Skip to product information
1 of 2

Other Websites

ဂျာနယ်ကျော်မမလေး - သူမ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

လေကြောင်းရန် ကင်းရှင်းသည့် အချက်ပေး ဥဩသံသည် တရစပ် မြည်နေလေသည်။ အဆွဲအငင်ဖြင့် ဖျစ်ညှစ်၍ အော်မြည်နေသော ဥဩသံမှာ နားထဲမှ ရင်ထဲပေါက်အောင်ပင် စူးရှသည်။ အကာလ ညဉ့်အခါ၌ ရင်နှစ်ခြမ်း ကွဲအောင် ထ၍ အူနေသော ခွေးအူသံကြီးလိုပင် ဥဩသံသည်လည်း ဆိုးဆိုး ဝါးဝါး အတောမသတ် အူနေဆဲပင်။

မြေမှုန့်နှင့် မီးခိုးများ တစ်မြို့လုံး ဖုံးနေလျက် လူများမှာ မြေကျင်း ထဲမှ လမ်းပေါ်သို့ အလျှိုအလျှို ထွက်လာကြသည်။ အချို့လည်း မီးလောင်ရာ ဘက်သို့ ဦးတည်၍ ပြေးသွားကြသည်။ လမ်းပေါ်တွင် လူတွေကို ရှောင်ရှား လျက် “လှ ́သည် စွတ်ပြေးလာကာ မြေကျင်းထဲသို့ ပြန်ဝင်သွားသည်။ အတန် ကြာမှ မြေကျင်းထဲက ထွက်လာတော့ကာ မောပန်းစွာဖြင့် ခေါင်းငိုက်စိုက်ချ လျက် လျှောက်လာသည်။ “လှ”ခေါင်းမှ ဆံပင်များမှာ ဖွာလန်ကြဲလျက် ပုံပန်း ပျက်လျက် နေသည်။ မြေမှုန့်များလိမ်းကျံပေစွန်းလျက်ရှိသော အင်္ကျီ ထဘီတို့မှာ ချော်လဲလာသူကဲ့သို့ လူမြင်မကောင်း သူမြင်မကောင်း ဖြစ်နေသည်။

လမ်းမပေါ်၌ အဆက်မပြတ်မြင်ရသော မြေကြီးကိုသာ ငုံ့စိုက်ကြည့် လာလျက် ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေသည်။ ခြေထောက်တို့ကို အနိုင်နိုင်လှမ်း ၍ လျှောက်ရ၏။ လျှောက်လာရင်း လှသည် ဆို့ကျပ်လာသောရင်ကို ပေါ့ပါး သွားအောင် ငိုချလိုက်ချင်သည်။ အားရပါးရ စိတ်ရှိလက်ရှိ အော်ဟစ်၍သာ ငိုပစ်လိုက်ချင်သည်။ “လှ”အဖို့၌ ဘေးပတ်ဝန်းကျင်ကို ငဲ့နေရသည်။မျက်ရည်များ ပြည့်လျက်ရှိသော မျက်လုံးကို လူမြင်မှာလည်း စိုးရသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့သည် ကွယ်ပျောက်သွားကြကုန်လျက်

လှ လျှောက်နေသော မြေနီလမ်းနှင့် လှသာလျှင် ဤလောကကြီး၌ရှိကာ တစ်သက်ပတ်လုံး မဆုံးနိုင်အောင် လျှောက်နေလိုက်ချင်မိသည်။

အိမ်နှင့်နီးလာလေလေ ရင်လေးသထက် လေးလေလေ၊ မျက်လုံးတွင် တွဲလဲခိုလိုက်လာကြသော မျက်ရည်ဥများကို ဆတ်ခါချလိုက်ကာ ခေါင်းကို ပင့်၍ ရှေ့သို့ လှမ်းမျှော်၍ ကြည့်လိုက်သည်။

လမ်းတစ်ဖက်၌ မြောင်းကို တံတားကလေးထိုးလျက် ဝါးထရံကာ သွပ်မိုး တစ်ထပ်အိမ်အိုကလေးရှိသည်။ ခေါင်းရင်းဘက် အခန်းမှ စေ့ထားသော အိမ်တံခါးပေါက်ကို မြင်ရသည်။ ခြေရင်းခန်းမှာ အိမ်ရှင် ဈေးထွက်၍ သော့ ခတ်ထားလေသည်။ အိမ်က အထွက် စေ့ထားခဲ့သော တံခါးပေါက်မှာ ဖွင့်သူ ဝင်သူ ရှိပုံ မရ၊ စေ့၍ပင် နေလေသည်။ လှမှာ ပိတ်စေ့ထားခဲ့သော တံခါးကို လှမ်းကြည့်ကာ မျက်ရည်များ ဝဲလာသည်။ ။

