Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - လောကလူ့ဘုံ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

နိဒါန်း

          ကျွန်ုပ် (ကျွန်ုပ်နှင့် ကျွန်နုပ် မတူ အလွန်ခြားနားသည်) သူ့အမြင်နှင့် သူ့အတွေးခေါ် စာပဒေသာကို ဧကာဒသမတွဲ၊ ဒွါဒသမတွဲအထိ ရေးဖို့ရန် အကြံပြုထားသည်။ ထိုအကြံကို ပယ်ထုတ်လိုက်ပြီ။ သဘော မှာ ဤသို့ဖြစ်နေသည်။

          ကျွန်ုပ် အစားအစာကို အရက်နှစ်ဆယ်လောက် မစားမသောက် နိုင်ဘဲ ရှိနေ၍ ညအချိန် လူမမာ လာမေးကြသောသူများသည် တစ်ယောက်တစ်ပေါက်နှင့် နားငြီးလောက်အောင် ဤသို့ ၎င်းတို့ချင်း ရယ်ကာမောကာနှင့် ပြောနေကြသည်။

          လူတစ်ယောက်က ဈေးဖွင့်လျှင်ဖွင့်ချင်း လာပြီးလျှင် ခင်ဗျားတို့ကို ဖမ်းလိမ့်မယ်။ ခင်ဗျားတို့မှာပါတဲ့ ထန်းလျက်၊ ပဲဆန်၊ ဆီ စသည်တို့ကို ဒိုင်မှာ သွားရောင်းကြ။ ချက်ချင်း ငွေပေးလိမ့်မယ်ဟု စေတနာနှင့် ပြော လေသည်။

          အလင်းထဲက သူခိုးမတို့သည် ထိုပြောသူကို ကျောပေး၍ အရေး မလုပ်ဘဲ နေကြလေ၏။

          အတော်မြင့်သောအခါ ဖမ်းသူတို့သည် ဈေးထဲသို့ ရောက်လာ ကြ၍ နနွင်းမှုန့်၊ ပဲဆန် အနည်းငယ်၊ ပဲတီဆန်မှ မကြွင်း ဖမ်းသူတို့သည် ဖမ်းယူ သိမ်းဆည်းကြလေ၏။ သို့သော် ဖမ်းယူသူတို့ထက် ရောင်းသူ မှောင်ခိုသမတို့က များနေသောကြောင့် လျှို့ဝှက်ကာ ကဲ့ထားကြရာမှ အရပ်ထဲမှ သွေးစုပ်ခြင်ကောင်မများက ယူကြလေ၏။ ဖမ်းသူရော၊ ရောင်းသူပါ အချောင်နှိုက်သူတို့နှင့် ပွေရှုပ်နေကြသည်မှာ ဓာတ်ရှင် ကားကောင်းတစ်ခုကို ကြည့်ရသကဲ့သို့ ဖြစ်နေကြလေ၏။

          ထိုသို့ဖမ်း၍ ရဲဌာနသို့ ပို့လိုက်ရာ မြင်းလှည်းနှင့်ပင် ကြားကြ၍ လမ်းတွင် ကဲ့ဝှက် ချထားကြပြီးလျှင် တစ်တောင်းမှ တစ်ဝက်၊ နှစ်ပိဿာ မှ တစ်ပိဿာခန့်သာ ရောက်ကြရပုံရှိ၏။

          အချို့မှာ ရဲဌာနသို့ ရောက်ပြီးမှ ပြန်အလာတွင် ရဲဌာန၌ သိမ်း ထားနှင့်ပြီးဖြစ်သော အချို့ပစ္စည်း ဖျင်နီစ စသည်တို့ကို အချောင်သုတ်၍ ပင် ပြန်လာကြ၍ အမြတ်ရသေးသည်ဟုပင် ပြောကြသေး၏တဲ့။

          သို့ကလို ကမောက်ကမ ဖြစ်နေ၍ ကျွန်ုပ်လည်း နားမကြားချင် သဖြင့် ဘာကြောင့် မှောင်ခိုပစ္စည်းများကို ဝယ်ကြသလဲ၊ မှောင်ခို သမားများအား အားပေးနေလျှင် မှောင်ခိုသဘော ဘယ်တော့ ပျောက် မလဲဟု ကြားဝင်ကာ ပြောဆိုမိရာ မှောင်ခိုသမားများထံမှာ မဝယ်ရင် စားဖို့အခက်ဟု ပြောကြ၏။ သည်။

