Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - အလွမ်းရွှေရတု၀ထ္ထုများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

ဇာတ်သိမ်းခန်း

          လှမ်းမည့်ခြေလှမ်းသည် တုံ့ခနဲ ရပ်သွားသည်။ တွေ့ လိုလှ၍ ရှာဖွေခဲ့ရသော သူ့ကို မြင်လိုလှ၍ ရှာဖွေခဲ့ရသော သူ့မျက်နှာကို မရှာဖွေ နိုင်သော အချိန်တွင် ရှေ့တူရူ၌ တွေ့ နေရချေပြီ။ မျှော်လင့်ခဲ့စဉ်၊ အောက်မေ့ခဲ့စဉ်၊ တသခဲ့စဉ်ကမူ သူ့မျက်နှာကို အရိပ်အခြည်မျှပင် မြင်ခွင့် မရခဲ့။ သူ့ကို စိတ်၌ ပိတ်ကွယ်ထားရစ်ခဲ့ပြီ။ သူ့အကြောင်းကို မေ့ချန် ထားရစ်ခဲ့ပြီ။ ဘဝဟောင်းကို မိတ်ဆာမျှမကျန် ပြည်ဖုံးကားချလိုက်ပြီ ဆိုသောအခါ မျက်နှာချင်းဆိုင် ဖြစ်ပြန်ချေ၏။

          သူ့အဖို့ရာ ကျွန်တော့်အတွေးမျိုး ရလိုမှ ရကောင်းမည်။ အမှတ်မဲ့ တွေ့ဆုံမိခြင်းကို အကြောင်းပြ၍ ကျွန်တော်ကဲ့သို့ ရင်ခုန်ချင်မှ ခုန်မည်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်ချင်မှ ဖြစ်မည်။ သို့ရာတွင် ကျွန်တော့်လိုပင် မျက်တောင်မခတ်နိုင်အောင် စိုက်၍ကြည့်နေသော သူ့မျက်လုံးတွင် စိုးရိမ်ကြောင့်ကြခြင်းက ကြီးစိုးလျက် ရှိဟန်တူ၏။ ထို့ကြောင့် ကျွန်တော့်ရင်ကို ငြိမ်အောင် အားပြုရသည်။ ခြေလှမ်းကို ဆက်၍လှမ်းရသည်။ နှုတ်ခမ်း ပေါ်တွင် အပြုံးကို တင်ဖြစ်အောင် တင်ရသည်။

          ထိုအခါ သူ့ခြေလှမ်းသည် ကျွန်တော့်ဆီသို့ တည့်တည့်လှမ်းလာသည်။ လက်တစ်လှမ်းအကွာတွင် ရပ်၍ မျက်လွှာချလိုက်သည်။ ထို့နောက် ပြန်လည်ကြည့်ကာ ပြုံးလေသည်။ ဖျော့တော့အားနည်းလှ ချေသည်။ မဝံ့မရဲသောအသွင်။ ။ “မောင်ရယ်... ငြိမ်းကို ခွင့်လွှတ်ပါတော့”

          ကျွန်တော် စကားမဆိုနိုင်၊ ရင်ထဲတွင် မကောင်းတော့။ သို့သော် ကျွန်တော့်အဖြေကို သူ စောင့်နေသည်။

          “ငြိမ်း မတောင်းပန်ခင်ကတည်းက မောင် ခွင့်လွှတ်ခဲ့ပြီပဲ ငြိမ်း”

          “ငြိမ်း မိုက်မိခဲ့ပါတယ်၊ ငြိမ်း မှားပါတယ် မောင်၊ မောင့်ဆီက ဒီစကားမျိုး ကြားရလိမ့်မယ်လို့တော့ တစ်သက်မှာ မမျှော်လင့်ရဲစရာပါ။ အင်းလေ.. သားသည်ဖအေတွေ၊ သားသည်မအေတွေပဲ ဖြစ်နေကြတော့ မှ ရင့်ကျက်နိုင်ကြရပြီပေါ့ ”

