Skip to product information
1 of 2

Other Websites

ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၆)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဦးပဉ္စင်းကျိုင်းမှာ ခမည်းတော်၏နာရေးတွင် တသောသော တဝါးဝါး ရယ်မောနေကြသဖြင့် စိတ်မချမ်းသာငြား ဝိုင်အမ်ဘီအေ အသင်းကြီး ဖွဲ့စည်း လိုက်ရသဖြင့် စိတ်ချမ်းသာသည်။ မန္တလေးမှ မရီးနှင့်တူ၊ ရေနံချောင်းမှ နှမနှင့် တူ၊ အုန်းပင်စုမှ ဒွေးလေးသော့တို့ စုံညီရောက်လာသဖြင့် ဝမ်းသာရပြန်သည်။

“အစ်မက အရင်တစ်ခေါက် လာတုန်းကထက် အသား လတ် လာသယ် ဦးဇင်းရဲ့”

မရိုး မည်သို့ပင် အမွှမ်းတင်စေကာမူ ဦးပဉ္စင်း သဘောမပေါက်ပေ။ ယခင်တစ်ခေါက်ကို သူ သိလိုက်ခြင်းမရှိပေ။

“မမက ဝလာသယ်တော့်။ သားကြီးကလည်း ထွားလာလိုက်သာ”

မရီးမဒေါင်းလှ ယခင်ထက် ဝဖြိုးလာသည်ကိုလည်း ဦးပဉ္စင်း မသိချေ။ ဦးပဉ္စင်းသိသည်မှာ နှမ၏သားနှင့် မရီး၏သားတို့ သွင်ပြင် မတူခြင်းသာဖြစ်သည်။

မဒေါင်းလှ၏သား ရဲလောင်းကား ရဲရင့်ထက်မြက်မည့်သူအဖြစ် သူ့အဖေ ကိုမောင်မောင်လှိုင်း မှည့်ခဲ့သော ရဲလောင်းအဖြစ်သာ တောင်ပြင် ပုဆိုး ကျေးတစ်ရာခေါင်းပေါင်းဖြင့် ရောက်လာ၏။ နှမ မအိုး၏သား ပေါ်လာကား ပေါ်လာ မဟုတ်တော့ပြီ။ ဒေးဗစ်သာထွန်း ဖြစ်နေကာ ကျောင်းဝိုင်းအဝင်၌ ဖိနပ်ချွတ်ရသဖြင့် မကြည်မသာပါလာ၏။ ဘောင်းဘီ ဝတ်လျက် ပုဆစ်တုပ် ထိုင်ရပြန်သောအခါ ပိုပြီး စိတ်ဆင်းရဲနေလေ၏။

“အဖေ့အသုဘကို နောက်ဆုံးအနေနဲ့ ခမ်းခမ်းနားနား သဂြိုဟ် တာကို ဦးဇင်းက မကြိုက်ဘူးဆိုဘုရာ့”

ရောက်လျှင်ရောက်ချင်း လှူဖွယ်ပစ္စည်းများကို ပစ်ချရင်း မိအိုး မေးမြန်းလျှောက်ထား၏။ ဟန်ပန်လေသံက ပိုင်စိုးပိုင်နင်းရှိသဖြင့် သူ့နှမ  သည် သူ့အရပ် သူ့ဒေသ၌ တွင်ကျယ်နေဟန်ရှိသည်ဟု ဦးပဉ္စင်းကျိုင်း ခန့်မှန်း၏။

“ငါလည်း မကြိုက်ဘူး။ ငါတို့ အဖွဲ့ကြီးကလည်း မကြိုက်ဘူး။ စားကြ သောက်ကြ ကကြ ခုန်ကြ၊ တဟေးဟေး တဟားဟားနဲ့ နင့်အဖေ ငါ့အဖေ သေသာကို ဝမ်းသာနေကြသာဟ”

“မှန်ပါသယ်ဘုရား၊ မသေခင်က မပြုစုဘဲ သေခါမှ အကျယ်ချဲ့နေရင် အချိန်နဲ့ ငွေကြေး ဖြုန်းတီးရာ ရောက်သဲ့အပြင် ကြွားဝါရာလည်း ကျသ ဘုရား”

ဦးဇင်းကျိုင်းနှင့် တစ်ထပ်တည်း လေသံထွက်လာသူအား ဦးပဉ္စင်း ပြုံးပြုံးကြီး လှမ်းကြည့်၏။

“အတော်ဟုတ်မဲ့လူပါလား။ မင်းက ဘယ်သူတုန်း”

