Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

စိန်စိန် - ရှုမဝမဂ္ဂဇင်း၀ထ္ထုတိုများ(၃)

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
မအေးစိန်တို့အလှူ

          

          “ကျောင်း ရေစက်ချပွဲက ရှင်ပြု ရဟန်းခံပါတွဲပါသတဲ့”” ဟူသော သတင်းကို အညာစုရပ်ကွက်တွင် ဝမ်းသာအားရ အိမ်တိုင်းက ပြောဆိုနေကြ သည်။

           “ထမင်းဟင်းလည်း ကျွေးမှာတဲ့၊ မုန့်ဟင်းခါးလည်း ကျွေးဦးမှာ တဲ့” ဟူသော စကားကို စားချင်သောက်ချင်သူတို့က ရွှင်မြူးစွာ နောက် ဆက်တွဲ ပြောလိုက်ကြသေး၏။

           “စိန်ပါတီတို့ အငြိမ့်လည်း ပါသေးသတဲ့...”

           အပျော်အပါးကို တောင့်တနေကြသော လူပျိုကာလသားများ၊ လုံမ ပျိုများက ရွှင်လန်းအားရ အချင်းချင်း သတင်းလွှင့်နေကြသည်ကလည်း ပြောလို့မဝနိုင်၊ ကြားလို့ မမုန်းနိုင် ဖြစ်နေကြသည်။

           အချိန်ကား ... ဂျပန်ခေတ် စစ်ကာလ ခေတ္တအေးငြိမ်းနေခိုက် အခါက ဖြစ်၏။ နေရာကား... ရန်ကုန် ကမာရွတ်၊ ၆-မိုင် ခြံအတွင်းနေ အညာစု ရပ်ကွက်၌ ဖြစ်သည်။

           ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထုံးစံမှာ အလှူတစ်ခုခု ပြုရလျှင် တိတ်တိတ်ဆိတ်ဆိတ် ခြောက်ကပ်ကပ်နှင့် သဘောကျလေ့မရှိသည်က မူတစ်ခုကဲ့သို့ ဖြစ်နေ၏။

           ဘုန်းကြီးအတွက် ကျောင်းဆောက်လှူရာတွင် ကျောင်းပြီး၍ ဘုန်းကြီး တက်ရောက် သီတင်းသုံးနေပြီဖြစ်သော်လည်း မပြီးချင်ကြပေ။ ကျောင်း ရေစက်ချပွဲ၊ ကျောင်းသာဓုခေါ်ပွဲ ဟူ၍ ပြုလိုကြသေး၏။ သဘောသွားမှာ အလှူဟူသည့် ပွဲကလေးတစ်ခုခုတော့ လုပ်လိုက်ရမှ ကျေနပ်လေ့ရှိကြသော မြန်မာတို့ ထုံးစံဟု ဆိုရပေမည်။

           အလှူရေစက် လက်နှင့်မကွာဟူသော ရှေးပါရမီရှင်တို့၏ စိတ်ရင်း ကဲ့သို့ သဘောထားပေလောဟု ယူဆလိုက ယူဆနိုင်ပါ၏။ သို့ရာတွင် ရံခါ တွေ့ကြုံရတတ်သည်ကား ချီးမွမ်းရန်ထက် စားပွဲသောက်ပွဲ ပျော် ရွှင်ပွဲတို့က လွှမ်းမိုးသွားတတ်လေရာ ပုထုဇဉ်တို့ဘာဝ လိုလားတတ်ကြသော ဓလေ့တစ်ခုဟုသာ ဆိုရန်ရှိပေသည်။ သို့ရာတွင် ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝ၊ စိတ်လည်း ပျော်ရွှင်ရအောင် ပြုလုပ်တတ်ကြသော လူမျိုးများပေ-ဟု ထုံနေသော စရိုက်ကို မစွန့်နိုင်ကြောင်း ဖော်ပြရာရောက်ခြင်းသာ ဖြစ်၏။