အိမ်ရှေ့ရောက်၍ လမ်းကူးတံတားကလေးကို ဖြတ်နင်းမိလျှင် မျက်ရည်စင်အောင် မျက်တောင်တဖျပ်ဖျပ်ခတ် ခါချလိုက်ကာ လက်ခုံနှင့် ပွတ်သုတ်လိုက်သည်။ ခြေသံမမြည်အောင် အိမ်ပေါ်သို့ လှမ်းတက်လိုက်သည်။ တံခါးကို အသာကလေး တွန်းဖွင့်ဝင်လိုက်ကာ အသံမမြည်အောင် ပြန်စေ့ ခဲ့ပြီးမှ ခြေဖျားထောက်ကာ အတွင်းသို့ ဝင်သွားသည်။

အိမ်ရှေ့ခန်းကို ဝါးထရံနှင့် ကာခြားထားကာ အတွင်းဘက် အခန်း ထောင့်၌ `သက်သက်”မှာ အညာစောင်ကို ခေါင်းမြီးခြုံလျက် ပက်လက်လှန် လျက် အိပ်နေသည်။ ခြေသံကြား၍ မျက်နှာပေါ်မှ စောင်ကို ဆွဲလှစ်လိုက် ကာ လှကို အားယူကာ စိုက်ကြည့်သည်။

““စိတ်ပူလိုက်တာ သက်သက်ရယ်၊ အဖျားတက်နေခိုက်နဲ့ ကြုံနေ သလားလို့ ပူလိုက်ရတာ၊ လေယာဉ်ပျံတွေလာတော့ ကျင်းထဲဆင်းနေရဲ့လား

ဟင့်...”

လှသည် မျက်စိမျက်နှာ ပျက်ပျက်ဖြင့် သက်သက်၏ မျက်နှာကို မရဲတရဲ ကြည့်၍ ပြောသည်။ သက်သက်မှာ အဖျားမကျသေးချေ၊ ဖြူဝင်းနေ သည့် မျက်နှာကလေးမှာ ညစ်ထပ်ထပ်နှင့် နီညှိုးနေသည်။ မျက်တောင်များစင်းကျလျက်ရှိသော မျက်လုံးများမှာ မပွင့်တပွင့်ဖြင့် အရောင်အဆင်းပင် မရှိသလောက် မှိန်ဖျော့နေသည်။

“မထနိုင်တာနဲ့ ကျင်းထဲ မဆင်းတော့ဘူး၊ ဗုံးတွေကြဲတော့ လှနဲ့ ဘယ်နေရာများ တွေ့နေပါ့မလဲနဲ့ ပူလိုက်ရတာ၊ ဥဩသံ ကြားကတည်းက လှအတွက် ထိတ်သွားတာပဲ”

သက်သက်သည် ချည့်နဲ့နဲ့အသံကလေးဖြင့် တစ်လုံးချင်းပြောလျက် လှ မျက်နှာကို မျက်တောင်ပင့်၍ စိုက်ကြည့်လိုက်ပြန်သည်။ လှမလာခင် လှအတွက် တစ်ချိန်လုံး စိတ်ပူနေရှာမှာကို လှက သိလေသည်။ “လှ”မှာ လေကြောင်းရန် ဥဩသံကြားလျှင် နေစရာ မရှိအောင် သတိလစ်မတတ် အကြောက်မွှန်တတ်သူဖြစ်သည်။ လေယာဉ်ပျံလာလျှင် အိမ်အောက်ဆင်းပြေး ရန် အိမ်ပေါ်ကအဆင်း အိမ်ခေါင်မိုးနှင့် လူနှင့် မလွတ်ဘူးထင်ပြီး ခေါင်းနှင့် မြေကြီးနှင့် ထိမတတ် ကုန်းထွက်ကာ ဆင်းပြေးသည်အထိ အကြောက်မွှန် သည်။ ကျင်းထဲ၌လည်း သက်သက်ကို တအားဖက်ထားကာ ဆတ်ဆတ် တုန်နေတတ်သည်။ သက်သက်က မကြောက်ရန် အထပ်ထပ်အားပေးနေရ သည်။ လှအတွက် ကြောက်အားကြီးပြီး ဒုက္ခဖြစ်မှာကိုပဲ စိုးပူနေရသည်။ တစ်ယောက်က တရားလွန် သိပ်ကြောက်နေ၍ မိမိပါ အတူကြောက်နေရန် မဖြစ်တော့ဘဲ လှအတွက် လှရှေ့တွင် မကြောက်သလို သတ္တိဆောင်ကာ အကြောက်မှ သက်သာပါစေတော့ဟု ရဲပြနေရခြင်းဖြင့် တစ်စစ တကယ်ပင် သက်သက်မှာ ရဲသွားတော့သည်။ ရဲလွန်းအားကြီး၍ လှကပင် အပြစ်တင်ရ တော့သည်။