          အစိုးရဆိုင်မှာ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့် ဝယ်လို့ရပါမလား။ ပဲဆန် စသည်တို့ ဝယ်လို့ ရပါမလား။ ကြက်သွန်ကို ပုပ်မှ... သွန်မှ ဆိုင်တင်၊ ငါးခြောက်ကို ပုပ်လုနီးမှ ဆိုင်တင်၊ ဆီကို ရှိတုန်းမှာ မပေး၊ ပုပ်တော့မှ ဆပ်ပြာလုပ်သူထံမှာ လျှော့ရောင်း စသည်ဖြင့် ပွစနကြဲအောင် ပြောကြ၍ တန်တော့ နားငြီးလှပြီဟု လူမမာ လာမေးသူများ ကို ငေါက်ရတော့ပြီ။ ။ | ကျွန်ုပ်ကား ထိုနေ့ညအဖို့၌ ထိုသို့ စိတ်ကစားမိပေတော့ပြီ။

          ငါတို့တိုင်းပြည်သည် လွတ်လပ်ရေး ရပြီးသည့်နောက် ဤ ကဲ့သို့ ဤမျှလောက် နားမချမ်းသာအောင် ကြားသိရလိမ့်မည်ဟု မည်သို့မျှမထင်မိပေ။ ငါသည် ကရင်သူပုန်များ စစ်ကိုင်းသို့ လာတိုက်သောအခါတောခိုရဲဘော်များကို သိမ်းသွင်း၍ မောင်းလွှတ်လိုက်မိသည်မှာ မှားခဲ့သလောဟုပင် တွေးဆပြီးလျှင် အိပ်ပျော်သွားမိ၏။

          နောက်တစ်နေ့နံနက်သော် အနည်းငယ် စားနိုင်သောက်နိုင်၍ ဤသို့ စဉ်းစားမိ၏။

လောကလူ့ဘုံ ဆိုသည် အခက်သားကလား။ “ခွေးတောက် မြစ်ယှက် စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း”ဟု ငယ်ငယ်က စတုဓမ္မသာရ ကိုးခန်းပျို့ သင်ရာတွင် ဆရာသင်ကြားခြင်းကို ထိုသို့ တွေးဆမိတော့၏။

          ဘုရင်မင်းတစ်ပါးသည် ရေကစားရာ မြစ်ညာမှ မျောလာသည့် အိုးစရည်းခန့် ပမာဏရှိ သရက်သီးကြီးတစ်လုံးကို ရရှိလေ၏။

          မင်းကြီးသည် ပညာရှိများအား မေးမြန်းစုံစမ်း၍ သရက်သီး ဖြစ်ကြောင်းကို သိသောအခါ စားတော်ကဲအား စားစေရာ စားတော်ကဲ သည် စားကြည့်လေ၍ ကိုယ်တွင်း၌ ခက်မငါးဖြာထိ စိမ့်ဖြန်းသွား အောင် အရသာရှိကြောင်းကို တင်လေ၏။

          မင်းကြီးသည် ထိုသရက်သီးကို မိမိနှင့်တကွ နန်းတွင်းသူ နန်း တွင်းသား မှူးမတ်တို့အား စားစေရာ အလွန့်အလွန် အရသာရှိကြောင်း ကို တညီတည်း တင်ကြသဖြင့် ထိုသရက်သီးကို အဋ္ဌန္တရသရက်သီး ဟု အမည်တပ်ပြီးသော် ဥယျာဉ်မှူးအား ကောင်းစွာစိုက်ပျိုး ပြုစုတော် မူလေသည်။

