Skip to product information
1 of 2

Other Websites

စေတုတ္တရာချင်းလှထွန်း - မုန်းချောင်းရေပြာစေတုတ္တရာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဧရာဝတီမြစ်ထဲ စီးဝင်သော မုန်းချောင်းရေအလျှင်၏ စွမ်းအားများ

(သို့မဟုတ်) 

စေတုတ္တရာမြို့နယ်သမိုင်း

နိဒါန်း

          အိန္ဒိယနှင့် တရုတ်ကုန်းမြင့်မြေရိုင်းကြီးနှစ်ခုတို့၏ သဘာဝ အပိုင်းအခြားကြီးများကဲ့သို့ ရှိနေသော ဟိမဝန္တာနှင့်တိဗက်ကုန်းမြင့် ကြီးများမှ တောင်တန်း၊ တောင်စွယ်၊ တောင်စောင်း၊ တောင် လက်မောင်းများသည် မြန်မာနိုင်ငံအတွင်းသို့ လက်ချောင်းများ သဖွယ် သွယ်တန်းဆန့်တန်းလျက်တည်ရှိနေကြပေသည်။

          ယင်းတောင်တန်းကြီးများအကြား၌ မြန်မာနိုင်ငံ၏ မြစ်မကြီး များဖြစ်သော ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်တို့သည်မြောက်ဘက်မြင့်ရာမှ တောင်ဘက်နိမ့်ရာ အိန္ဒိယသမုဒ္ဒရာကြီး အတွင်းသို့ စီးဆင်းလျက်ရှိကြပေသည်။ ။

          ထိုမြစ်မကြီးများထဲသို့ လက်ယာလက်ဝဲ အဖက်ဖက်မှ စီးဝင် ကြသော မြစ်ငယ်၊ ချောင်းငယ် မြောက်မြားစွာတို့သည် သွေးကြော များသဖွယ် ရှိနေကြပေသည်။ ယင်းမြစ်ငယ်၊ ချောင်းငယ်တို့အနက်ဧရာဝတီမြစ်ကြီးအတွင်းသို့ အနောက်ရိုးမ (ရခိုင်ရိုးမ) ဘက်မှစီးဝင်သော ချောင်းများတွင် မုန်းချောင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။

          မုန်းချောင်းသည် မတူပီမြို့နယ် မော်လီးတောင်ခြေမှ စတင် ချောင်းဖျားခံ၍ တောင်ဘက်သို့ စီးဆင်းလာသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တောင်ပိုင်းကို ဖြတ်စီးလာကာ အပေါ်ရွာ အရောက် အရှေ့တောင်သို့ကွေ့လျက် တောင်ဘက်သို့ စေတုတ္တရာ မြို့နယ် အလယ်ပိုင်းတစ်လျှောက်မှ ဖြတ်ကျော်ကာ မြို့နယ်တောင်ပိုင်း တွင် အရှေ့တောင်ယွန်းယွန်းသို့ ကွေ့ဆင်းပြီး ပွင့်ဖြူမြို့နယ်တွင်းသို့ ဆက်လက်စီးဆင်းသည်။ ထိုမှတစ်ဆင့် ပွင့်ဖြူမြို့အနီး အရှေ့တောင် ဘက်တွင် ဧရာဝတီမြစ်မကြီးအတွင်းသို့ ပေါင်းဆုံစီးဝင်သွားလေ သည်။

          မုန်းချောင်းသည် စေတုတ္တရာမြို့နယ်ထဲတွင် လေးပုံသုံးပုံခန့် တည်ရှိပြီး မုန်းသူမုန်းသား စေတုတ္တရာနယ်သူနယ်သားများအား အလုပ်အကျွေးပြုလျက်ရှိနေလေသည်။ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ သွားရေးလာရေးရေအလျှင်ခွန်အားဖြင့် စေတုတ္တရာနယ်သားများ ကို အကျိုးပြုခြင်း၊ ယခုအခါ လျှပ်စစ်ဓာတ်အားကို ပင် ထုတ်ပေးခြင်းတို့ကို တွေ့ရှိရပေသည်။

          မုန်းချောင်းရေလျှင်ကဲ့သို့ စေတုတ္တရာမြို့နယ်သူမြို့နယ်သား များသည်လည်း မြန်မာနိုင်ငံ၏ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် စသောခေတ်များတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်ခဲ့ကြပေသည်။ ဤသို့ မြန်မာ့နိုင်ငံရေး ခေတ်အသီးသီးတွင် စေတုတ္တရာမြို့နယ်သားများ ပါဝင်ခဲ့ကြပုံကို ဤ “စေတုတ္တရာ” ဟူသောအမည်ဖြင့် ရေးသားတင်ပြထားပါသည်။