“ထင်သားပဲ၊ လှမရှိရင် သက်သက် ကျင်းထဲဆင်းမှာ မဟုတ်ဘူး။ ဆင်းလိုက်ရောပေါ့ သက်သက်ရယ်၊ ဒါလောက်တောင် အတင့်မရဲပါနဲ့”

သက်သက်သည် လှအား မျက်တောင်မခတ် စိုက်ကြည့်နေလျက် စကားဆုံးအောင် နားထောင်ပြီးမှ “ဒါနဲ့ နေရာကျခဲ့တယ် မဟုတ်လားလှ ́ဟု မေးလိုက်သည်။

လှမှာ “နေရာကျခဲ့တယ် မဟုတ်လား”ဟု မေးလိုက်သော မေးခွန်းကို ရုတ်တရက် မပြောရက် မဖြေရက်နိုင်ချေ။ ရုတ်တရက် မဖြေရက်၍ တွဲလောင်း ကျနေသော ခြင်ထောင်စကို လှမ်းဆွဲသိမ်းကာ ခြင်ထောင်မိုးပေါ်သို့ လုံးထွေး တင်ရင်း လည်လာသော မျက်ရည်စကို သက်သက်မမြင်စေရန် ထိုခြင်ထောင်ရယ်”

အသံမတုန်ရီစေချင်ခါမှ လှအသံမှာ သိသိသာသာ တုန်တုန်ရီရီကြီး ထွက် သွားသည်။

“ဦးမြကြီး ပေးလိုက်တဲ့ ငွေထုပ်ကြီး ကျပျောက်သွားတယ် သက်သက်ရယ်"

“ဟင်...”

သက်သက်၏ အသံသည် နာကြည်းသဖြင့် ဆွေးမြည့်နေသော အက်သံမျိုးဖြင့် ရှည်လျားစွာပင် ဆွဲမြည်သွားသည်။ ကြေကွဲစရာ ပိုကောင်းနေ၏။

 လှမှာ ဖွင့်မပြောရခင်ကသာ မငိုမိအောင် ချုပ်တည်းထားနိုင်လျက် ဖွင့်ပြောလိုက်ပြီးသည့်နောက် တစ်စက်ကလေးမျှ ချုပ်တည်း၍ မရနိုင်ဘဲ မျက်ရည်များ တပေါက်ပေါက်ကျလာကာ ခေါင်းကို ငုံ့မြဲပင် ငုံထားရင်း ရှိုက်၍ ငိုနေသည်။

လှငိုနေတော့မှ သက်သက်သည် လှထံမှ မျက်လုံးကို ခွာလိုက်ကာ လေးလံစွာဖြင့် ပြန်မှိတ်ထားလိုက်သည်။ အမှန်စင်စစ် လှနှင့်သာ အတူတူရော၍ သက်သက်ပါ ငိုလိုက်ချင်သည်။ ဖြစ်လာသည့် အဖြစ်က ငိုချင်စရာကောင်းလှ သည်။ တစ်ပူပေါ် နှစ်ပူဆင့်လာသော ဒုက္ခကြီးမှာ ငိုဖို့ရာပင် ရှိတော့သည်။ ငိုရမှာလည်း အခက်၊ ပိုမို စိတ်မကောင်းမှာ မဖြစ်စေချင်ခြင်းကြောင့် လှနှင့် ရော၍ မျက်ရည်မကျမိစေရန် အောင့်အည်းချုပ်တည်းနေရသည်။ အတွင်းကျိတ် ကြိတ်မှိတ် ပူဆွေးခံစားနေရသော အသွင်မှာ ပေါ်နေကာ တစ်မျက်နှာလုံး ညိုမည်းနေသည်။

သက်သက်မှာ တစ်စုံတစ်ရာ မပြောဘဲ တိတ်ဆိတ်သွားခြင်းကြောင့် လှသည် ဖျတ်ခနဲ သက်သက်ကို မော့ကြည့်လိုက်သည်။ စိတ်မချမ်းမသာ ဖြစ်သွားရှာကာ ငြိမ်သက်တိတ်ဆိတ်စွာ ဆွေးလောင်နေသော ပုံပန်းကို ကြာ ရှည် မကြည့်ရက် မရှုရက်လျက် “သက်သက်ရယ်... ́ဟု လှမ်းခေါ်လိုက်ကာ ပူချစ်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