          လောက၌ လူတို့မည်သည် တစ်ဦးတစ်ယောက်တည်း အေးချမ်း စွာနေသည်ဟု ထင်မှတ်ကြကောင်း ထင်မှတ်ကြပေလိမ့်မည်။ တစ်ဦး တစ်ယောက်တည်းသာ နေသူ မရှိသလောဟု စောဒကပြုဖွယ် ဖြစ် သည်။ ရှိကောင်း ရှိပေမည်၊ သို့သော် ရှားပေလိမ့်မည်။

          အများအားဖြင့် လူသည် မိမိဘာသာ တစ်ကိုယ်တည်း မနေလို၍ သူတစ်ပါးထံသို့ မိမိနှင့် စက်ကျရာ၊ သဘောတူရာထံသို့ရောက်ကာ ပေါင်းသင်းနေတတ်၏။ သူတစ်ပါးကလည်း မိမိထံ လာရောက် ဝင်ထွက်၍ ပေါင်းသင်းနေတတ်၏။ ဤသည်လျှင် အချင်းချင်း ပေါင်းသင်း ရောနှောကာနေထိုင်ခြင်း ဖြစ်လာတတ်၏။ ဤသည်ကို မိမိအား တကယ့်ပညာတတ်ကြီးဟု လောကကို လှည့်စားလိုသူများက လူသာမန် တို့ နားမလည်နိုင်သော စကားမျိုးဖြစ်သည့် အညမညပစ္စယော၊ သဘာဝဓမ္မသဘောဟု ပြောဆိုတတ်ကြ၏။

          အမှန်စင်စစ်သော်ကား လူနှင့်လူချင်း သဘောတိုက်ဆိုင်ရာ၌ နှစ်နှစ်ကာကာဖြစ်စေ၊ သဘောမတိုက်ဆိုင်ရာ၌ အချင်းချင်း သဘော ရောနှောကာဖြစ်စေ၊ လူနှင့်လူချင်းသာ ပေါင်းသင်းညာဝါးအဖြစ်နှင့် ရောနှောကာ ပေါင်းသင်းခြင်းဖြစ်စေ ကွင်းဆက်သဘောပြုကာ ရောနှောပေါင်းသင်း နေထိုင်တတ်ကြလေသည်။

          ထိုသဘောအားဖြင့် လောကမှာ မီးများမီး၊ ရေများရေဟု စကား ပြုလာကြလေသည်။ စင်စစ်သော်ကား အကျင့်အားလျော်စွာ ပေါ်ပေါက် ရသည့်သဘောဖြစ်သည်။

          ထို့ကြောင့် အရှင်မဟာရဋ္ဌသာရ ကိုယ်တော်က စတုဓမ္မသာရ ကိုးခန်းပျို့တွင် “ခွေးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင် မင်း၊ သီးချိုကင်း၏”ဟု ထည့်သွင်းရေးသားထားသည့်အတိုင်း ဆရာ၏ သင်ကြားချက်ကို ခံယူခဲ့ရသည်နှင့်အညီ ဝတ္ထုကြောင်းကို အကျဉ်းရုံး၍ ဖော်ပြပါဦးမည်။

          ဘုရင်မင်းမြတ်သည် ဥယျာဉ်မှူးအား သရက်စေ့ကို စိုက်စေရာ ဥယျာဉ်မှူး၏ အတတ်ပညာအားကြောင့် သုံးနှစ်နှင့်ပင် ကောင်းစွာ သီး၍၊ ကောင်းမွန်သော ပြကတေ့ဖြစ်သည့် အရသာကို ဆောင်လေ တော့သည်။

          ဘုရင်မင်းမြတ်သည်ကား နှလုံးထား အလွန့်အလွန် ပြည့်ဝသော မင်းကြီး ဖြစ်သည့်အားလျော်စွာ အခြား ပြည်ထောင်မင်း အချင်းချင်း များ၏ထံသို့ လက်ဆောင်ပို့ဆက်စေလေ၏။ ထိုဘုရင်မင်းမြတ်၊ မှူး ကြီးမတ်ကြီးတို့ကား နှလုံးမဖြောင့်သူများ ဖြစ်ကြကုန်၏။

