ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၃)
“ဟဲ့သား၊ ဟဲ့ လူလေး။ ညီလေးကို ဒီလို မလုပ်ပါလင့်”
မယ်မင်းဘော်သည် စိုးရိမ်တကြီး လှမ်းအော်၏။
သူ့မြင်ကွင်းထဲဝယ် သားကြီးငလှိုင်းက သားငယ်ငသိုင်းကို လက် လှန်ချိုးလျက် ဖမ်းချုပ်ထားသောကြောင့်ဖြစ်သည်။
မိခင်ဖြစ်သူ စိုးရိမ်တကြီးဖြစ်နေသည့်ဘက်သို့ လိပ်ကျောကြောင်ကော် မျက်နှာဖြင့် ငသိုင်း လှမ်းကြည့်သည်။ ထိုစဉ်တွင် ငလှိုင်းက ညီကို လွှတ်ပေး လိုက်သည်။ ညီသည် လွတ်လျှင်လွတ်ချင်း ညာတစ်လှမ်းဆုတ် ဘယ် နှစ်လှမ်းတက်ကာ အစ်ကို၏လည်မျိုးကို ဖမ်းချုပ်ပြန်သည်။
သို့သော် အစ်ကိုက ဘယ်တိမ်းပြီး ဖမ်းချုပ်ပြန်သဖြင့် မိသွား ပြန်သည်။ ထိုသို့ လွှတ်ပေးလိုက် ပြန်တက်လိုက် လုပ်နေရာ၊ တတိယအချီ ကျမှ ငသိုင်း အောင်မြင်သည်။
မယ်မင်းဘော်မှာမူ သူ့သားနှစ်ယောက် ဗန်တို၊ ဗန်ရှည် လေ့ကျင့်သည်ကို မကြာခဏ မြင်နေရငြား၊ စိုးရိမ်စိတ်ကို မဖျောက်နိုင်။ ထိတ်ခနဲ ဖြစ်ကာ ဟဲ့ခနဲ အော်မိဆဲဖြစ်၏။ သို့ကြောင့် မိအိုးက ရွှံ့အိုးဖုတ်လုပ်နေရာက လှမ်းပြော၏။
“အမေ တက်သွားအောင် လိမ်ချိုးလိုက်ပါဗျို့” ငသိုင်းသည် သူ့အစ်ကိုကို လွှတ်လိုက်ပြီး မြေကြီးခဲကို ပြေး ကောက်၏။
“အမေရေ၊ ခဲနဲ့ပစ်နေသတော်”
မိအိုးအော်၍ မဆုံးမီ၊ လောက်စာလုံးရွယ် မြေကြီးခဲကလေးသည် ပြေးလာ၏။ မိအိုး ထိုင်လျက်က ခုန်ရှောင်သည်။
“အမေရေ၊ မပြောတော့ဖူးလား”
မယ်မင်းဘော်သည် သူတို့ကို မကြည့်အားသေး။ ရင်ခွင်ထဲမှ ကလေးက ထွန်ရေးကြားရှိ ပိုးကောင်တစ်ကောင်ကို လှမ်းဖမ်းနေသောကြောင့်
အာရုံပြောင်းအောင် ချီမြှောက်လျက် ဟိုဟိုသည်သည် လက်ညှိုးထိုးပြနေရ သောကြောင့် ဖြစ်၏။
ထွန်ရေးပြင်၏အလယ်တွင် ငမိုးကောင်းသည် တောင်းတစ်လုံးကို နံငယ်ပိုင်းဖြင့် စလွယ်သိုင်းလျက်၊ သစ်စေ့များကို ကြဲပက်နေ၏။ သူ့နောက် မလှမ်းမကမ်းတွင် ထွန်နှစ်ရှဉ်းက မျိုးစေ့များကို အလျင်အမြန် လိုက်လံ ဖုံးအုပ်ပေးနေ၏။ မျိုးကြဲသူနှင့် 'တုံး” ရိုက်သူ၏ကြားတွင် ကွာလှမှ ဝါး နှစ်ပြန်။ သည်မျှ အကွာအဝေးကြားသို့ ခိုနှင့်ချိုးများ၊ ဆက်ရက်များက ကျဖြစ်အောင်ကျကာ ရအောင်ကောက်ယူနေကြ၏။
