Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

စေတနာလှိုင်(ရေစကြို) - ချင်း၊ရှောက်၊ဆင်တုံးမနွယ်နှင့်ဆေးဖက်၀င်အညွှန်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

ချင်း၊ ရှောက်၊ ဆင်တုံးမနွယ် နှင့် ဆေးဖက်ဝင်အသုံး

          ချင်းသည် ရေစီးရေလာ ကောင်း၍ သဲဆန်သောမြေကို နှစ် သက်၏။ စိုထိုင်းဆ များသော ရာသီဥတုကို ကြိုက်၏။ အငန်ဓာတ် (Alicaline) အနည်းငယ် ပါသော မြေ၌ စိုက်ပျိုး၍ သဘာဝ မြေသြဇာ ထည့်လျှင် ပိုမို ဖြစ်ထွန်းသည်။

ချင်းသမိုင်း

          ချင်းကို ပါပါဠိဘာသာအားဖြင့် အဒ္ဒယ၊ သိင်္ဂဝေရ၊ မဟောသဓ ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ ယင်းတို့တွင် မဟောသဓ ဆိုသည်မှာ ချင်းခြောက်ကို ဟောခြင်းဖြစ်ရာ ယင်း ယင်းမဟောသဓ ပါဠိကိုထောက်၍ မဟောသဓ ဇာတ်တော်လာ ဘုရားလောင်း မဟောသဓ သုခမိန် ဖွားစဉ်က လက်၌ကိုင်လျက် ပါလာသော နတ်ဆေးလုံး ချင်း ခြောက် ဖြစ်ရမည်ဟု ပညာရှင်အချို့က ယူဆကြသည်။

ချင်းနှင့်ပတ်သက်၍ ဘုရား မပွင့်မီက ပေါ်ပေါက်ခဲ့သည့် အလွန်ရှေးကျသော စရက သုဿုတ စသော ကျမ်းကြီးများ၌လည်း ချင်းအကြောင်း ပါရှိသည်။ ထို့ကြောင့် ချင်းသည် ဘုရား မပွင့်မီ လွန်ခဲ့

သော နှစ်ပေါင်း ၅ဝဝဝ ကျော်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆရပေ သည်။ သုတေသီတို့၏ လေ့လာချက်အရ ချင်းပင်သည် အရှေ့တောင် အာရှဒေသများ၌ စတင် တွေ့ရှိခဲ့သည် ဆို၏။ ရှေးဟောင်း ကမ္ဘာ့သမိုင်း ၌လည်း ရောမခေတ် မတိုင်မီကပင် အာရပ် ကုန်သည်တို့သည် ချင်းကို အရှေ့ဘက် တိုင်းပြည်များမှ အာရှမိုင်းနားသို့ ယူဆောင်ခဲ့ကြကြောင်း နှင့် ထိုမှတစ်ဆင့် အနောက် ဥရောပသို့ တင်ပို့ရောင်းချခဲ့ကြောင်း ဖော်ပြ ပါရှိသည်။

          အချို့ကမူ ခရီးသည်ကြီး မာကိုပိုလို (၁၂၈၀-၉၀)သည် ချင်း ပင်ကို အိန္ဒိယနှင့် တရုတ်ပြည်တို့တွင် စတင်တွေ့ရှိပြီး၊ ၁၂၉၂ ခုနှစ်၌ ဂျွန်မွန်တီကာဗီနို (Johnof Montelorvino) သည် အိန္ဒိယသို့ ရောက်သဖြင့် ချင်းမျိုးယူလာကာ အခြားတိုင်းပြည်များသို့ ပေးပို့ရာမှ ပျံ့နှံ့သွားသည် ဆို၏။ ထို့ပြင် မာရိနိုဆနုဒို (Marino Sanado) ၁၃ဝ၆ ခုနှစ်က ရေးသောမှတ်တမ်း၌မူ ဗင်းနစ်မြို့သားတို့သည် အိန္ဒိယပြည်မှ ချင်းကို အီဂျစ်ဘက် မှလည်းကောင်း၊ ပင်လယ်နက်ကမ်းမှ လည်းကောင်း၊ ယူဆောင်လာ ကြောင်း ဖော်ပြထား၏။