          စေတုတ္တရာမြို့နယ်သမိုင်းဟုဆိုရာ၌ စေတုတ္တရာမြို့နယ် အတွင်း နေထိုင်ကြသော လူမျိုးစုများ၏ထုံးဓလေ့၊ ယဉ်ကျေးမှုတို့ကို ထည့်သွင်းရေးသားခြင်းမဟုတ်ပါ။

          မြန်မာ့သမိုင်းဖြစ်စဉ်က ရိုက်ခတ်လိုက်သော မြန်မာ့နိုင်ငံရေး ရေလှိုင်းသည် ကမ်းခြေနယ်စပ်ဖြစ်သည့် သီချောင်ကျသော စေတုတ္တရာမြို့နယ်သို့ မည်သို့လွှမ်းမိုးခဲ့၍ စေတုတ္တရာမြို့နယ်သား များက မည်သို့တုံ့ပြန်ခဲ့သည်ဟူသော ပထဝီဝင်နိုင်ငံရေး (Geopolitics) ကိုသာ အဓိကထား၍ ရေးသားတင်ပြထားပါသည်။

          ဤစာစုပါ အဓိကကျသော ပေပုရပိုက်မှတ်တမ်းများသည် ဦးသောင်းရှိန်၏ကြိုးပမ်းစုဆောင်းမှုကြောင့် ရရှိခြင်းဖြစ်သည်။ ဦးသောင်းရှိန်သည် ကျောင်းဆရာ ပန်းချီရေးဆွဲတတ်သူဖြစ်ရာ မုန်းချောင်းနယ်မြေ၊ ထီးချောင်းမြေများရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၌ “ဗုဒ္ဓဝင်ကားများ၊ ကောသလအိပ်မက်ကားများ၊ ငရဲခန်းကားများ” ကို ရေးဆွဲရသည်။ သားသမီးလည်းမရှိ၊ ရိုးရိုး အေးအေးနေတတ်သော ဇနီးသည်ထံသို့ နွေကျောင်းပိတ်ရက်များ ပင် မပြန်ဘဲ ရွာဘုန်းတော်ကြီးကျောင်းများ၌ ရေးဆွဲနေလေ့ရှိ၏။ ပန်းချီဆွဲရင်း ရွာများ၌ရှိတတ်သော ပေပုရပိုက်များကို စုံစမ်း မေးမြန်းကာ မှတ်သားရေးကူးထားလေ့ရှိ၏။

          အထပြရာထူးဖြင့် အငြိမ်းစားယူပြီးနောက် ဇနီးက အရင် ဦးသောင်းရှိန်ကနောက်၊ သွေးတိုးရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပြီးနောက် ဦးသောင်းရှိန်၏နှမ(လတ်)ဖြစ်သူ ဒေါ်မူမူ (အထပြ) က သူမအစ်ကို၏ပုရပိုက်မှတ်တမ်း (လက်ရေး) စာအုပ်တစ်အုပ်ကို (ဦးသောင်းရှိန်၏ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ ကျောင်းဆရာလုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ၊ ပညာ တန်ဆောင်မဂ္ဂဇင်းစသည်တို့၌ ဆောင်းပါး၊ ကဗျာ၊ စာတိုစာစများ လည်းရေးသူ) ဤစာရေးသူထံလာအပ်သည်။ စာရေးရာမှာ အသုံးတည့်ပါက အသုံးပြုရေးသားပါဟု လွှဲအပ်သည်။ ထို့ပြင် ဦးသောင်းရှိန်သည် တပွင်ရဲတိုက်ပိုင် သူရဦးစ၏မြေးတော်စပ်၏။

          သို့ဖြစ်၍ သူရဦးစအကြောင်း တစ်စွန်းတစ်စဖော်ပြရင်း သူငယ်ချင်းဦးသောင်းရှိန်၏ ကြိုးပမ်းမှတ်တမ်းပြုစုခဲ့ခြင်းတို့ကို ဖော်ထုတ်ပေးသည့်အနေဖြင့် သူ၏ပေပုရပိုက်မှတ်တမ်းများကို အခြေခံကာ မိမိစုဆောင်းမိသမျှ စာတိုစာစုတို့ကို ပေါင်းစပ်၍ ဤစာစုကို ပြုစုတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ။

          စေတုတ္တရာသမိုင်းရေးသားကြသည့် အနည်းငယ်မျှသော မြန်မာစာစုတို့၌ “မင်းဇေယျခေတ္တရာက စေတုတ္တရာမြို့တည်ပုံ” ကိုသာ ရေးသားကြ၏။ ယခုစာစုတွင် ကုန်းဘောင်ခေတ်သူကြီး ရာထူးဆက်ခံပုံ၊ စစ်ရေးတွင်ပါဝင်ခဲ့ကြပုံ၊ ကိုလိုနီခေတ်ဦး နယ်ချဲ့ ဆန့်ကျင်ရေး၌ ပါဝင်ခဲ့ပုံ၊ မျက်မှောက်ခေတ် ပြည်တွင်းစစ်၏ အနိဌာရုံများ၊ သူရဦးစ၏အသက်စွန့်၍ တိုက်ပွဲဝင်ခဲ့ပုံတို့ကို မြန်မာ့သမိုင်းနိုင်ငံရေးရေလှိုင်း၌ မျောပါချီတက်ခဲ့ကြသူများ ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