          မှူးမတ်တို့သည် ထိုသို့ နှလုံးမဖြောင့်ကြသောကြောင့် အခြားဘုရင်မင်းမြတ်များထံသို့ ပို့သော အန္တရသရက်သီးများကို မျိုးမအောင် ဖန်တီး၍ ပို့ကြလေ၏။ ထိုသို့သော သဘောတို့ကို နှစ်နှစ် သုံးနှစ် ရှိသောအခါ အခြား ပြည်ထောင်ရှိ စိစစ်တတ်သော တိုင်းပြည်က သိရှိလေ၏။

          စင်စစ် ထိုသဘောသည် လူတို့၌ ဖြစ်ပေါ်တတ်သော သဘာဝ တစ်ခု ဖြစ်၏။ ထိုသဘောမျိုးကို လူတိုင်းဖြစ်ရမည်ဟု မဆိုတုံသော် လည်း ထိုသို့ စဉ်းလဲခြင်းဖြစ်၍ မဖြောင့်မတ်သော နှလုံးကောင်းရှိသူတို့ များတတ်ချေ၏။ ထိုသဘောလောကသည် (ဝါ) လူ့ဘုံသည် ပြေပြစ် ပါပေသည်ဟု ရှိသောခေတ် အလွန်နည်းပေသည်။

          ယခုခေတ်ကြီး၌ လူများကို မရှုမလှ သေစေတတ်သော၊ လောက ကို မရှုမလှ ပျက်စီးစေတတ်သော လက်နက်သစ် လက်နက်ဆန်းများ ကို အခြားတိုင်းပြည်များက မသိမတတ် မလုပ်နိုင်စေရန် လျှို့ဝှက်၍ ကြံစည်လုပ်ကိုင်ကြ၏။ အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံး စသည်တို့ကိုလည်း ထိုနည်းတူ လျှို့ဝှက်၍ အခြားတိုင်းပြည်များ မသိရအောင် ကြံဆောင် လုပ်ကိုင်ကြ၏။ ထိုသို့သော သဘောတို့သည် မဖြူဖြောင့်သော စိတ် ထားရှိကြောင်းကို အတိအလင်း ဝန်ခံထားရာ ရောက်နေပေ၏။

          မဖြူဖြောင့်သော တိုင်းပြည်တစ်ပြည်ကို လောကသည် အားကိုး အားထားပြုရန် ရဲရင့်နိုင်ဖို့ လွယ်ကူလျှင် သူ့ကျွန် သူ့နောက်လိုက်ပြု ရန် သဘောတူရာ ရောက်မရောက် စဉ်းစားရမည်။ )

          အဗ္ဗန္တရသရက်သီး မျိုးစေ့ကို မပြန့်ပွားရအောင် ရှိသော တိုင်း ပြည်က ဆောင်ရွက်သဖြင့် အခြားတိုင်းပြည်ကလည်း ထိုအတ္တန္တရ သရက်သီးပင် ပျက်စီးအောင် ကြံဆောင်လာပေမည်။ ဤသည် လောက၏ ကွင်းဆက်သဘော ဖြစ်သည်။

          ထို အဋ္ဌန္တရသရက်ပင် ပိုင်ရှင်ဖြစ်သော ဘုရင်မင်းမြတ်ထံ ဥယျာဉ်မှူးတစ်ယောက်သည် ခစားလာ၍ သရက်သီးကို အချိန်မရွေး တစ်ဆယ့်နှစ်ရာသီ ပွင့်သီးနေအောင် စွမ်းဆောင်နိုင်ကြောင်းနှင့် တင်လေ ၏။ ထို့ကြောင့် ဘုရင်မင်းမြတ်သည် ဥယျာဉ်မှူးဟောင်းနှင့် တွဲဖက်လုပ်ကိုင်ရန် ခန့်ထားလေ၏။

          ဥယျာဉ်မှူးသစ်ကား အတတ်ပညာရှိ၏။ အပေါင်းအသင်း လိမ္မာ၏။ ၎င်း ထင်သည့်အတိုင်း အဗ္ဗန္တရသရက်ပင်သည် တစ်ဆယ့် နှစ်ရာသီ ဖူးပွင့်ကာ သီးသဖြင့် မင်းကြီးသည် အထူးသဘောကျပြီးလျှင် အထူးမြှောက်စားခြင်းကို ဥယျာဉ်မှူးသစ်အား ပြုလေ၏။

