ထုတ်ကုန်အချက်အလက်သို့ ကျော်သွားပါ။
1 7

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - ဂန္ထဝင်မြန်မာဒဏ္ဍာရီပုံပြင်များ

ဆင်ဖြူကျွန်းအောင်သိန်း - ဂန္ထဝင်မြန်မာဒဏ္ဍာရီပုံပြင်များ

ပုံမှန်ဈေး 1,500 Ks
ပုံမှန်ဈေး ရောင်းဈေး 1,500 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

ကြောက်ဖွယ်အနမ်းပါတကား

ရှေးလွန်လေပြီးသောအခါက ဂင်္ဂါမြစ်အတွင်း၌ နဂါးတစ်ကောင် နေထိုင်ခဲ့လေသည်။ သူသည် တပည့်တပန်းအခြံအရံပေါများသောကြောင့် မာနကြီး၏။ ဒေါသလည်းကြီး၏။ သို့ရာတွင် ဉာဏ်ပညာကား နည်းပါးလွန်းလှပေ၏။

သူသည် ရေအောက်နဂါးပြည်တွင် နဂါးမ မောင်းမမိဿံပေါင်း ခြောက်သောင်းနှင့် ပျော်ရွှင်စွာခံစား၏။ နဂါးမ အချောအလှအယဉ် အကျေးကလေးတွေ၏ အပြုစုအယုယကို ခံရ၏။ ချစ်စရာ နဂါးမ ကလေးတွေ၏ အကအခုန် အဆိုအတီးကို စံစားရ၏။

သို့ရာတွင် နှစ်ပေါင်းများစွာ ကြာညောင်းလာသောအခါ ထိုအရာ များကို နဂါးမင်းငြီးငွေ့လာသည်။ တစ်နေ့လာလည်း အစားကောင်း အသောက်ကောင်းစားရ။ တစ်နေ့လာလည်း အညွန့်အဖူးကလေးတွေ ၏ ချိုသာသောအသံ။

သည်အစာတွေကို နဂါးမင်း မစားလိုပြီ။ သည်အချောအလှတွေမှာ နဂါးမင်း၏ အာရုံ၌မချောတော့။ မလှတော့ပြီ။ အရိုအသေပေး ဦးညွှတ်သည်ကိုလည်း မသာယာတော့ပြီ။ ။

သို့အတွက် နဂါးမင်းသည် မိဖုရားများ မှူးမတ်များမသိအောင် ရွှေနန်းတော်ကြီးမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ သမုဒ္ဒရာထဲ တွင် သာမန်နဂါးတစ်ကောင်အဖြစ် လွတ်လပ်ပျော်ပါးစွာ လှည့်လည် သွားလာနေသည်။ ထိုမှတစ်ဆင့် ဂင်္ဂါမြစ်သို့ ပြန်လာသည်။ သို့သော် ရွှေနန်းတော်သို့ မပြန်သေး။ တောနက်ကြီးထဲတွင် ဒရယ်၊ ယုန်၊ သင်း ခွေချပ်၊ ဖွတ်၊ ပတက် စသည့် သတ္တဝါငယ်များကို ဖမ်းယူစားသောက် လိုသေးသည်။

သို့အတွက် ဂင်္ဂါမြစ်ရေအောက်မှ ဆန်တက်လာခဲ့သည်။ ထို့နောက် တောနက်ကြီးထဲသို့ ရောက်လာချိန်တွင် နဂါးမင်းသည် ရေထဲမှ ဘွား ခနဲ ဖော်တက်လိုက်သည်။

“ငါ ရေသောက်နေတာ မမြင်ဘူးလား။ နင် ဘာကောင်တုံး၊ သွားစမ်း”

ငေါက်ငမ်းသံကြီးကို မမျှော်လင့်ဘဲ ရင်ဆိုင်ရသည်။ ငေါက်ငမ်း သူကား ခြင်္သေ့မင်းဖြစ်သည်။

