Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ငြိမ်းမင်း - အနုပညာ၀ေယျာ၀စ္စ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
ကျွန်တော့်ကိုလည်း သဘောထားကွဲလွဲခွင့်ပြုပါ
(၁)

ဝေယျာဝစ္စ =           ကိစ္စကြီးငယ်ကို ဆောင်ရွက်ခြင်း(ပါဠိသက်ဝေါဟာရ အဘိဓာန် - ဦးထွန်းမြင့်)

                            “ကိစ္စများစွာ၊ ဝေယျာဝစ္စ အဝဝကို၊ နေ့ညမရှောင်...”

(နာနာဆန္ဒပျို့၊ မုံရွေးဆရာတော်)

          ရပ်ကွက်ထဲမှာ... ဓမ္မာရုံမှာ... ဘုန်းကြီးကျောင်းမှာ... ဘုရားရင်ပြင် မှာ... “ဝေယျာဝစ္စအသင်း” ဆိုတာ ကြားဖူးကြုံဖူးကြမှာပါ။ ငယ်ငယ်တုန်းက ဝေယျာဝစ္စအသင်းဖွဲ့ပြီး စာကြည့်တိုက်ရန်ပုံငွေ ရှာခဲ့ဖူးပါတယ်။ မင်္ဂလာဆောင် တစ်ခုလုံးကို ဧည့်ခံဖို့ ဝေယျာဝစ္စအသင်းကို တာဝန်ပေးပြီးမှ မင်္ဂလာ ရှင်က အလှူငွေပြန်ထည့်ပေး အပြန်အလှန်ကူညီကြတာ။ အဲဒီမှာ အသင်း ဝင်လူငယ်တွေက မင်္ဂလာကိစ္စအဝဝကို လိုလေသေးမရှိအောင် အားသွန် ခွန်စိုက် လုပ်အားပေးကြရတယ်။

          ဧည့်ပရိသတ်ရှေ့မှာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး မုန့်ပွဲ၊ ရေခဲမုန့် ပန်းကန်လိုက်ချပေးတဲ့ အလုပ်ကို လုပ်ချင်သူ၊ လုပ်နိုင်သူ လူငယ်တွေများပေမယ့် ပရိသတ်ရဲ့ စားကြွင်းစားကျန် ပန်းကန်တွေဆေးကြောသန့်စင် တဲ့အလုပ်ကျတော့ လုပ်ချင်သူ ရှားပါးလှပါတယ်။ တကယ်တော့ မင်္ဂလာပွဲ ကြီးတစ်ပွဲ အောင်မြင်ပြည့်စုံဖို့ဆိုတာ လူမမြင်ရတဲ့ နောက်ကွယ်က အပေ အတေခံပြီး ဆေးကြောသန့်စင်ပေးတဲ့ လူတွေရဲ့ လုပ်အားကျေးဇူးဟာ မရှိ မဖြစ် မပါမဖြစ်အောင် အရေးကြီးလှပါတယ်။

          ဒီအတိုင်းပါပဲ။ အနုပညာလောကမှာ နေရာတစ်ခုရပြီး ပရိသတ်ရဲ့ ရင်သပ်ရှုမော အံ့သြချီးကျူးစကားတွေ၊ လက်ခုပ်အားပေးသံတွေ ကြား ခွင့်ရဖို့ လူမမြင်ရတဲ့ (နာမည်တစ်လုံး မရသေးခင်က) အပေအတေခံပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝစာမျက်နှာတွေဟာ သိပ်ကို ခါးသီးခံပြင်းလှပါတယ်။ ဒါကို..

          တချို့က သက်လုံ”တဲ့ ၊

          တချို့က “ဇွဲ”တဲ့

          တချို့က ပါရမီဖြည့်တာ”တဲ့

          တချို့က ဝမ်းစာဖြည့်တာ”တဲ့

          ဘယ်လိုပဲခေါ်ခေါ် ဒါဟာ အနုပညာသမားတိုင်းအတွက် အခြေခံ အုတ်မြစ်”ပါ။ အောင်မြင်မှုအဆောက်အဦကြီးတစ်ခု ဖြစ်ပေါ်လာဖို့ အရေး အကြီးဆုံး အုတ်မြစ်ဟာ လူမမြင်ရသေးတဲ့ ဝေယျာဝစ္စ အောက်ခြေသိမ်း” ဖြတ်သန်းမှုတွေနဲ့ တည်ဆောက် ဖြည့်တင်းယူရတာပါ။ အောက်ခြေသိမ်း ဝေယျာဝစ္စလုပ်ခဲ့စဉ်က ချွေးထွက်များခဲ့မှ အနုပညာရှင်ဘဝမှာ သွေးထွက် နည်းမှာ အသေအချာပါ။ ။