ထိုအခါ မဒေါင်းလှက “တပည့်တော်မသား၊ ကိုမောင်မောင်လှိုင်းရဲ့ သား ရဲလောင်းပါတဲ့ဘုရား” ဟု လျှောက်၏။

“အတော်လာမဲ့လူပဲ။ ဖအေတူ အာဇာနည်ဖြစ်မှာကွ။ တောက်မဲ့ မီးခဲဆိုသာ ရဲနေလေ့ရှိသယ်။ နို့ အခု ဘာလုပ်နေသတုန်း”

“ကျောင်းလည်းတက် ဝါသနာပါရာလေး လိုက်စားပေါ့ဘုရား။ သာပေမယ့် အမေက...”

“အလိုလေးတော်”

မဒေါင်းလှ ဝင်ပြောသည်။

“စာမေးပွဲကျမှာစိုးလို့ သူပုန်ဖြစ်သွားမှာစိုးလို့ သတိပေးသာပါတော်။ ဆိုင်းသမား ဇာတ်သမားနဲ့ပေါင်းလို့ကတော့ ဘယ်လောက်ပဲ ပေါင်းပေါင်း”

ထိုသို့ပြောရာက သားကို ငဲ့စောင်းကြည့်ပြီး ပြောပြန်သည်။

“ရွှေဘိုဘက်မှာ ဗန္ဓကရသေ့ဆိုသာ ပေါ်နေသဘုရား။ အဲသည်ကို ရောက်ဖြစ်အောင် ရောက်သွားသေးသယ်။ အစိုးရဒလန်တွေနဲ့တွေ့ရင် ကျောင်းနုတ်ခံရမှာ စိုးသာပေါ့” “နို့ ဟို၊ ဆံတိုနဲ့ မျောက်လိုလို အကောင်ကကော”

မြန်မာရုပ်သေးများတွင် ရှေးအခါက သုံးစွဲသော မျောက်ရုပ်များတွင် အဝတ်မပါပေ။ မြန်မာနိုင်ငံကို ရန်သူဓားပြများ သိမ်းပိုက်လိုက်သောအခါ ရန်သူအား သရော်ရှုတ်ချသောအားဖြင့် ရုပ်သေးသမားများက သူတို့၏ မျောက်ရုပ်များကို ဘောင်းဘီရှည် ဝတ်ပေးကြလေသည်။

အမြင့်သဘင်မှမျောက်ကို အစွဲပြုလျက် မြန်မာတို့သည် ဘောင်းဘီ ရှည်ဝတ်သူများအား မျောက်ဟုခေါ်ကြ၏။ ဦးပဉ္စင်းကျိုင်းက သူ့တူ ဒေးဗစ် သာထွန်းအား ဤသဘောအရ ခေါ်လိုက်ခြင်းဖြစ်၏။

“အဖေ၊ အမေ ပေးသဲ့နာမည် ပေါ်လာ မဟုတ်တော့ဘူး ဦးဇင်းရေ့။ သူ့အဖေရဲ့ နာမည်ကိုယူပြီး ဒေးဗ်သာထွန်းတဲ့ဘုရား၊ ဘိလပ်သွား ပညာ သင်သာ ငွေကုန်ပုံကဖြင့် သောက်သောက်လဲပဲ”

စိန်နားကပ်တခါခါ၊ လက်ကောက်သံတချွင်ချွင်ဖြင့် တစ်ကျောင်း လုံးမှာ မအိုး အသံချည်းဖြစ်၏။

“အခု သူဌေးသမီးက ငွေတစ်သိန်းနဲ့ စိန်တစ်ဆင်စာ တင်ပါမယ် ဆိုသာလည်း ဗယီဗယားဘုရာ့။ ဘီအိုစီက ရာထူးပေးသာလည်း အင်တင်တင်နဲ့ ဘုရာ့။ ဦးဇင်းရဲ့ သားကို ကြုံတုန်းမှာ ဆုံးမပါဦးဘုရား”

ဦးပဉ္စင်းသည် ခေါင်းတညိတ်ညိတ် တပြုံးပြုံး နားထောင်နေရာက “ဟုတ်သလား ငပေါ်လာ” ဟု မေးသည်။ “ဘာပြုလို့တုန်း” ဟူ၍လည်း  ဆင့်မေး၏။

“သူဌေးသမီးကို မယူချင်ဘူး မပြောပါဘူး မာမီရာ” မအေကိုလှမ်းပြောသဖြင့် “ဒါဖြင့် ဘာဖြစ်သတုန်း” ဟု မအေက မေး၏။