ငမိုးကောင်းသည်လည်းကောင်း၊ သူ့နောက်မှ ထွန်နှစ်ရှဉ်းသည် လည်းကောင်း၊ ဆီးပင်ရိပ်တွင် လေ့ကျင့်နေသော ညီအစ်ကိုအား မြင်နေကြ သည်။ ညီအစ်ကိုကိုကြည့်ကာ သူတို့ အထင်ကြီး၏။ မိအိုး ထိုင်ရာမှ ထခုန်သောအခါ ရယ်မောကြရသည်။
ဆောင်းဦးပေါက်ကာလဖြစ်သည်။
ဧရာဝတီမြစ်ရေက ပေးသွားသော မြေသြဇာများပေါ်တွင် ကိုင်း သမားများ အပြေးအလွှား ထွန်ယက် စိုက်ပျိုးနေကြရ၏။ ကြဲသူကကြဲ စိုက်သူကစိုက်ဖြင့်၊ ကြည့်လေရာရာတွင် မြေပြင်ကို လူဖုံးနေသည်။
သည်ကိုင်းမြေတွင် စိုက်သောအပင်၊ ကြဲသောအပင်များကို ရေ လောင်းရန်မလိုပေ။ သို့ရာတွင် အစိုဆုတ်ချိန်နှင့် အပင်ကျချိန် မိအောင်ကား စိုက်ကြရသည်။ သို့ကြောင့် ပဲသမားများ အပြေးအလွှား ကြဲသည့်နည်းတူ၊ ငရုတ်နှင့် ကြက်သွန်၊ ဆေး၊ မြေပဲသမားများလည်း ထမင်းစားအပြီး၌ ကျောသော်မျှ မခင်းအားဘဲ လုပ်ကိုင်နေကြခြင်း ဖြစ်၏။ နေလုံးကြီးသည် ဧရာဝတီမြစ်ထဲသို့ လျင်မြန်စွာ ပြေးဆင်းနေသည်။
မယ်မင်းဘော်သည် နေလုံးကြီးကိုတစ်ချက်မျှော်ကြည့်ရာက “မိရိုးကို မိအိုး ကစားသည့်ဘေး၌ ချထားခဲ့ပြီး၊ ဆီးပင်အောက်သို့ ဝင်သည်။ တောင်း ပက်လက် “
ခံတောင်း'ထဲသို့ ပန်းကန်ခွက်ယောက်၊ ရေဘူးများ ထည့်သည်။ “သားကြီးရေ၊ အမေ့ကို လာပင့်ပေးပါဦး”
မယ်မင်းဘော်လှမ်းကြည့်သည့်နေရာ၌ သားကြီး၊သားငယ်မရှိတော့။ သူတို့သည် တစ်နေရာသို့ သျှောင်မြိတ်တယမ်းယမ်းဖြင့် ပြေးသွားနေကြ သည်။ အခင်းထဲသို့ မြင်းညိုကြီးတစ်စီး ဝင်လာသည်။ မြင်းပေါ်မှ လူ၏ ခေါင်းပေါင်းစသည် လေပြည်တွင် လွင့်ဝဲနေ၏။ ငချွဲ၊ ငဝဲတို့၏ အစ်ကို “မြင်းစီးကြီးငရွဲ”ပေတည်း။
မြင်းစီးကြီးသည် ကလေးတွေပြေးလာသည်ကို မြင်ပါလျက်နှင့် ရပ်တန့် မပေးပေ။ ခါးကုန်းပြီး လက်လှမ်းပေးသည်။ ငသိုင်းသည် သံချောင်း လက်ကြီးကိုဆွဲပြီး မြင်းပေါ်သို့တက်၏။ ငလှိုင်းလည်း ထိုနည်း၎င်းပင်၊ မြင်းပေါ်သို့ရောက်သွားကာ မြင်းစီးကြီး၏ နောက်တွင်ထိုင်လျက် လိုက်ပါ လာသည်။
ငသိုင်းမှာ မြင်းစီးကြီး၏ ရင်ခွင်ထဲတွင်ထိုင်လျက် ပါလာရာက ဇက်ကြိုးကို ကိုင်ထားသည်။
“ဟ သားကြီး၊ ဘာလုပ်နေသာတုန်း” ခုန်ဆွခုန်ဆွလုပ်ပြီး အော်သဖြင့် မြင်းစီးကြီးက တားမြစ်ရသည်။ “သားငယ် မလုပ်နဲ့လေ။ ဒုန်းစိုင်းမှုဖြင့် မောင်ရို့ လိမ့်ကျကုန်မှာပေါ့”
ငသိုင်းသည် နှုတ်ဖြင့်မဖြေ။ မြင်းစီးကြီး၏ ရင်ခွင်ထဲမှ ထရပ် ပြသည်။ လက်ကားပြီး သူ့ကိုယ်ကို ထိန်းသည်။ မြင်းစီးကြီး အလွန် သဘောကျသဖြင့် တဟားဟား ရယ်မော၏။