အခန်း (၁) 

စေတုတ္တရာမြို့နယ်၏ ပထ၀ီoင်အနေအထား

တည်နေရာနှင့် အကျယ်အဝန်း

          စေတုတ္တရာမြို့နယ်သည် မြောက်လတ္တီကျု ၂၀ ဒီဂရီ ၁၇ မိနစ်မှ ၂၀ ဒီဂရီ ၅၇ မိနစ်အကြား၊ အရှေ့လောင်ဂျီကျု ၉၃ ဒီဂရီ ၄၉ မိနစ်မှ ၉၄ ဒီဂရီ ၁၉ မိနစ်အကြားတွင်တည်ရှိသည်။ ရေမျက်နှာပြင်အထက် ၃၂၀ ပေအမြင့်တွင်ရှိသည်။ မကွေးတိုင်း အတွင်းရှိသည့်မြို့နယ်များအနက် အနောက်ဘက်အစွန်ဆုံးမြို့နယ် တစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊

တောင်ဘက်တွင် ငဖဲမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ ရခိုင်ရိုးမ၊ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်၊

မြောက်ဘက်တွင် ဆောမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ယင်းသို့ ထိစပ်လျက်ရှိသည့် နယ်နိမိတ်၏အလျားများမှာ စလင်းမြို့နယ်နှင့် ၂၅ မိုင်၊ ပွင့်ဖြူမြို့နယ်နှင့် ၂၀ မိုင်၊ ငဖဲမြို့နယ်နှင့် ၁၄ မိုင်၊ ရခိုင် ပြည်နယ်နှင့် ၄၄ မိုင်၊ ချင်းပြည်နယ်နှင့် ၃၈ မိုင်၊ ဆောမြို့နယ်နှင့် ၁၉ မိုင်၊ စုစုပေါင်းနယ်နိမိတ်အလျား ၁၆၀ မိုင်ရှည်လျားပါသည်။

စေတုတ္တရာမြို့နယ်သည် အရှေ့မှအနောက် ၂၅ မိုင်၊ တောင်မှမြောက်သို့ ၇၅ မိုင်ရှိပါသည်။ အကျယ်အဝန်းမှာ ဧကအားဖြင့် ၆၉၃၂၈၃၊ စတုရန်းမိုင်အားဖြင့် ၁၀၈၃ ဒသမ ၂၅၄ ကျယ်ဝန်းပါသည်။

မြေမျက်နှာသွင်ပြင်

စေတုတ္တရာမြို့နယ်သည် ပြန့်ပြူးညီညာသည့်လွင်ပြင်၊ ကြီးမားကျယ်ပြန့်သည့် ကုန်းမြင့်လွင်ပြင်များ၊ ချိုင့်ဝှမ်းကြီးများ မရှိပါ။ မုန်းချောင်းနှင့် ယင်း၏ချောင်းလက်တက်များအနီးတွင်သာ မြေနိမ့်လွင်ပြင်ငယ်များရှိပါသည်။ မုန်းချောင်းကပင်လျှင်တောင်ကျချောင်းဖြစ်၍ မြေနိမ့်လွင်ပြင်အနေဖြင့် အရှေ့မှအနောက် သို့ တစ်မိုင်အပြည့်ရှိသည့်နေရာ နည်းပါးပါသည်။ စေတုတ္တရာမြို့ အရှေ့ဘက်နှင့်တောင်ဘက် မုန်းချောင်းနှင့်ဆီမီးချောင်းဆုံရာ၊ မြောက်ပိုင်းတွင် ဒွေးချောင်းနှင့် မုန်းချောင်းဆုံ ရာဒေသ၊ အောင်းချောင်းနှင့်မုန်းချောင်းဆုံရာဒေသတို့တွင်သာ အနည်းငယ် ကျယ်ဝန်းပါသည်။

          တောင်များ

စေတုတ္တရာမြို့နယ် မြေမျက်နှာပြင်အနေအထားမှာ တောတောင်ထူထပ်ပေါများလျက် ရခိုင်ရိုးမတောင်တန်းသည် မြို့နယ်၏အနောက်ဘက်ခြမ်း၌ မြောက်မှတောင်သို့ သွယ်တန်းလျက် ရှိသည်။ ယင်းတောင်တန်းဒေသ၏ အကျယ်အဝန်းဧရိယာမှာ တစ်မြို့နယ်လုံးဧရိယာ၏ ထက်ဝက်ခန့်ရှိပါသည်။ တောင်တန်း များ၏အမြင့်မှာ ပျမ်းမျှပေ ၃၀၀၀ ကျော်ရှိသည်။ ပေ ၄ဝဝဝ