“စဉ်းစားနေသာပါ”

“ဖြစ်ရလေတော်”ဆိုကာ မအိုး ခေါင်းခါခါ လည်ခါခါ မျက်လုံးပြူး နှုတ်ခမ်းစူကာ လုပ်နေစဉ် ဦးပဉ္စင်းက ဝင်မေး၏။

“ဘီအိုစီမှာ ဘာအလုပ်တုန်းကွ” “အင်ဂျင်နီယာပါဘုရား” “ဘာပြုလို့ မလုပ်သာတုန်းကွာ”

“သည်ကောင် အင်္ဂလိပ်တွေ လူပါးဝလို့ပါဘုရား။ အရည်အချင်းချင်း တူပေမယ့် သူတို့ အသားဖြူတဲ့ကောင်တွေကို နှစ်ထောင်ပေးပေမယ့် တပည့်တော်တို့ အသားညိုသဲ့ လူမျိုးတွေကျတော့ တစ်ထောင်တောင် မပေးချင်ကြဘူးဘုရာ့”

“အင်း၊ မင်းကလည်း အလာကြီးပါလား”

“ကုလားဖြူချင်း အတူတူ အင်္ဂလိပ်ရယ်၊စကော့ရယ်၊ အမေရိကန်ရယ် ခွဲခြမ်းခွဲခြမ်း လုပ်သေးတယ်ဘုရာ့။ သည်ကောင်တွေ တပည့်တော်တို့ မြန်မာပြည်ကိုလာပြီး ဟန်ကြီးပန်ကြီး လုပ်နေပေမယ့် သူတို့ တိုင်းပြည်မှာ မကောင်းတဲ့မိန်းမတွေ၊ သူတောင်းစားတွေ၊ အငတ်တွေ ပြည့်လို့ဘုရာ့။

လန်ဒန်အရှေ့ပိုင်းက ဆင်းရဲသားတွေဆိုရင် စားနိုင်တဲ့လူ ထွေးပစ်ခဲ့တဲ့ စပျစ်သီးကို လိုက်ကောက်စားရတယ်”

“အင်္ဂလိပ်တွေလားဟ။ ဆက်... ဆက်ပါဦး” ဦးပဉ္စင်းသည် အလွန်စိတ်ဝင်စားစွာ မေး၏။

“ရေမရောတဲ့ အင်္ဂလိပ် အစစ်တွေပါဘုရား။ နေစရာအိမ်မရှိလို့  ဟိုလှေကားနားရပ်ပြီး တစ်မှေး မှေးလိုက်၊ သည်နားရပ်ပြီး တစ်မှေး မှေးလိုက်၊  ပုလိပ်လာရင် ထွက်ပြေးလိုက်နဲ့ ခြေသလုံးအိမ်တိုင်တွေ တစ်ပုံကြီးဘုရာ့”

“ဇရပ်တို့၊ ဘုန်းကြီးကျောင်းတို့ မရှိဖူးလားဟ”

“ဇရပ် မရှိဘူးဘုရာ့။ သောက်ရေအိုးစင်ဆိုတာ ကြားတောင်မကြားဖူး ကြဘူးဘုရာ့။ ဗုဒ္ဓဘာသာမရှိတဲ့အတွက် ဘုန်းကြီးကျောင်းမရှိဘူးပဲဖြေရမှာပဲ”

“တယ်လည်း ဆင်းရဲကြပါကလားဟ”

“ဆင်းရဲတာတော့ အံ့လောက်တယ် အန်ကယ်ဦးဇင်းရေ့။ လန်ဒန်  အရှေ့ပိုင်း ဆင်းရဲသားရပ်ကွက်မှာ ကလေးသေတာကို ချက်ချင်းမချနိုင်လို့ ဘူးထဲထည့်ပြီး ကြွက်လျှောက်ပေါ်တင်ထားရတယ်”

“ဘာပြုလို့ ချက်ချင်း မသင်္ဂြိုဟ်သာတုန်း”

“မြူနီစပယ်က လက်မှတ်ပါမှ သုဿန်က လက်ခံတာကိုးဘုရာ့။ တစ်ချို့ကျတော့ မြူနီစပယ် လက်မှတ်ရေးခကလေး ၂ ဖာသင်၊ ၃ ဖာသင်

