ဂျာနယ်ကျော်မမလေး - သုခုမအနုပညာရှင်
[ ၁ ]
ဓာတ်မီးချောင်းရောင်များအောက်၌ရပ်ကာ ကျွန်မစီးရမည့်ရထား ကို ပလက်ဖောင်းတစ်ဘက်က မျှော်ကြည့်လိုက်သည်။
ပြည်မြို့သို့ထွက်မည့်ရထားမှာ ခရီးသည်များကို အပြည့်တင်လျက် ထွက်ရမည့်အချိန်ကို ငံလင့်လျက်ရှိနေသည်။
ကျွန်မသည် ပလက်ဖောင်းကို ကျော်ဖြတ်လျက် လှေကားမှ ဆင်း ခဲ့ကာ ပထမတန်းတွဲများ ချိတ်ထားသော နောက်တွဲများရှိရာသို့ ခပ်သုတ် သုတ်လျှောက်လာခဲ့သည်။ ပထမတန်းတွဲများ၌ ချိတ်ထားသော နာမည် စာကတ်များကို လျှောက်ဖတ်ကာ ကျွန်မနာမည် ကပ်ထားမည့်တွဲကို ရှာရလေသည်။
ကျွန်မမှာ ခရီးသွားရင်း လမ်းတွင် စာရေးဖို့ရာ အလုပ်ပါလာခဲ့ သည်။ ကျွန်မစီးမည့်တွဲ၌ ခရီးသည်များမပါရင် ကောင်းမှာပဲဟု အောက် မေ့ခဲ့သည်။ တစ်နေ့လုံးစီးရမည့်အတွက် တစ်နေ့လုံး ဝတ္ထု ထိုင်ရေးနိုင် ရန် အားခဲလာခဲ့သည်။
တွဲတစ်တွဲ၌ ချိတ်ထားသောနာမည်စာကတ်တို့ကို မကြည့်သေးခင် တွဲထဲသို့လှမ်းမျှော်ကြည့်လိုက်သည်။ ခရီးသည်များ ထိုင်နေကြ၏။
ကျွန်မစီးရမည့်တွဲလားဟု စိတ်အားလျော့လျော့နှင့်ပင် နာမည်ကတ်ကို ဆွဲယူကြည့်လိုက်သည်။ “ကြည်ကြည်ဌေး” “မမလေး”
ကျွန်မနာမည်အထက်မှ ကြည်ကြည်ဌေးဆိုသောနာမည်ကို မြင် မြင်ချင်း ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေးပဲဟု တွက်ကာ တစ်နေ့လုံး ကျွန်မနှင့်အတူသွားမည့်ခရီးသည်သည် အနုပညာသည်တစ်ဦးဖြစ်သဖြင့် စိတ်ဝင်စားရမည့် ခရီးဟု တွေးထင်လိုက်သည်။
အသက်ခြောက်ဆယ်ကျော်အမယ်အိုနှင့် ဆေးပြင်းလိပ်ခဲထားသော လူဝဝမည်းမည်းတစ်ဦးမှာ ကျွန်မအား စိုက်ကြည့်လျက် အကဲခတ် နေဟန်တူသည်။ ခပ်ရွယ်ရွယ်မိန်းမနှင့် ကြည်ကြည်ဌေးမှာ အိပ်ပျက် လာကြပုံ၊ အိပ်စင်ဖြန့်ခင်းလျက် ရထားမထွက်ခင် လှဲခွေမှိန်းနေ ကြ၏။
ကြည်ကြည်ဌေးအား လှမ်းကြည့်လိုက်ကာ တစ်ဖက်မှကုလားထိုင် များကို အိပ်စင်အဖြစ် ဖြန့်ခင်းနေရာယူလိုက်သည်။
ကောင်းကင်၌ ဖြူရောင်သန်းစပြုချိန် ရထားလည်း ဘူတာရုံမှ ထွက်ခွာလာသည်။ အေးမြသောလေကောင်းလေသန့်နှင့် ဆုံတွေ့ကာ ကြည်လင်သာယာသော နံနက်ခင်းကို ခုံမင်နှစ်ခြိုက်စွာ ကြည်နူးလျက် ငေးမောနေလေစဉ် တစ်ဖက်မှ လှုပ်ရှားသွားသောသဏ္ဌာန်ကြောင့် အသာလှည့်ကြည့်လိုက်သည်။
“ဗိုက်ထဲက အောင့်လိုက်တာ”ဟု နှုတ်က ဆိုညည်းရင်း အပေါ်ထပ် အိပ်စင်ပေါ်၌ အိပ်ရန် လှေကားကလေးကို ခိုတွယ်တက်နေသော ကြည်ကြည်ဌေးနှင့် မျက်လုံးချင်း ဆုံမိကြလေသည်။