          ရုက္ခဗေဒ ပါရဂူတို့၏ အဆိုအရမူ ချင်းသည် အလေ့အကျ ပေါက် ပင်မျိုး မဟုတ်ဘဲ အရှေ့တောင်အာရှဒေသများ၌သာ စတင်တွေ့ရှိခဲ့ သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယပြည်နှင့် တရုတ်နိုင်ငံ တို့၌ အလွန်ရှေးကျသော အချိန်ကပင် ချင်းခြောက်နှင့် ချင်းစိမ်းတို့ အရောင်းအဝယ် လုပ်ခဲ့ကြောင်းကို သက္ကတ ဘာသာ စာပေကျမ်းဂန် များ၌ တွေ့ရသောကြောင့် ဖြစ်သည်။

ရှည်ကြာခဲ့သော ချင်းအသုံး

          တရုတ်နိုင်ငံ ဟန်မင်းဆက် (အေဒီ ၂၅-၂၂၀)တွင် ရေးသား ပြုစုသော ဆေးကျမ်းများ၌ ချင်းကို ထိုအချိန်ကပင် ဆေးဝါးအဖြစ် သုံးခဲ့ကြောင်း ဖော်ပြထားသည်။ အင်္ဂလန်နိုင်ငံ အဋ္ဌမမြောက် ဘုရင် ဟင်နရီ လက်ထက်တွင်လည်း ချင်းကို ပုလိပ် ရောဂါကုဆေး ဖော်စပ်ရာ၌ သုံးခဲ့ သည်။

          ခရစ်နှစ် ၁၄၄၂ ခုနှစ်က အိန္ဒိယပြည်ကို အုပ်ချုပ်ခဲ့သည့် အက္က ဘတ် ဘုရင်သည်ကား ချင်းကို အလွန်နှစ်သက်သဖြင့် မိမိစားသုံးသော ဟင်းလျာတိုင်း ချင်း အမြဲတမ်း သုံးစေခဲ့သည်။ သူသည် ထမင်းချည်း သက်သက် စားသုံးရာမှာပင် ချင်း ထမင်းကိုသာ စားလေ့ရှိသည်။

          ချင်းနှင့် ပတ်သက်၍ ဦးတိုး၏ ရာမရကန်၌ “မကန့်ကွက် တိမ် လိပ်နှင့် နေရိပ်သည့် တိမ်ကွက်က၊ ချင်းစိမ်းထက် တိမ်ပြာညို၊ လိမ့်ကာ လိမ့်ကာနှင့် ရှစ်မျက်နှာလမ်းဆုံမြို့” ဟူ၍ ချင်း၏ သွင်ပြင် လက္ခဏာများ ရေးဖွဲ့ ထားသည်ကို တွေ့ရသည်။

          ထို့ပြင် ကျေးလက် တေးကဗျာများ၌လည်း “အိမ်တောင်ကမူ မိဿလင်နှင့် ချင်းပင်နှင့်။ မိဿလင်နှင့် ချင်းကို လိုလျှင်၊ ဝါဆိုငယ်မှ ဝါဦး မြေနူးနူးမှာ၊ တူးလှည့်ပါရှင်” ဟူသော ဖွဲ့ဆိုမှုများကိုလည်း တွေ့ရ၏။

          ထို့ကြောင့် မြန်မာတို့၏ ချင်း အသုံးမှာလည်း ရှည်ကြာခဲ့ပြီ ဖြစ်ကြောင်း မှန်းဆနိုင်သည်။

ချင်း စိုက်ပျိုးရာ ဒေသများ

          ချင်းကို အာရှတိုက် နိုင်ငံ အတော်များများ၌ စိုက်ပျိုးကြသည်။ ဂရိနှင့် ရောမ လူမျိုးတို့သည် ချင်းကို အာရှတိုက် ကုန်သည်ကြီးများထံ မှ တစ်ဆင့် ဈေးကြီးပေး၍ ဝယ်ယူ သုံးစွဲကြသည်။ ။