တောင် မရှိရှာကြတဲ့အတွက် ပိုက်ဆံမရမချင်း ကလေးအလောင်းကို ကြွက်လျှောက်ပေါ်မှာ တင်ထားတာပေါ့။ အေးတဲ့အရပ်မို့ ချက်ချင်း မပုပ် ဘူးလေ။ အဲတာကြောင့် တပည့်တော်က အင်္ဂလိပ်တွေကို အထင်မကြီးတဲ့ အပြင် ရွံတောင်ရွံသေး”

“ငါ့တူနဲ့တွေ့သာ အလွန်အဖိုးတန်သကွာ။ နို့နေပါဦး၊ ခုနတုန်းက မင်းပြောတဲ့အထဲမှာ စကော့ဆိုသာ ပါသွားပါသယ်”

“မှန်ပါဘုရား၊ အင်္ဂလန်ပြည်ထဲက လူမျိုးတစ်မျိုးပါပဲဘုရား။ အဲသည်

အင်္ဂလန်ကျွန်းက အနောက်တည့်တည့်ကို သမုဒ္ဒရာကြီး ဖြတ်ပြီးသွားရင် ကနေဒါဆိုတဲ့တိုင်းပြည်ကို ရောက်ပါတယ်ဘုရား။ သူလည်း ကုလားဖြူပဲ ဘုရာ့။ အဲဒီက တောင်ဘက်တည့်တည့်ကိုသွားရင် ယူနိုက်တက်စတိတ် အော့ (ဖ) အမေရိကားကို ရောက်ပါတယ်” ။ “သူကလည်း ကုလားဖြူပဲလား”

“အမေရိကဆိုတာ တိုင်းပြည်ပါဘုရား။ သည်မှာရှိမဲ့ အိမ်ရှင်လူမျိုး တွေကို ဥရောပက ကြွေးမပေးနိုင်လို့ ရာဇဝတ်သင့်လို့ ထွက်ပြေးလာသူတွေ၊ တစ်ရွာပြောင်းရင် သူကောင်းဖြစ်ချင်သူတွေက သတ်ပစ်တယ်ဘုရား။ ပြီးတော့ သူတို့ကိုယ်ကို အမေရိကန်လူမျိုး နာမည်ခံတာပါပဲ”

“တပည့်တော်တို့တိုင်းပြည် သလိုမဖြစ်သာ တော်သေးတာပေါ့ ” ရဲလောင်းက စူးစိုက်နားထောင်နေရာမှ ထင်မြင်ချက်ပေး၏။

“ငါတို့မြန်မာတွေမှာ ချင်း၊ ဗမာ၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ကချင် အမည်ကွဲ ပေမယ့် အင်္ဂလိပ်ကို တညီတညွတ်တည်း ခံချတယ်ညီလေးရ။ ဒါကြောင့် မျိုးပြုတ်အောင် မလုပ်နိုင်ဘူး။ အမေရိကပြည်သား အစစ်ဖြစ်တဲ့ ရက် အင်ဒီးယန်းတွေက ဟိုနားမှာ ငါးရာ၊ သည်နားတစ်ထောင် မညီမညွတ် ရှိနေတော့ မျိုးပြုတ်အောင် ဖြုတ်နိုင်တာပေါ့ကွာ”

“အခုတော့ အမေရိကန်ဖြစ်နေပြီပေါ့နော်”

“တင်ပါ့ဘုရား။ ဒါလည်း အေးသေးတာ မဟုတ်ဘူးဘုရာ့။ ဥရောပ အတိုင်းတိုင်းအပြည်ပြည်က ရောက်လာတဲ့လူတွေကို သူအုပ်ချုပ်မယ်  ငါအုပ်ချုပ်မယ်နဲ့ စားခွက်လုကြသေးတယ်ဘုရာ့”

“ဘယ်သူတွေတုန်း ငါ့တူရဲ့ ပြောစမ်းပါဦး” ဦးပဉ္စင်း၏ စိတ်ပါဝင်စားမှုမှာ တိုးသည်ထက်တိုးလာ၏။

“ပြင်သစ်၊ ဒတ်ချ်၊ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ ဂျာမနီပါဘုရား။ ဒါတွေ  အားလုံးကို အင်္ဂလိပ်က နှင်ထုတ်ပစ်သဘုရား။ နောက်ဆုံးမှာ အမေရိကန် အစစ်မဟုတ်တဲ့ အမေရိကန်အတုတွေက အင်္ဂလိပ်ကို လက်နက်ကိုင်စွဲ တိုက်ခိုက်နှင်ထုတ်ပြီး ယူနိုက်တက်စတိတ် အော့ (ဖ) အမေရိကားဆိုတဲ့ ပြည်ကြီး တည်ထောင်လိုက်တာပါပဲ”