သက်သက်၏ မျက်လုံးများသည် မပွင့်တပွင့် ပြန်ပွင့်လာသည်။ ခြေရင်းဘက်သို့ ခပ်စင်းစင်း စိုက်ထားလျက် ငြိမ်သက်စွာ ဖြစ်နေပြန်သည်။ ရင်တစ်ခုသာ နိမ့်ချည်မြင့်ချည် လှုပ်ရှားလျက် ရှိသည်။ စိုက်မိစိုက်ရာ စိုက်ထားသော အသက်ထွက်လုထွက်ခင် လူမမာရုပ်နှင့် တူနေသည်။

 သက်သက်က ဝင်ပြောလိုက်သည်။ သက်သက်မှာ ဆက်မပြောနိုင် တော့ဘဲ ငိုင်လှိုင်သွားသည်။

သက်သက်သည် လှ ဝင်လာကတည်းက ပျော်ပျော်ပါးပါး ဆူဆူ ညံညံ ပြေးဝင်မလာ၍ နေရာမကျခဲ့ခြင်းကို ရိပ်မိသော်လည်း ငွေထုပ်ပါ လုံးလုံး ကျပျောက်ခဲ့လိမ့်မည်ဟု မတွေးမထင်မိခဲ့ချေ။ လှကိုလည်း အပြစ် မတင်လိုပေ။ အကြောက်ကြီး ကြောက်ပြီး လူပါ အန္တရာယ်မဖြစ်သွားတာပင်တော်ပါသေးရဲ့ဟု အောက်မေ့ရတော့သည်။ မိမိတို့နှစ်ယောက်စလုံး၏ ကံတူ အကျိုးပေး၊ ဘဝဆိုး၊ အဖြစ်ဆိုးကိုသာ အကြောင်းချလျက် တစိမ့်စိမ့်ကြေကွဲ လျက် ရှိသည်။

“ရှာလို့ မတွေ့တော့လေ စိတ်ညစ်လိုက်တာမှ သက်သက်ရယ် သေချင်ရော။ စောစောက ဗုံးထဲ ပါသွားရင်လည်း အကောင်းသား”

“အို...လှရယ်၊ ဘယ်လို ပြောလိုက်တာလဲကွယ်”

လှ၏ ရှိုက်သံ ငိုသံတို့သည် ရင်ထုမနာကြီး ဖြစ်သွားသော သက်သက်၏ အသည်း နှလုံးကို လာ၍ ရိုက်ခတ်နေကြသည်။ သက်သက်သည် ရင်ကို လက်ဖြင့် ဖိလျက် လှဘက်သို့ စောင်းလိုက်သည်။

“ဦးမြကြီး မျက်နှာကို လှ မကြည့်ဝံဘူး သက်သက်ရယ်၊ သူ့ မျက်နှာကို ဘယ်လို ကြည့်ပြီး ဘယ်လိုလုပ် ပြောရမှာလဲ၊ ဒါကြောင့် သေချင်တာပါ”

“ဒါဖြင့် သူတို့အိမ်ကို လှ ဒီအကျိုးအကြောင်း သွားမပြောရသေးဘူးပေါ့"

“ဘယ်လို ပြောရမလည်း သက်သက်ရယ်၊ လှဖြင့် စဉ်းစားလို့ မရတော့ ဘူး၊ ယုံမှ ယုံပါ့မလားလို့ ဆိုတာကလည်း တစ်ချက်၊ ယုံပါရင်လည်း သူတို့မှာ ဘာမှ ရှိရှာတာ မဟုတ်ဘူး၊ ဒီအဘိုးကြီး ရိုးသားတာ ယုံကြည်လွန်းလို့သာ ရန်ကုန်က လူတွေက ဝယ်ထားပါဆိုပြီး ငွေပေးလိုက်ကြတာ၊ လှတို့ ဘယ်လိုလုပ် စိုက်လျော်ကြမလဲ၊ လှတို့မှာ...”

