Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - မြန်မာ့ထိုးကွင်းမှင်ကြောင်ဓလေ့

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
အခန်း (၁)
ဆေးမင်ကြောင်ဓလေ့

ရေခဲထဲက ဆေးမင်ကြောင်

                လူ၏ ကိုယ်အရေပြားပေါ်တွင် စွဲမြဲစွာ ထင်နေစေရန် တုတ်ဆူး ချွန်အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ အမှတ် အသားနှင့် ပန်းကနုတ်စသော အလှအပများ ထိုးနှံထားခြင်းကို မင် ကြောင်ထိုးသည်ဟု ခေါ်ဝေါ်ကြပေသည်။

အချို့က ထိုးကွင်းထိုးခြင်း အလေ့အထသည် ပေါ်လီနီးရှင်း လူမျိုး များက စတင်ခဲ့၍ ၎င်းလူမျိုးတို့၏ ဘာသာစကား Ta Tau မှ Tattoo သို့ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ၏။

မင်ကြောင်ထိုးနှံခြင်. ဓလေ့သည် ကမ္ဘာပေါ်ရှိလူမျိုးအများအပြား တွင် ရှိသည်။ သို့ရာတွင် မည်သည့်အချိန်အခါက စတင်ပေါ်ပေါက်လာ ခဲ့သည်ဟူ၍ကား မပြောနိုင်ကြသေးပါ။ အစောဆုံးကာလအဖြစ် တွေ့ရှိ ရသော ဆေးမင်ကြောင်အထောက်အထားမှာ ဆိုက်ဗေးရီးယားဒေသ ရှိ ရေခဲပြင်များအတွင်းမှ တူးဖော်ရရှိခဲ့သော ဆေးမင်ကြောင်ပါသည့်ရုပ်အလောင်းများဖြစ်ပေ၏။

ဆိုက်ဗေးရီးယားပြည်နယ်မှ Altia လူမျိုးများ၏ ရေခဲသချိုင်း ပစ္စည်းများပြပွဲကို လန်ဒန်မြို့ရှိဗြိတိသျှပြတိုက်တွင် ပြသဖူးပေသည်။ ယင်းရေခဲသချိုင်းပစ္စည်းများမှာ ရေခဲတုံးဖြစ်နေသော ဘီစီ ၅ ရာစုမှ ပစ္စည်းများဖြစ်ပေ၏။ ထိုပစ္စည်းများတွင် ရွှေငွေသစ်သားတို့ဖြင့် ပြုလုပ် ထားသော ပစ္စည်းများ၊ ဆင်စွယ်နှင့်သံထည် လက်ဝတ်လက်စားများ၊ ဓားလှံလေးမြား အစရှိသည့်လက်နက် ပစ္စည်းများ၊ လူ့ခေါင်းပြတ်များ နှင့် အခြောက်လှန်းထားသော ယောက်ျားအလောင်းကောင်ကြီးများ ပါဝင်သည်ဆိုပေ၏။

ထိုသို့ပစ္စည်းပစ္စယ စုံလင်စွာကို ထည့်သွင်းမြှုပ်နှံရုံမက လူ့ခေါင်း ပြတ်နှင့် အခြောက်လှန်းထားသောအလောင်းများ ပါဝင်ရခြင်းမှာ သူတို့ ထုံးစံပင်ဖြစ်ပေသည်။

ယင်းထုံးစံမှာ အကြီးအကဲတစ်ယောက် ကွယ်လွန်ပြီးနောက် ထိုသူကိုမြှုပ်နှံသဂြိုဟ်ရာသို့ သေသူ၏ ပစ္စည်းပစ္စယများနှင့် ကျေးကျွန် များကိုပါ တွင်းကြီးထဲထည့်၍ မြှုပ်နှံလိုက်ရလေ့ရှိသည်။

သို့ကြောင့် အသုံးအဆောင်ပစ္စည်းများနှင့် တွဲလျက်အခြောက် လှန်းထားသော ယောက်ျားအလောင်းများပါ တွေ့ရခြင်းဖြစ်၏။ ထို ယောက်ျားကြီးများ၏ အရေပြားပေါ်တွင်ပါရှိသော အရာများကား ဆေး ရောင်စုံဖြင့်လှပစွာထိုးနှံထားသော သစ်ခက်တစ်ရွက်၊ ငါးရုပ်၊ ငှက်ရုပ် နှင့် လူရုပ်များဖြစ်ပေသည်။