ကျော်မှ ပေ ၆ဝဝဝ ကျော်အထိ မြင့်မားသောတောင်ထွတ်များ ရှိသည်။ ထင်ရှားသောတောင်မြင့်များကို မြောက်မှတောင်သို့ အစဉ်လိုက် အောက်ပါအတိုင်းတွေ့ရပေသည်။

           ကြက်မောက်တောင် - အပေါ့ရွာ အနောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိသည်။ ၃၁၇၈ ပေမြင့်သည်။

           မင်းတောင်           - ချီကျေးရွာ၏အနောက်ဘက် ၁၃ မိုင်ခန့် အကွာတွင် ရှိပြီး ၅၄၇၂ ပေ

မြင့်သည်။ 

          ဆီဆုံလည်တောင် 

- ချီကျေးရွာ၏အနောက်တောင်ဘက်၁၁ မိုင်ခန့်အကွာ မင်းတောင်၏ အရှေ့ဘက်တွင်ရှိသည်။ ၄၁၇၂ ပေမြင့်သည်။ 

ကျောက်စမ်းတောင် 

- အရပ်အခေါ် ကျောက်ချွန်းတောင်ဖြစ်၍ စေတုတ္တရာမြို့အနောက်စူးစူး ၁၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ၆၁၉၆ ပေမြင့်၍ စေတုတ္တရာမြို့နယ်တွင် တတိယအမြင့်ဆုံးတောင်ဖြစ်သည်။ ငွေတောင် - စေတုတ္တရာမြို့၏အနောက်ဘက်၊ကျောက်ချွန်းတောင်၏တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။၅၄၄၃ ပေမြင့်သည်။

 

သနွဲ့တောင်

- သက်လယ်ရွာ၏အနောက်မြောက် ဘက် ရှစ်မိုင်ခန့်အကွာတွင် တည်ရှိ သည်။ ၅၇၆၄ ပေမြင့်သည်။ 

 

စွန်တောင်

- သနွဲ့တောင်၏တောင်ဘက် နှစ်မိုင် ခန့်အကွာ သက်လယ်ရွာ၏ အနောက် စူးစူးတွင်ရှိပြီး ၆၅၂၇ ပေ မြင့်သည်။ စေတုတ္တရာမြို့နယ်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ အရပ်က ချွန်းတောင် ဟုခေါ်ကြသည်။ 

 

ငန်းဖြူတောင်

- မွန်ဇော်ရွာ၏အနောက်ဘက် ဆယ်မိုင် ခန့်အကွာတွင်ရှိပြီး ၆၂၈၀ ပေ မြင့်သည်။ စေတုတ္တရာမြို့နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည်။ 

 

အဘိုးကြီးတောင်

- ဖအိုင်းကျေးရွာ၏အနောက်တောင် ဘက် ၁၄ မိုင်ခန့်အကွာ ငဖဲမြို့နယ် နယ်စပ်တွင်ရှိသည်။ ၅၄၂၅ မိုင် မြင့်သည်။ 

 

နွားမတောင်

- စေတုတ္တရာမြို့နယ်၏ အရှေ့ဘက် ခြမ်းတွင် ငဖဲမြို့နယ်မှ ပခုက္ကူမြို့နယ် အထိ ပေ ၁၅ဝဝ ခန့်မြင့်သည့်တောင် ရိုးတန်းဖြစ်သည်။ 

 

ပုန်းတောင်

- ဆောမြို့နယ်တောင်ဘက်မှအစပြုကာ နွားမတောင်အနောက်ဘက် ထီးချောင်းနှင့်မုန်းချောင်းအကြား တောင်နှင့်မြောက်သွယ်တန်းနေသော တောင်တစ်ခု ဖြစ် သည် ။ တပွင်ရွာအရှေ့မြောက်ဘက် နွေမိုးဆောင်းရေရှင်သည့် ကန်တောင်သည် ပေ ၁၀၂၈ မြင့်သည်။ စေတုတ္တရာ မြို့တည်သမိုင်းနှင့် လောင်းရှည်မြို့ တည် သမိုင်းစာချွန် တော် တွင် နယ်ခြားဒေသ နတ်ရေကန် ဟူ၍ ဖော်ပြထားသည်။

 

 

___________________________________________________________________

၁။ မြို့နယ်ဖြစ်စဉ်မှတ်တမ်း၊ စေတုတ္တရာမြို့နယ်၊ မကွေးတိုင်း၊ (၄-၄-၁၉၇၉)

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)