Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ငြိမ်းမင်း - ရသစိုက်ပျိုးရေး

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
ရသဥယျာဉ်မှူး၏ အမြော်အမြင်နှင့် စေတနာ
မောင်ခင်မင်(ဓနုဖြူ)၏ အမှာစာ

          “ဒီနေ့ စာသင်ခန်းတွေထဲမှာ ရသပျောက်နေပြီ” ဟု မြန်မာစာဆရာ တစ်ယောက်က စိုးရိမ်တကြီး ပြောပါသည်။

          သူစိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်လောက်သည်။ မြန်မာစာ သင်ကြားရာတွင် ဆရာ၊ ဆရာမများက တပည့်တွေ သူတို့သင်ရသည့် စာကို နှစ်သက်သဘောကျလာအောင်၊ ရင်ထဲမှာ အရသာပေါ်လာအောင်၊ စာအရသာကို တစိမ့်စိမ့်ခံစားမိအောင် သင်ဖို့ထက် စာထဲက အကြောင်းအရာ အချက်အလက်တွေကို ဦးနှောက်ထဲမှာ စွဲထင် မှတ်မိ သွားအောင်သင်ဖို့ကို ပိုအလေးထားနေကြသည်ကို တော်တော်များများ တွေ့နေရသောကြောင့် ဖြစ်သည်။ နောက်ဆက်တွဲအကျိုးဆက်က အချက်အလက်တွေကို မှတ်မိအောင် အလွတ်ကျက်လာကာ စာမှန် သမျှ အလွတ်ကျက်သည့် အကျင့်ဆိုးကြီးစွဲလာခြင်းဖြစ်သည်။ အလွတ် ကျက်သည့် အကျင့်စွဲတော့ ကျက်ထားသည့်စာကိုမှ ပြန်ရေးတတ် သည့်အကျင့်ပါ စွဲလာသည်။ ဆရာ၊ ဆရာမက အချက်အလက်ကို ပဓာနထားပြီး မှတ်စုပေးသည်။ ကျောင်းသားက မှတ်စုကို အလွတ် ကျက်ပြီးစာမေးပွဲဖြေသည်။ မှတ်စုရှိလျှင် လုံလောက်ပြီဆိုပြီး ပြဋ္ဌာန်းစာအုပ်တွေ မကိုင်တော့။ ဆရာကလည်း ပြဋ္ဌာန်းစာအုပ်ကို ကိုင်မသင်တော့။ ဖတ်မပြတော့။ စာအရသာပေါ်အောင် ရှင်းလင်းပြောပြတာ မျိုးမလုပ်တော့။ သည်တော့ ကျောင်းသားကလည်း စာထဲကအရသာကို မခံစားတတ်တော့။ ဤသို့ဖြင့် ကျောင်းသားများမှာ ရသနှင့် မယဉ်ပါးတော့ဘဲ ရသကိုးပါးသည် အလွတ်ကျက်စရာ အချက်အလက်ကိုးမျိုး ဖြစ်သွားပါတော့သည်။

          ဤသို့သောအခြေအနေတွင် ဆရာငြိမ်းမင်း၏ “ရသစိုက်ပျိုး ရေး” ပေါ်ထွက်လာခြင်းမှာ နောက်မကျသေးပါ။ အချိန်မီပါသေးသည်”

          ရသသည် စိတ်ထဲမှာ ခံစားရသော အရသာဖြစ်သည့်အတွက် သိမ်မွေ့သည်။ ဒိဋ္ဌလောက (အပြင်လောက)တွင် မရနိုင်သော အရသာ မျိုးဖြစ်သည့်အတွက် ထူးခြားသည်။ ဒိဋ္ဌလောကတွင် စိတ်ထဲမှာ သာယာသောအာရုံ (ဣဋ္ဌာရုံ)ကို ခံစားရာမှ နှစ်သက်သည့်အရသာ ပေါ်သည်။ စိတ်ထဲမှာ မသာယာသောအာရုံ (အနိဋ္ဌာရုံ) ကို ခံစားရ လျှင်မူ နှစ်သက်သည့်အရသာ မပေါ်ပေါက်နိုင်သည်ကို အားလုံးသိကြ ပါသည်။ စာပေအနုပညာကပေးသော အရသာမှာမူ မသာယာသော အနိဋ္ဌာရုံကိုလည်း နှစ်သက်သည့်အရသာ ပေါ်ပေါက်ပါသည်။ သာဓကဆောင်ရလျှင် ဝတ္ထုဖတ်ပြီး ဝတ္ထုထဲက သနားစရာမိန်းကလေး ကို သနားသည့်အတွက် မျက်ရည်ကျရသည်နှင့်အတူ ထိုမျက်ရည်ကျ သည့်အဖြစ်ကို စိတ်ထဲမှာနှစ်သက်ပြီး အရသာခံစားနေရတတ်သည်။