နဂါးမင်းကလည်း မင်းဖြစ်ရကား ပမာမခန့်ဖြေကြား၏။

“ဟဲ့ မောင်မင်း ရေသောက်နေတာ ငါမသိဘူးကွယ့်။ တောထဲကို သွားဖို့အတွက် ရေထဲက တက်လာတာ”

“သယ်၊ ငါ့ကိုများ မောင်မင်းနဲ့ ဘာနဲ့ ရိုင်းလှချည်လား။ နင် ဘယ်သူတုံး”

“ငါဟာ သည်ဂင်္ဂါမြစ်က နဂါးမင်းပဲ”

“နင်သာလျှင် ဘုရင်မဟုတ်။ ငါလည်း သည်တောသုံးတောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းဟဲ့”

“ခြင်္သေ့မင်းလား။ သလိုဆိုလည်း ရေသောက်စရာရှိတာ ဆက် သောက်ပါလေ။ ငါလည်း တောထဲသွားဦးမယ်”

နဂါးမင်းက ကမ်းပေါ်သို့တက်လာပြီး၊ ပြေပြစ်စွာဆိုငြား၊ ခြင်္သေ့ မင်းက သွားခွင့်မပြုပေ။

“မသွားရဘူး” ဟုဆိုသည်။

“ဘာကြောင့် မသွားရမှာတုံး ခြင်္သေ့မင်းရဲ့ ” နဂါးမင်းက အေးဆေးစွာ ပြန်မေးသည်။

“မောင်မင်းဟာ ငါ့ပိုင်နက်ထဲကို ကျူးကျော်လာရုံမက၊ ငါသောက် မယ့် ရေကို နောက်အောင်နှောက်တဲ့အတွက် တောင်းပန်ရမယ်”

နဂါးမင်းမှာ ပါးစပ်ထဲမှ မီးတောက်ကြီးထွက်လာသည်အထိ ဒေါသဖြစ်ရ၏။

“စီးစီးပိုးပိုး မပြောပါနဲ့ ခြင်္သေ့မင်း။ သင်က ဘယ်လောက်အစွမ်း ရှိလို့ ကျွန်ုပ်က တောင်းပန်ရမှာတုံး”

“အစွမ်းသတ္တိ ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင်၊ အစွမ်းပြိုင် ကြမယ်လေ။ ဘယ့်နှယ်တုံး”

“ကောင်းလိုက်လေ ခြင်္သေ့မင်းရာ၊ ဒါမျိုးကို စောင့်နေတာ၊

အခုလား”

“အခုပေါ့။ ဒါပေမဲ့ သည်နေရာမှာ မဟုတ်ဘူး”

ခြင်္သေ့မင်းနှင့် နဂါးမင်းသည် ဂင်္ဂါမြစ်နှင့်ဝေးရာသို့ ထွက်ခွာလာ ခဲ့ကြသည်။ တောစပ်ကွင်းပြင်သို့အရောက်တွင် ခြင်္သေ့က ရပ်တန့်လိုက် သည်။

“ကွင်းထဲမှာ ဒရယ်တွေ သမင်တွေ၊ ပြောင်တွေကို မြင်တယ်မဟုတ် လား နဂါးမင်း”

ကွင်းထဲတွင် သားကောင်များသည် သူ့အစုနှင့်သူ၊ ကိုယ့်အုပ်နှင့် ကိုယ် အစာစားနေကြသည်။ တစ်ချက်တစ်ချက် ကြ ခတ်ကြ ၊ ‌ပြေးလွှားကြသည်။ ထို့နောက် ပြန်လည်ငြိမ်သက်သွား၏။

            “သည်နေရာဟာ သင်နဲ့ကျွန်ုပ် အစွမ်းပြိုင်ရမယ့်နေရာပဲ” ခြင်္သေ့က စတင်ပြောသဖြင့်၊ အစွမ်းပြိုင်ပုံပြိုင်နည်းကို နဂါးမင်းက မေးရာ၊ ခြင်္သေ့က ရှင်းပြ၏။