           ကျောင်းသာဓုခေါ်ပွဲ လုပ်ကြမည်ဆိုသော်လည်း ကျောင်းကား ဧရာမ အုတ်တိုက်ကြီး မဟုတ်ပါ။ သွပ်မိုး ပျဉ်ထောင်ကာ နှစ်ထပ်ကျောင်းကြီး လည်း မဟုတ်ပါ။ ခြူးပန်းခြူးနွယ်တွေနှင့် စမုတ်ဆောင်များ ဝေဆာနေသော ပြသာဒ်ကျောင်းလည်း မဟုတ်ပါ။ ကျယ်ပြန့်လှသော တစ်ထပ်ကျောင်းကြီး လည်း မဟုတ်သေးပါ။

           လက်တွေ့မြင်ရသော ကျောင်းမှာ... ဓနိမိုး ဝါးထရံကာ ပျဉ်ခင်း ထားသော ကျောင်းငယ်မျှသာ ဖြစ်၏။ သူ့ခေတ်နှင့်သူ့အခါ ရဟန်းတော်များ ဝါဆိုရန်အတွက် ဆောက်လှူလေ့ရှိကြသော ဝါဆိုတဲကျောင်းငယ်မျှဟု ဆိုရပေမည်။

           ကျောင်းထိုင်ပုဂ္ဂိုလ်မှာ သာသနာရေးရာတွင် နိုင်ငံကျော်လျက်ရှိသော ဆရာတော် ဦးဥတ္တမစာရ ဖြစ်၏။ ကျောင်းဆောက်လုပ် လှူသူကား ရပ်ကွက် ခေါင်းဆောင်လူကြီး၊ ဆရာတော်၏ အစ်ကိုဝမ်းကွဲ ဒါယကာကြီး ဦးလွန်းရံ ဖြစ်သည်။ ဦးလွန်းရံသည် ရပ်ရွာပေါင်းစု အများကောင်းမှုအဖြစ် ခေါင်း ဆောင်၍ ဆောက်လုပ်ခြင်း ဖြစ်သောကြောင့် ရွာသားအများကောင်းမှု ဘုံ ကျောင်းကလေးမျှသာ ဖြစ်၏။

           ဤသည့် ရပ်ရွာကောင်းမှု ဓနိမိုး တဲကျောင်းကလေးကိုပင် ရေစက်ချ ပွဲ လုပ်လိုကြပါသေးသည်ဟု မူးစုပဲစု စေတနာရှင်များက ပွဲတောင်းနေကြ ပြန်သောကြောင့်၊ ရပ်ရွာခေါင်းဆောင် ဦးလွန်းရံသည် သံဃာအားကို ဘုရား မဆန်သာ၍ လိုက်လျောရ၏။ ရပ်ရွာပေါင်းစု အများကောင်းမှုအဖြစ်နှင့်ပင် ကျောင်းရေစက်ချပွဲတော်ကြီး ကျင်းပရန် စီစဉ်လိုက်ရခြင်း ဖြစ်သည်။

           ကျောင်း၏နာမည်ကို သုဇနကာရီကျောင်းဟု အမည်ပေး၍ ထိုရပ် ကွက်၏အမည်ကို အောင်ချမ်းသာရပ်ဟု ခေါ်တွင်ကြသည်။ ထိုရပ်ကွက်သို့ ထိုကျောင်းကလေး ရောက်လာရပုံအကြောင်းကလည်း ခေတ်နှင့်လျော်သော ဖြစ်ရပ်တစ်ခုပေ။

           စစ်ကာလ၏ ဝိပ္ပတ္တိခေတ်ကြီးဝယ် ... ဘယ်အရာမှ အတည်တကျ မရှိချိန်တွင် အထက်အညာမှ ခရီးဆိုက်ရောက်လာသော ဆရာတော်ကို ကမာရွတ်ခြံတွင်းနေ ဆွေမျိုးတစ်စုတို့က အရအမိ ပင့်၍ တဲကျောင်းဆောင် လုပ်ပြီး တစ်ဝါတစ်ချီ သီတင်းသုံးနေစေကြ၏။ ဥဩခြံအတွင်း၌ ဖြစ်သည်။