ဆီးပင်ရိပ်အစပ်သို့ မြင်းညိုကြီး ရောက်သွားချိန်၌ ညီအစ်ကို နှစ်ယောက်သည် မြင်းပေါ်မှ ခုန်ချသွားကြငြား၊ မြင်းစီးကြီး မဆင်းနိုင်သေး။ မိအိုးသည် မိရိုးကို မနိုင်မနင်း ပွေ့ချီလျက် ပြေးလာသောကြောင့် မြင်းပေါ်သို့ ဆွဲတင်ပေးရပြန်၏။ မိအိုးက မြင်းစီးကြီး၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ထိုင်နေ၏။ မိရိုးကသော် မငြိမ်။ “ဟဲမင်း၊ ဟဲမင်း” အော်၏။ သူအော်၍ မြင်းမလှုပ်သောအခါ မြင်းစီးကြီးအား ငိုမဲ့မဲ့လှည့်ကြည့်သည်။
“ရှင်မင်း ဘော်၊ ကျန်းခံ့သာလို့ မာပါစ” ““မာပေါ့ရှင်။ ဘယ်ကလှည့်လာသတုန်း မြင်းစီးကြီး”
“မရောက်သာကြာလို့၊ ဝင်လာသာပါ။ ကဲကဲ၊ အငယ်မက မဲ့နေ သဗျာ။ တစ်ခေါက်လောက် ပတ်လိုက်ဦးမှ”
မြင်းစီးကြီးသည် ပြောပြောဆိုဆို လှည့်ထွက်သည်။ မိရိုး ကျေနပ် စေရန် အသားကျတစ်ခေါက်စီးပြီးမှ ပြန်လှည့်လာရ၏။ ဆီးပင်ရိပ်သို့ မြင်း ညိုကြီး ပြန်ရောက်ချိန်၌ မယ်မင်းဘော်သည် ခံတောင်ရွက်လျက် သား နှစ်ယောက်သည် ထင်းစည်းထမ်း အထုပ်ရွက်လျက် အိမ်ပြန်ရန် အသင့်
“သမီးတို့ရေ ပြန်ကြရအောင်ဟေ့”
မိအိုးသည် မြင်းစီးကြီးလက်ထဲမှ အလိုက်သင့် လျှောဆင်း၏။ အထုပ်ငယ်တစ်ထုပ်ကိုလွယ်ကာ အိမ်ပြန်ရန် လုပ်၏။ မိ ရိုးသော်ကား မြင်းစီးကြီးလက်ထဲတွင် ပေကတ်နေသဖြင့် မယ်မင်းဘော်က လှမ်းယူရ၏။
“ချက်ရေးပြုတ်ရေး ရှိသေးလို့ ခွင့်ပြုပါဦး မြင်းစီးကြီး”
“ကောင်းပါပြီဗျာ၊ ကြွပါ ကြွပါ။ အင်း၊ သားတွေ သမီးတွေနဲ့ မြိုင်ဆိုင် ပါ့ဗျား”
အားကျသံဖြင့် မြင်းပေါ်မှ ဆင်းရင်း ငလှိုင်းခေါင်းကို လက်ဝါးဖြင့် အုပ်၏။ “ဆိုင်းသမားကြီး ဘာစာရောက်ပတုန်း” မေး၏။
“လောကနီတိ ရောက်ပါပြီခင်ဗျာ” “အတော်ရောက်ပြီပေါ့။ အနို့ သားငယ်ကကော” “မင်္ဂလသုတ်ခင်ဗျာ” “အလွန်တော်သဲ့ လူစွမ်းကောင်းပါကလား”
မြင်းစီးကြီးသည် တဟားဟား ရယ်မောလျက် သားအမိထံမှ ခွာသည်။ ထွန်သမားနှစ်ယောက်နှင့် ငမိုးကောင်းသည် ကန်သင်းပေါ် လျှောက်လျက် သူ့ထံသို့ဦးတည်လာနေကြ၏။
ထွန်သမားနှစ်ယောက်မှာ ငကျွဲနှင့် သူ့ညီ ငဝဲဖြစ်၏။