          နောက်ပိုင်း၌ ချင်းသည် အိန္ဒိယကျွန်းစု၊ တောင်အမေရိက တိုက်၊ အာဖရိကတိုက် အနောက်ပိုင်း၊ သြစတြေးလျတိုက်များသို့ ရောက် သွားသည်။ ထိုမှတစ်ဆင့် တရုတ်၊ အနောက်အိန္ဒိယကျွန်းစု၊ အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့အထိ ပျံ့နှံ့သွားသည်။

          မြန်မာနိုင်ငံတွင် ချင်းကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက် ပိုင်း၊ အရှေ့ပိုင်း၊ ချင်းပြည်နယ်တို့၌ အများဆုံး စိုက်ပျိုးကြသည်။ ယခု အခါ မြန်မာနိုင်ငံမှ ထွက်ရှိသော ဩဂဲနစ် (Organic) ချင်းများကို ဂျာမနီ နိုင်ငံသို့ပင် တင်ပို့ရန် စီစဉ်နေသည်။

ချင်း အမျိုးအစားများ

          မြန်မာနိုင်ငံ၌ ချင်း ရှစ်မျိုး တွေ့ရသည်။ ယင်းတို့မှာ

၁။           ရိုးရိုးချင်း (လူအများ သုံးစွဲနေသောချင်း) အချို့က မြန်မာ ချင်းရိုင်းဟုလည်း ခေါ်ကြသည်။

၂။          ချင်းမင်း (ရိုးရိုးချင်းမှ ထွန်းသောချင်း)

၃။          ချင်းပျံ (အပင်၌ တွယ်ပေါက်သောချင်း)

၄။          ချင်းခါး (အခါးမျိုး) မြန်မာ အဘိဓာန်၌ ကြက်ဟင်းခါးဟု ဖွင့် ဆိုသည်။

၅။          ချင်းဆူးပေါက် (ဥ၌ ဆူးပါသော ချင်း)

၆။          ချင်းမြစ် (ဥမှ အမြစ်များ မြေပေါ်သို့ တက်နေသော ချင်း)

၇။           ချင်းခြောက် (ဆေးဝါး ဖော်စပ်ရာ၌ သုံးသည့် ကမ္ဘာသုံး ချင်း)

          တို့ ဖြစ်ကြသည်။

          အချို့ ဆေးကျမ်းများ၌ ချင်းစိမ်း၊ ဆင်ချင်း၊ ချင်းတောင်မွေး စုတ်၊ ချင်းယား၊ ချင်းယားဖြူ၊ သင်္ဘောချင်း ဟူ၍လည်း အမျိုးမျိုး ပြဆို ထား၏။ အချို့မှာ မျိုးတူ အမည်ကွဲများ ဖြစ်နိုင်သည်။ ။

          မြန်မာ့တိုင်းရင်းဆေးများ၌ “ချင်းဖီး” “ချင်းပြီး” ဟူ၍လည်း တွေ့ရ၏။ သီးသန့်ချင်း တစ်မျိုး မဟုတ်ပေ။ ၎င်းနှစ်မျိုး အခေါ်အဝေါ် ကွဲသော်လည်း အတူတူ ဖြစ်၏။

          သရကောမုဒိ ဆေးကျမ်း၌ “ချင်းပြီး” ဟူသည် အဆိပ်၊ မြွေ ဆိပ်၊ သစ်ပင် ကို့မှဖြစ်သော အဆိပ်တစ်ပါးပါးကို ဆိုလိုကြောင်း ဖော်ပြ ထားသည်။

          အချို့ “တရိကဠုက်၊ ငရုတ်ချင်းပြီး၊ ပိတ်ချင်းသီးက၊ စသည် အစုတ်၊ နာငုတ်တူး၊ ဆေးထိုထိုက၊ အချို အခါး၊ ဖော်၍စားက၊ လေးပါး ဓာတ်ဝေ၊ သည်းခြေ လိပ်၊ ပျောက်နှိပ်မဆန်၊ ငြိမ်းမြဲမှန်တည်း” ဟူသော ပါရမီခန်း (၁၂၈)ကို ဖောက်၍ လည်းကောင်း၊