          “ဝေယျာဝစ္စဆိုတဲ့အထဲမှာ လေးလံပင်ပန်းတဲ့ကိစ္စ တာဝန်တွေပါသလို ပေါ့ပါးသက်သာတဲ့ ကိစ္စငယ်တွေလည်း ရှိတာပေါ့။ အရေးကြီးတာနဲ့ မကြီး တာက ရောထွေးနေတတ်တယ်။ ဒီနေရာမှာ သတိထားရမှာက နု”စဉ်ဘဝမှာ အရေးမကြီးဘူးထင်ခဲ့တာတွေဟာ ‘ရင့်” တဲ့အခါ အရေးပါအရာရောက်နေ တာကို တအံ့တသြတွေ့ရတတ်တာပါပဲ။ ဒါကြောင့် အကောင်းဆုံးက ဖြတ်သန်းမှုတိုင်းကို သတိနဲ့ ရိုရိုကျိုးကျိုး အားစိုက်ခဲ့ဖို့လိုပါတယ်။

          ဘဝဆိုတာ သင်ခန်းစာယူလို့ မဆုံးနိုင်တဲ့ သင်တန်းကျောင်းကြီး မဟုတ်လား။ သင်ခန်းစာဆိုမှတော့ ဘယ်ချိုပြေပါ့မလဲ။ တချို့သော သင်ခန်းစာတွေဆိုရင် ပြန်ပြောမပြချင်လောက်အောင် ခါးတူးရှတနေတယ်။ လူငယ် တွေကို ပြန်မပြောချင်ဘူး။ သူတို့ရဲ့ ခပ်ပါးပါး စိတ်အလွှာတွေကို ကြောက်ရွံ့ လွင့်ပါးမသွားစေချင်လို့ပါ။

          ဇာတ်ညွှန်းရေးသူ ဆိုတာ...

          စာအလွန်ရသလောက် ပုံနှိပ်စာအုပ်ဖြစ်ခွင့် မရတဲ့ဘဝပါ။ ပြီးတော့ ရေးချင်တဲ့ ရေးသင့်တဲ့ စာတွေကို ရေးခွင့်မရခဲ့ပြန်ဘူး။ ဇာတ်ထဲဝင်အောင် ဇာတ်ဝင်စကားတွေပဲ ရေးခဲ့ရတာလေ။ ဖြတ်သန်းမှုအရှိန်ရလာတဲ့ အခါ ကိုယ့်မှာ တာဝန်ရှိရက်နဲ့ မပြောဖြစ်ခဲ့တာတွေ၊ ပျက်ကွက်ခဲ့တာတွေကို ခပ်လှမ်းလှမ်းက သတိရေးရေးရလာမိတယ်။

          ဇာတ်သဘင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာဘဝတုန်းကပေါ့။

          ကိုယ့်ဇာတ်ခုံလေးဆီကို ပရိသတ်ရောက်လာအောင်၊ ရုံထဲရောက် လာတဲ့ ပရိသတ်ကို ကိုယ့်အနုပညာတွေလက်ခံသွားအောင်၊ ကိုယ်မဟုတ် တဲ့ တခြားလူတွေရဲ့ မြင်ကွင်း” နဲ့ ကိုယ့်ရဲ့ ရင်တွင်း” ကို ပြခဲ့ရတာ။ ပေါ်လိုက်၊ ပျောက်လိုက်၊ နစ်လိုက်၊ ကူးလိုက်။ ကိုယ်ရောက်နေတဲ့ မြို့ဟာ အရှေ့လှည့်သလား အနောက်လှည့်သလားတောင် သတိမထားနိုင်ခဲ့ဘူး။ ဇာတ်ခုံထဲမှာ ဘဝကို နှစ်ခဲ့ရတာတွေလေ။

          ဇာတ်အတွက် စာကလွဲပြီး ဘာမှ မရေးဖြစ်။

          ကိုယ့်စာတစ်ကြောင်း ပရိသတ်ထဲရောက်သွားဖို့ ဆင်လိုက်ရတဲ့ ကားလိပ်၊ ဆွဲလိုက်ရတဲ့ ပြည်ဖုံးကား၊ တွန်းလိုက်ရတဲ့ ထရော်လီ၊ ကိုင်လိုက်

