ဆင်ဖြူကျွန်းအောင်သိန်း - စံ၀မိမှေး၀ထ္ထုတိုများ
စာရေးသူ၏ အမှာ
ဤ စံဝ မိမှေး ဝတ္ထုများသည် မောင်သိန်းဆိုင်ထံမှ ပုဂံစာအုပ်တိုက်သို့ ရောက်လာခြင်း ဖြစ်ပါသည်။ ၂၈-၅-၂၀၀၂ တွင် ကွယ်လွန်သူ မောင်မောင် (ဥက္ကလာ)မှ တစ်ဆင့် ပေးလိုက်သော စာမူများသည် ၂၀၀၆ ခုနှစ် ရှစ်လပိုင်းတွင် ဗျဂဇ္သာကျင့်ပြီး ပုဂံသို့ ရောက်လာခြင်းဖြစ်ပါသည်။
စံဝ မိမှေး တို့သားအမိတစ်တွေအကြောင်း ရေးလာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်ပါလျက် စာတွေ အိုင်မနပါ။ မောင်သိန်းဆိုင်ထံမှ ပုဂံသို့ ရောက်လာသော စံဝ မိမှေး ဝတ္ထုများတွင် ဝတ္ထုတို တစ်ဆယ့်တစ်ပုဒ် ပါဝင်ပါသည်။ မိတ္တူကူးစဉ်က ချွတ်ချော်သဖြင့် နှစ်ပုဒ်မှာ စာဆက် မမှန်ပါ။
မိမိထံသို့ ထိုဒုက္ခကြီး ရောက်လာသောအခါ စာမျက်နှာ မစုံ၊ စာဆက်မမှန်သော နှစ်ပုဒ်ကို ဖြုတ်ပစ်လိုက်ပါသည်။ နောက်ထပ် ခုနစ်ပုဒ်ခန့် ဖြည့်ပေးရန် တစ်နေကုန်ရှာပါမှ
လေးပုဒ်သာ ရပါသည်။ ထိုအခါ အထက်ပါ စာပိုဒ်ပါ စကားသည် ဖြစ်ပေါ်လာ စံဝ မိမှေး တို့မိသားစုအကြောင်း ရေးလာခဲ့သည်မှာ ဆယ်နှစ် နှစ်စု ကျော်ခဲ့ပြီ။ သို့ပါလျက်နှင့် စံဝ၊ မိမှေး စာမူတွေ ပုံမနေခြင်းမှာ အဘယ်ကြောင့်နည်း။
ထိုအခါတွင် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း ပေါ်လာပါသည်။ ထိုမဂ္ဂဇင်း အယ်ဒီတာချုပ် မြင်းမူ မောင်နိုင်မိုးသည် မိမိအား စာမူခများ သုံးလေးလစာ ကြိုပေးခြင်း၊ အတိုပေါင်းချုပ်များ ထုတ်ပေးခြင်းဖြင့် အသက်ရှူချောင်းအောင် ကူညီခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံ့ဂုဏ်ရည် စာပေတိုက်မှ `အမေဝတ္ထုများ၊ `အဖေဝတ္ထုများ၊ `အမေ အဖေ ဝတ္ထုများ၊ `အမေ၊ သမီးတို့အမေနဲ့ အမေ ရသစုံ ဝတ္ထုတိုများ ကို ထုဟ်ခဲ့ပါသည်။ ဤအခါကျမှ စံဝ မိမှေး ဝတ္ထုတိုများ တိုရေရှားရ ဖြစ်နေခြင်းအကြောင်းလည်း ကောင်းစွာပေါ်ပေါက် လာပါ တော့သည်။ သေချာသည်ထက် သေချာစေရန် မှတ်တမ်းကို ကြည့်ပြီး ပြောပါမည်။
(၁) အမေဝတ္ထုများကို ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာတွင် ထုတ်ဝေခဲ့ပါသည်။ (၂) အမေ အဖေဝတ္ထုများကို ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာတွင် ထုတ်ဝေခဲ့ပါသည်။ (၃) အဖေဝတ္ထုများကို ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့ပြီး
