ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၁)
အပိုင်း (၁)
“အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ အောင်ကြပါစေ သပြေပန်းနဲ့ ရေချမ်းကို လောင်း”
( ဓားလွယ်ခုတ် အရှေ့ဘက် သုံးအိမ်ကျော်ရှိ ဖိုးလူအေးအိမ်မှ ဓာတ်စက်တေးချင်းသံဖြစ်သည်။ ဟွန်းတယောသံ လက်ဆွဲဘာဂျာသံနှင့် အောင်သပြေသည် ဘရွှေကျိုင်းအား ပြုံးမှန်းမသိ ပြုံးအောင် သွေးဆောင် လျက် ရှိသည်။
ဘရွှေကျိုင်းသည် တေးချင်းကို သဘောကျ၏။ သဘောကျသော် ငြား၊ အာရုံကိုမူ လက်ထဲရှိ တစ်စေ့အိမ် ထန်းသီးစေ့ကလေးထံမှ အလွတ် မခံနိုင်။ ရတောင့်ရခဲ ထန်းစေ့လုံးကို ဥနှဲရွက်ဖြင့် ပွတ်ကာ ချောသပ်နေ၏။
တေးချင်းသံသည် တစ်ကြော့ပြန်လာ၏။ “အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ အောင်ကြပါစေသပြေပန်းနဲ့ ရေချမ်းကိုလောင်း”
ဘရွှေကျိုင်း၏ အပြုံးပန်းသည် ပို၍ လန်းစွင့်သည်။ သူ့အာရုံထဲ တွင် မြန်မာအသင်းချုပ် သမ္မတကြီးဦးချစ်လှိုင်အား စည်တော်ယွမ်းပြီး ကြိုဆိုသော မြင်ကွင်းပေါ်လာသည်။ ရှိခိုးဦးချသော ကုမ္မာရီများ၊ ရိုသေ ကိုင်းညွတ်သော မျက်နှာများ၊ ထူထပ်သိပ်ခဲသော ပရိသတ်များ။
“ထီး.. ထီး။ ဖဲထီး ပြင်တယ် ထီးထီး” “အမေရေ ကြောက်သယ်ဗျာ။ ကုလားကြီး ကြောက်သယ်”
ဘရွှေကျိုင်း၏လက်ထဲမှ ထန်းသီးစေ့နှင့် ဥနှဲရွက်သည် အလုပ် များနေရာက ငြိမ်ကျ၏။ ဘရွှေကျိုင်း၏ ရွှင်ပျမျက်နှာလည်း မှုန်၏။ ညို့၏။
ရွာစဉ်လည်သော ထီးပြင်ကုလား၏အော်သံကို ဘရွှေကျိုင်း သည် ရက်ခြား ကြားနေကျဖြစ်၏။ သို့ပါလျက်နှင့် မျက်နှာသုန်မှုန်သွား ရခြင်းကား၊ သူ့တူမ၏သားဖြစ်သော သူ့မြေး ဖိုးသူတော်၏ အော်သံကြောင့် ဖြစ်၏။
ဖိုးသူတော်သည် ငါးနှစ်ရွယ် ခေါင်းတုံးပြောင်ကလေးလေး ဖြစ် ၏။ သူသည် ဖုန်မှုန့်များကိုရေဆွတ်ကာ အိမ်ဆောက်တမ်းကစားနေခဲ့၏။ ဖဲထီးကုလား အော်သံကြားသောအခါ ထပြေးရန်ဖင်ကြွ၏။ “မကြောက် နဲ့” ဟူသည့် အမေ့စကားကို ကြားယောင်သဖြင့် မထဖြစ်။ သို့သော် မကြည့် ဘဲ မနေနိုင်။ ။
“ထီး ထီး၊ ဖဲထီးပြင်တယ် ထီး ထီး”
ဖိုးသူတော် လှမ်းကြည့်မိ၏။ ကြည့်မိသည့်ခဏတွင် အလဲလဲ အကွဲကွဲဖြင့် အိမ်ပေါ်သို့ အော်ဟစ်လျက် ပြေးတက်၏။
“အမေရေ၊ ကြောက်သဗျာ့ ကုလားကြီး” ဘရွှေကျိုင်းသည် လမ်းပေါ်သို့ ဒေါသတကြီးမျှော်ကြည့်၏။ ပိန် ညောင်ညောင် ခေါ်တောကုလားတစ်ယောက်။ ဝါးထီးရိုးများကို ထမ်းထား သည်။ သည်အထမ်းပေါ်တွင် ဖဲထီးစုတ် အထုပ်တစ်ထုပ်ပါသည်။ ထို အထုပ်ထဲ၌ ဖဲထီးစများနှင့် ကပ်ကြေး၊ အပ်ချည်နှင့်အပ်၊ တူ ပလာယာ ထီးဝင်ရိုး စသည်ဖြင့် တိုလီမိုလီများပါဝင်သည်။ .