ပြည့်ဝိုင်းကြည်လင်သည့် မျက်နှာလေးမှ တောက်ပလှသောမျက်လုံးအစုံတွင် ပြုံးစနဲ့ ပြုံးကြည်ဖြင့် ချိုမြမြမျက်နှာလေးကို တုံ့ပြန် ချိုသာ ကြည့်လျက် ရုပ်ရှင်၊ ပြဇာတ်များထဲတွင် အကြိမ်ကြိမ်တွေ့ ဖူးခဲ့သော မူရာဟန်ပန်များကို ကွက်ခနဲ မြင်ယောင်လိုက်လေသည်။
သူ့ဇာတ်ကွက်ကို နိုင်နင်းစွာ သဘာဝကျကျ သယ်ယူတတ်နိုင် သော သူ၏ပညာစွမ်းရည်ကို ပြဇာတ်မှစတင်၍ စူးစိုက်ခဲ့၏။
သူ့အား ပွင့်သစ်စ ပညာသည်ကလေးဟု ထင်မှတ်ယူဆကြည့်လို့ မရဘဲ ဝါရင့်ပြီးသားပညာသည်တစ်ဦးဟု စိတ်ထဲတွင် စွဲလမ်းယူဆထား သည်။ သူပါဝင်ကပြသော “လင်းလုလုရောင်နီ” ပြဇာတ်ကို တစ်နေ့နေ့ သူ့ အားဖလင်ပေါ်၌ ထင်ပေါ်ကျော်ကြားစွာ မြင်ရဦးတော့မည်ဟု တထစ်ချတွက်ထားခဲ့သည်။
ကျွန်မမှာ ရုပ်ရှင်ပြဇာတ်များကို သွားရောက်ကြည့်သည့်အခါတိုင်း ဇာတ်လမ်းဇာတ်ကွက်ထက် ပညာသည်များ၏ ပင်ကိုအရည်အသွေး ကို ပိုမို၍ အာရုံထား စူးစိုက်အကဲခတ်ကြည့်သော အကျင့်ပါနေသဖြင့် ရုပ်ရှင် ပြဇာတ်ကြည့်လျှင်ဇာတ်ကောင်တွေ၏ အမူအရာဟန်ပန် သဏ္ဌာန်ကို သက်သက်သွားကြည့်နေသည်နှင့် တူနေ၏။
အချို့ အချို့သော ရုပ်ရှင်ပြဇာတ်မင်းသား၊ မင်းသမီးများ၏ အမူ အရာ သရုပ်သဏ္ဌာန်မှာ ဇာတ်ကွက်၊ ဇာတ်ခန်းနှင့် မသိမသာ လွတ် ချော်သွားတတ်သည့်အချက်အလက်တွေကို ဂရုပြုလွန်း၍ ဖမ်းမိတွေ့ ဆုံရပုံနည်းမျိုး ကြည်ကြည်ဌေး၏ လွတ်ကွက်၊ လစ်ကွက်ကို တွေ့မြင် ရခဲသောကြောင့် သည်လောက်ကိုယ်ရောစိတ်ပါ စွမ်းဆောင်သွားနိုင် သည့်အရည်အချင်း၊ တစ်သားတည်းကျ ညီနိုင်သောအသား သေပုံမျိုး မှာ သူ့တွင် အနုပညာအခြေခံ ရင့်သန်ပြီးသားဖြစ်၍သာဟု ဝေဖန်ချက် ချထားဖူးသည်။
ကျွန်မ၏ ဝေဖန်ဖူးချက်ကို သတိရရခြင်း သူ၏ ပညာအခြေခံအစကို သိလိုသည့်ဆန္ဒမှာ နေရင်းထိုင်ရင်း ပြင်းပြလာလေသည်။
တစ်ဖက်တွင် အိပ်မောကျလျက်ရှိသော အမယ်အို၏ရုပ်ပုံကိုစိုက် ကြည့်ကာ သူ့အမေနှင့်တူသည်ဟုထင်သည်။ အမယ်အို၏မျက်နှာမှာ ဖြစ်မိလျှင်ရှေ့သာတိုးပြီး နောက်ပြန်လှည့် မကြည့်မည့် ပိုင်းဖြတ်နိုင် သည့်မျက်နှာမျိုး၊ ထက်မြက်သောအသွင် ဆောင်သည်။ အသားအရေ နူးညံ့ညက်ညော၏။ နီရဲသောလက်ဖဝါးတွင် စိပ်ပုတီးကို ဆုပ်လျက် အိပ်ပျော်နေသည်။
ပက်လက်ဆန့်လျက် အိပ်ပျော်နေသောလူဝဝကား ဒေါင်းတင် မောင်းတင် စိတ်ဓာတ်မျိုး ကိန်းဝပ်လျက်၊ ကြမ်းတမ်းခက်ထန်မယောင် ယောင်ဖြင့် နူးညံ့နေသည့် ကြန်အင်လက္ခဏာများလည်းရှိ၏။ ကြည် ကြည်ဌေးရဲ့ ခင်ပွန်းသည်ပဲဟုတွေးဆကာ ဆေးပြင်းလိပ်ကြီးပါးစပ် တပ်လျက် ပက်လက်ဆန့်ကာ ရင်ပေါ်လက်ပိုက်အိပ်ပျော်နေပုံမှာ ကြည် ကြည်ဌေး၏ခင်ပွန်းရုပ်မပေါက်ဘဲ သမီးကိုရင်အုပ်မကွာ အုပ်ထိန်းသော အဖေရုပ်ပေါက်နေ၏။