          ကြောက်စရာကောင်းသော သရဲတစ္ဆေ၀တ္ထုကိုဖတ်ရင်း ကြက်သီး ထကာ ထိတ်လန့်ကြောက်ရွံ့ သော ခံစားမှုပေါ်သည်နှင့်အတူ ထိုသို့ ထိတ်လန့်ရသည့် အရသာကိုပင် နှစ်သက်သာယာနေတတ်သည်။ ရုပ်ရှင်ထဲက မုန်းစရာကောင်းသော လူကြမ်းဇာတ်ဆောင်ကို မုန်းစိတ် ပေါ်ရင်းပင် သူ့သရုပ်ဆောင်မှုကို နှစ်သက်သဘောကျနေတတ်သည်။ သိုင်းဝတ္ထုတွေထဲက အကြမ်းပတမ်း တိုက်ကြခိုက်ကြပုံများကိုဖတ်ရင်း ကြမ်းတမ်းခက်ထန်သောစိတ် ပေါ်ပေါက်သည်နှင့်အတူ ထိုအရသာကိုနှစ်သက်နေတတ်သည်။ ထိုခံစားမှုများသည် ဒိဋ္ဌလောကတွင် မရနိုင်သော ထူးခြားသည့်အရသာများ ဖြစ်သည်။ ရသကိုးပါးတွင် ကရုဏာ ရသ(သနားခြင်း၊ ကြေကွဲခြင်း)၊ ဘယာနကရသ (ကြောက်ရွံ့ ထိတ် လန့်ခြင်း)၊ ဝိဘစ္ဆရသ (စက်ဆုပ်မုန်းတီးခြင်း)၊ ရုဒ္ဒရသ (ကြမ်းကြုတ် ခက်ထန်ခြင်း) ဟူသော အနိဋ္ဌာရုံနှင့်ယှဉ်သော ရသလေးပါး ပါဝင်နေ ခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်သည်။ ။

          သို့ဆိုလျှင် စာသင်ခန်းထဲတွင် ကျောင်းသားများသင်ရသော ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ အက်ဆေး (ရသစာတမ်း)ဆိုသည့် ရသစာပေများ၏ အရသာကို တကယ်ခံစားမိအောင် သင်ကြားပေးဖို့ လိုပါလိမ့်မည်။ ကျက်စရာမှတ်စရာများကို ဦးနှောက်ထဲ ထည့်ပေးရုံ ဖြင့် ရသမပေါ်နိုင်ပါ။ ရင်ထဲ နှလုံးထဲသို့ ရောက်အောင် ပို့ပေးနိုင်မှ ရသပေါ်ပါလိမ့်မည်။

          ယနေ့ခေတ်သည် အိုင်တီခေတ်ဖြစ်သည်နှင့်အညီ သိစရာ မှတ်စရာ သုတမျိုးစုံကို လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်းများစွာ ရှိပါသည်။ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဦးနှောက်ဖွံ့ဖြိုးအောင် လုပ်နိုင်သည့် အခြေအနေများစွာရှိပါသည်။ တစ်ဖက်က ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်သလို တစ်ဖက်ကလည်း လူငယ်များ၏ ရင်ထဲနှလုံးထဲမှာ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ အက်ဆေး စသည့် စာကောင်း ပေမွန်များ၏ စာပေအရသာ ခံစားရသည်နှင့်အတူ နှလုံးသားဖွံ့ဖြိုး

          အောင်လုပ်ဖို့လည်း လိုပါသည်။ နှလုံးသားထဲမှာ ချစ်စိတ်၊ သနားစိတ်၊ စာနာစိတ်၊ မတရားမှုကို မလိုလားစိတ်၊ တရားမှုကိုသာ လိုလားစိတ်၊ မမှန်သည်ကို မလိုလားစိတ်၊ မှန်သည်ကိုသာလိုလားစိတ်၊ အများ အကျိုး ဆောင်ရွက်လိုစိတ် စသည့် စိတ်စေတနာကောင်းများ ကိန်းအောင်းပြီး ဖွံ့ဖြိုးလာအောင် စာပေအနုပညာအရသာကို နှစ်နှစ်သက် သက် ခံစားတတ်သည့် အလေ့တစ်နည်းဆိုရလျှင် ရသခံစားမှုနှင့် ယဉ်ပါးသည့်အလေ့ စွဲမြဲဖို့လိုအပ်ပါသည်။