ငချွဲ မောင်းသောထွန်မှာ ကိုယ်ပိုင်ဖြစ်၍ ငဝဲ မောင်းသော ထွန်မှာ ငမိုးကောင်း၏ ထွန်ဖြစ်သည်။ တစ်ဦးပိုင်မြေကို တစ်ယောက်အားဖြင့် လုပ်နေပါက “အစို” ဆုတ်သည်ကို မမီမည်စိုးရိမ်သဖြင့် လက်စားလိုက် ကြခြင်း ဖြစ်၏။ သို့သော် ငဝဲမှာ ထွန်နှင့် လှည်းနွားမရှိ။ မုဆိုးအလုပ်ဖြင့် အသက်မွေးသူဖြစ်ရာ ငမိုးကောင်း အလုပ်ပူသည့်အတွက် တောမလည်ဘဲ ကိုင်းမြေထဲသို့ ရောက်လာခြင်းဖြစ်၏။
“မြင်းစီးကြီး ကျန်းခံသာလို့ မာပါစဗျား” “သွေးသောက်ကြီး ပို့သသောမေတ္တာကြောင့် မာပါသဗျား”
သူတို့သည် ကန်သင်းခုံ မြေပြောင်တွင် ထိုင်ကြသည်။ သူတို့ စကား မကောင်းမီ ငဝဲက ဦးအောင်မေး၏။
“အမေတို့၊ အဖေတို့ နေကောင်းကြလား အစ်ကိုကြီး”
“အရေးတော်ပေါ်နေလို့၊ အစ်ကို နေပြည်တော်ကို တက်သွားရသာ တမြန်နေ့ကမှ ပြန်ရောက်သကွာ။ သာပေမယ့် လူကြုံရှိလို့ မာကြောင်း သာကြောင်း သိရသယ်။ ပြီးတော့ မင်းတုန်းမှာ မနေချင်ဘူးတဲ့”
“ဘဇာကြောင့်ဆိုသာ ပြောသေးလား အစ်ကို”
“သူကြီးနဲ့ မသင့်မြတ်သာပေါ့ညီရာ။ ငရွှဲ ဘယ်မှာနေသတုန်း လာ မေးသဲ့အတွက် “မြင်းစီးကြီးဦးရွှဲလို့ခေါ်ပါ။ ငါ့သားက ဘုရင်မင်းမြတ် အမှုတော်ထမ်း။ အမောင်ရို့လို ကလေကဝ မဟုတ်ဘူး” ပြန်ပြောရာကစပြီး မသင့်မြတ်ကြသာပေါ့ ”
ထိုအခါတွင် ငချွဲက “အကျွန် သွားခေါ်ထားမယ်ပါ့” ဟုဆိုသဖြင့် နီရဲသော သွားကြီးတွေပေါ်အောင် မြင်းစီးကြီး ပြုံး၏။
“ရွှံ့ထဲရေထဲမှာ နေကြမှာ မဟုတ်ပါဘူးမောင်ရာ” “ရွံ့နဲ့ရေက၊ လေးငါးလပါ အစ်ကိုရာ”
“နေပေ့စေ။ ငါ့လူတွေလွှတ်ပြီး ငါ့ရွာမှာထားမယ်။ ခြောက်သွေ့သဲ့ သည်လိုအချိန်မျိုးမှာ တစ်လှည့်တစ်ကျော့ ခေါ်ထားလိုသပါ့ဆို ခေါ်ထား သာပေါ့ ”
ငမိုးကောင်းသည် ညီအစ်ကိုတစ်တွေ စကားပြတ်သည်အထိ စောင့်ဆိုင်း နေပြီးမှ “အရေးတော်ဆိုသာ သိပါရစေ မြင်းစီးကြီး” ဟု စကားစ၏။
“ဒီနယ် (နောင်နှစ်ပေါင်း ၇၀ တွင် ကယားပြည်နယ်ဖြစ်လာ) ထဲကို ကုလားဖြူဝင်ရှုပ်နေသယ် သွေးသောက်မင်း”
ငမိုးကောင်း၏ မေးကြောတွေ ချက်ချင်းထောင်လာ၏။ “အကျွန် သေချင်သေပါစေ။ သင်း ရိုးကို တိုက်ထုတ်ပစ်ချင်သယ်”
“အဲသာပေါ့။ အကျွန်ရို့လည်း တိုက်ဖို့ခိုက်ဖို့ သွားရသာပဲပါ့။ သို့သော်လည်း သံခင်းတမန်ခင်းနဲ့ ဆွေးနွေးကြတဲ့အခါ ပြေငြိမ်းသွားပါပြီ”
“ကုလားဖြူတွေ ဆုတ်သွားပြီလား မြင်းစီးကြီး”
မြင်းစီးကြီး၏ ရွှင်သောမျက်နှာသည် ပြိုမည့်မိုးနှယ် ညိုမှိုင်းလာ၏။ “အကျွန်ရို့ လက်လွှတ်လိုက်ရသယ် သွေးသောက်မင်း” ဟု နာကျည်း သံဖြင့် ဆို၏။