(၄) သမီးတို့အမေနှင့် အမေ ရသစု ဝတ္ထုများကို ၂၀၀၅ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့ပါသည်။ နောက်ဆုံးအုပ်မှာ မဂ္ဂဇင်း ဝတ္ထုရှည် သုံးပုဒ်နှင့် အတိုလေးပုဒ် ပါဝင်ပါသည်။
အမှတ်စဉ် ၁ မှ ၃ အထိသည် စုစုပေါင်း ပုဒ်ရေငါးဆယ်ခန့်ရှိမည် ထင်ပါသည်။ ထိုငါးဆယ်ခန့်ထဲတွင် စံဝ မိမှေး အနည်းဆုံး ပုဒ်ရေ နှစ်ဆယ်ခန့်ပါဝင်မည် ထင်ပါသည်။ အကြောင်းမှာ စံဝ မိမှေး ဝတ္ထုများထဲမှ ကျော်သူစံကို အကြောင်းပြုသော ဝတ္ထုများမှာ အမ့မေတ္တာဖွဲ့ နှင့် အဖေ့ မေတ္တာဖွဲ့ ဝတ္ထုတိုတွေ များပြားသောကြောင့်ပေတည်း။
ဤသို့ဖြစ်ရခြင်းမှာ ဝတ္ထုတိုပေါင်းချုပ် ( စံဝ မိမှေး အမည်ဖြင့် ထုတ်ဝေမည်ဟုသာ ကြိုတင်ကြံစည်ချက် မရှိသောကြောင့်ဖြစ်ပါသည်။
ဤ စံဝ မိမှေး စာမူသည် အမေ ဝတ္ထုများတွင် ဝင်သလော။ `ဝင်းသည် ဝင်လျှင် `ထည့်လိုက်' ။ ဤသို့ဖြင့် စံဝ မိမှေး များ အိုင်မနေခြင်း ဖြစ်သည်။
ယခုလည်း မောင်သိန်းဆိုင်သာ မတောင်းခံလျှင် စံဝ မိမှေး မိသားစု ဆုံဆည်းမိဖွယ် မရှိ။ သူက ဤတ္တုတိုများကို `တလင်းခေါက်ချိန်” ဟု အမည်ပေးထားငြား၊ တလင်း ခေါက်ချိန် စာမူမှာ စာဆက်မမှန်သဖြင့် ပြုတ်ကျန်ခဲ့သည့် အတွက် စာအုပ်အမည်ကို
`စံဝ မိမှေး ' ဟု ပေးလိုက်ရပါသည်။ ဤသို့ဖြင့် မောင်သိန်းဆိုင်ထံမှ ပုဂံသို့ ရောက်လာသော စံဝ မိမှေး တွင် နိုင်ငံ့ဂုဏ်ရည်ထုတ် `အမေဝတ္ထုများ ' နှင့် `အဖေ ဝတ္ထုများ ́ `အဖေအမေ ဝတ္ထုများ ' ပါဝင်ပြီး သော စံဝ မိမှေး များ ပါဝင်မလာအောင် အထူးဂရုပြုထားပါသည်။
မိမိ၏တဖတ်သူများအတွက် စာရေးသူတစ်ယောက်၏ အစွမ်းဆောင်နိုင်ဆုံး ကြိုးစားမှုဖြစ်ပါသည်။ စာပေသည် ခေတ်၏ ကြေးမုံဖြစ်သည်ဆိုသော စကားအရ လိုက်လျောညီထွေမှု မရှိသဖြင့် တောင်းပန်ပါသည်ဟု ဆိုင်းဘုတ် ချိတ်ဆွဲရဖွယ်ရှိသည်ဟု ထင်မြင်မိပါကြောင်း။
ဆင်ဖြူကျွန်း အောင်သိန်း
၁၆ စက်တင် ဘာ ၂၀၀၆။
နွေမှာ ငိုသော ရွာတစ်ရွာ
`ဟေ့ အေးမ၊ နင့်ကို ဆရာသန်ကြီးက မှာလိုက်တယ်ဟေ့၊ ဘာပြုလို့မှန်မှန်လာပီး မကုသတာလဲတဲ့၊ မေးလိုက်သယ်ဗျာ”