လှမှာ ရှေ့သို့ မဆက်နိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလျက် နေသည်။

သက်သက်မှာ လှကို မမြင်တော့ဘဲ လှငိုသံကို မကြားတစ်ချက် ကြားတစ်ချက်နှင့် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားသည်။

ထပ်ဆင့်၍ ပုတ်ရိုက်လိုက်ခြင်း ဒဏ်ကို ရုန်းကန်နိုင်ကြပါ့မလားဟု စိတ်အား လျော့ကျသွားသည်။

မိမိက အားလျော့နေလျှင်“လှ”မှာ ကိုးကွယ်ရာ မရှိအောင် အားငယ် ၍ သွားပေတော့မည်။ နဂိုကလည်း စိတ်ပျော့ လူပျော့ ဖြစ်၏။ အရာရာတိုင်း သူ့အစွမ်း သူ့အစ မသုံးတတ်။ မိဘများ မရှိမှ ပို၍ အားငယ်နေတတ်လျက် သက်သက်ကိုသာလျှင် တွယ်တာ အားကိုးနေကာ အစစအရာရာ စိတ်ကူး စိတ်သန်း မရှိလှသည့် ကလေးတစ်ယောက်နှင့် မခြားနားဘဲ ဘဝ၏ ဖိနှိပ်မှုကို အရှုံးပေးမည့်သူကလေး ဖြစ်သည်။

'သက်သက်ရေ၊ မလှအေးတို့က သူတို့ကားကို နှစ်ထောင် ရရင် ရောင်းမယ်၊ အမြတ်ရအောင်စပ်လို့ ပြောထားတာလေ၊ ဟော...အခု ဦးမြကြီး နဲ့တွေ့ခဲ့တယ်။ ရန်ကုန်က သူ့ကျေးဇူးရှင်တွေက ကားလိုချင်နေသတဲ့၊ လှက နှစ်ထောင့်ငါးရာလို့ ပြောခဲ့ပြီ၊ ငါးရာ မြတ်တော့မှာ သေချာတယ်၊ သူနက်ဖြန် ငွေ သွားယူမတဲ့...”

ယမန်တစ်နေ့က ဝမ်းသာအားရကြီးဖြင့် ရွှန်းရွှန်းဝေပြောခဲ့သလောက် ယနေ့တွင် ဒူးပေါ်မေးကလေးတင်၍ တရှုပ်ရှုပ်ငိုကြွေးနေသော လှအဖြစ်မှာ သနားစရာ ကောင်းနေတော့သည်။ ဝမ်းသာစရာရှိလျှင် သူ့လောက် ဝမ်သာတတ်သူ မရှိ၊ ဝမ်းနည်းစရာရှိလျှင် သူ့လောက် ဝမ်းနည်းတတ်သူလည်း မရှိ၊ လှသည် တရှုပ်ရှုပ်ငိုနေရာမှ သွားလေသူ မိဘများကို တမ်းတကာ အားရပါးရ ငိုကြွေးနေသည်။ ။

“တိတ်ပါ လှရယ်၊ ကံစီမံတဲ့ အတိုင်းပဲပေါ့၊ လှ ငိုနေတော့ သက်သက် ဘယ်လို ကြံရမှန်းတောင် မသိတော့ဘူး”

လှသည် မျက်ရည်များကို သုတ်လျက် ရှိုက်ကာ ရှိုက်ကာဖြင့် ““ဦးမြကြီးကို လှ ဘယ်လို ပြောရမှာလဲဟင်”ဟု မေးလိုက်သည်။

“လှချည်း သွားပြောလို့ မဖြစ်ပါဘူး၊ သက်သက်ပါ လိုက်ပါ့မယ်”

“သက်သက် ထမှ မထနိုင်ဘဲဟာ ဘယ်လိုက်လို့ ဖြစ်မလဲ အအေး မိမှာပေါ့၊ လှ ဘယ်လိုပြောရမယ်ဆိုတာသာ လှကို သင်ပေးလိုက်ပါ"

သက်သက်မှာ လှကို တွေ၍ ကြည့်နေလျက် ပြီးမှ ပြုံးလိုက်သည်။

 “လှ သွားလို့ မဖြစ်ပါဘူး၊ အရိပ်အဆင် ကြည့်ပြောရမှာ၊ သူတို့က

ဦးမြကြီး အိမ်ကလေးကို ခပ်လှမ်းလှမ်းမှ မြင်ရလျက် ဦးမြကြီး ကိုယ်တိုင် အိမ်တွင် ထွက်ရပ်ကာ တစ်စုံတစ်ယောက်ကို မျှော်နေမှန်း တွေ့ကြရသည်။