ထီးပြင်ကုလားသည် ဖုန်မှုန်ဖြင့်ကစားနေသော ကလေးငယ်အား ပြူးပြဲပြီး ပြသလော၊ မပြချေ။ အသံဖြင့်တည်း ခြိမ်းခြောက်ငေါက်ငမ်း စသည်များပြုသလော။ ဤသို့လည်း မပြုချေ။ အော်ရိုးအော်စဉ် အော်ကာ၊ လျှောက်ရိုးလျှောက်စဉ် လျှောက်သွားခြင်းသာဖြစ်သည်။
သို့ဖြစ်လျှင် ကလေးငယ် ဖိုးသူတော်သည် သည်အသံပျက် အသံ အက် ကုလားအား အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။
'ဟုတ်ပြီ။ ဆိတ်ရဲ့ မျက်လုံးနဲ့တူတဲ့ ဝါကျင်ကျင်ကြောင်တောင် တောင် မျက်စိကို ကြောက်တာပဲဖြစ်ရမယ်” ။
အကြောင်းရင်းကို ရှာဖွေ၍တွေ့ငြား၊ ဘရွှေကျိုင်း မကျေချမ်း။ “ဒါနဲ့ပဲ ကြောက်ရရော့သလား။ ဒါ ကြောက်စရာလား။ ငါတို့ အမျိုးထဲမှာ သူရဲဘောကြောင်တဲ့ သွေးနက်သွေးမည်း ဘာကြောင့်ရောနေရသတုန်း” ဟူသည့် ပို၍ကြီးမားသော မကျေချမ်းမှုကြောင့်၊ ဘရွှေကျိုင်း၏ မျက်နှာကြီး မှာ မှုန်ညို့ရာမှ မျက်မှောင်ကုတ်သွားလေ၏။
“ကုလားကြီး၊ ကြောက်သယ် အမေ”
“ဘာကြောက်စရာရှိသတုန်းလူလေးရဲ့ ။ သည်မှာ ဓား၊ ဗမာ့ဓား။ လိုက်ခုတ်ချေ”
မဇံလှသည် ချက်ရေးပြုတ်ရေး လျှော်ဖွပ်ရေးဖြင့် အလုပ်ရှုပ်နေရာ က ဓားတစ်ချောင်းကို ပစ်ပေးသည်။ ဝါးကြမ်းပေါ်သို့ ဓားကျသံကို ဘရွှေ ကျိုင်း ကျယ်လောင်စွာကြား၏။ လျော့ရဲရဲ ပြုံး၏။
“အမေတို့အမျိုးဟာ မကြောက်တဲ့အမျိုးကွယ် လူလေးရဲ့ ။ အမေတို့
အမျိုးက ကုလားမှန်သမျှကို ဓားစာကျွေးတဲ့အမျိုး၊ ကြောက်ဖို့ဆိုတာ ဝေ လာဝေး”
ထပ်ဆင့်စကားကိုကြားရချိန်တွင် ဘရွှေကျိုင်းသည် ထန်းသီးစေ့ ကို ပြန်လည်ကောက်ယူ၏။ ဥနှဲရွက် ကြမ်းကြမ်းတစ်ရွက်ကို ထပ်ခြွေ၏။သွားမရှိတော့သော ပါးစပ်ကြီးသည် သွားဖုံးတွေပေါ်လာသည်အထိ အားရ ပါးရ ပြုံး၏။
'ဟုတ်တယ်။ သည်စကားဟာ အဖေပြောနေကျစကား။ ဘာတဲ့၊ ကုလားဖြူ၊ ကုလားနက်ဟာ ကြောက်စရာမဟုတ်၊ ငါတို့ဓားကစားဖို့ ရေခြား မြေခြားက တကူးတက ရောက်လာကြတာတဲ့။ အဲဒါ အဖေ့စကား၊