ကိုဖိုးဒန်၏ အသံသြသြကြီးကို နွားစာစဉ်းရင်း ကြားလိုက်သဖြင့် စံဝမှာ နွားစာစဉ်းခုံမှ ထလာခဲ့သည်။ ဤနွားစာစဉ်းခုံမှာ နန်းတိုင်ဖြင့် စဉ်းရခြင်းလောက် မပင်ပန်းသော်လည်း မွဲမှာင်နေသော သူ့ကျောပြင်ကြီးနှင့် ရင်ဘတ်မှ ချွေးစေးများ စီးကျနေ၏။ လက်သန်းတစ်လုံးစာမျှ ရှည်သော ရွှေရောင် ကောက်ရိုးဖတ်ကလေးတွေမှာ စံဝ ရင်ဘတ်တွင် ကပ်နေ၏။ ရင်ဘတ်သာမက လက်မောင်း၊ လည်ပင်း၊ ခြေသလုံးများ တွင်ပါ ချွေးစေကြောင့် ကပ်နေကြပေသည်။
` ဗျို့ အစ်ကို ဖိုးဒန် '
ဖဲထီးကြီး ချိုင်းကြားညှပ်လျက်၊ လွယ်အိတ်နွမ်းနွမ်း တစ်လုံး လွယ်လျက် ဆက်လျှောက်လာရာမှ ကိုဖိုးဒန် ဆတ်ကနဲ ရပ်ရင်း မော့ကြည့်၏။
`မင်းမိန်းမ မိမှေးက မှာလိုက်ပါ့လား”
စံဝက ဘာမျှမမေးရသေး၊ သူက အလိုက်တသိ သတင်းပေး၏။ `ဆားပေးနေတာ တွေ့လို့ တန်းစီပြီး ဝယ်လိုက်ဦးမယ်တဲ့”
စံဝတို့ ကန်စွန်းပင်းလှရွာဘက်တွင် ဆားအခက်အခဲကလေးတော့ အနည်းအပါး ရှိ၏။ တစ် ခါတစ်ခါမှ သမဝါယမက ဖြန့်ဝေရောင်းချသော ဆားမှာ အနီကြီးတွေ အခဲကြီးတွေ ဖြစ်သည်။ သို့ကြောင့် ယခုလို ဆားဖြူဖြူကလေး လွတ်လပ်စွာ ဝယ်ခွင့်ရခိုက် နေပူခံပြီး
တန်းစီကျန်ခဲ့ခြင်း ဖြစ်သည်။ လယ်သူမတစ်ယောက်အတွက် နေပူခြင်းမှာ မည်သို့မျှ မထူးဆန်းပါချေ။
`သာဖြင့် နေပါဦး၊ ခုနက ဘာအော်တာလဲဗျ၊ အေးမ ဆိုလား ကြားလိုက်ပါတယ်”
`အေး ဟုတ်တယ်၊ မြို့က မျက်ခမ်းစပ်ဆရာဝန်ကြီးက အေးမကို မှာလိုက်လို့ ပြောရသာပါကွာ၊ စကားပြောရသာလည်း ကောင်းပါ့၊ ခံတွင်းကလည်း ချဉ်ပါ့ကွာ၊ ပေးစမ်း မင့်ဆေးလိပ်
စံဝ ပါးစပ်တွင် ပြောင်းဖူးဖက် ဆေးလိပ်တစ်လိပ် တန်းလန်းပါသည်။ နွားစာ စဉ်းနေစဉ် တစ်လျှောက်လုံး မီးခိုးငွေ့ကို တမျှဉ်းမျှဉ်း ဖွာထုတ်ကာ ပါးစပ်ဖြင့် ကိုက်ထား
သဖြင့် ဖင်စီ ခံသည် ဆေးလိပ်ကိုယ်ထည်ထဲသို့ ချိုင့်ဝင်နေပြီ။ မီးလည်း သေနေပြီ။ ကိုဖိုးဒန်က ထိုဆေးလိပ်ကို ဆွဲဖြုတ်ကာ ဖင်စီခံကို ဖျစ်ညှစ်လိုက်၏။ သွားရည်များသည် ဖင်စီထဲမှ ကြွက်မြီးတန်းကာ ကျဆင်းသွား၏။
`ငါ့လခွေးသယ်မှပဲ၊ သွားရည်တွေကလည်း သောင်းကပ်နေပြီ၊ မီးကလည်း မရှိ လွှင့်သာပစ်”
`အား အား မပစ်ပါနဲ့ဗျာ၊ မီးခတ် ရှိပါသယ်ဗျ
နွားစာစဉ်းသည့်နေရာသို့ ပြေးကာ ဓာတ်ဆီမီးခြစ်ကို ယူလာသည်။ ထိုအချိန်ငယ် ကိုဖိုးဒန်က ကနဖျင်းအောက်ရှိ မြင်းခုံနောက်မှီ ခုံတန်းလျားသို့ ရောက်နေပြီ။ ရေအိုးအသစ် ကလေးထဲမှ ရေများကို မှုတ်သစ်ဖြင့် သောက်နေရာက ...