          “ဒါကြောင့်လည်း ဟုတ်နိုင်ပါတယ်။ မလွှဲမရှောင်သာလို့ ရင့်ကျက်လိုက်ရတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ မောင် ငြိမ်းသတင်းကို အမြဲ နားစွင့်ပါတယ်။ ငြိမ်း ကိုမြင့်အောင်နဲ့ လက်ထပ်တုန်းကလည်း မောင်လာဖို့ ကြိုးစားပါတယ်။ လက်ထပ်မယ့်နေ့ရယ်၊ နေရာရယ် မသိရ တော့ လာလို့မရဘူးပေါ့။ ငြိမ်းအသိုင်းအဝိုင်းက မောင့်ကို မယုံကြဘူး။ ငြိမ်းတို့လက်ထပ်ပွဲမှာ မောင်လာပြီး ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်မှာ စိုးကြတယ်နဲ့ တူပါတယ်”

          စိုးလည်း စိုးရိမ်ထိုက်ပါပေသည်။ လျှို့လည်း လျှို့ဝှက်ထားလိုက် ပါပေသည်။ အကြောင်းသော် ထိုလက်ထပ်ပွဲမတိုင်မီ သုံးနှစ်ခန့်က “ငြိမ်း လက်ထပ်လျှင် ငြိမ်းရေးခဲ့သော စာအားလုံးကို သတို့သားလက်၌ အပ်နှံ လက်ဖွဲ့ မည်။ ငြိမ်းကို ကျွန်တော် မပိုင်ဆိုင်ရလျှင် ငြိမ်းကို ဤတစ်သက် တွင် ပိုင်ဆိုင်သူ မရှိလာစေရ” ဟု ကျွန်တော် စာရေးခဲ့သည်။ နှုတ်ဖြင့် လည်း အဖန်ဖန် ဆိုခဲ့သေးသည်။

          ထို့နောက် ကျွန်တော်အိမ်ထောင်ပြုပြီး တစ်နှစ်ကျော်အကြာတွင် ငြိမ်း လက်ထပ်သည်။ ထိုလက်ထပ်ပွဲသို့ ကျေအေးခွင့်လွှတ်သော သဘောဖြင့် တက်ရောက်ရန် ကျွန်တော် စိတ်ကူးရ၍ သူ့အသိုင်းအဝိုင်း ကို မေးမြန်းထောက်လှမ်းကြည့်သောအခါ ဝေ့လည်လည် လုပ်ပစ်ကြ သည်။ သူ လက်ထပ်မည့်သူမှာ ကိုမြင့်အောင်ဆိုသူ ဖြစ်ကြောင်းမှတစ်ပါး အခြား မည်သို့မျှ တိုး၍မသိရ။

          “ပြီးတော့ ငြိမ်း မီးဖွားတုန်းကလည်း သတင်းမေးလာဖို့ မေးမြန်း ကြည့်ပါသေးတယ်။ ဘာမှမသိရလို့ မလာဖြစ်ဘူး။ ဒါထက် ကလေးက ကျန်းကျန်းမာမာပဲနော်”

          “ခုတော့ ကျန်းမာတယ်ဆိုပါတော့၊ လမစေ့ဘဲ မွေးရတော့ နည်း နည်းလှိတယ်”

          “ဆေးတွေဘာတွေလိုရင် မောင့်ဆီစာရေးလိုက်လေ၊ ခု ဘာတိုက် သလဲ”

          “ဗီတာဇုန်ပါပဲ” “ဝယ်ရတာ ခက်ခဲရင် မှာပေါ့ ”

          “တစ်ခါတစ်ခါတော့ ဝယ်မရဘူး၊ ဆိုင်မှာ ပြတ်သွားတာကိုး၊ ကိစ္စမရှိပါဘူး၊ ဒုက္ခမရှာပါနဲ့”

          “မဟုတ်ဘူး ငြိမ်းရဲ့၊ ဒုက္ခဆိုတာ ရှာရင် မတွေ့ဘူး၊ မရှာတုန်း ကမှ တွေ့ခဲ့တာ”

          ငြိမ်းမျက်နှာ ညှိုးကျသွားလေသည်။

          “သိတယ် မောင်၊ ငြိမ်း အားလုံးသိတယ်၊ မောင် ဘယ်လောက် ဒုက္ခရောက်ခဲ့တယ်ဆိုတာ”

