Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - အဖြူ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

          ကျီခနဲမြည်၍ တစ်ဖြည်းဖြည်း ပွင့်လာလျှင် ပွင့်လာချင်းပင် ကြောက်ရွံ့ခြင်းကင်းလျက် အလွန်ခန့်ညား တည်ကြည်သောအသွင်ရှိ သည့်ယောက်ျားပျို၏ ကိုယ်သဏ္ဌာန်သည် တံခါးဝတွင် မားမားမတ်မတ် ရပ်လျက်ပေါ်လာလေ၏။

          အစေခံ မိန်းကလေးသည် လုံးလုံးပွင့်သွားသည်အထိ ဆွဲ၍ ဖွင့်ပြီးလျှင် ပြီးချင်း၊ တစ်ခုသော အခန်းဆီသို့ လျင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် ထွက်သွားတော့သည်။

          ယောက်ျားပျို၏ ကိုယ်သည် ရှေ့သို့တစ်လှမ်းမျှမတိုးဘဲ၊ တံခါး ဝ၌ မားမားမတ်မတ် ရပ်နေသည် မှန်သော်လည်း သူ၏မျက်လုံးများ သည်အိမ်ထဲရှိ အခင်းအကျင်းများ၊ ပန်းချီကားများ ဓာတ်ပုံများဆီသို့ လျင်မြန်စွာရောက်သွားကာ၊ တစ်ခုသော ဓာတ်ပုံကားကြီးပေါ်တွင် စူးစိုက် ရစ်ဝဲလျက်နေလေ၏။ စောစောကပင်လျှင် ကြည့်ခဲ့ရာတွင် သပ်သပ် ရပ်ရပ် လှလှပပ ပြုပြင်မွမ်းမံထားသော အခင်းအကျင်းများသည် အလွန် ကျက်သရေရှိလှပြီဟု အောက်မေ့မိသော်လည်း အခန်းကြီးတစ်ခန်းလုံး တွင် ဤဓာတ်ပုံကားကြီးလောက် မည်သည့်အရာမျှ ကျက်သရေမရှိ။

          ဤအခန်းကြီးတစ်ခုတည်းတွင်သာလော၊ နိုင်ငံတော်တစ်ဝန်းလုံး ကမ္ဘာလောကဓာတ်တစ်ခုလုံးတွင် တုဘက်မရှိ၊ ကျက်သရေအတိဖြင့် ပကတိ ဖိတ်ဖိတ်ဝေ ဖြိုးလက်နေသည်ဟု အောက်မေ့မိလေ၏။

          အနောက်နိုင်ငံမှ ပန်းချီကျော်ကြီးများ ရေးဆွဲသွားသည့် အလှ ဘုရင်မလေးများကိုလည်း မြင်ဖူး၏။ နိုင်ငံတော်မှ ဦးထွန်းကြွယ်၊ ဦးဘတုံ၊ ဦးအုန်းလွင်စသည့် ပန်းချီကျော်ကြီးများ ရေးဆွဲကြသည့်အချော ထိပ် ခေါင်တင်များ၏ ကားတို့ကိုလည်း အရာထောင်မြင်ဖူးခဲ့၏။ သို့သော် မိမိယခုမြင်တွေ့ ကာ မျက်စိအရသာခံ၍ မဝနိုင်အောင် ဖြစ်နေရသော ဓာတ်ပုံကားကြီးနှင့်စာသော် ထိုကားထိုးကားများမှာ အလှကိုကားဆောင် ၏။ သို့သော် ဤဓာတ်ပုံကားကြီးကဲ့သို့ ကြည်လင်သော ကျက်သရေကို ကား မဆောင်နိုင်ရှာကြဘဲ၊ ပကတိလန်းဆတ်သော နှင်းဆီပွင့်ကလေး နှင့်စက္ကူနှင်းဆီပန်းများ တစ်ခုနှင့်တစ်ခု ကွာလှမ်း လှသကဲ့သို့ ကွာလှမ်း လှသည်ကို တွေ့မြင်ရလေ၏။ ဤသို့ တွေ့မြင်ရလေလေ ကြည့်မဝနိုင် အောင်ဖြစ်ကာ ပိုမိုစူးစိုက်ကြည့်မိလေလေ ဖြစ်နေတော့ပေ၏။