          “ချင်းဖီး ငရုတ်၊ ကရိကဠုက်၊ အက်ထုတ် ကရဝေး” ဟူသော မဃဒေဝ (၅၀၅)ကို ထောက်၍လည်းကောင်း၊ “ချင်းဖီး” “ချင်းပြီး” ဟူသည် ချင်း သို့မဟုတ် ချင်းတက်ကိုသာ ယူလိုကြသည်။ မူရင်း ဝိပသျှ သဒ္ဒါအရ အနက်အဓိပ္ပာယ် အမျိုးမျိုး ကောက်ကြခြင်း ဖြစ်သည်။

ချင်း စိုက်ပျိုးပုံ         

          ချင်းသည် မြေပွ၊ သဲမြေ၊ အောက်သို့ အမြစ် နက်ရှိုင်းစွာ ဆင်း သွားစေနိုင်သော မြေမျိုးကို ကြိုက်နှစ်သက်၏။ ရေနှင့်နီးသော မြေကို နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မလိုလားပေ။

          ချင်း စိုက်မည့်မြေကို တန်ခူးလ၌ ထယ်ရေးဝင်၍ မြေစာခဲများ ကြေမွအောင် ခြေဖို့ လို၏။ ထို့နောက် မြေသြဇာထည့်၍ တစ်လခန့်ကြာ သောအခါ ထယ်ရေး ထပ်ဝင်ဖို့ လို၏။ မြေဆွေးကို စိုက်ပြီး တစ်ကြိမ်၊အပင် ဖြစ်ထွန်းလာချိန်၌ တစ်ကြိမ် ထည့်ပေးရသည်။ ချင်းကို မိုးဦးကျ ချိန်တွင် စိုက်ရန် သင့်၏။

          စိုက်ရာ၌ အတက်များကို အဖျားအဖူး တစ်ဖူးစီပါအောင် ဖဲ့၍ ၁၈ လက်မမှ ၃၆ လက်မအကွာ အတန်းများ၌ တစ်ပင်နှင့်တစ်ပင် ကိုးလက်မ အကွာအဝေး ထား၍ နှစ်လက်မခန့် မြုပ်အောင် စိုက်ရ၏။

          တပို့တွဲ တပေါင်းလများ၌ အပင်မှ ဥ(အတက်)များ ထွက်လာ ပြီး အပင် ရွက်ချလျှင် တူးဖော်နိုင်ပြီ ဖြစ်၏။ တစ်ဧကလျှင် ချင်းတက် ပိဿာ ၅ဝခန့် စိုက်နိုင်၍ ချင်းတက် ပိဿာ ၁ဝဝ စိုက်လျှင် ချင်းပိဿာ ချိန် ၄၀၀ နှင့် ၅ဝ ကြား၌ ရရှိနိုင်သည်။

ပဉ္စကူ ငါးပါးတွင် ပါဝင်သောချင်း

          အချို့ တိုင်းရင်းဆေးဝါးများကို ဖော်စပ်ရာ၌ ပဉ္စကူ ငါးပါးဟူ ၍ ပါရှိသည်။

          ပဉ္စကူ ငါးပါး ဟူသည်မှာ -

၁။          ပိတ်ချင်းသီး

၂။          ပိတ်ချင်းမြစ်

၃။          ချင်း

၄။          စရို

၅။          ကန့်ချုပ်          တို့ ဖြစ်ကြသည်။

          ပဉ္စကူလ (ပါဠိ) = ငါးပါး အစုဟူ၍ အဓိပ္ပာယ် ရသည်။ ထို့ကြောင့် စွယ်စုံ (၁၄၅) ၌ -

          “ပိတ်ချင်းသီးမှ မြစ်၊ ချင်းစစ်, စရို၊ ကန့်ချုပ်ကို ခေါ်ဆို ပဉ္စကာ” ဟု စပ်ဆိုသည်။