ထိုခဏဝယ် ဘရွှေကျိုင်း၏ပါးပေါ်မှ အတွန့်များသည် ပြေကျ၏။ မှိန်သီ မျက်လုံးများ ကြယ်နှယ်တောက်၏။
“ဟုတ်တယ်။ ကုလားဖြူ၊ ကုလားနက်ဆိုတာ ငါတို့ ဓားကစား စရာကပဲ”
လှံစွပ်တပ် သေနတ်ကိုင် ကုလားမည်းကို တွေ့ရသောအခါ ငမိုးကောင်း မင်တက်မိသွား၏။
ကုလားဖြူနှင့် သူ၏ နောက်လိုက်ခွေး ကုလားမည်းများကို မုချ တိုက်ရတော့မည်။ ကုလားဖြူသည် အကြောင်းမဲ့ ရန်စစော်ကားနေပြီ။ သို့ဖြစ်၍ မလွဲမသွေ တိုက်ရတော့မည်။
တပ်ချီလာကတည်းက စစ်ကဲနှင့် သွေးသောက်များ အကြပ်များ ပြောသံကို ငမိုးကောင်းကြားသည်။ မိုးကောင်းမမွေးမီ ခြောက်နှစ်ခန့် ကလည်း၊ သည်ကုလားဖြူပင် အာသံ၊ မဏိပူရဘက်၌ ရန်စပြီး စစ်ပြုခဲ့ ပြီးပြီ။ မြန်မာ့မြေများ တစ်စိတ်တစ်ဒေသကို လုယူသွားပြီ။
ယခုကား ယခင်ထက်ဆိုးသည်။ တမင်သက်သက် ကလေကချေ ပါးစပ်ဖြင့် ပေါက်ပန်းစေးတွေပြောလျက် ရန်စစော်ကားလာပြန်ပြီ။
သို့ကြောင့် ချီတက်လာခဲ့ရာ လမ်းတစ်လျှောက် အံ အမြဲကြိတ်နေ ခဲ့သည်။ တစ်အိုးစားတည်းများဖြစ်သော ငရွှင်ရန်ညွန့်နှင့် ပေါက်ကျိုင်း၊ ငမှင်တို့အား သွေးထိုး စကားပြောလာခဲ့သော ငမိုးကောင်း၊
မနေ့တုန်းကလည်း ရန်ကုန်တစ်မြို့လုံးမီးခိုးတွေဖုံးလျက် အမြောက် သံများ ညံနေစဉ်တွင် “ကုလားသွေးတော့ သောက်ရတော့မဟေ့” ဟု ဝမ်းသာအားရပြောခဲ့သော ငမိုးကောင်း။
ယခု သူအလွန်တွေ့ချင်နေသော အမဲလိုက်ခွေးကို တွေ့သောအခါ အံ့အားကြီး သင့်နေသည်။
အထောက်အလှမ်း ကင်းသမား သည်ပုံ ငိုင်နေ၍ ရရိုးလော။
ကုလားနှင့် ငမိုးကောင်း ပြိုင်တူလှုပ်ရှားကြသည်။ ကုလား၏ လှံစွပ်ဦးသည် ငမိုးကောင်းထံ ပြေးဝင်သည်။ ငမိုးကောင်းလည်း ကုလားထံ ပြေးဝင်သည်။ ပွင့်သောရင်မှ ကုလားသွေးများ ငမိုးကောင်း ကိုယ်ပေါ်သို့ ပန်းထွက်၏။