“ရေမြေ့ရှင် ဘုရင်မင်းမြတ်အပေါ်မှာ သစ္စာရှိမြဲရှိသဲ့ အပိုင်းရော၊ ကုလားဖြူဘက်ကို နားယောင်ဝင်စားသဲ့အပိုင်းကိုပါ၊ အကျွန်ရို့ သြဇာ မရှိတော့ဘူး”
“ကုလားကို ပေးလိုက်ရသာလား”
“ကုလားကို မပေးလိုက်ရပေမယ့်၊ မိမိပိုင်နက်နယ်မြေကို မအုပ်ချုပ် တော့ပါဘူးလို့ ကုလားအလိုကျ လိုက်လျောရသာဟာ ဆုံးရှုံးသာပဲပေါ့”
ငမိုးကောင်း တက်ခေါက်ရပြန်လေပြီ။ ။ “ကုလားကို မျက်နှာချိုသွေးသဲ့ သည်ဘုရင်ကို”
မင်းတုန်းမင်းအား မကြည်ညိုသမျှ မုန်းတီးသမျှတို့၊ ငမိုးကောင်း၏ ရင်ထဲမှ တရဟော သွန်ကျတော့မည်။ သို့သော် မြင်းစီးကြီးမှာ ထိုမင်း၏ သစ္စာတော်ခံ မင်းမှုထမ်းပါတကားဟု သတိရသဖြင့် စကားကိုမျိုချ၏။
“အကျွန့်ကို အားမနာပါနဲ့ သွေးသောက်မင်း။ အကျွန်လည်း အသည်းဆတ်ဆတ်တုန်အောင် နာကျည်းခဲ့ရပါသယ်။ သာပေမယ့်”
မြင်းစီးကြီးသည် တင်ပျင်ခွေထိုင်နေသော မိုးကောင်း၏ မည်း မှောင်နေသော ဒူးခေါင်းကို လက်ဝါးကြမ်းကြီးဖြင့် ဆုပ်၏။
“သာပေမယ့် ခဏတစ်ဖြုတ်သည်းခံပါသွေးသောက်မင်း၊ အကျွန်တို့ သခင် အိမ်ရှေ့စံကိုယ်တော်ကြီးဟာ သိုးဆောင်းနိုင်ငံ အီတာလီယံ၊ ဖရန်စစ် စသည်တို့ကို ပညာသင်လူငယ်တွေ လွှတ်နေသယ်။ သူရို့ ပြန်လာရင်
လက်နက်လုပ်သဲ့ စက်ရုံတွေ ဆောက်မယ်။ ကုလားသေနတ်တွေ၊ သင်္ဘော တွေ၊ ဗုံးတွေလုပ်မယ်။ သည်အခါကျရင် ကုလားကို အကျွန်ရို့ မောင်းထုတ်
နိုင်ပြီပါ့"
°
“ပညာတော်သင်တွေ ကျန်းမာချမ်းသာကြပါစေဗျာ။ ဘေးမသီ ရန်မခဘဲ ပြန်လာနိုင်ကြပါစေ။ လက်နက်စက်ရုံတော်တွေ အမြန်ဆောက်ပြီး၊ ကုလားယုတ်ကို အမြန်နှင်ထုတ်နိုင်ပါစေဗျာ”
အားတက်သရောဖြင့် ဆုတောင်းမေတ္တာပို့ရာက၊ ငမိုးကောင်းသည် သံသယဝင်လာ၏။ သို့ကြောင့် မြင်းစီးကြီးအား မော့ကြည့်၏။
“မြင်းစီးကြီးတို့ရဲ့ ဘဝရှင်မင်းတရားကြီးကကုလားကို တကယ် ကော တိုက်ပါ့မလားဗျာ။ အကျွန်သိသရွေ့ကဖြင့် ရွှေနန်းစည်းစိမ်ကို ရသာ တောင်မှ ညီတော်ရဲ့ အစွမ်း ဆိုပါကလား။ သူကဖြင့် ဘုရင်မလုပ်ဘဲ ဘုန်းကြီးဝတ်ဖို့ ကောင်းသပေါ့ ”
မြင်းစီးကြီး ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးသည်။
“အကျွန်ရို့ ဘဝရှင်မင်းတရားကြီးဟာ ကုလားဖြူကို မနိုင်နိုင်မှန်း သိလို့ သည်းခံလိုက်လျောနေပေသည့်၊ ယိုးဒယား...”
