Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - ငမဲကျွန်

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out
အခန်း ( ၁ )
ဒိသာပါမောက္ခဆရာကြီးနှင့် ငမဲ
မဇ္ဈိမဒေသ၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ ရာစုခေတ်လောက် က စကုလယ်ကိုင်းရပ်ကြီးသည် သုနာပရန္တတိုင်းကြီး၏ တက္ကသိုလ်ပြည် ကြီးဖြစ်၍ ဒိသာပါမောက္ခဆရာကြီး နေထိုင်ရာ မြို့ကြီးဖြစ်၏။ ထို ဒိသာပါမောက္ခဆရာကြီးထံ၌ တိုင်းအစို့စို့ ပြည်အဝဝတို့မှ မင်းသား၊ သူဌေးသား၊ သူကြွယ်သား၊ သူဆင်းရဲ သားသမီးတို့မှစ၍ ပညာရင်နို့ကို လာရောက်သောက်စို့ ခိုလှုံကြသဖြင့် ထိုဆရာကြီးမှာ တပည့်ငါးရာ ခြံရံကာ ရှိလေကုန်၏။
ငမဲသည် တက္ကသိုလ်ပြည်၏ ဒိသာပါမောက္ခဆရာကြီး၏ တပည့်ငါးရာတို့အနက် အထင်အရှားဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆို သော် ငမဲ၏အသားသည် အလွန်မည်း၍ နက်လုမတတ် ပြောင်လက် ကာရှိ၏။ အရပ်မှာ ငါးတောင်ရှည်၍ အလွန်ဝိုင်းသော ဦးခေါင်း၊ အလွန်ကျယ်ပြန့်သော နဖူး၊ ကားလျက်ရှိသော နား၊ ကျယ်ပြန့်သောရင်အုပ်၊ သေးသော ခါး၊ ဖြူ၍ ဖြောင့်စင်းသော ခြေလက်၊ ဖယောင်းတိုင် များကို ထောင်ထားဘိသကဲ့သို့သော လက်ချောင်းများနှင့် ဖုထစ်သော အဆစ်အမျက်တို့ကင်းလျက် ပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက် ရှိလေ၏။
ငမဲသည် ထိုကဲ့သို့သော ခွန်အားဗလနှင့် ပြည့်စုံ၍ မျက်နှာထားမှာ ကြည်လင်၏။ ပါးစပ်မှာ စကားပြောလိုက်တော့မလို၊ ခေါ်လိုက်တော့ မလိုတို့ဖြစ်လျက် ရယ်ရွှင်ဖွယ် ဒဏ္ဍာရီ၊ ပုံတို၊ ရှေးစကားများနှင့် ချစ် နှစ်သက်ဖွယ်သော စကားတို့ကို ဆိုလေ့ရှိတတ်ခြင်းကြောင့် တက္ကသိုလ်ကျောင်းတော်သား အပေါင်းတို့သည် ၎င်းအား ကြောက်ရွံ့ခြင်းဖြင့် မရိုသေကြဘဲ၊ ချစ်ခင်ခြင်းဖြင့် ပေါင်းသင်းဆက်ဆံလေ့ရှိကြသည့် အတိုင်း တက္ကသိုလ်ကျောင်းသားတို့၏အပေါ်တွင် များစွာ ထင်ရှားလျက်ရှိ၏။
ငမဲသည် စကားပြော အလွန်ယဉ်ကျေးသိမ်မွေ့၍ ရယ်ရွှင်ဖွယ် ပုံတိုစကားထာများကို စီစဉ်လျက် ဆုံးမစကားကို ပြောတတ်ခြင်းနှင့် ကိုယ်လက်အမူအရာမှာလည်း အလွန်ယဉ်ကျေးသိမ်မွေ့သောကြောင့် အပေါင်းအဖော်တို့သည် အလွန်ချစ်ခင်ကြကုန်၏။ ငမဲမှာ ထို့ထက် ထူးကဲသော ဂုဏ်သည်ကား ဆရာ့အပေါ်၌ ဝတ္တရားကို မလစ်လပ် ရအောင် စောင့်ရှောက်ပြုစုခြင်းနှင့် ဆရာသင်ပေးသော တစ်ဆယ့်ရှစ်ရပ် အတတ်တို့နှင့် ဘုတ်အတတ်၊ ဖုတ်အတတ်၊ ယန္တရားအတတ်တို့ကို အကြားအမြင်ဖြင့်ပင် အလုံးစုံ တတ်သိကျွမ်းကျင်၍ စာပေပညာများကို အာဂုံ ရမိ၊ ပိုက်မိ၊ ဆောင်မိသဖြင့် အာဂလူ ဖြစ်နေဘိ၏။ ထို့ကြောင့် ဆရာကြီးသည်လည်း တပည့်အပေါင်းတို့တွင် ငမဲကို အာရုံအပြုဆုံးနှင့် အနှစ်သက်ဆုံးလောက်ပင် ဖြစ်၏။
