စစ်ကိုင်းဦးဘိုးသင်း - ဧငြိမ်းရိပ်သာ
အခန်း (၁)
မင်းသားကလေး ခန်းမောက်သည် မြင်းနက်ကျော်ကိုစီး၍ တစ်ဦးတည်း လှည့်လည်ကာ လာနေ၏။ ခန်းမောက်သည် တောစပ် ကလေးတစ်ခုသို့ ရောက်သွားရာ ထင်းစည်းတစ်စည်းနှင့် မိန်းကလေး တစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏ ... ။
ထိုမိန်းကလေးသည် ဤသို့ဆို၏။
“မောင်ကြီးရှင် ... ကျွန်မအား ... ထင်းစည်းကို ပင့် ပေးပါ ...”
ခန်းမောက်ကား မြင်းပေါ်က မဆင်းဘဲ “မင်းထင်းစည်းဟာ သိပ်မှမကြီးဘဲ ပင့်ပါလား” ဟု ဆို၏။
“ရှိခိုးပါရှင် ... ကျွန်မ မပင့်နိုင်လို့ပါ ...”
“မင်းအဖော်လည်းမပါ ... ဘာလည်းမပါ ...”
“သည်မင်းလက်ထက်မှာ တိုင်းပြည်သာယာလို့ အဖော် မလို ပါရှင် ... ကိုင်းပါ မောင်ကြီးရှင်၊ ... ရှိရှင်ခိုးပါရဲ့၊ ပန်းဦးလွှတ်ပါ့မယ် ... ပင့်ပေးပါရှင် ...”
“ဟ ... ဟ .. ဟ ... မဦးမချွတ် ဘယ့်နှယ် ပြောသလဲ”
“ဒါဖြင့် ပင့်ပေးပါရှင် ...”
ထိုအခါ မင်းသားကလေး ခန်းမောက်သည် မြင်းပေါ်မှ ဆင်း၍ ထိုမိန်းကလေး၏ ခေါင်းပေါ်သို့ ထင်းစည်းကို ပင့်ပေးလိုက် လေ၏။
ထိုမိန်းကလေးလည်း “ကျေးဇူးပါရှင်၊ ရှင့်အား ... ပန်းဦး လွှတ်ပါ့မယ်... အလိုရှိသောအခါ ကြွခဲ့ပါ” ဟု ဆိုပြီးသော် ထင်း စည်းကို ရွက်ပြီးလျှင် သွားလေ၏။
ခန်းမောက်သည် ဘယ်လိုမိန်းကလေးလဲဟု တွေးဆမိ၏။ ထိုမိန်းကလေးကား တော်တော်ကို လှ၍ချော၏။ ကိုယ်လုံးကိုယ်ပေါက် အဆစ်အမြစ် အတော်ကိုပြေပြစ်၏။ မိဖုရားတန်၏။ သို့သော် ခန်း မောက်သည် ထိုမိန်းကလေး၏ အချောအလှကိုမမြင်။
ခန်းမောက်သည် မယ်တော်၏ ဆုံးမသွန်သင်ခြင်းကို မြဲစွဲစွာ နာခံတတ်သဖြင့် မယ်တော်က ညွှန်ပြထားသော မင်းသမီးစကားမယ် ကိုသာ မြင်လေ၏။ သို့သော် ခန်းမောက်သည် ဤသို့ စဉ်းစားမိ၏။
ဤမိန်းကလေးသည် ဆန်းသော စကား ကို ဆို၏၊ ပန်းဦးလွှတ်ပါမည်၊ သူ့ခေါင်းပေါ်သို့ ထင်းစည်းကိုပင့်ပေးပါဟု ဆိုသည်၊ ထင်းစည်းကို ပင့်ပေးပြီးနောက်လည်း ပန်းဦး လွှတ်ပါမည်ဟု ဆိုသည်။ သူ့နှုတ်ထွက်သည် အဓိပ္ပာယ်ပါသည်။
ထိုသို့ စဉ်းစားမိပြီးနောက် ခန်းမောက်သည် ထိုမိန်းကလေးကို စဉ်းစားသင့်သည်ဟု ထိုမိန်းကလေး၏ နောက်မနီးမဝေးမှ မြင်းကိုလမ်းထိုးစီးပြီးသော် လိုက်သွား၏။ ထိုမိန်းကလေးသည်ကား အလွန် ဆင်းရဲလှသော သူ၏ အိမ်ကုပ်ကလေးအနီးတွင် ထင်းစည်းကို ခေါင်း ပေါ်မှ ပစ်ချပြီးသော် အမောပြေသဖွယ် အိမ်ကုပ်ကလေး၏ အရိပ်တွင် ဆောင့်ကြောင့်ထိုင်ကာနေ၏။
ခန်းမောက်သည် ထိုမိန်းကလေး၏ အိမ်သို့ ချဉ်းကပ်၍ မြင်းပေါ်ကပင် မဆင်းဘဲ ဤသို့ မေး၏။
“နှမသယ် .. မင်းစကားဟာ အတော်ဆန်းတယ်၊ ခုမှ ငါ စဉ်းစားမိတယ် ...”