ယိုးဒယားဟူသည် နောင်နှစ်ပေါင်းတစ်ရာကျော်တွင် ထိုင်းဟု အမည်သစ်ခေါ်တွင်မည့် ဒေသဖြစ်သည်။
“ယိုးဒယားပြည်က ဘန်ကောက်စားညီနဲ့ ဇင်းမယ်စား၊ လပုန်းစား လကွန်းမိုင်းလား ဗြဲအနန်းစားတို့ ၁၂၁၄ ခုနှစ်တုန်းက နိုင်ငံတော်အစွန် အဖျား ကျိုင်းတုံနယ်ကို လာရောက်ထိပါး နှောင့်ယှက်သဲ့အတွက် တိုက်ခိုက် ချေမှုန်းပစ်သာ ထောင်းလမောင်းကျေပါရောလား”
“သာဟာ ကုလား မြှောက်ထိုးပင့်ကော် လုပ်ပေးသာပဲဖြစ်ရမပေါ့ ” ငမိုးကောင်းက ထိုသို့မြင်သော်လည်း ငချွဲကမူ တစ်မျိုးမြင်၏။ “ကုလားဖြူကို ရှုံးသဲ့ အတွက် အထင်သေးသာနဲ့ ကုလားက
အောက်ပိုင်းကို ဖဲ့ယူသလို သင်းရို့ ကလည်း အရှေ့ပိုင်းကို ဖဲ့ယူမယ်ကြံပြီး ထိပါးသာဖြစ်မယ် ထင်သပါ့ ”
မြင်းစီးကြီးသည် ပုဆိုးထောင့်မှ လက်သီးဆုပ်ရွယ် ကြေးကွမ်းအစ်ကို ထုတ်ပြီး၊ ကွမ်းယာ ယာနေရာက ကွမ်းယာကို ပါးစပ်တွင်း ထိုးထည့် ပြီးနောက် ကွမ်းအစ်ကို ပြန်ဖုံးရင်း ပြော၏။
“ပသို့ဖြစ်စေ၊ ထောင်းလမောင်းကျေသွားသာ မမှတ်သေးဘဲ ၁၂၁၆ ခု နယုန်လမှာ နောက်တစ်ကြိမ်လာပြီးထိပါးပြန်သယ်။ ဘန်ကောက်စားရဲ့ ညီနဲ့၊ ဇင်းမယ်၊ လပုန်း၊ လကွန်း ဗြဲအနန်း မိုင်းလားမားတို့ပဲ ဖြစ်သပေါ့”
“ကျိုင်းတုံကို ထိပါးသာပဲလား” ငဝဲ၏ အမေး။ ။
“ဟုတ်သပေါ့ ။ ကျိုင်းရုံးကြီးနဲ့ ကျိုင်းတုံအစွန်အဖျားကို လာရောက် ထိပါးသဲ့အတွက် ကျိုင်းတုံစော်ဘွားတပ်၊ မိုင်းပုမြို့စားတပ်နဲ့ မြေလတ် စော်ဘွားတွေ၊ မြို့စားတွေကို မိုးနည်းတပ်က စစ်ကဲမင်းကြီး၊ မဟာ နော်ရထာ ကွပ်ကဲပြီး ချီတက်နှိမ်နင်းသာပါ့”
မြင်းစီးကြီး၏စကားကို ထောက်မည့်သူမရှိ။ စကားအဆက်ကို မျက်တောင်မခတ်ဘဲ နားစွင့်နေကြ၏။
“သည်တစ်ပွဲလည်း ထောင်းလမောင်း ကျေရုံမကဘူး သွေးသောက် မင်းရေ။ ညက်ညက်ကျေသာပါ့။ ယိုးဒယား တစ်ထောင်ကျော်သေပြီး၊ ရှမ်း တပ်၊ မြန်မာတပ်၊ ကရင်တပ်တွေက ဆင်တွေ၊ အမြောက်တွေ၊ ဗုံးတွေ၊ သုံ့ပန်းတွေ အများကြီး ရလိုက်သယ်။ သုံ့ပန်းထဲမှာ အနန်းမြို့စား အမတ်၊ မိုင်းတိုင်မြို့စား အမတ်တို့ပါသယ်” ။