          အော်လိုက်ရတဲ့ မိုက်ကရိုဖုန်း၊ ကိုယ်နဲ့ ဆိုင်တာ မဆိုင်တာ မစဉ်းစားနိုင်ဘူး။ ပရိသတ်အတွက် ပေးနိုင်တာထက် ပိုပေးခဲ့တယ်။ ဇာတ်သဘင်ဝေယျာဝစ္စကတော့ “က” အစ “အ” အဆုံး သင်ရိုးကျွတ်ပါပဲ။ ဒီလောက် အချိန်ပေးထားရ တော့ ဘာစာကို ရေးနိုင်ဦးမှာတုန်း။

          ကိုစိုးမြင့်အောင်(ရုပ်ရှင်အောင်လံ)၊ ကိုအေးကြူလေး (ပြည်သူ့ဖလင်) တို့က အင်တာဗျူးတွေလာမေးတော့မှ ကိုယ့်ကိုယ်ကို သတိရတယ်။ သူတို့က ခင်ဗျားဆီမှာ သဘင်အကြောင်း ပြောစရာမရှိဘူးလားတဲ့။ ခင်ဗျားပြောရင်ပိုပြီးမှန်မှာပေါ့တဲ့။ ဇာတ်သဘင်အကြောင်း ပြောရေး ဆိုခွင့်ရှိတဲ့သူဖြစ်နေ တာတောင် ပြောသင့်ပြောထိုက်တာတွေ မပြောမိခဲ့၊ မပြောနိုင်ခဲ့ပါဘူး။

          ကျွန်တော့် အခြေခံစရိုက်ကိုက ပြောသင့်တာတွေ ပြောမနေဘဲ လုပ်နိုင်သလောက်လုပ်ပြချင်တဲ့စိတ်က အားကြီးနေခဲ့တာ။ ဒါ ကျွန်တော့် ရဲ့ အားနည်းချက်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဘယ်လောက် မပြော ခဲ့သလဲဆိုရင် ကျွန်တော့်ဇာတ်သဘင်နောက်ခံကားကို မမြင်ဘူးကြတော့ ဘူး။ ကျွန်တော် ဇာတ်ကလာခဲ့တယ်ဆိုတာကိုတောင် မသိတဲ့ ပရိသတ်တွေ အများကြီးပါ။

          ဘဝကို နောက်ပြန်လှည့်ကြည့်လိုက်တော့... မျက်တွင်းဟောက်ပက် နဲ့ ရင်းပေးခဲ့ရတဲ့ ဇာတ်သဘင်ဖြတ်သန်းမှုမှာ ကျွန်တော်ရေးဖြစ်ခဲ့တဲ့

          ဆောင်းပါးလေးက ၅ ပုဒ်ထဲရယ်။ ဒါကြောင့် အင်တာဗျူးပြောဖြစ်တဲ့ “မော်ဒန် အကအကြောင်း” ပေါင်းထည့်ထားရတယ်။ ရှာလို့မရတော့တဲ့ အင်တာဗျူး တွေထဲမှာ ကိုဝင်းစည်သူရယ်၊ ကိုအောင်သိုက်ကြီးရယ်၊ ကျွန်တော်ရယ်၊ ပြဇာတ်သမား ၃ ယောက်ကို ကိုဝင်းငြိမ်း၊ ကိုစိုးမြင့်အောင်၊ ကိုအေးကြူလေး တို့ရဲ့ စီစဉ်မှုနဲ့ ကိုမြတ်ခိုင်က ဗျူးခဲ့တဲ့ အင်တာဗျူးပါ။ အဲ့ဒီ “ဗျူးကို ရှာမတွေ့ တာကိုတော့ စိတ်ထဲမှာ ကွက်လပ်အကြီးကြီးဖြစ်နေမိတယ် (ရှာဖွေတွေ့သူ များရှိရင် ကျေးဇူးပြုပေးကြပါခင်ဗျာ)