          ယနေ့လူငယ်အများစုမှာ သိစရာမှတ်စရာ သုတနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေကြသော်လည်း ရသနှင့် တော်တော် များများ စိမ်းနေကြသည်။ ဝတ္ထုတွေ ကဗျာတွေကို ငယ်ငယ်ကတည်း က ထမင်းမေ့ဟင်းမေ့ မက်မက်မောမော အရသာခံဖတ်သည့် အလေ့ အကျင့်မျိုး မရှိခဲ့ကြသည့်အတွက် နှလုံးသားကလေးများ ကြမ်းတမ်း လာကြသည်။ ရိုင်းလာကြသည်။ ချစ်စရာတွေ့၍မှ ချစ်ရကောင်းမှန်း မသိ။ ရိုသေလေးစားရမည့်သူကို ရိုသေရမှန်းမသိ။ သနားစရာကို ဟားတိုက်ရယ်ခြင်းမျိုး၊ မတရားမှု၊ မမှန်ကန်မှုနောက်ကို စိတ်လိုလိုက် ၍ပါသွားခြင်းမျိုး၊ အများအကျိုး အများကိစ္စထက် ကိုယ့်အကျိုးကိုယ့် ကိစ္စကိုသာ ဦးစားပေးခြင်းမျိုးများ ဖြစ်လာကြသည်။ ထိုသို့သောခံစား ချက်ဖြင့် ကြီးပြင်းလာကြသောအခါ ယနေ့မကြာခဏ ကြားမြင်နေရသော သတ်ဖြတ်မှု၊ လုယက်မှု၊ ဗလက္ကာရပြုမှုစသည့် အမှုအခင်းများ တွင် ပါဝင်ပတ်သက်သည်အထိ အခြေအနေဆိုးဝါးလာပါသည်။ ဆရာတစ်ယောက် စိုးရိမ်သလို ရသသည် စာသင်ခန်းထဲမှာ ပျောက်ဆုံး ရုံသာမကတော့ပဲ ထို့ထက်ပိုဆိုးလာပြီး ဆရာငြိမ်းမင်း စိုးရိမ်သလို ပြည်သူများ၏ ရင်ထဲမှာပင် ရသပျောက်သည့် အခြေအနေသို့ ရောက် နေပါသည်။

          ဆရာငြိမ်းမင်းသည် စာသင်ခန်းထဲမှာသာမက ပြည်သူများ၏ ရင်ထဲမှာပင် ပျောက်ဆုံးလုနီးပါးဖြစ်နေသော ရသပန်းများ ပြန်လည်ဖူး ပွင့်လာစေရန် “ရသစိုက်ပျိုးရေး” ဟူသော ကြွေးကြော်သံဖြင့် ဤ စာတမ်းတွင် တပ်လှန့်နှိုးဆော်ထားသည်။ ဆရာ၊ ဆရာမများက ရှေ့ဆောင်လမ်းပြလုပ်၍ ကျောင်းသား ကျောင်းသူများ၏ နုနယ်သော နှလုံးသားများတွင် ရသဟူသော နှစ်သက်ခံစားမှုနှင့်အတူ စိတ်စေတနာကောင်းများ ကိန်းအောင်းလာစေရန် ဆောင်စရာ၊ ရှောင်စရာ နည်းလမ်း များကို ကိုယ်တွေ့စာတွေ့ အတွေ့အကြုံများနှင့်ယှဉ်၍ ဆွေးနွေးထားသည်။ ရသပန်းများ ပွင့်လန်းဝေဆာစေချင်သော ရသပန်းများဖြင့် လောကကို အလှဆင်ချင်သော ရသဥယျာဉ်မှူးကောင်းတစ်ယောက် ၏ အမြော်အမြင်နှင့် စေတနာကို ဤစာတမ်းကကောင်းစွာ ‘ထွန်းပြ” နေပါသည်။

          ပုဂံခေတ်တွင် တရုတ်ပြည်သို့ သံတမန်အဖြစ်သွားရောက်သော ရဟန်းတော် အရှင်ဒိသာပါမောက္ခက မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်ကို ဥယျာဉ်မှူးနှင့် ခိုင်းနှိုင်းပုံဆောင် မိန့်ကြားသော စကားတစ်ခွန်းကို သတိရမိပါသည်။ ဥယျာဉ်စိုက်သော ယောက်ျားကား ရေသွင်း၍ သစ်ပင်ကို ကြီးစေ၏။ အညွန့်မဆိတ်တကား” ဟူ၍ဖြစ်သည်။

          ရသစိုက်ပျိုးသော ဥယျာဉ်မှူးဖြစ်သည့် ဆရာငြိမ်းမင်းသည် လည်း ရသပန်းများ ဆတက်ထမ်းပိုးတိုး၍ ဖူးပွင့်လာမည့် ရသဥယျာဉ် ကြီး ဝေဝေဆာဆာပေါ်ထွန်းလာအောင် အညွန့်မဆိတ် အခက်မချိုးဘဲ အမြော်အမြင်နှင့် စေတနာတည်းဟူသော ရေစင်ရေသန့်ကို ဆက်လက် သွန်းလောင်းနိုင်ပါစေဟု ဆန္ဒပြုပါသည်။ ။

မောင်ခင်မင် (ဓနုဖြူ)

၁၄-၇-၂၀၁၈