          ဓာတ်ပုံကိုသာ စူးစိုက်ကြည့်ရှုနေသော မျက်စိအလင်းထဲသို့ အောက်ဘက်ဆီမှ တစ်စုံတစ်ခုသော သဏ္ဌာန်လှုပ်ရှားဝင်ရောက်လာ သည့်အတွက် အောက်ဘက်သို့လှမ်းကြည့်လိုက်ရာ ဓာတ်ပုံရှင်ကိုယ်တိုင် ဓာတ်ပုံအောက်ရှိ ကြမ်းပြင်ပေါ်တွင် မိမိအား မျက်နှာမူလျက် ရပ်တန့် ရောက်ရှိနေသည်ကို မြင်ရလေ၏။

          အသက် ၂၀ နှင့် ၂၃ နှစ်အတွင်းလောက်မှာရှိသဖြင့် အလှ အယဉ်စည်ပင်ဖွံ့ဖြိုးလျက် အစွမ်းကုန် အလှမိုးရွာချနေလေ၏။ မျက်လုံး များမှာ လျှံဝင်းတောက်ပ လွန်စွာလှပလျက် အထူးသိမ်မွေ့ခန့်ညားသည့် ကျက်သရေရောင်ဝါကို တဖိတ်ဖိတ် တပြက်ပြက်လက်၍ ပြနေလေ၏။ သေးငယ်သော နှုတ်ခမ်းမှာ သန္တာနီသွေး နှင်းဆီရောင် ရေးခြယ်ထားသည့်အလား နီမြန်းသော ပန်းဖတ်နုကလေးသဖွယ် ဖြစ်နေလေ၏။ ကိုယ်လုံး ကိုယ်ထည်မှာ ပန်းပုဆရာများငေးမောရလောက်အောင် အချိုးအဆစ် ကျစ်လျစ်ပြေပြစ်သည့်အလှတုံး အလှခဲကလေး ဖြစ်လေသည်။ ဆံပင်မှာ လည်း ပိတုန်းရောင်မခြား နက်မှောင်၍နေလေရာ ညီညာသော မျက်နှာပြင် ပေါ်၌ သွယ်တန်းမို့မောက်နေသည့် အလွန်လှပသော နှာတံဖြူကလေး ကိုပိုမိုပေါ်လွင်အောင် ကျောထောက်နောက်ခံအားပေးနေသကဲ့သို့ မှတ် ထင်ရလေသည်။

          ယောက်ျားပျို၏ စိတ်၌ ထိုမိန်းမပျိုအား ဓာတ်ပုံထဲတွင်လည်း ကောင်း၊ အခြားပွဲလမ်းသဘင် အခမ်းအနားများမှာတွင်လည်းကောင်း၊ မြင်ရသည်ထက်ပင် ပိုမို၍ စက်စက်ယိုလှနေသည်ဟု မှတ်ထင်လေ၏။

          ယောက်ျားပျိုသည် ရှေ့သို့ ခြေနှစ်လှမ်းမျှတိုး၍ ဝင်အလာမှာ မိန်းမပျိုသည် ကိုယ်ကို ယိမ်းရုံကလေးမျှ ကိုင်းညွတ်လျက် ရီဝေသော မျက်လုံးများနှင့် ပြုံး၍ နှုတ်ဆက်လေသည်။

          “ကိုမြတ်စိုးကို မော်လမြိုင်က ထွက်လာဖို့ အဖြူမှာတာသိပြီ မဟုတ်လား”