          သူ့အသံသည် ဆို့နစ်၍သွားသောအသံ ဖြစ်သည် ထင်သည်။ သူနှင့်ပတ်သက်၍ အချိန်ကုန်၍ ကုန်မှန်းမသိ၊ ငွေကုန်၍ ကုန်မှန်းမသိ၊လူပန်း၍ ပန်းမှန်းမသိ ဖြစ်ခဲ့ရသည်။ ကျွန်တော့် အပေါင်းအသင်းတို့ သည်လည်း ကျွန်တော့်နည်းတူ ဒုက္ခခံကြရသည်။ ထိုအချိန် ထိုအခါက ကျွန်တော် ယုံကြည်ပါသည်ဆိုသော ယုံကြည်ချက်၊ ကျွန်တော် လက်တွဲ ထားသော သူငယ်ချင်းများ၏အပါးမှ ထွက်ပြေးကာ သူ့ကို လိုက်ရှာခဲ့ သည်။

          ပြင်းထန်သော တိုက်ပွဲများ၊ ဆိုးရွားသော အခြေအနေများ တိုး၍ တိုး၍ ဖြစ်ပေါ်လာသောအချိန်တွင် ကျွန်တော်သည် သူ့ကို အရူးအမူး ရှာဖွေလျက်ရှိသည်။ ပေါက်ကွဲသံများကို မကြားယောင်ပြု၍ သူရှိရာ အရပ်သို့ ခြေလေပွေမွေ့ လျက် ရှိခဲ့သည်။ သူငယ်ချင်းအချို့၏ ဝိညာဉ် လွင့်စဉ်သွားသောအချိန်၌ ကျွန်တော်သည် တောက်သံ တခေါက်ခေါက် ခေါက်ရင်းနှင့် သူ့ကိုယ်ငွေ့ ရှိရာသို့ မှန်းဆလျက်ရှိခဲ့သည်။ အရာအားလုံး သည် သူ့ထက် အရေးမကြီး၊ သူ့ထက် တန်ဖိုးမရှိ၊ သူ့ထက် အရာ မရောက်ဟု သတ်မှတ်ခဲ့ဟန်တည့်။ ကျွန်တော့်နှုတ်က ဆိုခဲ့သည်ကိုမျှ

          ကျွန်တော်အားမနာ၊ နတ်ကိုးလား ကိုး၏။ နတ်ရိုးလား ရိုး၏။ လင်တ ရူးသော် စုန်းပူးမပူး၊ ကျွန်တော်မသိသော်လည်း မယားတရူးကား အမှန် ပင် စုန်းပူးလေ၏ဟု ယခုမှ ကျွန်တော် ရှက်သိ သိချေသည်။

          “ဒါပေမဲ့ မောင်၊ ငြိမ်း တစ်ခုပြောချင်ပါတယ်၊ မောင့်ကို တမင် ဒုက္ခရောက်စေချင်တဲ့ သဘောနဲ့ရည်ရွယ်ပြီး ငြိမ်း သစ္စာမဲ့ခဲ့တာ မဟုတ် တာ အမှန်ပါ။ ငြိမ်းစိတ်တွေ ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာ ငြိမ်း ခုထိ တွေးလို့ မရပါဘူး၊ ယုံပါ မောင်”

          သူတွေး၍မရ ဆိုသည်ကို ကျွန်တော် နားမလည်သော်လည်း ကျွန်တော်တွေး၍ မရခဲ့သည်ကိုမူ ကျွန်တော် နားလည်၏။ မထောက် မကွက် ပြုရက်စရာ မရှိဟု သူ့ကို အကြွင်းမရှိ ကျွန်တော် ယုံကြည်ခဲ့ သည်။ ထို့အလျောက် သူ့မိဘများက အခိုက်အတန့်အားဖြင့် လိုက်ခဲ့ပါ။

          မကြာမီ တင့်တောင့်တင့်တယ် လက်ထပ်ပေးပါမည်၊ ရှေ့ရေးကောင်းရန် စီစဉ်စရာ အများကျန်ရှိပါသေးသည်။ အကန့်အသတ်မရှိ ကျောင်းပိတ် ထားရက်နှင့် ကြုံနေခိုက်ဖြစ်၍ ငြိမ်း ခိုးရာလိုက်သည့်သတင်းသည်ကျောင်း၌လည်းကောင်း၊ ကျွန်တော်တို့မြို့၌လည်းကောင်း သိရှိပျံ့နှံ့ခြင်း မရှိသေး၊ သို့ဖြစ်၍ ဣန္ဒြေမပျက် ပြန်လိုက်ရန် လာခေါ်ရကြောင်း ဆိုကြ သည်။ ကျောင်းမဖွင့်မီ မကြာမတင် လပိုင်းအတွင်း လက်ထပ်ပေး ပါမည်။ လက်ထပ်ပြီးလျှင် နှစ်ဦးစလုံး ကျောင်းဆက်တက်ပါဟုလည်း ဆိုသည်။