သေနတ်ကိုဆွဲယူပြီး၊ ချုံထဲသို့ ငမိုးကောင်းပြေးဝင်စဉ် ကျောဘက် ၌ သေနတ်ကျည်များ ဖောက်ဖောက် ရောက်လာ၏။ ချုံစပ်သို့ ရောက်လာ သည့် ငရွှင်တို့ထံမှ သေနတ်သံများဖြင့် တုံ့ပြန်သည်။
မြန်မာတို့၏သေနတ်များသည် တစ်ချက်ပစ်ပြီးနောက် နောက် ထပ် တစ်ဆက်တည်း မပစ်နိုင်ကြောင်း ကုလားသိသည်။ သိသော်ငြား တောအုပ် ဘက်သို့ ကုလားတွေလိုက်မလာရဲ။ ဓားရဲသော မြန်မာ့အစွမ်းကို ပန်းဝါ စစ်မျက်နှာမှ ပြန်လာသော ကုလားမည်း ဒုက္ခိတများက စီကာပတ်ကုံး ပြောထားပြီးဖြစ်သည်။
ငမိုးကောင်းသည် ကုလားသေနတ်ကို ကျောတွင်လွယ် သူ့သေနတ် ကို လက်တွင်ကိုင်လျက် လျှိုထဲသို့ခုန်ချသည်။ ငမှင်သည် ကျွန်းပင်ကြီး ဘေး၌ သေနတ်ယမ်းထိုးပြီး အဆင့်ဖြစ်နေပြီ။ ထိုအခါတွင်မှ ကျောဘက်သို့ ငမိုးကောင်း ပြန်ကြည့်အား၏။ ရန်သူကို မတွေ့ရ။
“အမြောက်နှစ်လက်နဲ့ ကုလားသုံးရာကွ” “နောက်ထပ် လာချင်လာဦးမှာပေါ့။ သေချာအောင် စောင့်ကြည့်ဦး မလား”
“ရန်သူ သည်ဘက်က လာနေတာကို ငါတို့ခံတပ်က ကြိုပြီး စောစောသိလေ ကောင်းလေ ဖြစ်မှာပေါ့”
ငမိုးကောင်းတို့၏ ခံတပ်ကား သိမ်ဖြူခံတပ်ဖြစ်သည်။
ခံတပ်ခြေရင်းမှာ ချောင်းညီနောင်သည် အရှေ့အရပ်ရှိ ပုစွန်တောင် ဘက်သို့ စီးဆင်းနေသည်။ ယခုနှယ် တန်ခူးလမှပင် ရေမခန်းတတ်သေး။ စမ်းရေစပ်စပ် ရှိနေချေသေးသည်။ ခံတပ်အောက်ခြေဝန်းကျင်တွင် တော အုပ်များ စမ်းချောင်းလျှိုရိုးများ ဝန်းရံနေသည်။
ရန်သူသည် မင်းလမ်းထိပ်ရှိ ဘုရင်မင်းမြတ်၏ ဆိပ်ခံတံတား ခံတပ်ကို ဖျက်ဆီးသော်လည်း သိမ်ကြီးသိမ်ဘုရား ခံတပ်ဘက်သို့ မတက် ပေ။ မြန်မာတို့ကမျှော်လင့်နေသည်မှာ ရန်သူသည် ဤလမ်းအတိုင်း တက် လာလိမ့်မည်။ ရွှေတိဂုံဘုရားကြီးကို ဦးတည်လျက် မြို့သစ်စစ်တန်းလျား များကို တိုက်ခိုက်လိမ့်မည် မျှော်လင့်ထား၏။ ယခုပင်လျှင် မြစ်ထဲမှလှမ်းပြီး စေတီတော်ကြီးဘက်သို့ အမြောက်ဖြင့် ပစ်ခတ်နေဆဲ ရှိသေးသည်။
ငမိုးကောင်းသည် အကြပ်ထံ အစီရင်ခံပြီးလျှင်ပြီးချင်း သူ့အိုးစား များထံ ပြေးလာ၏။