          တွေ့သမျှ ဆောင်းပါးလေးတွေကို ဖုန်ခါပြီး ထုံးစံအတိုင်း တပည့် ကျော်တွေကို ကွန်ပျူတာစီခိုင်းရတယ်။ ဒီတစ်ခါ အနှိပ်စက်ခံဖို့ အလှည့် ကျသူက တပည့်မျိုးမင်းထွေး။ အနုပညာတက္ကသိုလ်ကဆင်းပြီး MRTV4 မှာ Script ရေးနေတဲ့ လူငယ်ပါ။ သူကလည်း ခေသူမဟုတ်။ လူ့အခွင့် အရေး ရုပ်ရှင်ပွဲတော်မှာ ပူပူနွေးနွေးဆု ရထားတဲ့ ဒါရိုက်တာ။ ကိုယ့်မှာ လည်း နှိပ်စက်စရာဆိုလို့ ဒီတပည့်တွေပဲရှိတာ။ သူကတော့ ပညာရတယ် ပြောတာပဲ။ အနုပညာဝေယျာဝစ္စတစ်ခုကို လက်တွေ့ ဖြတ်သန်းခိုင်းတဲ့ သဘောပေါ့(နော်)... ကိုယ့်ဆောင်းပါးတွေကို ကွန်ပျူတာစီပေးရင်း သူက ပြောတယ်။

          “ဆရာ့ဆောင်းပါးတော်တော်များများက ကျွန်တော့်ထက် အသက် ကြီးတယ်”တဲ့။ ကဲဗျာ။ အဲဒီတော့မှ မျိုးဆက်ကွာဟတဲ့ ကွက်လပ်ကြီးကို(GENERATION GAP) ကို သတိထားလိုက်မိပြန်ပါတယ်။

          “ဒီဆောင်းပါးတွေ ဖတ်ကြည့်တော့ မင်းဘာရလဲ” “ဟာ...အများကြီးပဲ၊ ကျွန်တော်ဘာမှ မသိတာတွေ အများကြီး” “မင်းတို့အတွက် အကျိုးရှိမယ်လို့ ထင်လား”

          “ဟာ ကိုယ်မဖြတ်သန်းလိုက်ရဘဲ ရတဲ့အတွေ့အကြုံပဲဆရာ၊ သိပ် တန်ဖိုးရှိတာပေါ့။ အထူးသဖြင့် အနုပညာလုပ်မယ့် လူငယ်တွေအတွက် ယူစရာတွေ အများကြီးပဲ”

          “မင်းလို လူငယ်တွေရှိသေးလား” “အများကြီးဆရာရဲ့”

          ဒီခေတ်လူငယ်တွေက မြန်မာသီချင်း အရသာမခံတတ်ဘူး။ မြန်မာ့ ယဉ်ကျေးမှုရနံ့ကို မရှူရှိုက်တတ်ဘူးလို့ သူငယ်ချင်းတစ်ယောက်က ပြော တယ်။ ကျွန်တော် ချက်ချင်းပဲတုံ့ပြန်ခဲ့တယ်။ အဲ့ဒါ လူငယ်တွေမှာ တစ်ဝက်ပဲတာဝန်ရှိတယ်။ ကျန်တစ်ဝက်က သူတို့သိအောင် ပြောမပြတဲ့ လူကြီးတွေမှာ တာဝန်ရှိတာလို့။

          သူ့ကိုသာ အဲ့သလို ပြောလိုက်ရတယ်။

          ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်ပြောပြီးပြီလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ အနုပညာဝေယျာဝစ္စတွေကို ပြန်လည်စုဆောင်းပြီး စာအုပ်ဖြစ်အောင် အားထုတ်လိုက်တာပါ။

          ဘဝက အရွယ်ရင့်လာတာနဲ့ အမျှ..

          လူငယ်တွေ (အနုပညာစိတ် တကယ်ရှိတဲ့ မျိုးဆက်သစ်တွေ)ကို ခွဲဝေပေးချင်တဲ့ သင်ခန်းစာတွေက ရင်နဲ့မဆန့်အောင် ပြည့်လျှံလာတယ်။ ပေးနိုင်တာက နည်းပြီး ပေးချင်တာက များတဲ့အခါ စာနဲ့ ရေးပြတဲ့နည်း ဟာ အကောင်းဆုံးဆိုတာ သိလာပါတယ်။ ဒါပေမဲ့ ခက်တာက အချိန်။ ထားလိုက်ပါတော့။

          အခုတော့ ညည်းညူမောဟိုက်တာတွေ လွှင့်ပစ်ပြီး “အနုပညာ ဝေယျာဝစ္စ” ကို မရအရ စုဆောင်းအမျှဝေလိုက်ပါတယ်။ ခေတ်တွေပြောင်းပေမယ့် မပြောင်းနိုင်သေးတဲ့ အနုပညာသစ္စာတရားအချို့ကို ဒီစာအုပ် ထဲမှာ ထည့်ပေးထားပါတယ်။