           သေရမည်၊ နေရမည်ကို ခွဲခြားမသိနိုင်အောင် ဖြစ်နေချိန်တွင် ဆွေမျိုး ဒါယကာတို့ကို ခရီးကြုံခိုက် ချီးမြှောက်ပါဦးမည်ဟူသော နှလုံးထားဖြင့် ဆရာတော် ဦးဥတ္တမစာရသည် သည်းခံ၍ နေလိုက်၏။ ဆွေမျိုးတို့၏ ဆွမ်းကိုစား၍၊ တရားဓမ္မ ဟော၍၊ ဆိုဆုံးမ၍၊ ကောင်းကျိုးချမ်းသာကို ဖြစ်စေ၍ တစ်ဝါတွင်းပတ်လုံး ဆရာဒကာ နေခဲ့ကြသည်။

           ဝါကျွတ်ပြီးနောက် မိုးလေကုန်လေလျှင် ရန်သူလေယာဉ်တို့သည် အုပ်ချီ၍ လာကြသည်။ ရန်ကုန်မြို့ကြီးနှင့်တကွ ပတ်ဝန်းကျင်ကို ဗုံးမိုးရွာ ချတော့သည်။ အေးနေခဲ့သော စစ်အခြေသည် ပူနွေး၍ လှုပ်ရှားလာကြ သည်။ ထိုအခါ မြို့တွင်းနေ စစ်ဌာနသည် တောကောင်းရာ ခြံမြေကို ယူကာ ခြံတွင်းနေလူများကို နှင်လေတော့သည်။ စစ်မိန့်ကို ဘယ်သူမှ မငြင်းဆန်နိုင်၊ ကိုယ့်အိမ်ကိုယ်ဖျက်ပြီး သူတို့ သတ်မှတ်ရာ မြေကွက်မှ လွတ်ရာသို့ ရွှေ့ကြရ၏။

           ဒကာများ ပြောင်းသွားကြသောအခါ ဘုန်းကြီးကျောင်းလည်း ချန်နေ ရစ်၍ မဖြစ်နိုင်။ ရုပ်သေးစင်ပေါ်က ဘုန်းကြီးကဲ့သို့ မိမိကျောင်း မိမိကျောပိုးပြီး မပြောင်းနိုင်သောကြောင့် ကျောင်းကလေး ဖြိုဖျက်ကာ လှည်းနှင့်တင်၍ မောင်ပုတို့ နယ်မြေမှ ထွက်ခဲ့ကြရတော့သည်။

           မြောက်ဘက် ဥဩခြံကြီးကို သိမ်းယူလိုက်သောအခါ ခြံတွင်းနေ လူအားလုံးသည် အနောက်ဘက်သို့ တချို့ ၊ တောင်ဘက်သို့ တချို့ ပြောင်း ကြ၏။ ဆရာတော်၏ ဆွေမျိုးစုကြီးသည် တောင်ဘက်ခြံသို့ ရွှေ့ပြောင်းကြ သောကြောင့် ဒကာများကို မှီခိုနေရသော ဘုန်းကြီးသည်လည်း ဒကာတို့ သွားရာသို့ လိုက်ရ၏။

           လူများမှာ ကိုယ့်အိမ် ကိုယ်ဆောက်၍ ဖြစ်ကတတ်ဆန်း နေကြ၏။ ဘုန်းကြီးကား သူ့ကျောင်းသူဆောက်၍ မနေနိုင်၊ ဤနေရာတွင် ရုပ်သေးစင် ပေါ်က ဘုန်းကြီးနှင့် ခြားနားလိုက်လေခြင်းဟု ဆရာတော် တွေးမိပေသေး၏။