“အခု အစာစားနေတဲ့ သတ္တဝါတွေကို ဟောသည်နေရာက နေရာ မရွှေ့ဘဲ သေအောင်လုပ်ရမယ်။ ကောင်ရေအများဆုံးသေအောင် လုပ်နိုင် သူက နိုင်တယ်လို့ သတ်မှတ်ရမယ်”

“ကောင်းပါပြီ။

 ခြင်္သေ့မင်းက စတင်ပြီး အစွမ်းပြပါ”

ခြင်္သေ့မင်းသည် မြေတွင်ဝပ်ပြီး လည်ဆံမွေးတွေထောင်သည်။ သို့သော် ချက်ချင်း အမွေးတွေ ပြန်လဲသွားသည်။

“အစွမ်းပြတာကို၊ သည်လို တစ်ပဲခြောက်ပြားနဲ့ပြရင် ပါသွား လိမ့်မယ်”

“ခြင်္သေ့မင်းက ဘယ်လိုလုပ်ချင်လို့ပါလိမ့်”

“အလောင်းအစားနဲ့မှ ကောင်းမယ်။

ဒါကြောင့် သင်ရှုံးရင် သင့် ဦးခေါင်းကိုဖောက်ပြီး၊ ဦးနှောက်ကို ကျုပ်စားမယ်။

 ကျုပ်ရှုံးရင်လည်း ကျုပ်ဦးနှောက်ကို သင်ကဖောက်စား။

သဘောတူလား”

“တူပါတယ်။ တူပါတယ်” ။

ခြင်္သေ့သည် နဂါး၏အဖြေကို ရလျှင် ကိုယ်ကိုညွတ်၏။ လည်ဆံ မွေးတွေ ထောင်ထအောင် မာန်သွင်းသည်။ အမြီးနှင့်မြေကြီးနှင့် ရိုက် လိုက်ရာက အားကုန်ဟောက်သည်။

ပြင်းထန်သော ဟောက်သံကြီးကြောင့်၊ သားကောင်တွေ နားကွဲ ပြီး သေလေ့ရှိသည်။ အကြောက်လွန်ပြီး သေသည်လည်းရှိသည်။ ယခု လည်း စားကျက်ထဲက သတ္တဝါတွေသေသည်။ သေသော်ငြား ချေသုံး ကောင်သာရှိသည်။

ခြင်္သေ့နှင့်နဂါးသည် စားကျက်ထဲ ဖရိုဖရဲဖြစ်သွားသော သတ္တဝါ တွေ ငြိမ်သက်သည်အထိ စောင့်သည်။ အေးအေးလူလူ အစာပြန်စား ကြချိန်တွင် နဂါးသည် ခေါင်းထောင်ပြီး မျက်စောင်းထိုးလိုက်သည်။ မျက်စောင်း၏ဒဏ် ပြင်းလွန်းရကား၊ သတ္တဝါတွေ၏ကိုယ်၌ မီးတောက် မီးလျှံများ ဖုံးလွှမ်းသည်။

မီးတောက်ကြီး ငြိမ်သက်သွားပြီ။ သတ္တဝါမည်မျှသေသေ သနည်း။ ရေတွက်ကြည့်ကြသည်။ သမင်ငါးကောင်၊ ဒရယ်ငါးကောင်၊ ချေဆယ်ကောင်။ | ရေတွက်ပြီးချိန်တွင် နဂါးမင်း၏ အောင်မြင်သော အသံကြီးပေါ် လာ၏။

“အမောင် ခြင်္သေ့မင်း၊ အစွမ်းပြိုင်ပွဲမှာ ဘယ်သူနိုင်သတုံး”

 “နဂါးမင်းနိုင်ပါတယ်”

“ဘယ်သူရှုံးသတုံး”

“ကျုပ်ရှုံးပါတယ် နဂါးမင်း။ ကျုပ်ခေါင်းကိုဖောက်ပြီး ဦးနှောက်ကို စားပါတော့”