သို့ရာတွင် အီဂျစ်နိုင်ငံ၌မူ ဘီစီ ၁၅ ရာစု၊ ၂၀ ရာစုခန့်ကပင် ဆေးမင်ကြောင်အတတ် ပေါ်ထွန်းနေခဲ့ပြီဟု ယူဆရသော အထောက် အထားများလည်း တွေ့ခဲ့ကြရသည်ဟု ဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်အခါက ဆေးစိမ်ထားခဲ့သော ရုပ်အလောင်းများတွင် အပြာ ရောင်ဆေးဖြင့် မင်ကြောင်ထိုးထားသည့် သဏ္ဌာန်များတွေ့ရသော ကြောင့် ဖြစ်၏။

 

ဆေးမင်ကြောင်ချစ်သူများ

ဗြိတိသျှလူမျိုးများသည် ဆေးမင်ကြောင်ထိုးခြင်းကို အပျော်တမ်း သဘော၊ အလှအပသဘောဖြင့်သာ ထိုးနှံလေ့ရှိကြ၏။ “ဟေ့စတင်း” စစ်ပွဲအပြီး၌ ကျဆုံးသော ဟာရိုလ်ဘုရင်ကြီး၏ ကိုယ်ပေါ်တွင် နှလုံး သားနေရာ၌ “အက်ဒစ်သ” Edith ဟု ထိုးထားသည်ကို တွေ့ကြရ၏။

သတ္တမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသားဘဝ ကပင် ဆေးမင်ကြောင်ထိုး ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်

ကြောင်များထိုးနှံထားခဲ့ပေသည်။ ပဉ္စမမြောက်ဂျော့ဘုရင်နှင့်စစ်သေနာ ပတိဟောင်းကြီး မောင်ဂိုမာရီတို့သည်လည်း ၎င်းတို့ကိုယ်တွင် နဂါး ရုပ်နှင့် လိပ်ပြာရုပ်များ ထိုးနှံထားခဲ့ကြ၏။

အသက် ၆၈ နှစ်ရှိ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်၏ကိုယ်ခန္ဓာ ကိုမူ ဆေးထိုးရုပ်ပြခန်းကြီးဟု ချီးကျူးကြရသည်။ အကြောင်းသော်ကား သူ့တစ်ကိုယ်လုံးတွင် ဆေးရောင်စုံအရုပ်များ အမျိုးမျိုးထိုးနှံထားသော ကြောင့် ဖြစ်ပေ၏။

ဂျပန်လူမျိုးတို့၏ ဆေးမင်ကြောင်ထိုးသည့် ဓလေ့ကား အနုပညာ သဘောကဲသည်ဟု ဆိုပါသည်။ ထိုးနှံလေ့ရှိသော အရုပ်များတွင် ရိုးရာ ဓလေ့နှင့် ရှေးဟောင်းသမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန်အမျိုးမျိုး ပါဝင်ပေသည်။ လူ့အလုံးအရပ်နှင့်အညီကြီးမားသော လူစွမ်းကောင်း ပုံများ၊ ဘီလူးသဘက်ရုပ်ကြီးများနှင့်နဂါးရုပ်ကြီးများအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံနှင့် ပန်းပုံများလည်း ထိုးနှံကြ၏။

ဂျပန်နိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်းကို ၁၉ ရာစုနှစ်အတွင်း က ဥပဒေဖြင့် ပိတ်ပင်ခဲ့ဖူးငြားသော်လည်း ယင်းကိစ္စမှာ ပပျောက်မသွား ပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ ကြာမြင့်သည်အထိ သည်းခံ ပြီး ကြိုးစားပမ်းစား အနုစိတ်၍ ပြီးစီးအောင် ထိုးနှံကြသည်သာဖြစ်၏။

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီစစ်အကျဉ်းစခန်းရောက်အကျဉ်း သားများအနက် ကိုယ်ခန္ဓာပေါ်တွင် လှပသောဆေးမင်ကြောင် ရောင်စုံ ရုပ်ထိုးနှံထားမိသူများမှာ အခြားအကျဉ်းသားများထက် ပို၍ ကံဆိုးခဲ့ကြ ရ၏။ အကြောင်းမူကား အကျဉ်းစခန်းအရာရှိများသည် အကျဉ်းသား၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်အရေခွံကို ခွာယူပြီး မီးအိမ်အုပ် ဆောင်းလုပ်ကြသောကြောင့် ဖြစ်ပေ၏။