           ရုပ်သေးစင်ပေါ်က ဘုန်းကြီးမှာ “မင်းတို့ပေါက်ကံမြေ မနေချင်ဘူး ကွာ... တယ်ရှုပ်တယ်၊ ငါ အင်းဝပြည် ပြောင်းတော့မယ်” ဟု ဆိုကာ သူ့ကျောင်းသူ ကျောပိုး၍ ရွှေ့သွား၏။ သစ်တစ်ပင်ကျော်မိလျှင် အင်းဝပြည် တက် ရောက်တော့သည်။ ရောက်လျှင် ကျောပိုးလာခဲ့သော ကျောင်းကလေး ချတဲ့ပြီး ထိုင်နေလိုက်ရုံ ဖြစ်၏။ ဘယ်လောက်လွယ်လိုက်ပါသလဲ...။

           ငါ့မှာတော့ လှည်းနှင့် တင်ယူပြီး ပုံချထားသော ဓနိတွေ၊ တိုင်တွေ ဝါးခြမ်းတွေ ထရံတွေသာဖြစ်ရာ ဘယ်သို့မျှ မလုပ်တတ်၊ လူတွေမှာလည်း သူတို့အိမ် သူတို့ဆောက်ရ၊ နေ့စာ ညစာ ရှာဖွေရနှင့် ဘယ်သူမှ အားလပ် ခြင်း မရှိ။ သင်းတို့ကို ပူဆာ၍ မသင့်၊ အလိုက်သိစွာ နေရမည်။

           လက်သမားငှား၍ ဆောက်ပါမည်ဟု ကြေးငွေ ထုတ်သုံးစရာလည်း မရှိ။ ငါ့ အတွက် သိကြားမင်း၏ ဗဏ္ဍကမ္ဗလာ တင်းမည် မဟုတ်သောကြောင့်၊ ဝိသုကြုံနတ်သားကလည်း ခဏချင်းပြီးသော ကျောင်းသင်္ခမ်းကို လာရောက်ဖန်ဆင်းပေးလိမ့်မည် မဟုတ်ပေ။ ယင်းသို့ဖြင့် ငါ ဘာလုပ်ရပါ မည်နည်း။

           နယ်ပေါင်းစုံ လှည့်လည်ခဲ့ပြီးသော ဆရာတော်သည် သစ်ဝါးဓနိပုံကို ကြည့်၍ တွေးတောနေ၏။

           ဒေသန္တရ ဗဟုသုတလည်း ရှိ၏။ ကျမ်းဂန်ဗဟုသုတနှင့်လည်း ပြည့်စုံ၏။ ကာလဒေသ အခြေအနေကိုလည်း နားလည်၏။ မိမိအတွက်နှင့်သူတစ်ပါးကိုလည်း ဒုက္ခမပေးလို၊ ရပ်တစ်ပါးသို့ ရှောင်၍သွားပါတော့မည် ဆိုပြန်ကလည်း ဤဒကာ ဒကာမတို့ ဝမ်းနည်းရှာပေမည်။

           သင်းတို့လည်း မပင်ပန်း၊ ငါလည်း ချမ်းသာစွာ နေဖြစ်နိုင်သော နည်းရှိလျှင် ကောင်း၏ဟု ကြံ၏။ ကြံပြီး ထိုမှ ဤမှနေရန် ရှာကြံကြည့်၏။ ခေတ်ပျက်ကာလတွင် ပင်လယ်ကမ်းခြေမှ ဝင်ကစွပ်ကောင်များကဲ့သို့ လူမရှိသော အိမ်တွေတိုက်တွေ ဝင်နေကြသော လူများကို မြင်နေရ၏။ ငါလည်း ယင်းသို့ နေရလျှင် ကောင်းပေရာ၏ ဟု အကြံရ၏။

           ဒါယကာများနှင့် မနီးမဝေးသောနေရာတွင် အင်္ဂလိပ်တိုက်ငယ်တစ်လုံး သည် လူသူကင်းမဲ့လျက် ရှိ၏။ တံခါးပိတ်များတော့ မရှိ၊ လိုချင်သူ ဖြုတ်ယူသွားဟန် တူ၏။ သို့ရာတွင် “ခေတ္တပဲ နေလို့ဖြစ်ပါတယ်” ဟု နှလုံးပိုက်ကာ ထိုတိုက်ကို ပံ့သကူ ကောက်၍ ကျောင်းအမှတ်နှင့် တက်နေ လိုက်တော့သည်။