ခြင်္သေ့သည် နဂါးရှေ့၌ဝပ်ပေးရာက ဆတ်ခနဲ ပြန်ထ၏။

“အသင် နဂါးမင်း။ ကျုပ် အချိန်တန်လို့ ရွှေဂူကို ပြန်မရောက်ရင် ကျုပ်သားလေးတွေ၊ သမီးလေးတွေ ဝမ်းနည်းပူဆာ ငိုကြွေးနေပါလိမ့် မယ်။

ဒါကြောင့် သူတို့အတွက် တစ်လစာလောက် အစာလည်းရှာပေး ရင်း၊ ဆွေမျိုးသားချင်းများကိုလည်း နှုတ်ဆက်ရင်းနဲ့ ခဏပြန်ပါရစေ”

“ခဏဆိုတာ ဘယ်လောက်တုံး”

“ခုနစ်ရက်တည်းပါ နဂါးမင်းရယ်။ သင့်မှာလည်း သားသမီး မယားနဲ့ ဆွေမျိုးညာတိတွေ ရှိမှာမို့၊ ကိုယ်ချင်းစာစေချင်ပါတယ်”

“ကောင်းပြီ။ ခုနစ်ရက်စေ့တဲ့နေ့ နံနက်ခါမှာ မောင်မင်းနဲ့ ငါတွေ့ခဲ့ကြတဲ့ ဂင်္ဂါမြစ်ကမ်းက ရေသဖန်းပင်အောက်ကို လာခဲ့ရမယ်”

“ကောင်းလှပါပြီ နဂါးမင်းခင်ဗျား”

နဂါးမင်းသည် ချက်ချင်းထွက်ခွာသွားငြား၊ ခြင်္သေ့မင်းမှာ ရုတ် တရက် မသွားဖြစ်သေး၊ ငူငူငိုင်ငိုင်ဖြစ်နေပြီးမှ မလှမ်းချင်လှမ်းချင် လှမ်း လျက် မိသားစုရှိရာ ဂူကြီးဘက်သို့ လှမ်းလာခဲ့သည်။

ခြင်္သေ့မင်းမှာ ယနေ့မှ ခုနစ်ရက် ပြည့်မြောက်သောနေ့၌ မုချသေ ရတော့မည်ကို သိထားရပြီမဟုတ်လား။ အဘယ်မှာ ရွှင်လန်းနိုင်ပါမည် နည်း။ ထိုအခြင်းအရာကို အခြားသတ္တဝါများ သတိမထားမိငြား၊ ယုန် မင်းရာဇာမူ ကောင်းစွာသိသည်။ ။

“အို အဆွေခြင်္သေ့မင်း၊ မရွှင်မပျ နှေးတိနှေးကွေးနဲ့ ဘယ်လို သောကဒုက္ခနဲ့ ရင်ဆိုင်လာရသတုံး။ သိပါရစေ”

အသံကြားတော့မှ ခြင်္သေ့မင်း တုံ့ရပ်သည်။ တောင်ပို့ပေါ်တွင် ဝပ်နေသော ယုန်မင်းရာဇာကို သတိထားမိသည်။

“မာနပေါ့ ဗျာ၊ မာနပေါ့” “ဘယ်လို မာနပါလိမ့်၊ သိပါရစေဗျာ”

“ဂင်္ဂါမြစ်မှာ ရေသောက်နေတုန်း နဂါးတစ်ကောင် ပေါ်လာသဗျ။ သူက တောင်းတောင်းပန်ပန် လုပ်ပေမယ့်၊ လောင်းကြေးစားကြေး အစွမ်း ပြိုင်ရမယ် စိန်ခေါ်မိတာ၊ ငါးပါးမှောက်ခဲ့ပြီကော”

ခြင်္သေ့မင်းသည် အဖြစ်အပျက်များကို မချန်မဉ္ဇင်းရှင်းပြရာက “ခုနစ်ရက်စေ့ရင် သေမယ်သိမှတော့၊ ဘယ်မှာ ရွှင်လန်းနိုင်ပါမတုံး ယုန်မင်းရာဇာရယ်” ဟု အဆုံးသတ်၏။