ငမိုးကောင်းမှာ မျက်နှာကြည်လင် ရွှင်ပျလာ၏။
“အဲသည်ကောင်တွေကို နိုင်သလို၊ ကုလားကို နိုင်ဖို့လိုသယ် မြင်းစီးကြီး။ အခုကိုပဲ သရက်ဆိပ်က တက်တက်လာသဲ့ သင်္ဘောထည်တွေ
ကုလားဖျင်တွေ အများကြီးပဲ။ ကြာရင် အကျွန်ရို့ နှမတွေ၊ သမီးတွေ ယက်ကန်း မခတ်တတ်ဘဲ ဖြစ်ကုန်ရော့မယ်” ။
မြင်းစီးကြီးသည် ကွမ်းတံတွေးထွေးကာ နှုတ်ခမ်းကို လက်ဝါး သပ်ကာ လုပ်လိုက်ပြီးနောက် ငမိုးကောင်းအား ကြည့်ပြော၏။
“အကျွန်ရို့ ဘဝရှင်မင်းတရားကြီးရဲ့ ရွှေလက်ထက်တော်မှာ အထက် ကျော်ကာရီ မင်းများထက် နိုင်ငံတော် ပိုလို့ အေးချမ်းပါသယ်”
“ကုလားကို အလိုလိုက် အကြိုက်ဆောင်ပြီး အေးချမ်းသာထက် မီးဟုန်းဟုန်းတောက်အောင်တိုက်ရင်း သေရသာကောင်းပါသဗျာ”
မြင်းစီးကြီးအား အသည်းခိုက်သော ညည်းတွားသံဖြစ်၏။ သူသည် မရယ်မောနိုင်။ ငမိုးကောင်းအား စိန်းစိန်းကြည့်ကာ ဆောင့်ကြောင့်ထိုင်ပြီး ရှိခိုး၏။
“အကျွန် ရိုသေစွာ ရှိခိုးပါသယ် သွေးသောက်မင်း”
“အရို အရို၊ သလိုမလုပ်ပါလင့်၊ မြင်းစီးကြီး။ အကျွန့် သွေးသောက် ကြီးက တောထဲတောင်ထဲမှာနေရသာပါ။ မြင်းစီးကြီးကဘဝရှင်မင်းတရားရဲ့ အမှုတော်ထမ်းပါဗျာ၊ သည်းခံပါ”
ငမိုးကောင်းသည် ခုန်ထကာ တောင်းပန်သည်။ ချီထားသော မြင်းစီးကြီး၏ လက်အုပ်ကို ဒူးထောက်ပြီး ဖြေသည်။ “
“အကျွန် ကြည်ညိုလွန်းလို့ပါ သွေးသောက်မင်း” ထိုအခါ ငချွဲက ဝင်ပြော၏။
“အစ်ကိုက သူ့အကြောင်းကို မသိလို့။ သိရင် ခေါင်းပေါ်တောင် တင်ထားလိမ့်ဦး။ မယားမီးနေသာ ထားပစ်ခဲ့ပြီး၊ ဗိုလ်ချုပ်ဦးခေါင်းကြီးတို့ကို စစ်ကူဖို့ ထွက်သွားသာ။ အဲ ဘယ်သူပါလိမ့်.... အဲ ငသိုင်း၊ ငသိုင်း မွေးသဲ့ ညမှာပေါ့”
“ရောင်းရင်း ပသို့ သိသတုန်း”