( သက်သက်မှာ မောဟိုက်လာသည်။ ခြေတစ်လှမ်းနှင့် တစ်လှမ်း ခွန်အားညှစ်ထုတ်ကာ လှမ်းသွားရသဖြင့် ကတုန်ကယင် ဖြစ်နေသည်။ မျက်လုံး များမှာ ပြာသွားလိုက်၊ ပြားသွားလိုက်၊ စိတ်နှင့် ဇွဲမှာ ကြိမ်နှင့်တို့နေသကဲ့သို့ နှေးကွေးတိုင်း တို့နှင်ပေးနေ၏။ လှက ဘေးမှဖေးမ၍ တွဲလာသည်။ အသက် ရှူသံပြင်းလာလျှင် လှခြေထောက်များမှာ တုံ့ဆိုင်းသွားသည်။ ညှိုးငယ်သော မျက်နှာလေးဖြင့် သက်သက်ကို ကြည့်လိုက်သည်။ သက်သက်က ဆက်၍ လှမ်းသည်။ သူ့ဟာသူလည်း စိတ်မကောင်း၊ သူဒုက္ခပေးတာဟု သက်သက် ကို သနားမိသည်။ လမ်းတွင် စကားတစ်ခွန်းမျှ မပြောကြ။

ကုက္ကိုပင်အနီးရောက်လျှင် သက်သက်သည် ခေတ္တရပ်နားမည်ပြုပြီး မဟန်နိုင်၍ ထိုင်ချလိုက်သည်။ အသက်ကို ပြင်းစွာရှူလျက် မောကြီးပန်းကြီး “လှ-ဟိုမှာ ဦးမြကြီး သွားသာခေါ်ချေတော့၊ သက်သက်မောပြီ၊ ဒီနားကို ခေါ်လာကွယ်”ဟု ကတုန်ကယင်ပြောရင်း ရင်ထဲက တလှပ်လှပ်ကြောင့် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။

“ဒုက္ခဖြစ်နေကြရတဲ့အထဲ ဒုက္ခတစ်ခု ပိုလာပြန်ပြီ ဦးရယ်”

  “အင်း...ဘယ်လို ဖြစ်သလဲ”

ဦးမြကြီးသည် သက်သက်နှင့် မျက်နှာချင်းဆိုင်ဆောင့်ကြောင့်ထိုင် ချကာ သက်သက်၏ မျက်နှာကို ပြူးတူးပြဲတဲကြည့်၍ မေးသည်။

“ဦး လှကို ပေးလိုက်တဲ့ငွေဟာ မလှအေးတို့အိမ်ဆီ သွားတုန်း စောစောက ဗုံးလာကြဲတာ လမ်းမှာမိပြီး ကျောင်းထဲဝင်ပုန်းတာ၊ အနားနီးတာနဲ့ လှက နေရာရွှေ့ပြေးရင်း ငွေထုပ် ဘယ်ကျခဲ့မှန်း မသိဘူးတဲ့၊ ရှာလို့ မတွေ့ တော့ဘူး ဦးရယ်”

ဦးမြကြီးမှာ ရုပ်သေးထဲက အရုပ်အတိုင်း ဇက်ကျိုးကာ ခေါင်းငိုက် စိုက်ကျသွားသည်။

သက်သက်ဘေး၌ ထိုင်နေသော လှမှာ မျက်ရည်တွေ ဝဲနေလျက် လက်ညှိုးကလေးနှင့် မြေကြီးကို တွင်တွင်ခြစ်ကာ ရင်ထဲ၌ ဖိုရှိုက်နေသည်။

သက်သက်သည် မျက်ခုံးနှစ်ဖက်ကို ချီကာ တုဏှိဘာဝေပြုလျက် ပေတစ်ရာကို ငေးစိုက်လျက် နေသည်။

ဦးမြကြီးသည် တစ်ခဏ ငြိမ်သက်လျက် ဇက်ကျိုးနေရာမှ မျက်နှာကို မော့၍ မျက်နှာတွင် စို့လာသောချွေးကို လက်ဖဝါးကြီးဖြင့် ပွတ်လိုက်၏။ ပြီးမှ ချောင်းဟန့်လိုက်သည်။

“စိတ်မကောင်းလိုက်တာ သက်သက်ရယ်၊ ဦးလည်း ဒုက္ခပါပဲ”