“တောပေါင်းသုံးထောင်ကို အစိုးရတဲ့ အသင်ခြင်္သေ့မင်းမရှိရင်၊ အကျွန်ုပ်တို့ တောသားသတ္တဝါတွေမှာ ကြီးနိုင်ငယ်ညှင်းဖြစ်ကုန်ကြမှာ ပေါ့၊ ခြင်္သေ့မင်းရယ်”

“မင်းမှာ သစ္စာ လူမှာကတိမဟုတ်လား။ ကျုပ်သစ္စာအပျက်မခံနိုင် ဘူး၊ ယုန်မင်းရာဇာရေ့”

“သစ္စာမပျက်၊ ကတိမယွင်းတဲ့နည်းကို ရှာကြံပြီး၊ ခြင်္သေ့မင်းရဲ့ အသက်ကို ကယ်ပါရစေ”

ခြင်္သေ့မင်းသည် ကုပ်နေသော အမြီးကို ထောင်၏။ ယုန်မင်းရာဇာ အား ဝမ်းပန်းတသာကြည့်၏။

“အဆွေယုန်မင်းရာဇာ တတ်နိုင်ရင် ကယ်တော်မူပါ။ သားမယား နဲ့တကွ တစ်သက်လုံး ကျွန်ခံပါ့မယ်ဗျာ”

“ဒီလိုဆိုရင် ငှက်တော်”ကို တွေ့အောင် ရှာပြီး၊ အကျွန့်ထံလွှတ် ပေးပါ။ အဲသည်နောက်မှာ ခြင်္သေ့မင်း စိတ်အေးချမ်းသာစွာနေပြီး၊ ခုနစ် ရက်စေ့တဲ့နေ့ကျမှ ဂင်္ဂါမြစ်ကို လာခဲ့ပေတော့”

“စိတ်ချယုန်မင်းရာဇာ။ ငှက်တော်ကို ရှာပေးပါမယ်”

သို့တစေ ငှက်တော်အား တွေ့ရှိရေးမှာ ယုန်မင်းရာဇာထင် သလောက် မလွယ်ကူပေ။ တောင်ပို့ပေါ်သို့ ယုန်မင်းရာဇာ လာရောက် စောင့်ဆိုင်းရာ နှစ်ရက်ကြာမှ ငှက်တော်ရောက်လာပေသည်။ “မင်းကွာ .. အချိန်တွေ အဟောသိကံဖြစ်ကုန်ပါပေကော” ယုန်မင်းရာဇာက ဆီးကြိုအပြစ်တင်သည်။ “ကျွန်တော် အဖော်ကောင်းလို့ ပင်လယ်ဘက်သို့ လိုက်သွားမိပါ တယ် ယုန်မင်းရာဇာရယ်။ အခုလည်း ခြင်္သေ့မင်းနဲ့ တွေ့တွေ့ချင်း ပြေး လာတာပါ။ ခိုင်းစရာရှိတာသာ ခိုင်းပါတော့”

“မင်း ဂဠုန်ကို သိသလား”

ငှက်တော် အတန်ကြာအောင် စဉ်းစားပြီးမှ “ကြားတော့ကြားဖူး တယ်၊ သိတော့ မသိဖူးခင်ဗျာ” ဟု ဖြေသည်။

“သူ ဘယ်မှာနေသတုံး”

 

ဤအမေးကိုလည်း ငှက်တော် ချက်ချင်းမဖြေနိုင်။ အတန်ကြာ အောင် စဉ်းစားပြီးမှသာ ဖြေနိုင်သည်။ “လက်ပံတောမှာနေတယ်လို့ ကြားဖူးသဗျာ” “အဲသည်ကို သွားကွာ” “အမယ်လေး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့” ငှက်တော်သည် အထိတ်တလန့် ထပျံပြီးမှ ပြန်နားသည်။

“ဂဠုန်ဆိုတာ အလွန်ကြီးမားတဲ့ငှက်ပါ ယုန်မင်းရာဇာရယ်။ သူ အတောင်ခတ်တာနဲ့ ကျွန်တော် အရိုးအသားတခြားစီဖြစ်သွားမှာပေါ့”