အထက်မှ အိပ်စင်ပေါ်တွင် တစ်ဖက်စောင်းအိပ်ပျော်နေသူကို စိုက်လျက် သူ၏တင့်ဆန်းပြည့်လျှမ်းသော တေးသံနှင့် မူရာသဏ္ဌာန် များသည် ဝဲကာပျံကာ၊ ကွေ့ပတ်ကာ မြူးကွန့်သီကျူးလှုပ်ရှားလျက် မြင်ကြားနေမိလေသည်။
အမယ်အိုသည် နိုးလာကာ ထ၍ထိုင်၏။ ရထားပြင်ဘက်လယ် ကွင်းများကို ငေးမောလျက် လွန်ခဲ့သောအတိတ်ကို သုခုမစောင်းကြိုး၌ တို့ခတ်ဖော်တီးလိုက်လေသည်။
“ဟိုစဉ်က ... အမေတို့ နေခဲ့တဲ့ နေရာတွေပေါ့။ ပြည်ဒိစတြိတ်၊ လက်ပန်တန်းနယ်၊ မိုးအိုင်ရွာမှာ အမေတို့ လယ်လုပ်ခဲ့တာ၊ ဒီတော့ ကြည်ကြည်ဌေးက ငယ်ငယ်ကလေးရှိသေးတာ။ သမီးကြီးတွေကတော့သူ့အရီးဇာတ်ထဲပါကြပြီ။ ဇာတ်မင်းသမီးကြီး ဒေါ်စိန်ယုံဆိုတာ အမေ့ ယောင်းမ၊ အဆိုကောင်း၊ အကကောင်း ...”
ကျွန်မသည် အမယ်အို၏ သုခုမစောင်းသံမှ လွင့်ပျံလာသော ကြား ရသမျှ၊ ခံစားရသမျှ၊ အာရုံများကို အသေးစိတ် အနုအပျော့ကလေးပင် ပါလေအောင် ခြယ်မှုန်းလျက်နေခိုက် ကြည်ကြည်ဌေးသည် လှေကား မှဆင်းသက်လာကာ မျက်နှာဝင်သစ်ခဲ့ပြီးနောက် ကျွန်မလိုအင်ဆန္ဒအ တိုင်း သူ့ဘဝကို သူ့နေရာကဏ္ဍက ဝင်ပါလာသဖြင့် ကျွန်မ၏မှန်ကူ ကွက်ထဲ၌ ထွင်းထင်လာသော သူ၏မျက်နှာအမူအရာအသံ၊ ကိုယ်လက် ဟန်ပန် အကုန်ဝင်အောင် တတ်စွမ်းနိုင်သလောက် ခံယူထားလေသည်။
“ငါးနှစ်သမီးက စတာပဲဆိုပါတော့ အစ်မကြီးရယ် ...”
ရထားသည် အရှိန်ပြင်းစွာ ခုတ်မောင်းနေ၏။ အပတ်ပေါင်းမရေ မတွက်နိုင်အောင် ရထားဘီးလည်နေသကဲ့သို့ ကျွန်မ၏ဦးနှောက်မှာ မရပ်မနားလည်နေလေ၏။ ကျွန်မအနီးတွင် စုဝေးလျက်ရှိနေသော မိသားစုသည် ကျွန်မ၏မျက်လုံး၌ တစ်နေရာစီ၊ တသီးတခြားစီ ဖြစ်ချင် ဖြစ်လျက် ပျောက်မှုန်၍ မမြင်လိုက်၊ မြင်လိုက်လည်း ဖြစ်ချင်ဖြစ်လျက်၊ ကျွန်မ၏အနီးအနား၌ မရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုများသည် မျက်စိရှေ့တွင် ပုံသဏ္ဌာန်အသွင်အပြင်အမျိုးမျိုး ပေါ်ချင်ပေါ်လျက် ထိုပုံသဏ္ဌာန်အမျိုးမျိုးတို့မှ ထွက်ပေါ်လာသောအသံဗလံများသည် တစ်ဖက်က မြည်ဟည်းနေလေသည်။
ရထားဘီးသံပေါ်ရာနောက်သို့ ရထားသည် ဥဩသံတွေနှင့် ထက် ကြပ်အတူ လိုက်ဘိသကဲ့သို့ပင် ကျွန်မ၏ အာရုံကို ကျွန်မ၏ မျက်စိ ကို၊ ကျွန်မ၏နားကို ခြယ်လှယ်စိုးမိုးနေသော အသံရှင်၏ ခေါ်ဆောင် ရာနောက်သို့ ထက်ကြပ်အတူလိုက်နေသော ကျွန်မမှာ မျက်လုံးထဲတွင် မြင်လာပုံအတိုင်း၊ နားထဲ၌ ကြားရပုံအတိုင်း၊ အာရုံထဲ ထင်ဟပ်လာ