ဦးမြကြီးမှာ များစွာပင် အကျပ်ကြုံလျက် အခက်တွေ့သွားသည်။ လူကိုယုံလျက် ငွေထုတ်ပေးလိုက်သူတို့အား မျက်နှာအပြရခက်မည့်အကျပ်ကို ကလေးမတွေ သိပါလေစဟု အောက်မေ့မိသည်။ ကားဝယ်ပေးရန် ငွေထုတ် ပေးလိုက်သူများမှာ ဦးမြကြီး၏ ကျေးဇူးရှင်များ ဖြစ်ကြ၏။ ဆင်းရဲလှသော ဦးမြကြီးတို့ မိသားအိမ်ထောင်တစ်စုကို ငွေ ၂၀ဝိ/-၊ ၃ဝဝိ/-မျိုး ငွေတိုး မယူ ထုတ်ပေးမစကြကာ သူတို့ ထုတ်ပေးသောငွေဖြင့် ဈေးရောင်း၍ အသက် မွေးနေကြရသည်။ ထုတ်ပေးသောငွေကို ပြန်ဖဲ့မဆပ်နိုင်အောင် ကသီလင်တ နိုင်နေကြလျက် နောက်ထပ် ၅ဝိ/-မျိုး၊ ၁ဝဝိ/-မျိုး ထုတ်ပေးမစရန် တောင်းပန် ရဦးမည့် ဆဲဆဲမှာ ကားဝယ်ပေးရန် ယုံယုံကြည်ကြည် ထုတ်ပေးလိုက်သည့် ငွေ ၂၅ဝဝိ/-ပျောက်ကြောင်း သွားပြောရမည့် အဖြစ်လောက် ဆိုးရွားတာ မရှိဟု တွေးလိုက်မိသည်။ သက်သက်တို့ ဘယ်နည်းနှင့်မျှ စိုက်မလျော်နိုင်မှန်းသိ၍ သာ၍ စိတ်ပျက်မိသည်။ သက်သက်နှင့်လှတို့မှာ မိမိမျက်စိအောက် တွင် ချမ်းချမ်းသာသာ ကြီးပြင်းလာခဲ့ကြကာ မမျှော်လင့်ဘဲ ဒုက္ခဘုံကြီးထဲသို့ ကျရောက်သွားကြလျက် ညှိုးငယ် ဆင်းရဲသွားကြပုံမှာ သေခါနီးအရွယ် မိမိ အဖို့ တရားရစရာကောင်း၍ သံဝေဂပင် ဖြစ်ခဲ့သည်။

လှသည် လက်ထဲက ခဲကလေးကို ပစ်လိုက်ကာ လက်ဝါးနှစ်ဖက်ကို ပွတ်လျက် ““ဦးကြီးကိုတော့ ရန်ကုန်ကလူတွေက ယုံတော့မှာ မဟုတ်တော့ ပါဘူး”ဟု စိတ်မကောင်းဖြစ်သည့်အတိုင်း ပြောလိုက်သည်။

“ဟာ...မပြောနဲ့တော့ လှရယ်၊ ဦး ဘယ်လိုလုပ် ပြောရမယ်တောင် မသိတော့ဘူး၊ လှကိုလည်း အပြစ်တင်စရာ မရှိပါဘူး၊ ဒါပေမဲ့...”

ဦးမြကြီးသည် စကားကို မဆက်ဘဲ ရပ်လိုက်သည်။ ထို့နောက် မျက်နှာတစ်မျိုးပြောင်းသွားလျက် “ဒီက နေပူပါတယ်ကွယ်၊ အိမ်ထဲမှာ အေးအေးဆေးဆေး ပြောကြ ကြံကြရအောင် လာကြကွယ်...”ခေါ်ကာ မတ်တတ်ထရပ်လိုက်သည်။ သက်သက်မှာ လှကိုတွဲလျက် မထနိုင် ထနိုင် ထလိုက်ကာ ဦးမြကြီး နောက်သို့ တရွတ်တိုက် လိုက်ပါသွားရသည်။

ဓနိတဲကလေးရှေ့သို့ ရောက်ကြသည့်အခါ ကလေးကလေးကို ခါးတွင် ခွင်လျက် ထဘီရင်ရှားထားသော ဦးမြကြီး၏ ဇနီး ဒေါ်ဖော့က ဖျာပျာသလဲပင် ဖျာစုတ်ကလေး တစ်ချပ်ကို ခင်းပေးရန် ဆွဲယူလာသည်။

“လှတို့ပါလား၊ ကား နေရာကျခဲ့ရဲ့လား”

 ဒေါ်ဖော့မှာ ဟောဟောဒိုင်းဒိုင်းကြီး ပြောတတ်တတ်သူ ဖြစ်သည်။ သူ၏နက်ပြောင်သော မျက်လုံးကြီးသည် ပြူးကျယ်နေသည်။ ကြမ်းတမ်းသော ကိုယ်ကာယမှာ ဆင်းရဲခြင်းဒဏ်ကို ပယ်ပယ်နယ်နယ်ကြီး ခံထားရပုံ ရှိသည်။

လှသည် စကားမပြော၊ သက်သက်ကလည်း စကားမပြော လမ်းဘက် သို့ မျက်နှာမူထိုင်လိုက်ကြကာ ငြိမ်နေကြသည်။ ဦးမြကြီးက ဒေါ်ဖော့အား ဖြစ်ပုံ အကျိုးအကြောင်းစုံ အတိုချုံးကာ ပြောပြလိုက်သည်။