ဤစကားအဆုံးတွင် တမေ့တမော စဉ်းစားရသူမှာ ယုန်မင်းရာဇာ ဖြစ်၏။ သူသည် နဂါးကို ဖမ်းယူစားသောက်လေ့ရှိသော ဂဠုန်ကို အကူ အညီတောင်းခြင်းဖြင့် နဂါးကို အသေသတ်ရန် စိတ်ကူးထား၏။ ထို ဂဠုန်ထံလွှတ်ရန်မှာ ငှက်တော်ဖြစ်၏။ ငှက်တော်မှာ အပြောအဆို သိမ် မွေ့စွာ အပျံအသန်လျင်မြန်သောကြောင့်ပင်။

ယခုသော် တစ်မျိုးကြုံရတော့မည်။ ငှက်တော်က ဂဠုန်ထံ မသွားရဲဟု ဆိုနေသည်မဟုတ်လော။

“သည်တော့ သည်လိုလုပ်ကွာ” တမေ့ကြီးကြာမှ ယုန်မင်းရာဇာထံမှ အသံထွက်လာ၏။ “အမိန့်ရှိပါခင်ဗျာ”

“တောသုံးတောင်ရဲ့အရှင်သခင်၊ ကေသရာဇာ ခြင်္သေ့မင်းရဲ့ အကျိုး ကို ဆောင်ရမှာမို့ ပင်ပန်းတယ် သဘောမထားပါနဲ့ကွာ”

“မပင်ပန်းပါဘူးခင်ဗျာ။ ယုန်မင်းရာဇာဖြစ်စေချင်တာကိုသာ မိန့် ရှိတော်မူပါ”

“တောအနှံ့ တောင်အနှံ့ လျှောက်သွားပြီးတော့၊ သားတွေ ငှက် တွေကို ဖိတ်ကြားပါ။ အရှင်သခင် ခြင်္သေ့မင်းရဲ့ အသက်ကို ကယ်ဆယ်သောအားဖြင့်၊ ယနေ့မှ ငါးရက်မြောက်နံနက်မှာ၊ ဂင်္ဂါမြစ်ဆိပ် ရေသဖန်း ပင်ကို လာရောက်စုရုံးကြပါလို့ လိုက်လံအော်ဟစ်ပေးရမယ်”

" ကောင်းပါပြီခင်များ. "

“သေသေချာချာ မှတ်သွားနော်၊ ရက် မလွဲစေနဲ့”

“ယနေ့မှ ငါးရက်မြောက်နံနက်။ ဂင်္ဂါမြစ်ဆိပ် ရေသဖန်းပင်”

“အဲသလို လှည့်လည်ဆော်သြရင်းက၊ ငှက်ကြီးတုံးစပ်ကို ရှာကြည့် ပါ။

တွေ့ရင် ငါ့ဆီ အမြန်ဆုံးသွားဖို့ လွှတ်ပေး”

“ကောင်းပါပြီ၊ ယုန်မင်းရာဇာခင်ဗျား”

ငှက်တော်သည် လျင်မြန်စွာ ပျံတက်သွားလေ၏။ ယုန်မင်းရာဇာ မှာ ငှက်တော်ကို မမြင်ရတော့သော်ငြား “အိုသားအပေါင်း၊ ငှက်အပေါင်း တို့” အစချီသည့် ဆော်ဩသံကို ကြားနေရသဖြင့် ကျေနပ်နေ၏။ သို့ ရာတွင် အပြည့်အဝ မကျေနပ်နိုင်သေး။ ငှက်ကြီးတုံးစပ် ရောက်လာ သောအခါကျမှသာ ယုန်မင်းရာဇာမှာ ဟင်းချနိုင်တော့သည်။

ခြင်္သေ့မင်းနှင့်နဂါးမင်းတို့ ပြန်လည်ဆုံတွေ့ရကြရန် ကတိထား သောရက်သို့ ဆိုက်ရောက်လာချေပြီ။