          “သိပါပြီ အဖြူ၊ ကိုမြတ်စိုး သိပါပြီ၊ စောစောက ကိုမြတ်စိုးစိတ် ထဲမှာ မျှော်လင့်ချက်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ဖြစ်နေပေမယ့် အဖြူ အခုလို တွေ့တွေ့ချင်းမေးတာနဲ့ကိုပဲ ကိုမြတ်စိုး သိပါပြီ၊ ဒါပေမဲ့လည်း ချစ်သူတို့သဘာဝ အချစ်ကိုသာ မြင်တတ်တာကိုး အဖြူ၊ ဒီတော့ ယုံ စားမိတာပဲ၊ အခုအဖြူမျက်နှာကို မြင်ရလို့တော့ လာခဲ့ရတာ အချည်းနှီး မဖြစ်ပါဘူး”

          “မှန်ပါတယ် ကိုမြတ်စိုး၊ ကိုမြတ်စိုး အခု လာပြန်တော့ အဖြူ ဘယ်သူအတွက် အတွေ့ ခံတယ်ဆိုတာ ကိုမြတ်စိုး သိပါလိမ့်မယ်၊ တစ်ယောက်နဲ့တစ်ယောက် နီးစပ်လို့ မရတဲ့ ဘဝမျိုးမှာ နေကြရတာမို့အခုအထိ နီးကြဖို့ နည်းလမ်းကို မမြင်သေးတာ ပြောချင်တဲ့အတွက် အတွေ့ခံတာပါ။ ဒီဟာမျိုးကို ကြံကောင်းတယ် ထားပါဦး၊ မတော်တဲ့ အလုပ် အဖြူမှာဖြစ်နေလို့ နောက်ထပ်မတွေ့ကြဖို့ ထပ်ပြီး တောင်းပန် ချင်တာပါပဲ”

          “ပြောပါ.. အဖြူရယ် ပြောပါ၊ အဖြူပြောတဲ့ စကားဟာ ဘယ် လောက် တင်းရင်းခက်မာနေနေ သိပ်ပြီး သာယာချိုအေးတဲ့ အသံကလေး နဲ့ပြောတာကိုပဲ ကိုမြတ်စိုး စိတ်ကိုဖြေဖျော်ရာ ဖြစ်နေတယ်၊ နီးဖို့နည်း လမ်းမမြင်သေးလို့ ဆိုတာလည်း နီးလို့ရနိုင်ရင်ဆိုတဲ့ အဓိပ္ပာယ်တွေ အများကြီးပါဝင်တယ်လို့ ယူဆတာပဲ”

          “ကိုမြတ်စိုးကို ချစ်ပါပြီလို့ တစ်ခါမှ ဝန်မခံသေးတာလည်း သတိထားပါဦး”

          “ကိုမြတ်စိုးကို မချစ်နိုင်ဘူး၊ မုန်းတယ်ရယ်လို့ အခုအထိတစ် ကြိမ်တစ်ခါမှ မကြားရသေးပါဘူး၊ ကိုမြတ်စိုးရဲ့ အချစ်ဟာ တစ်ယောက် နဲ့တစ်ယောက် ဘယ်လောက်ဝေးကွာနေပေမယ့်လည်း ဘယ်တော့မှ မဝေးနိုင်တဲ့ အချစ်မေတ္တာမို့ အသည်းနှလုံးမှာ စွဲမြဲနေခဲ့ပါတယ်၊ တစ်နှစ် က အဖြူကို တွေ့ရကတည်းကစပြီး အချစ်ကြောင့် ထင်ခဲ့မြင်ခဲ့ရတဲ့ အာရုံတွေဟာ အခုထိ မပျောက်ပျက်ပါဘူး၊ အဲဒီတုန်းက အဖြူဝတ်စား ထားတဲ့ အဝတ်အစားတွေကိုတောင် အခုမြင်ရသလို ထင်ထင်ရှားရှား စွဲနေတယ်၊ အခုတစ်ခါ တွေ့ပြန်တော့လည်း ဟိုတုန်းကထက် အဆ ပေါင်းများစွာ ကိုမြတ်စိုးရဲ့ နှလုံးကို ကျွမ်းလောင်ပြီး အသည်းထိအောင် ခိုက်လွန်းလို့ ငြိမ်းဖို့နည်းလမ်းမရှိအောင် ဖြစ်နေပါတယ်၊ ဒါလောက် စွဲမြဲကြံ့ခိုင်တဲ့ အချစ်ထားတဲ့ လူတစ်ယောက်အပေါ်မှာ အချစ်မဝင်ဘဲ နှင်တာများ အဖြူ ရက်စက်ရာ ကျလှပါတယ်”