           “တို့ဆရာတော်က တယ်ခေတ်မီတာပဲ” ဟု ဒကာများက ချီးကျူး ကြ၏။ မိတ်ဆွေဘုန်းကြီးများ အလည်အပတ် ရောက်လာကြသောအခါ “အရှင်ဘုရားရဲ့ ပံ့သကူတိုက်က တယ်နေရာကျပါလား” ဟု ပြောကြ သေး၏။

           တွေးကြောက်တတ်သော ဒကာအချို့က “ဘုမသိ ဘမသိနဲ့ အင်္ဂလိပ်တိုက်ပေါ် ဘုန်းကြီးတက်နေလို့ ဖြစ်ပါ့မလား”” ဟု ဆိုကြ၏။

           ဆရာတော်ကား မကြုံ၊ တိုက်ရှင် အင်္ဂလိပ်သည် ခြေဦးတည့်ရာ ထွက်ပြေးသွားလေပြီ။ ဘယ်ဆီရောက်နေသည်မသိ။ သေသည်၊ ရှင်သည် လည်း မသိနိုင်ပေ။ တိုက်အား၊ အိမ်အားဟူသမျှ သာလာယံဇရပ် ဖြစ်နေကြ သည်။ အလုပ်သမား ကူလီလူငှား လူသာမန်တို့ပင် တွေ့ရသမျှ တိုက်တွေ ပေါ် တက်နေနိုင်ကြသေးလျှင် ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ပါးကော အဘယ့် ကြောင့် မနေနိုင်ဘဲ ရှိရမည်နည်း။

           ဤသို့ခေတ်အကြောင်းနှင့် ဒေသအခြေအနေကို နားလည်ထားပြီး သော ဆရာတော်သည် ရဲရင့်စွာပင် အင်္ဂလိပ်တိုက်ပေါ်သို့ တက်၍ ပိုင်စိုး ပိုင်နင်း သီတင်းသုံးနေလိုက်လေသည်။ ခေတ်နောက်မကျသော ဆရာတော်သည် ဘုန်းကြီးနေထိုင်ကြောင်း သိရန် “ကျောင်း”ဟူသော စာတန်းကို ဂျပန်လို၊ ဗမာလို အက္ခရာနှစ်မျိုးနှင့် လှေကားအထက်နား၌ ရေးထားလိုက် သေး၏၊ ကဲ-ဘယ်သူက ဘာပြောချင်သေးသလဲ။ ကျောင်းဖြစ်ရော မဟုတ် လား။ဘုန်းကြီးနေလျှင် ဘုန်းကြီးကျောင်း ဖြစ်ရမည် ဟူသော ဝစနတ္တ နှင့်အညီ... တိုက်အထက်ထပ်တွင် ဘုရားဆင်းတုတော်နှင့်၊ ပိဋကတ် ဗီရိုနှင့်၊ ကျောင်းသားကိုရင်နှင့် စာပြလို့၊ ဘုရားရှိခိုးလို့၊ ကြေးစည်တီးလို့ နေ့စဉ် တွေ့မြင်ကြားနေကြရလေတော့သည်။

           ယင်းသို့ပင် ဆောင်းရာသီ ကာလပတ်လုံးလည်းကောင်း၊ နွေရာသီ ကာလပတ်လုံးလည်းကောင်း ချမ်းမြေ့စွာ သာယာရွှင်ပြုံး သီတင်းသုံး နေထိုင်တော်မူလေသည်။ ချမ်းမြေ့စွာဆိုသော်လည်း အချက်ပေး ဥဩသံ နားထောင်၊ လေယာဉ်ပျံကို သတိထား၍ ဗုံးရှောင်နေရခြင်းတော့ မလွတ်၊ ဗုံးဘေး စက်သေနတ်ဘေးမှ လွတ်ကင်းခြင်းကိုပင် ချမ်းမြေ့စွာ ဆိုရသည်။