အချို့သော မလေးရှားလူမျိုးများ၏ ဆေးမင်ကြောင်မှာမူ တင်ပါး တွင် ထိုးနှံထားသည်ကို တွေ့မြင်ရ၏။ ဤသို့ တင်ပါးတွင် ထိုးနှံ ထားသော ဆေးမင်ကြောင်မှာ အရုပ်များမဟုတ်ပေ။ လှပဆန်းကြယ် သော ပန်းကနုတ် ဒီဇိုင်းများ၊ အကွက်များဖြစ်ကြပေသည်။

ဖော်မိုဆာကျွန်းမြောက်ပိုင်းနေ “တေးရဲလ်” လူမျိုးလူငယ်များမှာ မူ လူလားမြောက်ခြင်းအထိမ်းအမှတ်အဖြစ် နဖူးတွင်ဆေးမင်ကြောင် ထိုး ကြရာမျက်နှာတစ်ပြင်လုံးရောင်ကိုင်းလာသည်အထိပြင်းထန်သည်ဆို၏။

ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုး များနှင့် အင်္ဂလန်ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ရှိခဲ့ဖူး၏။ ရေကြောင်းခရီးဖြင့် နယ်သစ်ပယ်သစ်ရှာဖွေခဲ့သော ခေတ်က စပိန်လူမျိုးများသည် မြောက်အမေရိကတိုက်ပီရူးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများရှိ တိုင်းရင်းသားလူမျိုးများတွင် ထိုးကွင်းထိုးသော အလေ့ရှိကြောင်း တွေ့မြင်ခဲ့ကြရ၏။

မြောက်အမေရိကမှ အင်ဒီယန်လူမျိုးများမှာလည်း ကလေး အရွယ်မှ စတင်ပြီး ထိုးကွင်းထိုးနှံလေ့ရှိကြသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိကျွန်းများမှာ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုးနှင့် မာကေဆ ကျွန်းသားများမှာလည်း ယောက်ျားရော မိန်းမပါ ဆေးမင်ရည်ထိုးနှံကြ သည့် ရှေးကျသောအစဉ်အလာရှိကြသည်။ အက်ဒမီရယ်လတီကျွန်း၊ ဖီဂျီကျွန်းနှင့် လျူကျူကျွန်းမှ ကျွန်းသူများသည်လည်း ဆေးနီ၊ ဆေးနက် ပြာတို့ကို ကိုယ်ခန္ဓာတွင် မင်ကြောင်ထိုးခြယ်ခြင်းဖြင့် အလှပြုပြင်နည်း တစ်ရပ်အဖြစ်အသုံးပြုကြ၏။

ဆော်လမွန်ကျွန်းသူမိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင် ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်ကြသည်။ ဖော်မိုဆာ ကျွန်းသူများမှာလည်း ထိုနည်းတူစွာပင် လက်ထပ်ပွဲ မကျင်းပမီတွင် မျက်နှာ၌ ဆေးမင်ကြောင်ထိုးနှံကြရ၏။ နယူးဂီနီကျွန်းမှ ပါပူအန် အမျိုးသမီးများမှာကား လက်မထပ်မီကာလတွင် မျက်နှာကိုချန်လျက် တစ်ကိုယ်လုံးအနှံ့ ဆေးမင်ကြောင်ရေးခြယ်ထိုးနှံထား၍ မင်္ဂလာပွဲကျင်း ပသောအခါတွင်မှ မျက်နှာကို ဆေးမင်ရည်စုတ်ထိုးကြရ၏။

သို့ သော် အေဒီ ၁၇ ရာစုအထိ အင်္ဂလန်နှင့် အနောက်ဥရောပ တွင် ဆေးမင်ကြောင်ကို ထိုးနှံရန်ဝေးစွ၊ မြင်ပင်မြင်ဖူးကြသေးဟန် မတူ ပေ။ အကြောင်းသော် ဥရောပတိုက်သား ဒမ်ပီယာဆိုသူသည်ထိုးကွင်းရှိသော ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းသားများကို ပြပွဲပြသရန် ဥရောပသို့ ခေါ်ဆောင်သွားဖူးသည်ဟု သိရှိရသောကြောင့်ပေတည်း။