ကျွဲ၊ နွား၊ အောင်း၊ တိုး၊ သမင်၊ ဒရယ်၊ ချေ။ စိုင်၊ ဆတ်၊ ဆင်၊ ဆိတ် စသော ခြေလေးချောင်းများ စောစီးစွာရောက်လာကြသည်။ ဖွတ်၊ ပတက်၊ တက်တူ၊ တောက်တဲ့၊ ကင်းလိပ်လျှော၊ ပုတ်သင်၊ လိပ်၊ ဖား၊ ဖြူး၊ သင်းခွေချပ် စသည့် အခေါင်းအောင်း သတ္တဝါများနှင့် ငှက်များ လည်း တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြ၏။

တောအနှံ့ တောင်အနှံ့မှ သားများ ငှက်များ ကုန်စင်အောင် လာ ကြသည့်အတွက်၊ ငှက်များနားစရာ သစ်ပင်မရှိတော့ပြီ။ ငှက်များမှာ ဆင်ကဲ့သို့သော အကောင်ကြီးများပေါ်တွင် နားကြရ၏။ မြေပြင်ပေါ် တွင် သတ္တဝါများဖြင့် ပြည့်နှက်နေသည့် နည်းတူ၊ တောင်ပံခတ်သံ၊တွန်သံ၊ အော်သံ၊ ဟိန်းသံများကြောင့် မြစ်ကမ်းလုံးညံနေ၏။

အမှုပွေသော ကေသရာဇာခြင်္သေ့မင်းသည် မြစ်ကမ်းမှ ခပ်လှမ်း လှမ်းတွင် ဝပ်နေ၏။ ငှက်ကြီးတုံးစပ်သည် သဖန်းရွက်များကြား၌ ပုန်း နေ၏။

ယုန်မင်းရာဇာကား နဂါးမင်း ဘွားခနဲပေါ်လာလျှင် အသင့်စောင့် ကြဖို့ရန်အတွက် မြစ်ကမ်းနဖူး၌ အသင့်စောင့်ဆိုင်းနေသည်။ ယုန်မင်း ရာဇာ ရေပြင်ကိုကြည့်နေစဉ်တွင် ဝဲကတော့ကြီးဖြစ်လာသည်။ “လာပြီဟေ့၊ အသင့်ပြင်ကြ”

ယုန်မင်းရာဇာ၏ အော်သံအဆုံး၌ ရေထဲမှ နဂါးကြီးပေါ်လာ၏။ အမောက်ထောင်ထောင် ပါးစပ်ပြဲပြဲ မျက်လုံးရဲရဲနှင့် နဂါးမင်းအား ယုန် မင်းရာဇာ ဆီးကြို၏။ ။

“ကျွန်တော်က ယုန်မင်းရာဇာဖြစ်ပါတယ်။ ငှက်အပေါင်း၊ သား အပေါင်းကလည်း မြင်ဖူးချင်လို့ စောင့်နေကြပါတယ်”

“ဪ ဟုတ်လား”

ထိုကဲ့သို့ တိုတောင်းစွာ နဂါးမင်းတုံ့ပြန်ရခြင်းမှာ၊ မသင်္ကာစရာ အသံကို ကြားရ၍ဖြစ်သည်။ သူကြားရသောအသံမှာ ဖျန်းဖျန်းဖျန်းဖျန်း ဂယောက်ဂလောက် အသံဖြစ်သည်။

“ကြွပါခင်ဗျာ။ နဂါးမင်းရဲ့ အစာလည်း အသင့်ဖြစ်နေပါပြီ” သို့သော် နဂါးက ရေထဲမှမတက်။ “အခုကြားနေရတာ ဘာသံတုံး အဆွေ”

နဂါး၏ အမေးကို ယုန်မင်းရာဇာက၊ နဂါး၏ နားနားသို့ကပ် လျက် လေသံဖြင့် တုံ့ပြန်၏။

“ဂဠုန်တစ်ကောင် ဟိုဘက်မှာရှိတယ်။ အဲဒါ သူ့ရဲ့ တောင်ပံခတ် သံနဲ့ သစ်ပင်ကို နှုတ်သီးနဲ့ပေါက်သံလေ”

 

 

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။