“ဘာဆန်းပါသလဲတော် ...”
" မိန်းမများမှာ အတော့်ကို စောင့်ထိန်းအပ်ပါလျက် မင်း ပန်းဦးလွှတ်မယ်လို့ ဆိုစကားကို ငါ အတော်ပင် အံ့ဩတယ် .. ထင်းစည်းကို ပင့်ပေးရုံနှင့် မင်း သည်လိုပြောသင့်သလား ...”
“အို ... တော် ... တော့်အမြင်နှင့်အသိနှင့် ဆိုတော့ ဟုတ်မှာပေါ့ ...”
“ဘာလဲ ... ပြောစမ်းပါဦးကွယ် ...”
“တော့်အင်္ဂါရုပ်၊ တော့်ပုံပန်း၊ တော့်လက္ခဏာကို မြင်မိရုံနှင့် ပင် တော်ဟာ ပန်းဦးမတောင်းဘူးလို့ ကျွန်မ အတပ်သိပါတယ်...”
“အင်း ...”
“သည်လို ကျုပ်က ပြောလိုက်ရတဲ့အတွက်လည်း ကျုပ်မှာ အတော့်ကို လုံခြုံတဲ့ကာကွယ်မှုကြီးကို သည်ကိစ္စအတွက် ရပါတယ်၊ ကျုပ်ရဲ့ အနားမှာ ဖြတ်သန်းသွားတဲ့ ယောက်ျားနှစ်ယောက်သုံးယောက် ရှိပါတယ်။ သည်စကားကို ကျုပ် မပြောပါ။ ထင်းစည်းကိုလည်း ပင့်ပေးပါ မဆိုပါ ...”
“သည်လိုပြောလို့ ကာကွယ်မှုကြီး မင်းမှာ ဘာရသလဲ”
“ဪ ... သည်လိုလား ...”
“ဟုတ်ပါတယ် ...”
“ခု ဧငြိမ်းရိပ်သာမှ အရည်းဆရာတော်ကြီး ဦးဝဏ္ဏဓဇက အရည်းငယ်များထံ အမိန့်ထုတ်ထားပါတယ်။ သည်အမိန့်ကို သူလည်း လိုက်နာပါတယ် ...”
“ဘယ်လိုအမိန့်လဲ ...”
“သည်လိုတော့ ...”
“ပြောစမ်းပါ ...”
အရည်းများသည် ပန်းဦးလွှတ် ပူဇော်ပါ မည်ဟု ယောက်ျားတစ်ယောက်ထံမှာ ဝစီဒွါရအား ဖြင့် ပြောဆိုမိသော အမျိုးသမီးထံမှ ပန်းဦးလွှတ် ပူဇော်မှုကို မခံရ၊ ထိုအမျိုးသမီးအား ထိုအပြောခံရ သူ ယောက်ျားက အခွင့်မပြုဘဲနှင့် ထိမ်းမြားလက် ထပ်ပေးခြင်းကို မပြုရ။ ထိုအမိန့်ကို မနာခံသော် အရည်းအဖြစ်မှ ဆုံးရှုံးစေ ...”
“ထိုအမိန့်ကြောင့် ကျုပ်မှာ ယခု တော့်အား ပန်းဦးလွှတ်ပါ မယ်ဆိုကာ ပြောမိခြင်းသည် များစွာအကာအကွယ်ရသွားပါတယ်”
“ဪ .. သည်လိုလား ..”
ထိုသို့ပြောဆို၍ ခန်းမောက်မင်းသားကလေးသည် ထိုမိန်း ကလေး၏ နာမည်ကိုမှပင် မမေးဘဲ အသပြာ တစ်ဆယ်ပေးပြီးသော် ထိုမိန်းကလေး၏ အိမ်ကုပ်မှ ထွက်ခွာသွားလေ၏။ ခန်းမောက်သည် ဤသို့လည်း စဉ်းစားလာလေ၏။