“ရောင်းရင်းတို့၊ ထမင်းချက်လို့မဖြစ်ပြီ။ ငါတို့ဘက်က ဖျက်ထားတဲ့ နေရာတွေကို ကုလားတွေ တံတားထိုးပြီး၊ အမြောက်လေးလက်နဲ့ လာနေ သည်တဲ့။ မသိုးထမင်းပဲ စားကြစို့”
မသိုးထမင်းမှာ ချင်းထည့်ပြီး ဝါးကျည်တောက်တွင် သိပ်ထားသော ထမင်းလှော်များဖြစ်သည်။ အဆာခံရုံမက အနည်းငယ်စားရုံဖြင့် အာသာ
ပြေသည်။
ခံတပ်ထဲမှ အမြောက်သံများပေါ်လာသည်။
သေနတ်သံများလည်း ခံတပ်ထဲမှသာမက ခံတပ်အပြင် တောအုပ် တောတန်းများထဲမှာပါ လွင့်ပျံ့လာသည်။ သည်သေနတ်သံများမှာ ခံတပ် ကို ကုလားဖြူ၊ ကုလားမည်းတို့ပစ်ခတ်သော သေနတ်သံမဟုတ်။ တောအုပ် များထဲတွင် အစုကြီးအစုငယ်ခွဲလျက် ရောက်နေနှင့်သော မြန်မာတပ်များ၏ ပစ်ခတ်သံဖြစ်သည်။
သို့အတွက် ကုလားများမှာ ခံတပ်ဘက်သို့ ဖြောင့်ဖြောင့်မသွားနိုင်။ ကျားခနဲ၊ အားခနဲ ညာသံပေးလျက် ရုတ်တရက်ပေါ်လာသော မြန်မာရဲမက် များ၏ အတိုက်ခံရသည်။ ဝင်တိုက်ပြီး တောအုပ်ထဲပြန်ဝင်သွားသော မြန်မာရဲမက်များနောက်သို့ မလိုက်နိုင်။ ပြန်ပြီး ပစ်ရုံသာ ပစ်နိုင်သည်။
ကုလားများသည် တဖွဲဖွဲသေ၊ တဖွဲဖွဲ့အနာတရဖြစ်ပါလျက်က သိမ်ဖြူခံတပ်နှင့် ကိုက် ၇၀၀ ခန့်အကွာတွင် အမြောက်နှစ်လက်ကို ချရပ်ကာ အသေအချာပစ်ခတ်ပြီး ခံတပ်အဆောက်အအုံထက် သစ်တပ်ကို မဲပြီး ပစ်သည်။ လူ့ကိုယ်လုံးခန့်တုတ်သော တိုင်ကြီးတွေပြိုလ်အောင် ပစ်ရ သည်မှာ လက်ဝင်လှ၏။
ငမိုးကောင်းတို့၏သွေးသောက်ကြီးသည် သစ်တပ်နှံရံကို တွယ် တက်သည်။ “ရဲမက်တွေ၊ သည်ခံတပ်ကို အသက်ပေးကာကွယ်ကြ” အော် သည်။ အကြပ်ငဖားဥသည် ခတ်မောင်းကို အဆက်မပြတ်တီးလျက်ပြေး လွှား အော်ဟစ်နေသည်။
“တက်ကြ တက်ကြ၊ တက်လဟ"
သွေးသောက်ကြီးတက်ရပ်နေသော သစ်လုံးကို အမြောက်မှန်သည်။ “ဖျပ်ဖြင့် ပစ်ထုတ်ခံရသော ကျောက်ခဲအလား စင်ထွက်သည်။သွေးသောက် ကြီးကိုယ်မှ သွေးများဖြာထွက်လာသော်လည်း လူမှု မလှုပ်တော့ပြီ။