Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - ရင်နှင့်အမျှ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

[]

          အချစ်ကိုတွေ့ပြီဟူသော စိတ်ခွန်အားကို သတိပြုမိလိုက်သည်။ သို့ရာတွင် ပြုမိသော ထိုသတိသည် ယနေ့ညနေတွင် ပြိုကျသွားချေပြီ။

          မျက်နှာချင်းဆိုင် ထိုင်နေသော ပြုံးနွယ်ကို သူကြည့်သည်။ ဝင်းဝင်းရှိန်ကို ရင်ထဲမှ မှန်း မြင်သည်။ ပြုံးနွယ်၏ အဒေါ်ဟု အခုမှ သိမြင်ရသူကို ကြည့်သည်။ ဝင်းဝင်းရှိန်ကို စိတ်ထဲမှ တွေးမြင်သည်။ ပြီးနွယ်၏ အစ်မဟု အခုမှ သိမြင်ရသူကို ကြည့်သည်။ ဝင်းဝင်းရှိန်ကို အာရုံထဲမှ လှမ်းမြင်သည်။ ဝင်းဝင်းရှိန်သည် အနီးအပါးတွင်မရှိ။ သို့ရာတွင် ရှိသည်ထင်၏။ ပြုံးနွယ်သည် လက်တစ်ကမ်းတွင်။ သို့သော် ဝေးစွာသော အရပ်၌ရှိနေ သည်ထင်၏။ အာရုံတို့သည် ထွေးနေ၏။ ဆူပွက်သည်ဟု ထင်ရလောက်အောင်ပင် ရင်ဆိုင်နေရသည်။

          “မင်းတို့ ဒီအခြေအနေ ရောက်နေမှတော့ ဒီအတိုင်းနေဖို့ ဘယ်ကောင်းပါ့မလဲ ကွယ်။ ပြုံးနွယ်က မိန်းကလေး။ ပိုပြီး နစ်နာတာပေါ့။ ပတ်ဝန်းကျင်က မေးငေါ့ စရာ ဖြစ်လာရင် မကောင်းဘူးလား။ အဒေါ်တို့ဆီ မင်းတို့သတင်းရောက် လာတာ ကြာပါပြီ။ ကိစ္စဝိစ္စများနေတာနဲ့ ပြုံးနွယ်ကို လာပြောဖို့ နှောင့်နှေးနေ တာ။ ဒါနဲ့ ဒီနေ့ပဲ လာတာ။ လာတော့ ကြားတဲ့အတိုင်း၊ အဒေါ်က မင်းတို့ နှစ်ယောက်စလုံးကို အပြစ်ဖို့နေတာ မဟုတ်ဘူးနော်။ အခု မင်းတို့ ပြောပြလို့ မင်းတို့သဘောရော အခြေအနေတွေရော အဒေါ်သိပြီးပြီပဲ။ သဘောမတူစရာ မရှိပါဘူး။ ဒါပေမယ့်...” ဒါပေမယ့်တွင် စကားရပ်သည်။ သူ့နှလုံးခုန်သံသည် ပို၍ မြန်လာ၏။ စိတ်၏ကျဉ်းကျပ်မှုသည် အထွတ်အထိပ်သို့ ရောက်လာ၏။ တစ်ကိုယ်လုံး အပူပျံသည်ကို ရှိန်းရှိန်းထစွာ ခံစားရသည်ဟု ထင်၏။

          သူ့ရင်ထဲတွင် အဆိုးရွားဆုံး ဝေဒနာသည် အမြင့်ဆုံးသို့ တစ်စ တစ်စတက် နေ၏။ ကျဆင်းသော စိတ်ဓာတ်သည် တံ့သည် ရပ်သည်မရှိ။ အသူတရာမက နက်စွာ နက်စွ ကျနေသည်ဟု ခံစားရ၏။ ပြန်လည်ပြောမည့် စကားတို့သည် လျှာပေါ်တွင် အငွေ့ပျံ ပျောက်ကွယ်သွားပြီလား မသိတော့။

          “မင်းတို့နှစ်ယောက်က လင်မယားလည်းမကျ သမီးရည်းစားလည်းမကျ။ အဒေါ် အနေနဲ့က တူမကို ခုအဆင့်ရောက်မှ အပြစ်လည်း မဆိုချင်တော့ဘူး။ မင်းတို့ အမြန်ဆုံး လက်ထပ်ဖို့ပဲ ပြောချင်တော့တယ်”

          ပြုံးနွယ်၏ အစ်မက ခေါင်းတစ်ချက်ညိတ်ပြီး အဒေါ်ထံမှ မျက်လုံးကို ရွှေ့၏။ သူ့ကို စေ့စေ့ကြည့်သည်။ ထို့နောက်

          “ငါ့သဘောကတော့ မောင်အောင်သစ်ရဲ့ မိဘကို အကြောင်းကြားတယ်ဆို တာလည်း တကဏ္ဍပေါ့။ လောလောဆယ်ကိုပဲ လက်ထပ်ပေးလိုက်ချင်တယ်။ ဒါက....”