           ဖြစ်သမျှအကြောင်း အကောင်းချည်း ဟူသကဲ့သို့ ဥဩခြံအတွင်းမှ ပြောင်းရွှေ့ခဲ့ရသော်လည်း ငါ့အဖို့ သာတောင် နေရာကျသေး၏ ဟု ဆရာ တော်က မှတ်ချက် ချလိုက်သည်။

           မှန်၏။ ဟိုနေရာ၌ ဝါးကျောင်းကလေးမျှသာ။ ဤနေရာကား ... ပြေးလေသူ ဒကာတော် အင်္ဂလိပ်တို့ ဆောက်လုပ်ထားသော အုတ်တိုက် ဖြစ်၏။ သန့်ပြန့်၏။ နေရင်းထိုင်ရင်း နှစ်သက်၍ နေပေသေးသည်။ ဤ နေရာတော့ဖြင့် မောင်ပုတို့ နှောင့်ယှက်ခြင်း ကင်းကောင်းပါ၏။ ကြာကြာ နေရကောင်းပါ၏ဟု မှတ်ထင်ထားလိုက်သည်။

           သို့ရာတွင် ထိုထင်မြင်ချက် မမှန်ချေ။ တစ်နွေကုန်ပြီးသောအခါ မောင်ပုတို့ ရောက်လာချေပြီ။ စစ်ဘက်ကမဟုတ်၊ စစ်နောက်ပါ ထောက်ပံ့ ရေး ကုမ္ပဏီဆိုသူတို့ ဖြစ်၏။ သူတို့က နေရာကောင်းဟူသမျှ လက်ညှိုးထိုး၍ ပိုင်စိုးနေကြသောအခါပေ။ ဆရာတော်နေသော တိုက်ကို လာကြည့်ပြီးလျှင် သဘောတော်ကျသွားကြ၍ စစ်မိန့်နှင့် သိမ်းလေတော့သည်။ တခြားနေရာသို့ ပြောင်းရွှေ့ရန် ပြောသွားသော်လည်း ကြံဖန် ကျေးဇူးတင်ရပေသေး၏။

           ချက်ချင်း နှင်မချဘဲ ရက်ချိန်းပိုင်းခြားထားသဖြင့် စီစဉ်ခွင့်ရပေ သည်။ ဝါဆိုလဆန်း ၃ ရက်နေ့သည် နောက်ဆုံးရက် ဖြစ်၏။ ကျောင်း ကလည်း မဆောက်ရသေး၊ ပံ့သကူတိုက်လည်း ရရန်မရှိတော့သဖြင့် ထိုနေ့ ၁၂ နာရီအချိန်တွင် စာပေ ပိဋကတ် တို့နှင့်တကွ ကျောင်းထောင် ပရိဘောဂ အားလုံးကို ကျောင်းသားများနှင့် ဒကာများက ထမ်းပိုး၍ အခိုက်အတန့်မှာ တစ်နေရာ၌ ချထားကာ ခေတ္တ တည်းခိုနားနေလိုက်ရ၏။

           ဟင်... ရွှေ့ရပြောင်းနှင့် မောပါ့၊ ရှေးဘဝတို့က ရုက္ခစိုးများနေသော သစ်တောကို ခုတ်လှဲရန် အမိန့်ပေးခဲ့ဖူးသော သစ်တောအရာရှိပင် ဖြစ်ခဲ့ လေသလော၊ ဒါကြောင့် ဝဋ်လည်သည် ထင်၏။

           ပုံချထားသော စာအုပ်တွေ၊ ကျောင်းပရိဘောဂတွေအနား၌ သင်ဖြူး ကလေး တစ်ချပ်ခင်းကာ ထိုင်တဲ့ပြီး ဆရာတော်သည် ဤသို့ တွေးတော လိုက်မိပေသေးသည်။