“အမယ်လေးတော်...ဖြစ်မှ ဖြစ်ရလေ၊ သူတို့လည်း ဒုက္ခပဲ၊ ကျုပ်တို့ မှာလည်း ဒုက္ခပါပဲ လှရယ်၊ သေများ သေချင်ပါတယ်၊ သေသေချာချာ ရှာရဲ့ လားကွယ်...”အဒေါ်တို့ကို ယုံကြည်တော့မှာလည်း မဟုတ်ဘူး၊ အဒေါ်တို့မလည်း သူတို့က လွဲပြီး ဘယ်သူမှ အားကိုးစရာရှိတာမဟုတ်...”

ဒေါ်ဖော့မှာ ပြောရင်းဆိုရင်း မျက်ရည်တွေ ကျလာသည်။ လှမှာ ငါ့နေရာမှ ပို၍ ငုံသွားလေသည်။

သက်သက်မှာ အကြံရကျပ်အိုက်လျက် စိတ်ညစ်ညူးလှသည်။ ငွေ ၂၅ဝဝိ/- လောလောဆယ် ရှာကြံရေးမှာ လမ်းစကို မမြင်ဘဲ ရှိ၏။ ချေးငှား ပေးစရာလည်း မမြင်။ ဆင်းရဲတာနှင့် တစ်ချက်တည်း အဖက်မလုပ်ချင်၊ အယုံအကြည်မရှိချင်ကြသော ဤလောက၌ မည်သူက ငွေနှစ်ထောင့်ငါးရာကို အသားလွတ်ချေးမည်နည်း။ ။

ပေါင်စရာ၊ ရောင်းစရာပစ္စည်းဆို၍ “လူ”ပဲပေါင်စရာ၊ ရောင်းစရာ ကျန်ရှိတော့သည်။ ခုနေများ လူကို အပေါင်ခံသည့်နေရာ၊ လူကို ဝယ်သည့် နေရာမျိုးရှိလျှင် ငွေ ၂၅ဝဝိ/-သာလျှင်ရပါစေ ထိုနေရာသို့ ဘာမျှ မစဉ်းစားဘဲ တစ်ဟုန်တည်း ပြေးသွားချင်သောစိတ်ပင် ပေါက်သည်။

““ဦးကြီး၊ ရန်ကုန်ကို ဘယ်တော့ သွားမလဲ”

ဦးမြကြီးမှာ မျက်နှာပျက်လျက် အဖြေမပေးဘဲ ဆိတ်ဆိတ်လုပ်နေ သည်။ ။

“ဖိန်းနွှဲခါလောက်မှ သွားပါ ဦးရယ်၊ ဒီနေ့တစ်ရက်၊ မနက်ဖြန် တစ်ရက်၊ သန်ဘက်ခါတစ်ရက် ဒီရက်မှာ သက်သက်တို့လည်း ကြံပါရစေဦး၊ သက်သက်တို့ အခက်အခဲထက် ဦးကြီးတို့ရဲ့ အခက်အခဲကို ပိုပြီး စိတ်မကောင်း ဖြစ်မိတယ်၊ သက်သက်တို့ တတ်နိုင်သမျှ ကြံပါဦးမယ်”

“ကြံပါ သက်သက်ရယ်၊ သက်သက်တို့မှာ မရှိပေမဲ့လည်း မျက်နှာ ကြီးတွေနဲ့ သိပါတယ်၊ အဒေါ်တို့ ဆိုတာကတော့ ဒီငွေမျိုး ဒီဘဝမှာ ဘယ်မှာ မှ ဆွဲလို့ လွဲလို့ ရမှာမှ မဟုတ်တာချည်း၊ ခုလို ဖြစ်ရတာလေ အဒေါ်နည်းနည်းမှ စိတ်မကောင်းဘူး၊ သက်သက်တို့ ဒုက္ခလည်း မကြည့်ရက်ပါဘူး၊ ဘုရားစူးပါစေရဲ့၊ အဒေါ်တို့မှာများ လျော်စရာရှိရင်လေ သက်သက်တို့၊ လှတို့ကို သက်ညှာပြီး လျော်လိုက်မှာပါအေ”

မျက်စိမလှ မျက်နှာမလှနှင့် တောင်းပန်တိုးလျှိုးလျက် တစာစာ ပြောနေသော ဒေါ်ဖော့အား စူးစိုက်ကြည့်လျက် လှမှာ အနေရ အထိုင်ရ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)