          ဒါကတွင် စကားခဏရပ်ပြီး ပြုံးနွယ်ကို ကြည့်သည်။ ပြီးနွယ်သည် အရှက် သည်းသော မျက်နှာ နီထွေးထွေးကို ငုံ့ပစ်လိုက်၏။ သူ အသက်ရှူကျပ်လှစွာ သက်ပြင်း ချသည်။ ကျွန်တော့်သဘောက... မျှသာ စကားစရသေးသည်။ တုန်ခါသော စကား စသည် ပြုံးနွယ်၏အဒေါ် စကားသံ မြင့်မြင့်ကြောင့် ဖုံးသွားလေ၏။

          “အေး .. ငါလည်း ဒီလိုပဲ သဘောရတယ်။ ရပ်ကွက်ထဲက လူကြီးတစ်ယောက် နှစ်ယောက်နဲ့ ညည်းနဲ့ငါနဲ့ပြည်သူ့ကောင်စီ အချို့နဲ့ပဲ ဒီနေ့ညနေလက်ထပ် ပေးလိုက်။ ဧည့်ခံပွဲကိစ္စကတော့ နှစ်ဖက်လူကြီးချင်း စကားပြောပြီး စီစဉ် ပေးလိုက်တာပေါ့ ။ ပြုံးနွယ်.. ညည်းဘယ်လိုသဘောရလဲ...”

          ပြုံးနွယ်သည် ခေါင်းငုံ့ထားရင်းနှင့် အဒေါ့သဘောပါပဲဟု ညည်းပြောပြောသည်။ သူ့ရင်ထဲတွင် တဆင့် ပေါက်ကွဲသွားသည်။ ပြုံးနွယ်ကို လှမ်းကြည့်သည်။ မဖြစ်နိုင်သေး ပါဘူးဟု ငြင်းချင်သည့် နှုတ်ခမ်းမှာ လှုပ်ရှား၍မရ။ ကျွန်တော့်မိဘနဲ့ စကားပြောပြီးမှ စီစဉ်ကြတာပေါ့ဟု ပြောရန် ကြိုးစားမည့်နှုတ်ခမ်းသည် အသက်မဲ့၍နေ၏။

          “ညည်းနှယ်အေး... အဒေါ်တွေ အစ်မတွေ ဆွေမျိုးသားချင်းတွေကို ပြောပြက် ပြပြီး မင်္ဂလာဆောင်ပေးပါ ဘာပါဆိုလည်း ပြီးတာပါပဲ။ သမီးရည်းစားဘဝနဲ့ခုလိုနေတာကျတော့ ပတ်ဝန်းကျင်ရှိသေးတယ်နော့။ မောင်တွေ ဘွားတွေ ဦးလေး သားချင်းတွေရဲ့ မျက်နှာလည်း ငဲ့ရသေးတယ် ပြုံးနွယ်။ ကိုယ်ချင်းကိုယ်ချင်း မေတ္တာမျှတယ်ဆိုရင် ဆွေပြမျိုးပြတော့ တစ်ခေါက်တကျင်း ခေါ်ခက်လာဦးမှာ ပေါ့။ ပြောသံဆိုသံ ရိုးတိုးရိပ်တိတ်ကြားလို့ ထလာတဲ့နေ့ကျမှ မြင်ဖူးရတော့ တယ်။ ဒီစကား ပြောရတာ မောင်သစ်အောင် အဲ... မောင် အောင်သစ်ကိုမှ မယုံကြည်လို့ မှတ်ချင် သားချင်လို့ ဆိုတဲ့စကားမဟုတ်ဘူးနော်။ ပြုသင့်ပြုထိုက် တာကို အဒေါ်ပြောတာ။ နေတာက မိန်းကလေးတစ်ယောက်တည်း။ ထားပါ တော့လေ... ဒါဖြင့် ညနေ စောင်းလောက်မှာ ငါအခုပြောတဲ့ အစီအစဉ်အတိုင်း လုပ်။ ရပ်ကွက်လူကြီးတွေ ခေါ်ပြီး လက်မှတ်ထိုး၊ လက်ဖက်ရည်နဲ့မုန့်နဲ့ဧည့်ခံ”

          မထင်မှတ်သော အခြေအနေတစ်ခုသည် ရုတ်ခြည်းပြောင်းလဲကျရောက်လာ သည်။ ထိုမျှ ဖြစ်လာမည်မထင်ခဲ့။ မိနစ်ပိုင်း နာရီပိုင်းအတွင်း ထိတ်လန့်ဖွယ်ရာ အပြောင်း အလဲ။ ဘဝအကွေ့ အပြောင်း၏ လျင်မြန်ကြီးကျယ်သော အလျင်ဒဏ် အရှိန်ဒဏ်ခံရသည် ဟု နားလည်လိုက်သည်။ ။

          “ကျွန်တော့်မိဘတွေကို အကြောင်းကြားချင်သေးတယ် အဒေါ်” အဒေါ်သည် ခဏတွေနေ၏။ ပြုံးနွယ်ကို ကြည့်သည်။ “မနက်ဖြန် အကြောင်းကြားလိုက်ပေါ့ ” “ဒီနေ့ လက်ထပ်ဖို့ကိစ္စက သိပ်ကမန်းကတန်း ဆန်နေတယ် ထင်လို့” ပြုံနွယ်အစ်မက မျက်မှောင်တစ်ချက်ကြုတ်ပြီး...... “မိန်းကလေးဘက်က ဆွေမျိုးသားချင်းအနေနဲ့ အဲဒါကို ပိုပြီး စဉ်းစားတာပေါ့။ ဒါပေမယ့်.. ကမန်းကတန်း စီစဉ်လိုက်တာကြောင့် တမျိုးအထင် ခံရတာ ခံရပါ စေတော့၊ ရင်မပြီး တထိတ်ထိတ်ဖြစ်နေရမှာကိုလဲ မောင်အောင်သစ် စဉ်းစား ဦးလေ”

          ကျွန်တော် ပြုံးနွယ်ကို လက်မထပ်နိုင်ဘူးဟူသော စကားကိုပြောဖြစ်ရန် သတ္တိ မရှိ။ လက်မထပ်ဖူးဆိုရင်ကောဗျာဟူသော စကားကိုထွက်ရန် နှုတ်မပွင့်။ မင်း နှမချင်း မစာနာဘူးလား မေးခွန်းမျိုးမှတစ်ပါး အခြားစကား လာမည်မဟုတ်ဟု အတတ်သိသည်။ ကျင့်ဝတ်သိက္ခာကို ထိပါးလာမည်မှာ ဧကန်ဟု သိသည်။ အထိပါးခံနိုင်သဖြင့် ခေါင်းခါ ခြင်းဖြင့်သာ တုံ့ပြန်သည်ရှိသော် ဥပဒေစကားကို ဆိုကြပေလိမ့်မည်။ ထို့ပြင် ပြုံးနွယ် ကိုယ်တိုင် သူ့စိတ်ရင်းကို ကြားသိသွားချေလိမ့်မည်။

          သိမ်မွေ့စွာဖြစ်စေ၊ ပြင်းထန်စွာဖြစ်စေ ငြင်းဆန်ခြင်းအားဖြင့် ထိုမိန်းမသား သုံးဦး ထံမှ အမျက်အပြုံသာ ကမ်းတော့မည်ထင်၏။ ပြုံးနွယ်ကို သုံးဦးထဲမှ လျှော့လိုက်ဦးတော့ ပြုံးနွယ် မမျက်သည့်တိုင် နာကျည်းမှု။ မိန်းကလေးတစ်ဦး၏ဘဝကို စာနာထောက်ထား ခြင်း ကင်းလေခြင်းဟု ဆိုချေလိမ့်မည်။ စိမ်းကားသော စကားတို့ဖြင့် ရင်ကို ခွဲသည်ဟု ဆိုချေလိမ့်မည်။

          သည်နေ့တွင်မှ ပထမဦးဆုံးအနေ မိခဲ့သည်ကို နောင်တရသည်။ ပြုံးနွယ်၏ အပြစ်မဟုတ်သော ကိုယ့်အပြစ်ကို အဖန်တလဲလဲ အပြစ်ဆိုနေဦး။ အခြေအနေတွေ တဖန်မသစ်တော့ပြီ။ ဘဝတို့သည် ပကတိအတိုင်း ပြန်လည်မဖြစ်တော့ပြီ။ ထိုအခြေ အနေဖြစ်သည့်အခိုက်တွင်မှ ပြုံးနွယ်၏ အဒေါ်နှင့်အစ်မတို့ ရောက်လာသည်။

          မည်သူက မည်မျှ မည်သို့ သတိလစ်ဟင်း၍တော့ မမှတ်မိ။ စေ့ရုံသာ စေ့ထား သော သံတံခါး။ ထိုတံခါးကိုသာ ကြားလောက်အောင် ပွင့်သံ မမြည်ရော့သလားဟု အပြစ်တင်ရတော့သည်။ ပြုံးနွယ့်အိပ်ခန်း ခန်းဆီးစသည် တစ်ဖက်သို့ ကပ်ဖယ်သွား၏။ မျက်လုံးနှစ်စုံနှင့်အတူ ချောက်ချားသော အထိတ်တလန့်ပြုသံတွေ။ ဟင်... အဒေါ်တို့ ဟူသော ပြူးနွယ်၏ ရှက်ရွံ့ ယောင်ယမ်းသံ။ အရှက်ပူပက်သောကြောင့် ပျက်နေကြသော မျက်နှာတွေ။ ယခုထိ မပျက်ကြသေးဟု အဒေါ်တို့ သိနိုင်သည်။

          “ကဲ... ပြုံးနွယ်... ရှေ့နေကြီးဦးသန့်ဇင်မြိုင့်ကို ခုပဲ ဖုန်းဆက်ပြီး အိမ်ကိုကြွဖို့ အကြောင်းကြား”

          သူ သက်ပြင်းချလိုက်သည်ကို ပြုံးနွယ် မြင်သည်။