Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - လွမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်လေ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

          စိမ့်စိမ့်အေးနေသည်။ သုံးလေးရက် မရွာလျက်နေခဲ့သောမိုးသည် နေ့လယ်ကမှ အုံ့ဆိုင်းလာသည်။ ရုံးဆင်းခါနီးတွင် ပုဆိန်မိုးပေါက်။ လေပြင်းက တချက်ချက် ကျသေးသည်။ ထီးမယူခဲ့သည်ကို မိုးပြင်းမြင်ကာမှ နောင်တရလေသည်။ ကျွန်တော် နဲ့လိုက်ခဲ့ပါ၊ ရပါတယ်ဟု စာရေးကြီးပြောသည်။ အားနာ၍ ငြင်းသည်။ လုံပါတယ် ဗျာဟု စာရေးကြီးပြောသည်။ ထီးကြုံလိုက်သွားတာပဲ ကောင်းပါတယ်၊ မလိုက်ဖြစ် ရင် မိုးက ခုထက် သည်းချင်သည်းလာမှာ၊ တော်ကြာ ညနေငါးနာရီ ခြောက်နာရီ အထိ ရုံးအောက်ဆင်ဝင်တွင် မိုးခိုနေရမည်ဟုတွေးသည်။ ကျေးဇူးပဲဗျာဟုပြောကာ စာရေးကြီးထံသို့ လျှောက်သွားသည်။ လေမပင့်သော် နှစ်ယောက်ကို လုံနိုင်စေသော ရှေးသစ်သားရိုးထီး၊ အရွက်ကြီးသောကြောင့် လေဝှေ့လျှင် ဒူးအောက်မလုံ ခါး အောက်မလုံ။ “ကိုသန်းတင် ရန်ကုန်ရုံးချုပ်ပြန်ဖို့ နီးပြီလား” စာရေးကြီး၏ ပင်နီတိုက်ပုံလက်မောင်းကို သူကိုင်ထားရင်း “တစ်လ တစ်လခွဲတော့ ကြာလိမ့်ဦးမယ်၊ ကျွန်တော့်အဖို့ကတော့ နယ်မှာနေနေ ရန်ကုန်နေနေ နေလို့ရတာပဲ”

          “ခင်ဗျားလည်း ဒီမှာ ခြောက်လ တစ်နှစ်လိုလိုနဲ့ နှစ်နှစ်တောင် ကျော်ပြီပဲ။ ဒီမှာ နေသားတောင်ကျနေပြီ၊ ခင်မင်ရာ ခင်မင်ကြောင်းတောင် မြို့တစ်ဝက်မကရှိနေပြီထင်တယ်”

          မြင်းလှည်းနှင့် ဆိုက်ကား ဆုံနေသောကြောင့် သူတို့နှစ်ယောက် လမ်းဘေးသို့ ဆင်းကာ ရှောင်ပေးသည်။ ယာဉ်နှစ်စင်း လွန်သွားတော့မှ ကတ္တရာလမ်းပေါ်သို့ ပြန်တက်သည်။

          “ကိုယ့်မြို့ကိုယ့်ရွာလိုတော့ ဖြစ်နေပါပြီ စာရေးကြီးရာ”

          စာရေးကြီး၏ မျက်မှန်တွင် မိုးမှုန်တွေကပ်နေ၏။ ပြုံးလိုက်သောကြောင့် ပါးရေ အတန်မျှ တွန့်သွားပုံကို သူကြည့်၏။

          “ဒီမြို့သူကို ယူလိုက်ဖို့တစ်ခုပဲ ကျန်တော့တယ် ဆိုပါတော့..... ဟုတ်လား ကိုသန်းတင်”

မိုးသံတွေကြားတွင် စာရေးကြီး၏ ရယ်သံကပါ ခပ်စူးစူးထွက်လာ၏။ သူပြုံးသည်။

          “စာရေးကြီးက ဒီမြို့ဇာတိပဲ.. သင့်သလိုသာ စီမံပေးပေတော့”

          ပြောပြီးနောက် သူရယ်နေသည်။ ကျုပ်ကိုသာ ကြည့်ပေတော့ဗျာ၊ ယောက်ျား ကို တစ်ပတ်မှာ ခုနစ်ရက် မနိုင်ရရင် ကျောပူခေါင်းပူ ဖြစ်တတ်တဲ့ ဒီမြို့သူတွေ အကြောင်း သိထားတယ် မဟုတ်လား၊ မြို့နာမည်က အခုနာမည်မတွင်ခင်မှာ လင်နိုင်မြို့လို့ ခေါ်ခဲ့တာဗျ။ အဲဒီဒဏ် ခံနိုင်တယ်လို့သာ တစ်ခွန်းပြော၊ နှစ်ဆယ့် လေးနာရီအတွင်း ဘိသိက်ဆရာသာရှာထားဟု စာရေးကြီးက ရယ်စရာဆို၏။

          “ဒီမြို့သူတွေက အချက်အပြုတ်အရာမှာတော့ ပါရဂူဘွဲ့ ပေးလောက်တာ အမှန်ပဲ စာရေးကြီး”