နယ်သစ်ရှာသူတစ်ဦးဖြစ်သည့် ကပ္ပတိန်ကွတ်သည်လည်း ထိုးကွင်းရှိသူများကို အင်္ဂလန်သို့ ခေါ်ယူပြသရာ မြင်သူတိုင်း အံ့သြ ကြရ၏။ ထိုအခါမှစ၍ အင်္ဂလန်နှင့်ဥရောပတွင် ထိုးကွင်းမင်ကြောင် ခေတ်စားလာရာ မင်ကြောင်ဆရာများမှာ လက်မလည်အောင် အလုပ် များခဲ့ကြရ၏။

ထိုကဲ့သို့ ဆေးမင်ကြောင်ကို လူအများစိတ်ဝင်စားသည်ကို အကြောင်းပြု၍ “ဒီဗား” မောင်နှံတို့သည် ကြီးကျယ်သော သာသနာဝင် ပန်းချီကားများကိုကျောတွင် ထိုးနှံလျက် ပြပွဲသွင်းရာ လူအများ၏ ဝိုင်းဝန်းအားပေးခြင်းခံခဲ့ကြရ၏။ ဒီဗား၏ ကျောတွင် ထိုးနှံသော ပန်းချီ ကားမှာ လီယိုနာဒိုဒါဗင်ချီ၏ လက်ရာကောင်းတစ်ခုဖြစ်သည့် “ခရစ် တော်အား လက်ဝါးကပ်တိုင်တင်ခြင်း”ပန်းချီကားဖြစ်၍ ဇနီး၏ ကျော တွင်ထိုးနှံသောပန်းချီကားမှာ“ခရစ်တော်၏ နောက်ဆုံးညစာ”ဖြစ်ပေသည်။

ထိုအချိန်အခါက ပြပွဲသွင်းသောထိုးကွင်းမင်ကြောင်ရှင်များအနက် အချို့၏ ပြပွဲတစ်ခါ ပြ ဝင်ငွေမှာ မြန်မာငွေတစ်ထောင်ကျပ်မှ တစ်ထောင့် ငါးရာထိ ရှိသောဟူ၏။

|

ရည်ရွယ်ချက်များ

ဆေးမင်ကြောင်ထိုးနှံရာတွင် ရည်ရွယ်ချက်များရှိကြပါသည်။

ယင်းတို့မှာ -

(က) အမှတ်အသားအဖြစ် ထိုးနှံခြင်း။

 (ခ) အလှအပအဖြစ်ထိုးနှံခြင်း။

 (ဂ) စွဲလမ်းမှုအခြေခံ၍ အဆောင်သဘောထိုးနှံခြင်း။

(ဃ) ထုံးတမ်းစဉ်လာအရ ထိုးနှံခြင်းတို့ဖြစ်ကြပါသည်။

 

အမှတ်အသားအဖြစ်ထိုးနှံခြင်း

အင်္ဂလန်နိုင်ငံမှ အမျိုးသားလယ်သမားသမဂ္ဂသည် ယင်းတို့အဖွဲ့ ပိုင် မွေးမြူရေးခြံများမှ ကြက်ဆင်များကို လျှို့ဝှက်အမှတ်အသားထိုး ထားကြ၏။ ထိုအမှတ်အသားကိုလည်း မှတ်ပုံတင်ထားသည့်အတွက် အဖွဲ့ပိုင်ကြက်ဆင်များအခိုးခံရပါက ရှာဖွေဖမ်းဆီးရန်ခိုင်လုံသော သက် သေခံရရှိပြီး ဖြစ်သွားတော့၏။

သြစတြေးလျနိုင်ငံမှ သိုးမွေးမြူသော လူချမ်းသာတစ်ဦးသည် လည်း သေတမ်းစာကို သူ၏ ကျောပြင်တွင် ဆေးထိုးကာ ရေးသားထား ခဲ့ဖူးသည်ဆို၏။၆

ပထမကမ္ဘာစစ်မတိုင်မီ နှစ်များနှင့် စစ်အတွင်းကလည်း အချို့ သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို အသုံးချခဲ့ကြသည် ဟု ကြားနာမှတ်သားရဖူး၏ ။ ရန်သူ၏ အရေးကြီးသော နေရာများကို စက္ကူစသည်တို့တွင် ရေးဆွဲမှတ်တမ်းတင်ပြီး ယူဆောင်သွားရန် မလွယ် ကူလှချေ။ ထို့ကြောင့် ဦးခေါင်းကို ပြောင်အောင်ရိတ်ကာ လျှို့ဝှက်သော မြေပုံများကို စုတ်ဖြင့်ထိုးနှံသည်။ ဆံပင်ရှည်အောင်ထားပြီးမှ ထိုသူကို လိုရာနိုင်ငံသို့ ပို့ပေးသည်။

မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်မင်းများလက်ထက်တွင် လူ့ကိုယ်၌ အမှတ်အသားပြုမှုကို ဆေးမင်ကြောင် ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိသည်ကို တွေ့ရပေ၏။ အမှတ်အသားမှာ နှစ်မျိုးရှိ၍ အကောင်းဘက်မှာရော အဆိုးဘက်မှာပါ အသုံးပြုလေသည်။

 

ထိုအချိန်အခါက ခိုးသားဓားပြများကို ရပ်ရွာအေးချမ်းရေးအတွက် အဆုံးစီရင်လေ့ရှိ၏။ သို့ရာတွင် အဆုံးစီရင်လောက်သည်အထိ အပြစ် မကြီးလေးသူများကိုမူ နဖူးတွင် “ဓားပြ”ဟူ၍ လည်းကောင်း၊ “သူခိုး” ဟူ၍ လည်းကောင်း၊ လက်ဖျံတွင်လည်း “နောက်မဆိုးနှင့်” ဟူ၍လည်း

ကောင်း ဆေးမင်ကြောင်ဖြင့် ထိုး၍လွှတ်တတ်ကြ၏။ ဤကား အဆိုး ဘက်တွင် အသုံးပြုသော ဆေးမင်ကြောင် အမှတ်အသားပေတည်း။

မြန်မာမင်းများလက်ထက်တွင် အမြဲတမ်းတပ်မတော်ကြီး ဖွဲ့စည်း လေ့မရှိခဲ့ငြားသော်လည်း ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် တစ်စိတ် တစ်ဒေသ အမြဲတမ်းတပ်အချို့ ဖွဲ့စည်းထားခဲ့၏။ ယင်းတို့အနက် လွှတ် ရုံးနှင့် ရွှေနန်းတော်ကြီးအတွက် လောလောဆယ်အသုံးမလိုသူများမှာ ရသင့်ရထိုက်ရာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်နေထိုင်ကြ ရ၏။ ယင်းတို့ကို အစုအဝန်းစသည်ဖြင့် သတ်မှတ်ထားရာ ယင်းအမှု ထမ်းတို့၏ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသားပြုထားသဖြင့် “ဆေးထိုးထမ်း” ဟုခေါ်ပေ၏။

ထိုဆေးထိုးထမ်းများထဲတွင် မြောက်ဒဝယ်၊ တောင်ဒဝယ်၊ မြောက် မာရဘင်၊ တောင်မာရဘင်၊ ရွှေပြည်မှန်ကင်း၊ နတ်စုလက်ဝဲ၊ နတ်စု လက်ျာ၊ ရွေးလက်ဝဲ၊ လက်ျာစသော သေနတ်စွဲ အမှုထမ်းတို့မှာ လည်ကုပ်၊ လက်ဖမိုး စသည်တို့၌ “နတ်ဘီလူး လက်ျာသန်လျက် ထမ်း” ခြင်္သေ့ရုပ်များ ဆေးတော်ရေးမှတ်ထားကြလေသည်။

(ဦးမောင်မောင်တင်ထံမှ ဦးသာမြတ်ထံ ပေးစာ၊ အတွဲ ၃၊ အမှတ် ၆၊ ယဉ်ကျေးမှုစာစောင်၊ စာမျက်နှာ ၈၄-၈၅ မှ)

 

ထိုမှတစ်ဖန် ပါးကွက်အာဏာသားများဟု ခေါ်တွင်သော ရာဇ ဝတ်မှုထမ်း အချို့မှာလည်း အမှန်ပင် ပါးတွင် အကွက်ကြီးများရှိ၏။ ယင်းအကွက်ကြီးများမှာ ဆေးမင်ကြောင်ထိုးနှံထားခြင်းဖြစ်ပေ၏။ ၎င်း “တန်း” အမှုထမ်းများကို “ပါးကွက်” ဟု ခေါ်သည်။ ထိုပါးကွက်တို့ မှာ ပါးနှစ်ဖက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားရသည်။ ရင်ဘတ်တွင်လည်း “သူသတ်” ဟူသော စာတန်းကို မင်နက်ဖြင့် ထိုးနှံ ထားရသည်။