          ထိုထိုသောစကားတို့ကို သူ့မိဘနှင့် ကျွန်တော့်မိဘ စကားပြော ကြသည်။ စကားအဆုံးတွင် ကျွန်တော့်မိဘက ငြိမ်းကို တိုက်လည်း မတိုက်တွန်း၊ ကန့်လည်းမကန့်ကွက်သော မျက်လုံးဖြင့် လှမ်းကြည့်ကြ သည်။ ငြိမ်းက ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော်က “ငြိမ်းသဘော ပေါ့” ဟု ဆိုလိုက်ရသည်။ ထိုအခါ ငြိမ်းသည် လိုက်မည်ဟူသောအမှတ် ဖြင့် သူ့မိခင်ကို ခေါင်းညိတ်ပြသည်။ ငြိမ်းကို သူ့အဝတ်အစားများယူရန် သူ့မိခင်က ပြောသည်။ ငြိမ်းက အကုန်လုံးမယူ၊ အချို့ကို မနက်ဖြန်ကျမှ သူ လာယူမည်ဟု ဆိုသည်။

          ကျွန်တော်သည် အဝတ်ဗီရိုထဲကို လက်လှမ်းလိုက်သည်။ လွန်ခဲ့ သော တစ်လကျော်က ရုံးတက်၍ လက်မှတ်ထိုးထားသော သူနှင့် ကျွန်တော်၏ လက်ထပ်စာချုပ်ကိုယူ၍ ငြိမ်းထံသို့ လှမ်းပေးလိုက်သည်။ ငြိမ်းသည် နားမလည်သောအကြည့်နှင့် ခေါင်းခါသည်။

          “မောင် ယူထားလေ၊ ဘာပြုလို့ ငြိမ်းက ယူထားရမှာလဲ”

          “မဟုတ်ဘူးလေ၊ ငြိမ်းကို မောင် ဘယ်လောက် ယုံကြည်တယ် ဆိုတာ မောင် သက်သေပြတာပါ၊ ယူပါ”

          မျက်ရည်စတို့ဝေ့လာသော ငြိမ်း မျက်လုံးအစုံကို ကျွန်တော် မြင်ရသည်။ ထို့နောက် စာချုပ်ကိုယူသည်။ မကြာမီ သူ့မိဘပြန်သည်။ သူတို့ ကားရပ်ထားရာ လမ်းထိပ်အထိ လိုက်ပို့ရန်ကြံသော်လည်း ခြေတို့ကို လှမ်းမရ။ ညီတော်မောင်ကို လိုက်ပို့ခိုင်းသည်။ ကားအနီးသို့ရောက်သော် သူ့မိခင်သည် ကားတံခါးဖွင့်ရင်း ကျွန်တော့်ညီကို “မင်း ပြန်တော့လေ” ဟု ဆိုသည်။ ညီက ပြန်လှည့်လာ၍ ခြေလှမ်း လေးငါးလှမ်းအရောက် တွင် “ဖြန်း” ခနဲ ရိုက်သံကြားရသည်။ ကြည့်လိုက်သောအခါ ငြိမ်း၏ မိခင်သည် ငြိမ်းပါးကို ဘယ်ပြန်ညာပြန်ရိုက်ရင်း ကားထဲသို့ ဝင်ခိုင်း သည်။ ကြောင်တက်တက်ဖြစ်သော ညီသည် ကားဆီသို့ အသွားတွင် ကားစက်နှိုးသံနှင့် ဆက်တိုက်ပင် မောင်းထွက်သွားပေပြီ၊ ထိုအကြောင်း ကို ကြားရသောအခါ ကျွန်တော်တို့အားလုံး စိုးရိမ်မကင်းဖြစ်ရပေပြီ။

