ကြတော့သည်။

နှစ်ယောက်နှင့်တစ်ယောက် ဖြစ်သည်ကား မှန်၏။ သို့သော် ကျော်ဒင်လို အသောက်အစားနှင့် ကစားကင်းသော အလုပ်ကြမ်းသမား တစ်ယောက်အား ကျန်လူစိမ်းနှင့် အရက်ဖဲထဲမှာသာ နစ်မျောနေသော ဘအောင်တို့က မဖိနိုင်ပေ။ ကျော်ဒင်၏ လက်သီးချက်တိုင်းသည် သံတူ ကြီးတစ်လုံးမျှ ပြင်းထန်ပေ၏။

 

သို့စဉ်တွင် ကျော်ဒင်မှာ မေ့လဲနေသူအား ခလုတ်တိုက်လဲကျသွား သည့်အတွက် ဘအောင်၏ အဖော်က ခွစီးကာ ခါးကြားမှ မောင်းချ ကိုထုတ်၍ ထိုးရန်ရွယ်လိုက်သည်တွင် သေနတ်သံတစ်ချက်က သူတို့၏ ကျောဘက်မှာ ပေါ်လာသဖြင့် တုံ့ဆိုင်းသွားလေ၏။

“ဓားချလိုက်စမ်း”

ခက်ထန်သောအသံ ဖြစ်သည်။ သို့သော် မိန်းမသားတစ်ယောက် ၏အသံ ဖြစ်သည်။

“ပြောနေတာ မကြားဘူးလား။ ဓားကို အခုချလိုက်” ဓားသမားသည် ဓားကိုလွှတ်ချ၍ အသံရှင်အား လှည့်ကြည့်လိုက်.....