          မိန်းမပျိုမှာ လက်ချင်းယှက်၍ ဆုပ်ပြီး၊ ခေါင်းကို အောက်သို့စိုက်ထားကာ တစ်စုံတစ်ရာကို ဝမ်းနည်းစွာ တွေး၍ နေသကဲ့သို့ ဆိတ်ငြိမ်စွာသာ ရပ်၍ နားထောင်နေလေ၏။

          “တွေ့ကြတုန်းက အဲဒီညကို မှတ်မိသေးရဲ့ လားအဖြူ”

          “ဒီအကြောင်းတွေ မပြောပါနဲ့တော့ ကိုမြတ်စိုး” ဟု မျက်နှာ ကလေး နီမြန်းကာ ပြောလေ၏။

          “ဪ ... အဖြူက မကြားချင်ပေမယ့် ကိုမြတ်စိုးအဖို့တော့ ဒီညဟာ မမေ့နိုင်ဘဲ သာယာဆုံးည၊ မင်္ဂလာအရှိဆုံး၊ အထူးဆုံး၊ အမြတ်ဆုံး ညပဲ၊ အဖြူလည်းမှတ်မိပါလိမ့်မယ်၊ ကိုမြတ်စိုးနဲ့ အဖြူနှစ်ယောက်တည်း တစ်ခဏကလေးနေရခိုက်မှာ အဖြူရဲ့ လက်ကလေးကို ကိုင်လိုက်ရတာ ကိုမြတ်စိုးတစ်ကိုယ်လုံးကို သိမ့်သိမ့်ကို တုန်သွားခဲ့ပါတယ်၊ ဒီတုန်းက နတ်ပြည်ရောက်ရသလောက်ပီတိဖြစ်ပြီး ခံစားရတဲ့ စည်းစိမ်ဟာ ဘယ်လောက်ကြီးကျယ်တယ်ဆိုတာ အဖြူ သိစေချင်စမ်းပါဘိတယ်၊ အဲဒီည က တွေ့ရသလို တစ်ကြိမ်ထပ်ပြီးတွေ့ရရင် အသက်နဲ့တောင် လဲဝံ့ပါရဲ့ ဒီတုန်းက အဖြူက မပြန်ပေမယ့် အချစ်ကပြန်လာတော့ ကိုမြတ်စိုး ဒိဋ္ဌ သိခဲ့ရတာပဲ”

          “အဲဒီညက အချိန်ကာလ နေရာကလေးကလည်း သိပ်ပြီး သာယာတာကိုး ပြီးတော့လည်း ကိုမြတ်စိုးရဲ့ သိပ်မွန်မြတ်တဲ့အမျိုးကို ချစ်တဲ့စိတ်နဲ့ ပြောသွားတဲ့ နိုင်ငံရေး တရားတွေကလည်း လက်ဝါးပေါ်မှာ တစ်ခုစီ တင်ပြသလို သိပ်ရှင်းတာမို့ ကိုယ့်နိုင်ငံအတွက် ကိုယ်အားကိုး လောက် သူ တစ်ယောက်ပဲရယ်လို့ အားလည်းထားတယ်၊ ယုံလည်းယုံ ကြည်တယ်၊ ကြည်ညိုလည်းကြည်ညိုတယ်၊ အဲဒီတုန်းမှာ နောက်ဆုံး ပြောတဲ့ချစ်တယ်ဆိုတဲ့စကားကို အဖြူမကြားမိလိုက်ဘဲ ဆွဲလိုက်တဲ့ လက်ကလေးကို ရုတ်တရက် မဖယ်မိအောင် ဖြစ်သွားပါတယ်”