          နောက်တစ်နေ့တွင် လူစိမ်းတစ်ယောက် ရောက်လာ၍ အထုပ် တစ်ထုပ်ပေးသည်။ ဖွင့်ကြည့်သောအခါ ငြိမ်းမိခင်က ကျွန်တော့်ထံမှ ငှားယူသွားသော ဝတ္ထုစာအုပ်တို့ပင် ဖြစ်သည်။ နားလည်ရန် ခက်ချေ ၏။ အဘယ်ကြောင့် အရေးတကြီး ပြန်ပေးရသနည်း။ ညနေပိုင်းတွင် ညီတော်မောင်ကို ထိုအိမ်သို့ သွားနေကျအတိုင်း သွားစေသည်။ သို့သော် ညီသည် အိမ်ပေါ်သို့ တက်ခွင့်မရ။ ဤတွင်မှ အတိအကျ နားလည် လိုက်ရသည်။

          ထို့နောက် ငြိမ်းသည် ဝေးလံသောအရပ်သို့ ရောက်သွားပြီဟု လွှင့်လိုက်သောသတင်းကို ကြားရသည်။ ပထမ တောင်ငူ၊ ဒုတိယ မေမြို့၊ တတိယ တောင်ကြီး၊ တစ်ဖန် ရန်ကုန်၊ တစ်ဖန် မြောင်းမြ၊ ထိုမှတစ်ဖန် ကြည့်မြင်တိုင်၊ ထိုမှ ခွာရဝတီ စသည်ဖြင့် လေတိုက်ရာသို့ လွင့်ပါသော ဂွမ်းစလို ငြိမ်း ရောက်သွားသည်။ နောက်ဆုံး အင်းမမြို့သို့ ငြိမ်း ပြန်ရောက်လာသည်ဟု အတိအကျ သိရသောအခါ “တရားရုံးမှ တစ်ဆင့် ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း သူ့မိဘထံ စာရေးလိုက်သည်။

         “မောင် သည်လိုမပြုသင့်၊ ငြိမ်း အရှက်ရလိမ့်မည်။ ငြိမ်းကို မေ့ တော့။ မောင့်ကို ငြိမ်း မေ့လိုပြီ။ ငြိမ်းတို့နှစ်ဦးအကြားမှာ မေတ္တာကျိုးပျက် ခဲ့ပါပြီ” ဟု ငြိမ်း စာရေးသည်။ ဤတွင် ကျွန်တော်သည် ရှည်လျားလှသော စာတစ်စောင် ငြိမ်းထံသို့ ပို့လိုက်သည်။ ထိုစာတွင် ငိုသံပါသည်။ ဒေါသသံပါသည်၊ နာကြည်းသံပါသည်၊ အောက်မေ့သံပါသည်၊ ကြိမ်း ဝါးသံပါသည်၊ တောင်းပန်သံပါသည်။

         “ငြိမ်း နည်းနည်းပိန်သွားတယ်နော်၊ အလှကတော့ ခုထိ မပျက် သေးပါဘူး”

         သူက ပြုံးနေသည်။

         “မောင်ကတော့ အရင်လိုပဲ၊ ပိန်လည်း မပိန်ဘူး။ ဝလည်း မဝဘူး၊ ဆံပင်ပုံကလည်း အရင်ကလို ဘုတ်သိုက်” ။

         “အိမ်လာလည်ပါလား၊ မှတ်မှ မှတ်မိရဲ့လား”

         “ငြိမ်း မှတ်မိပါတယ်၊ အခွင့်သင့်ရင် လာလည်မှာပေါ့၊ ဒါပေမဲ့ မောင့်ဇနီးက ကြိုက်ပါ့မလား”

         “သူ အကုန်သိတယ်၊ ဖွင့်ပြောပြခဲ့တယ်၊ မလိမ်ချင်ဘူး ခွင့်လွှတ် ပါတယ်။ ငြိမ်းကိုတောင် သူက တွေ့ ဖူးချင်တယ်တဲ့၊ ဓာတ်ပုံထဲမှာသာ မြင်ရတာကိုး”

         “သိနေတော့ မျက်နှာပူစရာကြီး၊ မောင့်ကိုရော တစ်မျိုးထင်မှာ ပေါ့”

         “မထင်ပါဘူး၊ သူက မောင့်ကို သိပ်ချစ်တာ၊ မောင်ကချစ်တာ ထက် ပိုမယ်ထင်တယ်၊ ကြုံရင်လာခဲ့ပါလား။ ပြီးတော့ ငြိမ်းဆီလည်း မောင်လည်း လာလည်မယ်လေ..၊ လိပ်စာလည်း ပေးဦး”