          ဥယျာဉ်မှူးသစ်ကား အလွန်လိမ္မာကျွမ်းကျင်သဖြင့် ဥယျာဉ်မှူး ဟောင်းနှင့် တံစိုးပြုကာ ပေါင်းသင်းဆက်ဆံနေ၍ ဥယျာဉ်မှူးဟောင်း သည် ဥယျာဉ်မှူးသစ်၏ အလိုအတိုင်း လိုက်လျောကာ ပြုကျင့်လုပ် ကိုင် ကျင့်သုံးနေလေ၏။

          (လောက၌ လိမ္မာကျွမ်းကျင်သူ၏ တံစိုးတို့သည် လူများ၏ အပေါ်၌ မိမိ၏အလိုအတိုင်း ပြည့်စုံနိုင်တတ်၏)

          ဥယျာဉ်မှူးသည် ခွေးတောက်ပင်များကို သရက်ပင်နှင့် မနီး မဝေးတွင် များစွာစိုက်၍ ခွေးတောက်မြစ်များနှင့် သရက်ပင်၏ အမြစ် များကို ရောယှက်စေလေ၏။ ၎င်းသည် ၎င်း၏အကြံအစည်အတိုင်း ပြည့်စုံသောအခါ အမှတ်မဲ့ပြု၍ ထွက်ခွာသွားလေတော့ပြီ။

          အန္တရသရက်သီးပင်ကား သီးသောအခါ ချိုသောအရသာကို မဆောင်တော့ဘဲ အခါးအရသာကို ပေါ်စေလေသည့်ပြင် ထိုအသီးကို စားသောသူတို့သည် ဓာတ်လျှော၍ အန္တရသရက်သီးမျိုးသည် ပျက်စီးလေတော့ပြီ။ ။

          ထိုသို့သော သဘောကိုရည်၍ ခွေးတောက်မြစ်ယှက်၊ စိုက်ရော ဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်းသို့ ဟု စကားပုံ ရှိထားသည်နှင့် အညီ ငါတို့ အမျိုးသားများမှာ ခွေးတောက်မြစ် ရောယှက်ကုန်ပြီဟုအောက်မေ့၍ သူ့အမြင်နှင့် သူ့အတွေးကို ဒွါဒသမအတွဲထိ ရေးမည်ဟု ပုံကိုင်ထားပြီးနောက် ဆက်မရေးတော့ဘဲ ဖြတ်လိုက်၍ သဘာဝ သျှတ္တကို ဆက်လက်ရေးမည်ဟု နေမကောင်းစဉ် ကြံဆနေမိတော့၏။

          ထိုအခါ စုတ်ချွန်း တစ်ယောက်သည် ရောက်လာ၍ “ဘိုးအစ်ကိုကြီးကော” ဟု မေးရာ၊ “အိမ်ပေါ်မှာ အင်းချနေသည်” ဟု ပြောလိုက်၏။ စုတ်ချွန်းလည်း ရယ်၍ “ဘိုးရဲ့ စုတ်ချွန်းကြီးလည်း အင်း ချနေတယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း အင်းသည် အကောင်ကို ပြောလိုက်စမ်းဟု မှာလိုက်၏။

          ကျွန်ုပ်သည် စုတ်ချွန်းကြီးနှင့် အင်းအကြောင်းကို ပြောပြရာ၊ ၎င်းက ထိုသဘောကို ရေးပါဟု ပူဆာသဖြင့် ကျွန်ုပ်သည် ဤ “လောက လူ့ဘုံ” ကို ရေးလိုက်တော့ပြီ။

          လောကကြီး၌ လူ့ဘုံသည် မီးရထားလမ်းဆုံ အချက်အချာ မီးရထားဘူတာရုံကြီးကဲ့သို့ ဖြစ်၍ အများအားဖြင့် လူ့ဘုံကသာလျှင် သွားလိုရာနှင့် ရောက်ရမည့် ခရီးလမ်းတာတို့ကို ရောက်ကြရမည်ဖြစ် ခြင်းကို စာရှုပျော်တို့သည် အထူး သတိပြုအပ်ပေသည်။