          သူ့စကားကို ပြန်မပြော။ လှည့်ကြည့်ပြီး ပြုံး၏။ အဟင်းဟင်းဟု နှုတ်ခမ်းစေ့ ပြီး ရယ်သံသာ ပြုလေ၏။ “ဘာဖြစ်လို့ ရယ်တာလဲ” စာရေးကြီး မဖြေ။ ရယ်သံကိုသာ မြှင့်သည်။ “ကျွန်တော့် စကားထဲမှာ ရယ်စရာမပါပါဘူး” သုံးလေးလှမ်း အရောက်တွင်

          “ကာယကံရှင်ကတော့ ဘယ်သိပါ့မလဲ... ဘေးကမြင်နေတဲ့ သူအဖို့တော့ ဒီစကားဟာ ဘာ၊ ဘယ်သူ့ဆီ စကားဦးရောက်တယ်ဆိုတာသိတာပေါ့ ကိုသန်းတင်၊ ဒါ့ထက် ရယ်စရာကောင်းတာ ဘယ်လာရှိပါတော့မလဲ”

          ကတ္တရာလမ်းကို ကျော်နေသော ရေပြင်အတိုင်း ခပ်လျှပ်လျှပ်လျှောက်ရင်း“သော်......ကျွန်တော် ထမင်းလခပေးပြီး စားနေတဲ့ ကိစ္စကိုပြောတာကိုး” “တစ်ကွက် မလျှော့နဲ့လေ”

          လပေး ထမင်းချိုင့်ပို့နေသော ကိုတင်အုန်းနှင့် မစိန်ကြည်တို့၏ ညီမအငယ်ဆုံး ခင်ထားကို ရည်ရွယ်ပြီးပြောသည်ဟု သူသိ၏။ သူ ပြုံး၍နေလေသည်။

          “ကလေးမလေးက မဆိုးပါဘူး ကိုသန်းတင်ရ... အနေအထိုင်လည်း ခင်ဗျား မြင်တဲ့အတိုင်း ရိုးရိုးလေ...သူ့ဘာသာသူ စက်ချုပ်လို့ရတဲ့အထဲက ခြစ်ဖြုတ်ပြီး ညကျောင်းတက်၊ အစ်မတွေက တယ်နိုင် တယ်နှိပ်စက်ကြတာပဲ၊ သူရှာသမျှကို လည်း တစ်ပြားမကျန်ယူသေး၊ အလုပ်ဆင်းရင် မုန့်ဖိုးက တစ်မတ်ပဲ ပေးကြတာ၊ ခင်ဗျားလည်း ဒါတွေကြားမှာပါ”

          သူ ခေါင်းညိတ်သည်။ သူ့နေရာ စာရေးကြီးနေရာ ခင်ထားတို့ နေရာ ရပ်ကွက် မှာ တစ်ရပ်ကွက်စီ၊ မြို့ငယ်မြို့ကျဉ်းဖြစ်သောကြောင့် တစ်ရပ်ကွက်သတင်းကို တစ်ရပ်ကွက်က ကြားကြသိကြသည်။ ခင်ထားသည် မြို့ခံလူငယ်လူရွယ်တို့၏ စိတ်ဝင်စားခြင်းကို ရရှိသည်။ သို့ရာတွင် နှုတ်လျှာကြမ်းသော အစ်မတို့၏ စရိုက်ကို တွေးတောမိကြ၍ ဖြစ်မည်။ ခင်ထားကို ရိုးရိုးခင်မင်မှုထက် မပိုကြ။ အချို့ ခင်ထား ကို အားမလိုအားမရ စကားဆိုကြသည်။ သည်းခံနိုင်လွန်းသည်ကို ကရုဏာနှင့် ယှဉ်စွာ ဒေါသစကားပင် ပြောကြသည်။ အစ်မတွေကို ထိုမျှ ကြောက်ရွံ့ နာခံ ရကောင်းလော၊ အနိုင့်ထက်ကလူ မကြာခဏပြုသည်ကို လက်ကာပင် မကာကောင်းလောဟု ပြောကြဆိုကြသည်။ ခင်ထားသည် တစ်စုံတစ်ရာ ပြန်မပြော၊ ပြုံး၍သာ နေလေ့ရှိသည်။

          “သူ တော်တော်စိတ်ရှည်တဲ့ မိန်းကလေးပဲ စာရေးကြီး” “အကျိုးသင့် အကြောင်းသင့် ပြန်ပြောတတ်တဲ့ ပါးစပ်တောင် ရှိမှရှိရဲ့လား အောက်မေ့ရတယ်၊ သူ့အစ်မတွေကလည်းဗျာ ခုထိ လူရှေ့မရှောင်၊ သူရှေ့ မရှောင် ရိုက်လားနှက်လား ပြုချင်ပြုသေးတာဗျ။ ရှက်မှာပေါ့ ဗျာ”