`သယ်လဲ အေးပါကလားကွ၊မြောင်းခွအိုးလား၊ ယမ်းဖိုကုန်းအိုးလား” တစ်ချက်လှမ်းမေးပြီးမှ ကုန်အောင်သောက်သည်။
`ဆရာဝန်ကြီးက ဘာမှားလိုက်သာလဲဗျ၊ ပြောပါဦး” စံဝက မီးခြစ်လှမ်းပေးရင်း၊ ဝင်ထိုင်ရင်း မေးသည်။ `အေးမက မျက်သား ` ကျင် ' သာ၊ မင့်ဒွေးလေးက မျက်မွှေးစိုက်သာ၊ မှာလိုက်သာကတော့ နှစ်ယောက်လုံးပဲ။ ပျောက်စရှိရင် တစ်လက်စတည်း ပျောက်သွား စေချငိသယ်တဲ့၊ စိတ်မချလို့ ယောက်ျားက မလွှတ်ရင်လည်း ယောက်ျားပါ ခေါ်ခဲ့တဲ့”
`လုပ်ရော့မယ် ဒီဒေါက်တာကြီးကတော့”
ထိုသို့ စံဝ ပြောအပြီးတွင် နှစ်ယောက်စလုံး ဟဲကနဲ ရယ်မိကြသည်။ အပြုံးရိပ်များ သည်လည်း မျက်နှာပြင်ပေါ်တွင် တင်ကျန်ရစ်သည်။
မျက်ခမ်းစပ် ပပျောက်ရေး စီမံကိန်းဖြင့် သည်မြို့နယ်သို့ ရောက်ရှိလာသော ဆေးအဖွဲ့မှ သည်ဆရာဝန်ကို ကန်စွန်းပင်လှ အပါအဝင် ကျေးရွာများမှ လူများ ခင်မင် လေးစားကြသည်။ သူ့ထံရောက်လာသော မျက်စိနာ၊ မျက်ခမ်းစပ်၊ မျက်မွေးတို၊ ကြက်မျက်သင့်၊ မျက်သားကျင် စသော မျက်စိဝေဒနာသည်များမှာ တောသူတောင်သား အများစုဖြစ်ရာ၊ သန့်ရှင်းလှပါသည်ဆိုသူထံမှ မည်သည့်အနံ့ မျှ မနံပါဆိုစေကာမူ အနည်းဆုံး `နေစော် `တော့ နံသေး၏။
ဤသို့ နေစော်၊ ချွေးစော်၊ ပုပ်ညှီသော ကိုယ်နံ့နံသူများအား နှာခေါင်းမရှုံ့၊ မျက်နှာမပျက်ဘဲ စမ်းသပ်ကြည့်ရှုသည်။ ရယ်စရာမောစရာ ကလည်း အလွန်
ပြောတတ်သည်။ ထို့ကြောင့် စံဝတို့ ကိုဖိုးဒန်တို့က `လုပ်ရော့မယ် ဒီဒေါက်တာကြီး ကတော့ ' ဟု ကျေနပ်ရင်းနှီးစွာ ဆိုကြခြင်းဖြစ်၏။
`အမယ် မင့်တို့ဘက်က ဥသျှစ်ပင်တို့တယ်ပင်ကုန်းတို့ကျတော့ မလာတာကြာတဲ့ လူတွေဆီကို သူကိုယ်တိုင် ထွန်စက်စီးပြီး သွားသတဲ့ဗျား”
`ဝေးလည်း ဝေးသာကိုးဗျ
`အေးပေါ့၊ ဝေးလို့လည်း သူကိုယ်တိုင် လိုက် ထင်ပါ့ကွာ၊ ခါတိုင်းဆိုရင် ခုလို တပေါင်း၊ တန်ခူး၊ ကဆုန်ဟာ မျက်စိနာသမားတွေရဲ့ ငရဲ မဟုတ်လား”
ကိုဖိုးဒန်က ခြစ်ခြစ်တောက်ပူနေသော နေပူပြင်ဘက်သို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ထိုအခါ ငရဲရွာ၏ ငရဲကာလများကိုလည်း စံဝမှာ အာရုံပြက်ပြက် မြင်လာရ သည်။
`နေမြင့်လေ အရူးရင့်လေ ဆိုသောစကားကို စံဝ အတွက်ထားခဲ့ကြရော့ထင့်။ နေမြင့်လာသည်နှင့်အမျှ စံဝ မနေသာ မထိုင်သာ ဖြစ်ရသည်။ ဖြစ်ရသည့် အကြောင်းရင်း ကလည်း မိမှေးအော်သံကြောင့် ဖြစ်ပေ၏။