          တကယ်တော့ အဟောင်းတွေ စုဆောင်းထားတာပါ။

          အမှတ်တရတွေ သိမ်းဆည်းထားတာပါ။

          ခေတ်ဟောင်း အဖြူအမည်းရုပ်ရှင်ကားကို ပြန်ကြည့် ရသလို ငြိတာလည်းရှိမယ်။ ငြင်းတာလည်းရှိမယ်။ ဒါပေမဲ့ မြန်မာ့အနုပညာ လောက ရဲ့ အရှိတရားနဲ့ ဖြတ်သန်းမှုကိုတော့ သိခွင့် ကြည့်ခွင့်ရမှာ သေချာပါတယ်။

          ဒီစာတွေဖတ်ရင်းနဲ့ စာဖတ်သူနဲ့ ကျွန်တော် လွတ်လပ်စွာ သဘော ထား ကွဲလွဲကြရအောင်ပါ။

          ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတွေဟာ ၁၉၈၄ ကစပြီး ၂ဝ၁ဝ အထိ ရေးခဲ့တာတွေပါ။ ခုနှစ်အစဉ်လိုက်ဖော်ပြထားတာမဟုတ်ဘဲ ဖတ်လို့ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ ဒီဆောင်းပါးတွေကို ဖော်ပြပေးခဲ့တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော်ပြော ချင်တဲ့ စကားတွေ ရင်ဘတ်အပြင်ဘက် ထွက်ကျလာအောင် အင်တာဗျူးပေး ခဲ့တဲ့ အယ်ဒီတာတွေကိုလည်း တခုတ်တရ ကျေးဇူးတင်ကြောင်းပြောပါရစေ။

          ဆောင်းပါးဟောင်းတွေကို အစအဆုံး ကွန်ပျူတာ ပြန်စီပေးခဲ့တဲ့ ချစ်တပည့် မျိုးမင်းထွေး၊ မျက်နှာဖုံးပန်းချီကို အသုံးပြုခွင့်ပေးတဲ့ ဦးမောင် (ပန်းပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်)နဲ့ ကျွန်တော့်ရဲ့ ဇီဇာကြောင်မှုတွေကို နားလည်ခွင့်လွှတ်ရင်း စိတ်ရှည်စွာ သရုပ်ဖော်ပေးတဲ့ စိတ်ကူးချိုချိုရဲ့ တကယ်ချိုတဲ့ စိတ်ကူးတွေကို အထူးကျေးဇူးတင်ပါတယ်။

          အထူးသဖြင့် ကျေးဇူးတင်ရမှာကတော့..

          “ခေတ်ချင်းမတူရင် ခံစားချက်ချင်း မတူနိုင်ပါဘူးဆိုတဲ့ ဒီစာဖတ် မယ့် လူငယ်တွေကိုပါ”

          ဒီနေ့ခေတ်လူငယ်များခင်ဗျား..... ။

          ဟိုးတစ်ခေတ်က လူငယ်တွေရဲ့ အသံကို နားထောင်ကြည့်စမ်းပါ။ အဲဒီခေတ်က လူငယ်တွေရဲ့ ဖြတ်သန်းမှုနဲ့ ခံစားမှုဖက်ရှင်တွေကို ခံစားစာနာကြည့်စမ်းပါ။

          တစ်ခါတစ်ခါ အဟောင်းထဲမှာ မျှော်လင့်မထားတဲ့ ရသတချို့၊ နည်း လမ်းတချို့၊ အဖြေတချို့၊ ထွက်ပေါက်တချို့ကို ဖမ်းဆုပ်မိတတ်ပါတယ်။ တကယ်ကို မမျှော်လင့်တဲ့နေရာမှာ ခင်ဗျားတို့ရှာနေတာ တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ “အဟောင်း” ဆိုတာ “အသစ်” ကို မွေးဖွားလာတဲ့ ဘူမိနက် သန်ဖြစ်နေလို့ပါ။

          ကျွန်တော်က ပတ္တလားနဲ့ တီးပြခဲ့တဲ့ တေးသံကို ခင်ဗျားတို့ ရဲ့ ဂစ်တာပေါ် ပြောင်းယူကြည့်စမ်းပါ။

          ထူးသစ်တဲ့ သံစဉ်တစ်ခုကို ခံစားနားဆင်ရမှာအသေအချာပါ။

          ကဲ... ခုချိန်ကစပြီး ကျွန်တော့်ကိုလည်း သဘောထားကွဲလွဲခွင့် ပြုပါခင်ဗျား။

          ငြိမ်းမင်း

          ၂၀၁၄ ဇူလိုင်