မြန်မာနိုင်ငံအလုံး နယ်ချဲ့လက်တွင်း ကျရောက်ပြီးနောက် နှစ် ပေါင်း အတန်ကြာတွင် နေနှယ် လနှယ် ထင်ရှားသော တော်လှန်ပုန်ကန် မှုကြီးတစ်ရပ်ဖြစ်ပွားခဲ့၏။ ယင်းကား သုပဏ္ဏက ဂဠုနရာဇာအမည်ခံ ဂဠုန်ဆရာစံ၏ လယ်သမားသူပုန်ကြီးပေတည်း။

ထိုပုန်ကန်မှုကြီးတွင် ပါဝင်သော ဂဠုန်တပ်သားများကို တာဝန် အနုအရင့်လိုက်၍ “ကတပ်သား”၊ “ခတပ်သား” ဟု ဆေးမင်ကြောင်ထိုး ကာ အမှတ်အသားပြုခွဲခြားခဲ့ဖူးပေ၏။

                                    အလှအပအဖြစ်ထိုးနှံခြင်း

ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးတို့ ဆေးမင်ကြောင်ထိုးနှံကြရာတွင် များသောအားဖြင့် အလှအပအလို့ငှာသာ ထိုးနှံကြပေသည်။

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင်ခေတ် ကောင်းခဲ့စဉ်က အမျိုး သမီးများလည်း အားကျမခံဝင်ထိုးတတ်ကြပါသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက် တစ်ချက်၌ ငုံးရုပ်၊ ကြက်ရုပ် စသည်များကို တစ်ရုပ်စီ ထိုးနှံခြင်းမျိုးဖြစ်၏။

(   ၇။ “စလေဦးပုည” စာမျက်နှာ ၆၁၊ သီတာထွန်းပုံနှိပ်တိုက်၊ ကျောက်မြောင်း၊

ဒီဇင်ဘာလ ၁၉၆၆။ )

 

အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်မှေးမှိန် ချိန်တွင် ဓာတ်ခဲအားသုံး၊ ဘက်ထရီဓာတ်အားသုံးအပ်ဖြင့် ထိုးသော မင်ကြောင်များပေါ်ပေါက်လာခဲ့၏။ ထို့နောက် နှစ်ပေါင်းများစွာ နှောင်း ပြီးမှ အဝတ်ချုပ်အပ်ဖြင့်ထိုးသော ဆေးမင်ကြောင်ထိုးနည်းသစ် ပေါ် ပေါက်လာခဲ့၏။ ထိုနည်းနှစ်နည်းဖြင့် ထိုးနှံသောဆေးမင်ကြောင်များအား လုံးနီးပါးသည် အလှအပသက်သက်အတွက် ထိုးနှံသောဆေးမင်ကြောင် များဖြစ်ကြပေ၏။

                      စွဲလမ်းမှုအခြေခံ၍ ထိုးနှံခြင်း

များသောအားဖြင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင် ထိုးနှံလေ့ရှိကြပါ သည်။ နတ်ရုပ်များ၊ ဘီလူးရုပ်များနှင့် အခြားအရုပ်များကို မန္တန်စာလုံး များ ခြံရံလျက်ဖြစ်စေ၊ အင်းကွက်များတွင် အင်းဆန်များသွင်း၍ ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြပေသည်။

အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေး၏။ သို့ရာတွင် အစက်အပြောက်မျှသာ အထိုးခံနိုင်ပေသည်။

စွဲလမ်းမှုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင်ထိုးနှံရာတွင် ကိုယ်ခန္ဓာအထက်ပိုင်းတွင်သာ ဆေးနီဖြင့် အထိုးများပါသည်။ သို့ရာ တွင် ရံဖန်ရံခါလည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေး၏။ လက်ယာ ဘက်လက်ဆစ်၊ လက်ဖမိုးနှင့် လက်ကောက်ဝတ်များတွင်တွေ့ရလေ့ ရှိသော ဆေးမင်ကြောင်အနက်စက်၊ အနက်ပြောက်များနှင့် ခြေမျက်စိ ဝန်းကျင်တွင် တွေ့မြင်ရတတ်သော အနက်စက်များမှာလည်း အဆောင် သဘော သက်ဝင်ပေသည်။