အော်သံသည် အမယ်လေးလည်း မဟုတ်၊ ကယ်တော်မူကြပါဟူ၍လည်း အသံမလာ။ ဆွမ်းခံဝင်ချိန်လောက်ဆိုလျှင် ကျိတ်၍ငိုသံထက် နည်းနည်းမျှသာ သာလွန်သော ညည်းသံ ငိုသံကို ကြားကြရပြီ။ သည့်နောက်တွင် နေ၏အပူရှိန် မြင့်တက်လာသလောက်၊ ငိုညည်းသံများလည်း မြင့်တက်ကျယ်လောင်လာချေတော့၏။
မိမှေး မျက်စိနာပြီး။
မျက်စိနာစတုန်းက `မိမှေး နင် မပေါ့နဲ့ဟယ် ́ဟုသာ သတိပေးနိုင်သည်။ သမီးရည်းစားဘဝတွင် ရှိသေးသဖြင့် သည့်ထက်ပို၍ စံဝ မပြောတယ်။ သို့သော် ချစ်သူကို ကြည့်သော မျက်လုံးတွင် အချစ်ရည်ကို တစ်ပါတည်း ဖုံးပေးလိုက်ပြီးသားဖြစ်သောကြောင့် မျက်စိနာတော့မည့် မိမှေး မျက်လုံးကလေးတွေ ကြည့်ရသည်မှာ စံဝစိတ်ထဲ၌ ပတ္တမြား ခဲကလေးတွနယ် ကျက်သရေရှိလှ၏။ တစံပယ်လှ၏။
ကာယကံရှင် မီမှေးအဖို့ မသက်သာလှပါ။ မျက်လုံးထဲ ဖုံတွေ ဝင်သလို၊ သဲတွေ ဝင်သလို ခိုးလိုးခုလုဖြစ်လာသည်။
`အမေရေ ကျုပ် မျက်စိများ နာချင်သလား မသိဘူး” အမေ့ကို ပြောပြမိသည်။ `ပြစမ်း အပု”
မိမှေး အမည်သည် မိမှေး သာဖြစ်၏။ သို့ပေမယ့် အစ်မများ၊ အရီးကြီး၊ အရီးလေးတို့က ချစ်စနိုး အပု ခေါ်ရာမှ ဆွေမျိုးများနှုတ်ဖျားတွင် အပု ဖြစ်ခဲ့ရ၏။ ။
အမေက မျက်လုံးမျက်သားများကို ကြည့်ပြီး `ဆားလေး ကွင်းထားလိုက်၊ ပျောက်သွားပါလိမ့်မယ် ́ဟု ပြောသည်။ မိမှေး လည်း မဆိုင်းမတွပင် ဆားအိုးထဲမှ ဆားနည်းနည်းယူပြီး ကျောက်ပြင်ဖင်ပေါ် တ်သည်။ ပုလင်းဖြင့် ကြိတ်သည်။
ယင်းသို့ ကျောက်ပြင်မှောက်ပြီး ကြိတ်ထားသော ဆားကို လက်ညှိုး တံတွေးတို့ပြီး မျက်လုံးကို ကွင်းသည်။ အပေါ်မျက်ခွံနှင့် အောက်မျက်ခမ်းတို့တွင် ဆားမှုန့်လိမ်းထားသဖြင့် သူတစ်ပါးနှင့်မတူ တစ်မူထူးခြား၍ လှနေပေသည်။ စံဝတို့ ကာလသားတစ်သိုက် မျက်လုံးထဲတွင် ထိုနေ့ညနေက မိမှေး အလှဆုံးဖြစ်နေ၏။ ကိုဖိုးဒန်ပင် စံဝရင်ဘတ်ကို တံတောင်ဖြင့်တွတ်ရင်း `မင့်အမျိုးသမီးကို ငါတောင် ကြိုက်ချင်လာပြီဟေ့၊ ရွယ်မတူသာ ခက်သယ် ́ဟု မှတ်မှတ်ရရပြောသွား၏။
ကာယကံရှင် မိမှေး မှာကား မသက်သာရှာပါ။ ဆားကြိတ်ပြီး အုံသော်လည်း မပျောက်။ မျက်စိနာလေပြီ။ နေမြင့်လာသလောက် မျက်လုံး မျက်သားတွင် အခံရခက် လာသည်။ ပို၍ပို၍ နာကျင်လာသည်။ ကိုက်လာသည်။ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး