Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - ပြောပြလိုက်ပါရှင်မွေ့လွန်းပွင့်ရယ်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

          ဖိနပ်ဦးတွင် ဂဝံရွှံ့နီတွေ ပေကျံနေ၏။ ဝါဖျော့ဖျော့ ဖိနပ်သားရေမှာ ကွမ်းသွေး ပြောက် ပြောက်ထားသကဲ့သို့ ရှိလေ၏။ မိုးနှင်းတွေ အကျစိပ်သောကြောင့် ဖွဖွနင်းကြည့် သော်လည်း ရွှံ့တွေစင်မြဲစင်၏။ ဂျင်းဘောင်းဘီရှည်၏ အနားစတွေကို မြေနီစက်တွေ လာ၍တင်၏။ ရက်ပေါင်းရာပေါင်းများစွာ အမည်ရှိသည့် အင်္ကျီသား၏ ရှားနုရောင်သည် မိုးနှင်းရည်ကို စုပ်ယူထားသဖြင့် အရောင်ရင့်သို့ ပြောင်းနေ၏။ လွယ်ထားသော သားရေ တု ခရီးဆောင်အိတ်တွင် ရေသီးရေစက်တွေ စုကာ ဖြစ်နေသည်။

          ယောင်ယောင်မျှ ဗွက်ထနေသော မြေနီလမ်းသည် လက်ဝဲဘက်သို့ သိသာစွာ ကွေ့ သွား၏။ ခြေလှမ်းပေါင်းလေးငါးရာစာမျှ လျှောက်လာသောအခါ မြောက်ဘက်သို့ မျက်နှာမူထားရာ အိမ်ကို လှမ်းမြင်ရသည်။ သင်္ဘောဆေး အစိမ်းရင့်သုတ်ထားသည့် သွပ်မိုးကို ချယ်ရီပင်ကြားမှ ဦးစွာမြင်သည်။ အုတ်ထရီ နီစွေးစွေ အင်္ဂတေသရွတ်ကွက် များကို တွေ့ သည်။ သုံးပင် နှစ်ခန်း နှစ်ထပ်တိုက်ခံအိမ်။ တစ်မိုက်သာသာ ခြားကာ ရင်စို့သာသာအမြင့်အထိ သံဆူးကြိုးစည်းရိုးကို အရံအတားပြုထား၏။ ပေတစ်ရာပတ် လည် ကျယ်ဝန်းသော ခြံထဲတွင် ယူကလစ်ပင်တွေ လေးငါးပင်က တလူလူတက်နေသည်။

          ခြံထောင့်သို့အရောက်တွင် အပေါ်ထပ်ကို ပီပီပြင်သည်။ တံခါးတွေ ပိတ်ထား၏။ အောက်ထပ်ကိုကြည့်၏။ တံခါးတွေ ပိတ်လျက်သားရှိသည်။ ခြံတံခါးနှစ်ဖက်စလုံးသည် ပိတ်လျက်။ တံခါးအနီးသို့ရောက်သည်။ သစ်သားတံခါးရွက်ကြီးတွေပေါ်ရှိ သင်္ဘောပေး ဖြူတို့သည် ရာသီဥတုဒဏ်ကြောင့် အမျှင်မျှင် အစိတ်စိတ် အက်ကြောင်းများ ထင်၍နေ၏။ တစ်ခြံလုံးသည် တိတ်ဆိတ်လျက်ရှိသည်။ လူသူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုပင် မတွေ့ရ။ ကိုကိုနှင့် အတူတူနေသည်။ ကိုကို့ကို ထမင်းချက်ပြုတ်ကျွေးမွေးသည်ဆို သော အဘိုးကြီးကို တွေ့လိုတွေ့ငြားကြည့်၏။ ခဏမျှအကဲခတ်ရင်း စဉ်းစားသည်။

          ယနေ့ တနင်္ဂနွေ။ ရုံးပိတ်ရက်။ အနီးဝန်းကျင်သို့ သာရေးနာရေးအကြောင်းကိစ္စ ရှိ၍သွားလျှင် အိမ်စောင့်အဘိုးကြီးတော့ ကျန်ရစ်ခဲ့ရမည်။ အနီးအပါးကို မျက်လုံးတစ်ချက် ဝှေ့သည်။ တစ်ခြံနှင့်တစ်ခြံ မနီးကပ်။ ရန်ကုန်။ ရန်ကုန် ဆင်ခြေဖုံးကဲ့သို့ မဟုတ်။ တစ်ခြံနှင့်တစ်ခြံကြားတွင် မြေကွက်လပ်တွေ ခြားနေသေးသည်။ အနီးဆုံး ခြံသည်ပင်လျှင် ကားတစ်မှတ်တိုင်နှင့် တစ်မှတ်တိုင်သာသာ ရှိလေ၏။ ထိုခြံသို့သွားကာ မေးကြည့်လျှင် သိရမည် ထင်၏။

          ကိုကိုသည် ထည့်လိုက်သောစာကို ရမှရပါလေစဟု တွေး၏။ လာမည့်ရက်ကို အတိအကျတော့ မရေးခဲ့။ တစ်ပတ်အတွင်း ကျွန်တော် ရောက်လာမယ်ဟုသာ ရေးခဲ့သည်။ ထိုစာကို ကိုကိုသည် လွန်ခဲ့သည့် လေးငါးရက်ထက်စောပြီး ရနိုင်သည်။ ခရီးဝေးထွက် သည် များလားဟု တွေးမိသည်။ ကိုကို၏အလုပ်တာဝန်တွေ များလှသည်ကို သိသည်။ အမျိုးသားမှတ်ပုံတင်ကိစ္စများသာမက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူဝင်မှုကြီးကြပ်ရေး ကိစ္စများနှင့် ပတ်သက်သော စစ်ဆင်ရေး စီမံကိန်းများတွင် ကိုကိုတာဝန်ယူနေသည်ဟု သိရသည်။ တစ်နှစ်တစ်ကြိမ် ရန်ကုန်ရှိ မိဘညီအစ်ကိုမောင်နှမတွေထံသို့ ဆင်းလာဖြစ်အောင် မနည်းကြိုးစားရသည်။ သည်မြို့သို့ ပြောင်းလာပြီး နှစ်နှစ်သုံးနှစ်အထိသာ တစ်နှစ် တစ်ခါ ခွင့်ယူပြီး ပြန်လာနိုင်သည်။ ထိုနောက်တွင် အလုပ်တာဝန်အရ သင်တန်းအရသာ ရန်ကုန်သို့ လာရင်း အိမ်သို့ ခဏရောက်သည်။ လူပျိုကိုယ်လွတ်ဘဝဖြစ်၍ ကိုကိုသည် အလုပ်ခွင်တွင် သူများတွေထက် နှစ်မြှုပ်နေနိုင်ခဲ့သည်။

          သည်မြို့တွင် ခြောက်နှစ်ကျော်နေလာသောကြောင့် ကိုကိုသည် မြို့တွင် ဝင်ဆံ့ သည်။ လူသိများသည်။ စင်စစ် မြို့ဟုသာ စာရင်းဝင်သော်လည်း ရန်ကုန်ရှိ ရပ်ကွက် တစ်ခုကို ဖြန့်ကြဲထားသလောက် အိမ်ခြေဦးရေရှိသည်။ မြို့ရာမြို့ခင်းသည် ကျယ်ဝန်းလှ သည်။ ကိုကို အလုပ်ပြောင်းခါစက တစ်ခေါက်ရောက်ခဲ့သည်။ ယခုအခေါက်တွင် အိမ်ခြေ အနည်းငယ်တိုးလာသည်။ ဘူတာရုံတစ်ဝိုက်တွင် လေးငါးအိမ် တိုးလာကြောင်း မလှမ်း မကမ်းမြင်ရ၍ သိလွယ်၏။ ကျန်နေရာများမှာ သတိမထားမိခဲ့က တိုးလာသည်ဟုပင် မထင်စရာ။

          ကိုကိုနေသော လမ်းထဲတွင် ယခင်ကအတိုင်း ရှစ်ခြံသာရှိသည်။

          “ဘယ်သူနဲ့ တွေ့ချင်လို့လဲ”

          အသက်က ဆယ့်လေးငါးနှစ်မျှသာ ရှိလိမ့်မည်။ လူကောင်ထွားသော ကောင်လေး။ သစ္စာပန်းတန်းတွင် မြေဆွသောခက်ရင်းကို ကိုင်ကာ လှည့်ကြည့်ပြီး မေး သည်။ လက်တွေ အရစ်အရစ်ထကာ ဝဖီးနေသည်။ ကုပ်တွေ သုံးလေးရစ်။ ပါးစုန့်နှစ်ဖက် ကြောင့် မျက်ပေါက်ကျဉ်းနေ၏။

          “ ဦးသော်ဆွေတို့ အိမ်ကိုလာတာ ငါ့ညီရ၊ အိမ်တံခါးပိတ်ထားလို့ ဘယ်များသွား လဲ သိချင်တာနဲ့ ..”

          ထိုသူငယ်က ခြံဝသို့ လျှောက်လာ၏။ ကိုကို့အိမ်ဘက်သို့ မေးတစ်ချက် ဆတ်ပြကာ -

          “ဟိုအိမ်က ဦးသော်ဆွေလား” သူ ပြုံး၍ ခေါင်းညိတ်သည်။

          “ခဏနေဦးနော် ... ကျွန်တော် ... အမေတို့ကို သွားမေးကြည့်လိုက်ဦးမယ်”

          ခြေလှမ်းသွက်သွက်လှမ်းကာ အိမ်ဘက်သို့ လျှောက်သွားသည်။ ဝလွန်းသော ခန္ဓာကိုယ်ကြောင့် ကွတတလျှောက်နေရသည်။ ပုဆိုးသည် ပုတ်တွင်ပတ်ထားသကဲ့သို့ ရှိသည်။ လေးပင်သုံးခန်းအလျားဆန်ကာ ခေါင်ပြန့်ပြန့် ပျဉ်ကာ၊ မိုးထားသည်မှာ မီးခံကျောက်ပြား။ ခြံဝင်းထဲတွင် နှင်းဆီနှင့် ဂန္ဓမာတွေကို အိုးတွင် စိုက်ထားသည်။ ရောင်းတမ်း ပျိုးပင်တွေဟု ထင်၏။ ပန်းအိုးတွေကြားမှ အိမ်နောက်ဘက်သို့ လျှောက်သွားသော ထိုသူငယ်သည် ခဏအကြာတွင် ပြန်ထွက်လာ၏။ တွေ့စက မြေဆွနေသော သစ္စာ ပန်းတန်းသို့ ရောက်မှ -

          “ခရီးထွက်သွားတယ်တဲ့” စိတ်ပျက်သွားသည်။ ထိုသူငယ်က ခြံတံခါးတွင် လက်တင်ကာ - “မိုင်းစို့ဘက်ကို စပါးအဝယ်ဆင်းတဲ့ မြို့နယ်ကအဖွဲ့ နဲ့ သွားတယ်တဲ့” ခေါင်းတဆတ်ဆတ်ညိတ်ရင်း - “ဘယ်လောက်ကြာပြီတဲ့လဲ ညီလေး”

          “သွားတာတော့ ... မနေ့က မနက်ကမှ သွားကြတာ၊ အဲဒီအဖွဲ့ နယ်ဆင်းသွား တာတော့ ကျွန်တော်မြင်လိုက်တယ်” ။

          “ပြန်လာဖို့ အတော်ကြာမယ်ထင်တယ်”

          မျက်ခုံးမွေးမှာ မထင်သလောက် ပါးနေသော ထိုသူငယ်သည် မျက်မှောင်ချီကာ စဉ်းစားနေ၏။ ထိုနောက် -

          “ဆယ်ရက် ဆယ့်ငါးရက်တော့ ကြာမယ်ထင်တယ်” ဘုရားဟု တ,မိတော့မတတ် ဖြစ်ရသည်။                    

          “ ဦးသော်ဆွေနဲ့ သိလား” ခေါင်းကို ညိတ်ပြလေသည်။

          “သူနဲ့အတူနေတဲ့ အဘိုးကြီးဆိုတာရော”

          “ဪ .. ဦးဒိုးစိန်လား ..၊ ဦးဒိုးစိန်ပါ လိုက်သွားတယ်၊ သူတို့အဖွဲ့ ဘယ်ကို ထွက်ထွက် ဦးဒိုးစိန်က လိုက်နေကျ၊ ချက်ပြုတ်ရေးတာဝန်ခံဆိုပါတော့ ...”

          ထိုသူငယ်က ရယ်စရာအဖြစ်ပြောကာ တစ်ချက်ရယ်သည်။

          “အစ်ကိုက .. ဦးသော်ဆွေ ညီအရင်းပါ၊ အစ်ကို့နာမည်က တင်ဆွေပါ”

           “ဪ ... ဟုတ်ကဲ့”

          ရင်းနှီးသော အမူအရာဖြင့် ခေါင်းညိတ်သည်။ မေးရမည့်မေးခွန်းကို သူ ချက်ချင်း မေးသည်။

          “ဒီမှာ .. တည်းခိုရိပ်သာရှိတယ်လို့ ကြားသာကြားဖူးတယ်၊ နေရာမသိဘူး၊ ဘယ်နားမှာလဲ ...”

          “အစ်ကို .. ဈေးကိုသိလား”

          ဈေးသည် အရှေ့အနောက်တန်းသော ရထားလမ်း၏ မြောက်ဘက်တွင်။ သူ ခေါင်းညိတ်သည်။

          “ဈေးကနေ ... အရှေ့မြောက်အတိုင်းသွားတဲ့ ကတ္တရာလမ်းအတိုင်းသွား၊ အထက်တန်းကျောင်းက အရှေ့စူးစူးလမ်းကို သွားတဲ့လမ်းမှာ ... အဲဒီလမ်းရဲ့ ဘယ်ဘက် က မြောက်ဘက်ကိုကွေ့တဲ့ လမ်းအတိုင်းသွား၊ နှစ်တိုင်ကျော်ဆိုရင် ဥယျာဉ်စုကို ရောက် မယ် ၊ ဥယျာဉ်စုရဲ့ အစွန်ဆုံးမှာ ကွန်းသာယာဆိုတဲ့ အစားအသောက်ဆိုင်ကို တွေ့မယ်။ အဲဒီမှာ ... တည်းလို့ရတယ်” ။

          “ဘူတာကနေ မြင်းလှည်းငှားပြီး သွားလို့ရတယ် မဟုတ်လား”

          “နီးနီးလေးပါ ...၊ ငှားစရာတောင် မလိုပါဘူး၊ မသကာ ကျောင်းရှေ့ဂိတ်နဲ့ ဘူတာဂိတ် အသွားအပြန်ဆွဲတဲ့ မြင်းလှည်းစီးချင်စီးပေါ့၊ ငါးမူးပေးရတယ်”

          နီးနီးကလေးနှင့် နှစ်တိုင်ခရီးသည် နေနေကျ သူ့အဖို့တော့ ဟုတ်မည်။ တစ်တိုင် နှစ်တိုင်သည် တစ်မိုင် တစ်မိုင်ခွဲမက ဝေးချင် ဝေးနေတတ်သေးသည်။ .

           “ကျေးဇူးပဲ ငါ့ညီ”

          ဘူတာသို့ ရောက်အောင်ပင် အတော်လျှောက်ရဦးမည်။ တက္ကသိုလ်၏ ခြင်္သေ့ တံခါးဝမှ ပင်းယဆောင်ရှေ့အထိ မကမကမည်သာ။ ကိုကို၏ ခြံရှေ့သို့ အရောက်တွင် ခဏရပ်သည်။ မိုးနှင်းတွေ စဲစပြုလာ၏။ အိတ်ထဲမှ စာရွက်လွတ် ထုတ်ယူသည်။ ကိုကို ကျွန်တော်ရောက်နေပြီ၊ ကွန်းသာယာမှာ တည်းနေပါတယ်ဟု ရေးကာ လက်မှတ်နှင့် နေ့စွဲတပ်သည်။ တံခါးရွက်ရှေ့တွင် ချိတ်ထားသော စာဘူးထဲသို့ ခေါက်ပြီး ထည့်လိုက် သည်။

          မြေပြန့်နှင့် ကုန်းမြေမြင့်သို့ ဆက်သွယ်ရာလမ်းသို့ သွားဆုံမည့် မြို့တွင်း လမ်းသည်သာလျှင် ကတ္တရာလမ်း။ အထက်တန်းကျောင်းရှေ့မှ ထွက်သောလမ်းသည် မြေလမ်း။ ဥယျာဉ်စုဘက်သို့ ရောက်သောအခါ လိပ်သဲကျောက်၊ ကျောက်စရစ်နှင့် ဂဝံကျောက်ခင်းသောလမ်း။ မြေသားအခံမာကျော၍ ဖြစ်မည်။ ဖြတ်သွားဖြတ်လာ လှမ်း၍ တွေ့သော မြင်းလှည်းဘီးတွေ နစ်ခြင်းလျှံခြင်းမရှိ။ ဥယျာဉ်စု၏ အမည်ကို ကြားဖူး သယောင် မကြားဖူးသယောင်ယောင် ရှိနေ၏။ မြို့၏ အရှေ့မြောက်ပိုင်း အပိုင်း။ အိမ်ခြေ အနည်းငယ်စိပ်သော ဈေးပိုင်းထက် ကားလမ်းနှင့်နီးသည်။ မြို့စွန်ဘက်တွင် ရှိနေသည်။ ကားလမ်းရှိရာ မြောက်ဘက်သို့ မြေသည် သိသာစွာ မြင့်သွား၏။ ဥယျာဉ်စုဘက်သို့သွားရာ ဝန်းကျင်သည် မြေပြန့်မဟုတ်သော်လည်း အနိမ့်အမြင့် မခြားနားလှ။ ကုန်းမိုတို့သည် ပြေပြေမြင့်သည်။ ပြေပြေနိမ့်လျှာသည်။ မြို့အတွင်းထက်ပို၍ ခြံကျယ်ကာ တစ်ခြံနှင့် တစ်ခြံ ဝေးလေသည်။

          လမ်းတစ်ဖက်တစ်ချက်တွင် ကုက္ကိုပင်တွေ မတွေ့ရသလောက် ဖြစ်လာ၏။ ယူကလစ်ပင်နှင့် ချယ်ရီပင်တွေကို မြင်သည်။ ညာဘက်သို့ တစ်ကွေ့ အကွေ့တွင် လှမ်း မြင်ရသော အဆောက်အဦသည် ကွန်းသာယာ ဖြစ်ပေလိမ့်မည်။ ကွန်းသာယာ၏ မျက်နှာ စာသည် သုံးခန်းနှစ်ထပ်။ သွပ်မိုး၊ ပျဉ်ကာ။ နောက်ဘက်သို့ ပို၍ ရှည်သွားသည်။ ရှေ့ နောက်က နှစ်ခန်းပို၍ ရှည်သည်။ မျက်နှာစာဘက်တွင် လည်းကောင်း၊ ဝဲယာတွင် လည်းကောင်း အပေါ်ဝရန်တာပတ်လည်။ သစ်၏ နီမြန်းစိုပြည်သော အဆင်းကို အနောက်ဘက်နေရောင်ဖြင့် မြင်ရသည်။

          ကုန်းမြင့်ကို ဖြတ်ကာ လမ်းဖောက်ထားသောကြောင့် လမ်းဘေးနှစ်ဖက်မှာ ရင်စို့ ခန့် အမြင့်ရှိချင်ရှိသည်။ ဒူးဆစ်သာသာ ခါးသာသာ မြင့်သည့်နေရာ မြင့်သည်။ မြေနံရံနှစ်ဖက်စလုံးတွင် ရေညှိပင်တွေ ခပ်သွေ့သွေ့ စိမ်းနေ၏။ ဆင်ငိုက်မြက်ပင်တွေ ကျဲကျဲ ပေါက်နေ၏။ ဝဲယာရှိ ခြံတွေ အိမ်တွေ ကြားတွင် မြက်ရိုင်းကွက်လပ်တွေ ချုံနွယ်ပင်တွေ ခြားကာရှိ၏။

          ကွန်းသာယာ၏ သံဆူးကြိုးစည်းရိုးသည် တစ်ရက်စာမျှ မြင့်သည်။ ဆူးကြိုးတွေ ကို တိုက်ကပ်ပန်းတွေ နွယ်နေ၏။ မလှမ်းမကမ်းသို့ အရောက်တွင် စီးကရက်တိုကို လမ်းပေါ်ပစ်ချပြီး ဖိနပ်ဖြင့်နင်းသည်။ ဖိနပ်ဦးနှင့် တစ်တောင်လောက်အကွာရှိ ကျောက်တုံး တွေ၊ အပြားအချပ်၊ အကျိုးအပဲ့တွေကြားမှာ အလျားအနံထု လက်နှစ်လုံး၊ တစ်မိုက်၊ တစ်လက်မသာသာရှိသော ကျောက်တုံးအနက်ကလေးကို မြင်သည်။ ရှေးလကျောက်။ ကောက်ယူသည့်လက်က တစ်ဖက်သို့ လှန်ကြည့်ပြီးသား ဖြစ်သွားသည်။ အံ့သြစွာ စိုက်ပြီး ကြည့်နေမိသည်။ မန်ကျည်းရွက်ကဲ့သို့ အရွက်လေးတွေ ရိုးတံတွေ ရှိနေသည်။ ဘေးသားကို ကြည့်သည်။ ကျောက်မီးသွေး အလွှာထပ်နှင့် ကျောက်သားတို့သည် တစ်ထပ် စီ တစ်လွှာစီ ဆင့်လျက်ရှိသည်။ သက်လယ်ကပ်ကာလမှ သစ်ခက်တစ်ခက်၏ ကျောက် ဖြစ်ရုပ်ကြွင်း။ အပေါ်တန်းတွင် အရွက်လေးတွေ ပို၍များ၏။ အောက်ဘက်တွင် တစ်ဝက် မျှသာ ရှိလေသည်။

          သိချင်စိတ်တို့သည် ကိုကိုနှင့်မတွေ့၍ ပျက်သောစိတ်တို့၏နေရာသို့ အစားထိုး ကာ ဝင်ရောက်လာ၏။ ဘူမိဗေဒဆိုင်ရာ အထောက်အထားတွေ သည်နေရာတွင် မရှာမီပင် တွေ့ရပေပြီ။ ကျောင်းပိတ်ရက်များစွာကို ရထားခဲ့ပြီဖြစ်၍ ရှာဖွေစုဆောင်းရန် အချိန် လုံလောက်နေပေပြီ။ သစ်ခက်ရုပ်ကြွင်း ကျောက်ပြားလေးကို ဘောင်းဘီအိတ်ထဲသို့ ထည့် သည်။ လှမ်းသော ခြေလှမ်းတို့သည် ပို၍ သွက်လာ၏။

          ကွန်းသာယာသည် ကြေးဝါရောင် နေခြည်အောက်တွင် ပို၍ တင့်တယ်နေသည် ဟု ထင်၏။

***