          ခင်ထား သူ့ကိုပြောပြဖူးသည်။ ကျွန်မကို ဆဲဟယ်ဆိုဟယ်ရိုက်ဟယ် လုပ်တဲ့ အချိန်မှာ ကြွက်တွင်းထဲ ပုရွက်ဆိတ်တွင်းထဲ ဆင်းပုန်းနေချင်တယ်၊ သိပ်ရှက်တာပဲ ဟု ပြောသည်။ တစ်အူထုံဆင်း အစ်ကိုအစ်မသည် အမိအဖအရာ၊ မှီခိုအားထားစွာ ရိုကျိုးရမည်ဟူသောအသိ၊ ငါ့ကို ဆုံးမတာပဲဟူသော အသိသည် ခင်ထား၏နှုတ်ကို ချုပ်ထားပုံရသည်ဟု သူ တွက်ခဲ့၏။ “သနားစရာပါပဲဗျာ” သူ့မှတ်ချက်ကြောင့် စာရေးကြီးပြောသည်။ “သနားခြင်းဟာ မေတ္တာရဲ့ အစပဲတဲ့၊ ကျွန်တော် ကြားဖူးတာကို ပြောတာပါ ကိုသန်းတင်” စာရေးကြီးက အဟဲဟု ရယ်၏။

          တစ်ခဏ ကျဲသွားသော မိုးသည် ခပ်စိပ်စိပ် ရွာလာပြန်၏။ သစ်တောရုံးလမ်း နှင့် မြို့ပတ်လမ်းဆုံရာသို့ ရောက်လာ၏။ ဈေးလမ်းသို့ လှမ်းအကွေ့တွင်

          “ဘော်လီရုံအဝက လှမ်းကြည့်နေတာ ခင်ထားမဟုတ်လား”

          စာရေးကြီးကြည့်ရာသို့ သူကြည့်၏။ အလယ်တိုင်ဘေးတွင် ခင်ထားရပ်နေ သည်။ သူ့ကို ကြည့်နေသည်။ ဟုတ်တယ်ဟု သူ ပြောသည်။ ခင်ထားသည် အတွင်း ဘက်သို့ ပြန်ဝင်သွားသည်။ ခဏအကြာတွင် ထီးဖွင့်ကာ သူရှိရာသို့ ခပ်သုတ်သုတ်လျှောက်လာ၏။ ညာဘက်လက်ထဲတွင် ခေါက်ထီးတစ်လက်။ စာရေးကြီးက ရပ် လိုက်သည်။ “ခင်ဗျားဖို့ ထီးလာပေးတာနဲ့တူတယ်ဗျ”ဟု တိုးတိုးပြောသည်။ စာရေးကြီး အတွက်မှန်သည်။ ။

          “ကိုသန်းတင် မနက်က ရုံးအသွားမှာ ထီးမပါလို့ အပြန်မိုးမိပြီ တွက်ထားတာ ထင်တဲ့အတိုင်းပဲ။ ဒီထီးယူသွား၊ ဒါ ခင်ထားဥစ္စာ”

          “ကိစ္စမရှိပါဘူး ခင်ထား၊ ကျွန်တော်....” “အို...ဘာလို့ ကိစ္စမရှိရမှာလဲ၊ ရော့” စာရေးကြီးက ထီးကို လှမ်းယူလိုက်သည်။ “ချက်ချင်းကြီး ပြန်လာမပေးနဲ့ နော်၊ မနက်ရုံးသွားရင်းမှ ဝင်ပေးပေါ့ ” စကားအဆုံးတွင် သူ့ကို ခင်ထားပြီး၏။ သူ တစ်စုံတစ်ရာ ပြောမည်ပြင်သည်။ ခင်ထားသည် ဘော်လီရုံသို့ ခပ်မြန်မြန် ပြန်လျှောက်သွား၏။ ခင်ထားကိုကြည့်သော မျက်လုံးအစုံသည် ဘော်လီရုံထဲသို့ ဖျတ်ခနဲကျော်သွားသည်။ အပ်ချုပ်စက် အလုံး သုံးလေးဆယ်တွင် အစေ့အုနီးပါးရှိနေသော အမျိုးသမီးတွေ၏အကြည့်သည် သူ့ထံသို့ ရောက်နေကြ၏။ စာရေးကြီးက ဆောင်းလက်စထီးကို သူ့ပေးသည်။ ခေါက်ထီးကို ဖွင့်ပေးပြီး

          “မေတ္တာခြုံလို့ လိုတယ်ဆိုတဲ့စာ ရှိတော့ရှိပါရဲ့ ၊ လောလောဆယ် မိုးရွာနေတုန်းတော့ ထီးက ပိုလုံတယ်၊ ရော့...”

          ခေါက်ထီးကို သူယူသည်။ စာရေးကြီး၏အပြောင်အပြက်စကားကြောင့် သူ ရှက်တက်တက်ရယ်လေသည်။ ခင်ထားကို သူ လှမ်းကြည့်၏။ ခြေရင်းပုဏ္ဏားကွယ် အပြင်တွင် ထီးရေစစ်ရန်ထားနေရာမှ သူ့ကို လှည့်ကြည့်နေ၏။

          “ဘော်လီရုံထဲက အမျိုးသမီးတွေက ခင်ဗျားကို ပြုံးစေ့ပြုံးစေ့နဲ့ ကြည့်နေကြ တယ်ဗျ”