“အင်း အင်း သည်လိုကိုး”

“တင်ပါ့ဘုရား။ အင်္ဂလိပ်နဲ့စာရင် သူလိုငါလိုပဲ ဖြစ်နေတဲ့ လူတွေ ဖြစ်တဲ့အတွက် အင်္ဂလိပ် မတတ်နိုင်ဘူးဘုရာ့။ အမေရိကားက ထွက်ပြေးရ တာပဲ ဘုရာ့။ ဟိုမှာ ထွက်ပြေးလာရပြီး ခေတ်မမီတဲ့ ကမ္ဘာ့အရှေ့ပိုင်းမှာ လာပြီး တွင်ကျယ်နေတာဘုရာ့။ ဒါကြောင့် သည်ကောင်တွေ လူပါး ဝတယ်လို့ တပည့်တော် ပြောခဲ့တာပါဘုရား” ။

စကားအစကို ပြန်လည် နှုတ်ခမ်းသတ်ချိန်တွင် မအို၊ မရိုး၊ | မဒေါင်းလှတို့ ဖင်တကြွကြွ ဖြစ်နေကြပြီ။ ။

“သင်းတို့ကို သဘောမကျလို့ သင်းတို့လက်အောက်မှာ မလုပ် ချင်ရင် ငါ့တူက ဘာလုပ်ချင်သတုန်း” ' “ဆိုင်းယင့်ပညာကို တပည့်တော်တို့မြန်မာတွေ တတ်သိကျွမ်းကျင်မှ ခေတ်မီမှာ။ ခေတ်မီမှ သူတို့နဲ့ ပခုံးချင်းယှဉ်နိုင်မှာဘုရာ့။ အဲဒါတွေ သင်ပေး နိုင်တဲ့ စက်ရုံကြီး သို့မဟုတ် ကျောင်းကြီးထောင်ချင်တယ်”

“ကောင်းကွာ ကောင်းကွာ နေပါဦး၊ ငါ့တူပြောတဲ့ ဆိုင်းယင့်ဆိုသာ သတင်းစာထဲမှာ မကြာခဏ ဖတ်ရသဲ့ လောကဓာတ် ဝိဇ္ဇာပညာလား”

“လောကဓာတ်ပညာ ခေါ်တယ်ထင်ပါရဲ့ဘုရား။ ဘုန်းကြီးကျောင်း မဟုတ်တဲ့ စာသင်ကျောင်းတွေကို လောကဓာတ်ကျောင်းလို့ ခေါ်ကြတာကိုး  ဘုရာ့”

“ဦးပဉ္စင်း၊ တပည့်တော်မတို့ ဦးတင်ပါသယ်ဘုရား” ဆိုကာ မအိုး ဦးဆောင်ပြီး ဒါယိကာမတစ်စု ထရပ်ကြသည်။ ဒေးဗစ်သာထွန်းနှင့် ရဲလောင်း၊ မိတ္တတို့ကိုလည်း “သားတို့ နေခဲ့ဦးမလား” တစ်ဆက်တည်း မေးသည်။

“သွားကြ သွားကြ။ ငါ့တူ ငါ့သားတွေကို သူပုန်ဖြစ်အောင် ဘူးသွင်း ပေးရဦးမယ်။ ပြန်နှင့်ကြ”

ဝတ်ချပြီးနောက် နောက်ဆုံးမှထရပ်သော မဒေါင်းလှမှာ ချက်ချင်း ပြန်ထိုင်သည်။ ရင်ကို လက်ဝါးအုပ်သည်။

“မတ်တော်မောင် ဦးဇင်းဘုရား၊ တပည့်တော်မမှာ သည်သား တစ်ယောက်နဲ့ သမီးတစ်ယောက်ပဲ ရှိသာပါဘုရား။ မဦးမချွတ်တွေ မိန့်တော် မမူပါနဲ့ဘုရား။ ဦးဇင်းရဲ့ တူက ဇ ရှိလို့ပါဘုရား”

“ဘယ်လို ဇ ရှိသာတုန်း မရီးတော်”

“စောစောက တပည့်တော်မ လျှောက်ခဲ့ပြီးပြီကောဘုရား။ ကျောင်း  ပိတ်ရက်မှာ ဖြုတ်ဆိုပျောက်သွားသာ ဗန္နကရသေ့ဆီ ရောက်ခဲ့သတဲ့ဘုရား”