ငမဲသည် တက္ကသိုလ်ကျောင်းတော်ကြီး၌ ပညာရပ်များကို သင်ကြား၍ သုံးနှစ် သုံးဝါ ရှိလတ်သော်၊ ဆရာကြီးသည် ၎င်း၏တပည့်ကို ခေါ်၍ ဤသို့မိန့်ဆိုလေ၏။
“ငါ့တပည့် ၊ မင်းဟာ ငါ့ကျောင်းတော်၌ သုံးနှစ်သုံးဝါ ပြည့်လို့ ပြန်ချိန်တော်ပြီ။ မင်းဟာ လူ့သျှတ္တရ၊ ကောင်းကင်သျှတ္တရ၊ ဘုတ် သျှတ္တရ၊ ဖုတ်သျှတ္တရ၊ ဓမ္မသတ် အစရှိတဲ့ ပညာအမျိုးမျိုးကို ကြားရုံ မြင်ရုံမျှနှင့်ပင် အကြောင်းအကျိုးကို ဆင်ခြင်ပြီး လိုက်စားလို့ ဒိုးကဲ့သို့ မွေ့ နေနိုင်ပြီ။ ဒါပေမဲ့ စာ၌မူကား မင်းအား က၊ စ၊ တ၊ ပ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ တို့ထက် တတ်အောင် ငါ သင်မပေးနိုင်။ မင်းကလည်း သည့်ထက်ပိုပြီး အလိုမရှိလို့ ငါသင်ကြားခြင်းဟာ မင်းအပေါ်မှာကောင်းကင်တွင် စိတ်ကူးနှင့် မှတ်သားထားတဲ့ အထိမ်းအမှတ်လိုသာ ဖြစ်နေတယ်။ ဒါကြောင့် မင်းဟာ စာကိုစားနေတဲ့ ပိုးနှင့်မျှသာတူလို့ မင်းအတွက် ငါ အင်မတန် ဝမ်းနည်းပါတယ်”
ငမဲသည် ထိုစကားကြောင့် တုံ့ဆိုလိုသောသဘောနှင့် ဆရာ မျက်နှာကို အနည်းငယ် မော့ကြည့်ပြီးနောက် ခေါင်းကိုငုံ့၍ ခပ်မဆိတ် နေလေရာဆရာကြီးသည် “တပည့်ချစ် ဆင်ခြေတုံ့ပြီး ပြန်ဆိုလိုသလား၊ ငါလက်ခံပါတယ်” ဟု ဆိုကာလ၊ ငမဲလည်း ဤသို့လျှင် လေးမြတ်စွာ နှင့် ဆိုလေ၏။ ။
“ကျေးဇူးတော်ရှင် မြတ်ဆရာ၊ ဆရာ မိန့်စကားတို့သည် များစွာ သင့်မြတ်လှပါသည်။ သို့သော် ဆိုရေးရှိက ဆိုသင့်အပ်ပေ၊ ဆိုဆင့်ချေ၍ တပည့်ချစ်သည် တိုးလျှိုးကာ အကြောင်းကို တင်ဆက်ပါမည်။ ဇမ္ဗူဒိပ်၌ မြတ်စွာဘုရား ပွင့်တော်မူလတ္တံ့ဟု ကောလာဟလဖြစ်နေသည့်အတိုင်း ပွင့်တော်မူသောအခါ စာကို ရေးတတ် ဖတ်တတ်သော သူများအားသာ ကယ်ချွတ်တော်မူပါအံ့လော။ စာတတ်သောသူများသာလျှင် နိဗ္ဗာန်တရားမြတ်ကို သိ၍ နိဗ္ဗာန်အရသာကို ခံစားရပါအံ့လော။ ပွင့်တော် မူကုန်ပြီးသော အဆူဆူသော မြတ်စွာဘုရားတို့သည် စာတတ်သော သူများအားသာ အမြိုက်အရသာထူးဖြစ်သော နိဗ္ဗာန်ဆုမြတ်ကို သနားတော်မူပါသလော”
“အင်း... သျှတ္တရ သဘောအရ ငါ့တပည့်က ဆိုပေသကိုး” “မြတ်လှသော ဆရာ၊ ထွန်းလင်းသော လောက၌ စာမည်သည်ကို ကောင်းစွာ ကျွမ်းကျင်အောင် လူတို့သည် သင်အပ်၏။ လေ့လာလိုက် စားအပ်ပါ၏။ အချိန်ရတိုင်း စာနှင့် ပျော်မွေ့ရာ၏။ ဘာကြောင့်လဲ။ စာကို ကောင်းစွာ တတ်သိမှသာ လူတို့တွင် အနှစ်အစစ်ဖြစ်သည့် ကျိုးကြောင်းပြပညာ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ် ကျမ်း၊ သင်္ချာကျမ်း၊ လူမှုရေးရာကျမ်း၊ ဘုတ်ကျမ်း၊ ဖုတ်ကျမ်း၊ ဂန္ဓာရီ ကျမ်း၊ သျှတ္တရကျမ်း အမျိုးမျိုး စသည်တို့ကို တတ်ရစိမ့်သောငှာ သင် ကြားနိုင်စွမ်းဖြစ်သဖြင့် စာကို ကောင်းစွာ တတ်မြောက်အောင် သင်ကြား ရပါသည်။ တပည့်ငမဲ လူ့သံခဲမှာမူကား ပညာအရပ်ရပ်ကို တစ်ဖက် ကမ်းခပ်၍ အကြားအမြင်အားဖြင့်လည်းကောင်း၊ နှုတ်တိုက်သင်ကြားမှု ကို ခံယူရခြင်းဖြင့်လည်းကောင်း၊ ကဝိအမော် အကျော်အဖြစ်နှင့် တတ်မြောက်နေပါပြီ။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားမှတစ်ပါး သုနာ ပရန္တတိုင်း၊ အဝင်တိတိုင်းတို့တွင် တုဘက်မဲ့၊ ပြိုင်နှိုင်းမဲ့ဖြစ်ချေပြီ။ ဘာကြောင့် အချိုးမညီ တုတ်ချောင်းတို့ကို စီ၍ချထားသော အဓိပ္ပာယ် အက္ခရာမျိုးဖြင့် တပည့်ချစ်အပေါ်၌ တစ်စုံတစ်ရာ အကျိုးထူးပါအံ့နည်း။ ထို့ကြောင့် ကျွန်တော့်အပေါ်၌ ကောက်ကောက်ကွေ့ ကွေ့ လုံးလုံး ဝိုင်းဝိုင်းသော စာများအတွက် ဆရာမြတ်သည် ဝမ်းမနည်းသင့်ပါ။ တပည့်ငမဲ လူ့ရွှေခဲသည် လောကအလုံးကို လက်ဝယ်ပိုက်ကျုံး၍ ကဝိ တစ်ဆူ၊ ပညာရှိသူတို့၏ သရဖူအဖြစ်နှင့် ထင်ရှားမြင့်မြင့် တင့်ထက်တင့်ပြီးသော် ဆရာမြတ်၏ ကျေးဇူးတော်၊ ဂုဏ်တော်ကို ကျော်ကြား ထင်လင်းစေပါမည်။ ကျေးဇူးတော်ရှင် မြတ်ဆရာ”
“ချစ်အပ်လို့ ချစ်ရတဲ့ ငါ့တပည့်၊ တုတ်ချောင်းတို့ကို စီပြီးချထားတဲ့ အက္ခရာစာလုံးတို့အတွက် ငါနှင့် သင့်အကြားမှာ ခက်ခဲသော ပြဿနာ ကိုဖြစ်စေပြီး စကားတွန့်ဖွယ်၊ ကွန့်ဖွယ် မရှိ။ လောကဇာတ်ခုံ၌ သင့် ကပွဲကို သင်ကပြမှုဖြင့် စီရင်ဆုံးဖြတ်ပေလိမ့်မယ်။ ငါဟာ ငါ့ဝတ္တရား နှင့်အညီ ပြန်တော့မည်ဖြစ်တဲ့ တပည့်အပေါ်မှာ ဆုံးမကာ လွှတ်လိုက် ရမယ့် ဝတ္တရားရှိလို့ သည်ဝတ္တရားကို ငါပြုလိုက်ဦးမယ်”
“သင်ဟာ လောကကို ငါကျောခိုင်းသွားပြီးတဲ့နောက် ပညာရှိ တစ်ဆူ ပါရဂူမြောက် တစ်ဖက်ကမ်းခပ်လောက်အောင် ကပွဲဆင်ပြီး ထွန်းတောက်မယ့် ဉာဏ်ကြီးရှင်ဖြစ်မှာကို ငါသိတယ်။ ဒါပေမဲ့ ရန်ငါးပါး လွတ်ကင်းတဲ့ လမင်းလို ထွန်းတောက်ရမယ် မဟုတ်။ တော်သလင်းလ အခါ တက်နေတဲ့ မိုးတိမ်တို့ကို ထွင်းဖောက်ပြီး တောက်ထွန်းရတဲ့ နေရောင်လို ထွန်းတောက်ရလိမ့်မယ်လို့ ဆိုတယ်။ ဒါကြောင့် သင်လျှောက်ရအံ့ဖြစ်တဲ့ ခရီးအတွက် သင့်မှာရှိနေတဲ့ အပြစ်တို့ကို ငါညွှန်ပြ မယ်။ မင်း နားတင်”
ထိုအခါ ငမဲသည် မိမိသည် တက္ကသိုလ်ကျောင်းတော်ကြီး၌ နေသမျှကာလပတ်လုံး တစိုးတစိမျှ ပြစ်မှုကို ကျူးလွန်မိသည်ဟု မမြင် မထင်။ ဆရာ့အပေါ်၌လည်း စိုးစဉ်းမျှသော ဆန့်ကျင်ဘက်အမှုတို့ကို ပြုမိသည်လည်း မမြင် မထင်။ ထို့ကြောင့် အလွန်ဝမ်းနည်းသော မျက်နှာဖြင့် မျက်တောင်မျှမခတ်နိုင်ဘဲ ဆရာ့ကို တွေဝေငေးစိုက်ကာ ကြည့်နေမိ၏။