စကားမပြတ်သဖြင့် မအိုးရော၊ မရိုးပါ ပြန်ထိုင်ကြသဖြင့် ဦးဇင်း ကျိုင်းသည် အားလုံးကိုခြုံကြည့်၏။

“ငါတို့အဖေရဲ့ လက်သုံးစကားဟာ ဘာတုန်း”

အဖြေမထွက်။ “အလောင်းတောင် မြေမကျသေးဘူး၊ မေ့ပစ်ကြပြီ ပေါ့” ဟု မာထန်စွာပြောမှ မိရိုးထံမှ အသံထွက်လာ၏။

“ဓားဆိုသာ ကုလားကိုခုတ်ဖို့။ ကုလားဆိုသာ တပည့်တော်မတို့ တစ်တွေ ဓားစမ်းဖို့ပါဘုရား”

“အေး၊ ဓားတွေ သံချေးမတက်အောင်၊ ဓားတွေ အရိုးချောင်အောင် သွေးပေးရ၊ သပ်ပင်းပေးရမယ်။ ကဲ ကဲ သွားချင် သွားကြတော့။ ကလေး တွေကိုလည်း ငါ မြှောက်မပေးဘူး။ သိချင်သာတွေ မကုန်သေးလို့ မေးချင် သေးလို့”

ဦးပဉ္စင်းသည် တစ်ဆက်တည်း ရဲလောင်းဘက်သို့ မျက်နှာမူသည်။ “ဗန္ဒကရသေ့ ဟုတ်လား” “ဟုတ်ပါသယ်ဘုရား။ တပည့် တော်လည်း တစ်ခြံကျော်က စံထွန်းအောင် အဖော်ကောင်းသာနဲ့ ပါသွားသာပါဘု ရား။ အမှတ်မဲ့ ကြည့်ရင်တော့ တရားဟောသဲ့ ရသေ့၊ ဆေးရောင်းသဲ့ ရသေ့ပါပဲ။ သေသေ ချာချာ စုံစမ်းတော့မှ စံထွန်းအောင်ရဲ့ ဘကြီးနဲ့ ဘထွေးပြောသာကို သတိ ထားမိသာ”

“သူတို့က ဘာတွေတုန်း” “ဝံသာနုတွေပါဘုရား” ဝံသာနုသံကြားသဖြင့် ဦးပဉ္စင်း မျက်နှာရွှင်ပျ၏။ “အင်း ပြောပါဦး၊ ဘယ်လိုပြောကြသတုန်း”

“ဗန္နကရသေ့ ရှေ့ဆက် ဘာလုပ်မယ် မသိရပေမယ့်၊ သူဟာ  မင်းလောင်းမောင်သန့်ရဲ့ အဆက်တဲ့ဘုရာ့”

ဦးပဉ္စင်း တွေခနဲ ဖြစ်သွား၏။ “ဘယ်လို ဘယ်လို၊ ဘယ်က မောင်သန့်တုန်း”

“၁၂၇ဝ ပြည့်ကျော်လောက်မှာ မြင်းမူနယ်မှာ ထသာဘုရာ့၊ အဖေတောင် ပါသွားသေးလား မသိဘူး”

အချိန်ကာလကို ဦးဇင်းကျိုင်း တွက်ကြည့်သည်။ ထိုအချိန်တွင်  သူသည် တောမှီရဟန်းဘဝတွင် ရှိသေးသလော၊ ရပ်ရွာသို့ပြန်လာပြီး မိဘ  သံယောဇဉ် ငြိပြီလော။ ။

“အေးလေ။ လူကြားသူကြားထဲကို မရောက်လို့ မသိသာ ဖြစ်ပါ လိမ့်မယ်။ ငါ့တူသိခဲ့သလောက် ပြောစမ်းပါဦး”

“သူကလည်း နှယ်နှယ်ရရ မဟုတ်ဘူး ဘဒွေးရ။ “အဂ္ဂံတောင်က မောင်သန့်ထ”ဆိုသဲ့ တဘောင်တွေ ဘာတွေနဲ့ဘုရာ့”

“အေးပါ၊ ဟုတ်ပါပြီ။ အဲသာကြောင့် ငါ့တူ ကြားခဲ့သိခဲ့သမျှ ပြောစမ်းပါ တောင်းပန်နေသာပေါ့။ အကျိုးနည်း လျှာရှည်မဲ့ အထက်သား”

“မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် နတ်တော်လဆန်းမှာပေါ့ဘုရား။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)