Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ရဲဘော်ဖခင်မှတ်တမ်း

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

( ၁ )

          ဤအချိန်သည် ဂျပန်၏ အကူအညီဖြင့် မြန်မာပြည်ကြီး၏ လွတ်လပ်ရေး ရတော့မယောင်ယောင် အရိပ်အယောင်များ သန်းနေချိန် ဖြစ်ပါသည်။

          တစ်သက်တွင် တစ်ခါမျှ ဝမ်းမမြောက်ဖူးသော ဝမ်းမြောက်ခြင်းမျိုး ဖြင့် ကျွန်တော့်တွင် ဝမ်းမြောက်နေပါသည်။ ကျွန်တော်၏ တစ်သက်တွင် လွတ်လပ်ရေးဆိုသည်မှာ ရွှေဖြစ်ငွေဖြစ် အဂ္ဂိရတ်ထိုးသော ဆရာကြီး များကဲ့သို့ နောက်ဆုံး၌ ပြာပုံသာဖြစ်မည်ဟု စိတ်တွင် အောက်မေ့ မှတ်ထင်ခဲ့သည်။

          ယခုမူ ကျွန်တော်၏ နားတွင် ကြား၍နေသော လွတ်လပ်ရေး အသံ ဗလံများကြောင့် ယခုလောက် ဝမ်းမြောက်ခြင်းဖြစ်ပါသည်။

          ကျွန်တော်၏ အခြေအနေမှာ စစ်ဒဏ်ကြောင့် ဥစ္စာပစ္စည်းများ ပျက်စီးဆဲရှိပါသည်။ မျက်စိလည်း တစ်နေ့ထက်တစ်နေ့ မှုန်၍နေသည်။ လူလည်း ဝမ်းကိုက်ရောဂါ၊ စိတ္တဇရောဂါနှစ်မျိုး နှိပ်စက်လျက်ရှိပါ သည်။ ကျွန်တော့်အခြေအနေမှာ အဖက်ဖက်မှ လုံးလုံးမျှော်လင့်စရာမရှိ လောက်အောင် ဖြစ်နေပါသည်။ သို့သော် ကျွန်တော့်မှာ အားကိုး အားထား သားတစ်ယောက်ရှိပါသည်။

          သူ့အသက်မှာ ၁၆ နှစ်ထဲသို့ ရောက်ပြီ။ ကျွန်တော်သူ့ကို အထူး အားကိုးမိသည်။ ကျွန်တော့်အခြေအနေ ရှေ့ကို မည်မျှ ဆိုးရွားသွား စေကာမူ သူသည် ကျွန်တော့်ကို တစ်နည်းနည်းဖြင့် အကူအညီပေးနိုင် မည့် သားတစ်ယောက် ရှိသေးခြင်းကြောင့် ရှေ့ရေးကိုမတွေးဘဲ အဖက် ဖက်မှ နွမ်းပါးသည့်တိုင် စိတ်ချမ်းသာလျက်ရှိပါသည်။ မကြာမီ သူသည် ကျွန်တော့်ကို အသိမပေးဘဲ တိတ်တဆိတ် တပ်မတော်ထဲသို့ ဝင်သွား ပါသည်။

          ကျွန်တော် အထူး တုန်လှုပ်၍သွားပါသည်။ ။ ရှေ့ကိုဘာဖြစ်မည်ဟု ကျွန်တော့်ဘဝအခြေအနေအကြောင်း ကျွန် တော်သိသဖြင့် တုန်လှုပ်ခြင်းဖြစ်ပါသည်။ သူသည် ကလေးအရွယ်မျှ သာ ရှိသေးသည်။ စိတ်ကလည်း ထက်တုန်းအရွယ် စစ်ထဲဝင်ရန် အလွန် စိတ်ထက်သန်လျက်နေသဖြင့် ကျွန်တော် တားပါသေးသည်။ တား၍ မရပေ။ ကျွန်တော့်ကို အသိမပေးဘဲ စစ်ထဲဝင်သွားသည်။

          ကျွန်တော်သူ့ကိုကျပ်ကျပ်တည်းတည်းတော့ မတားမြစ်မိပါ။ တား တယ်ဆိုရုံသာ တားပါသည်။ ဇွတ်အတင်းအကျပ် မတားခြင်းမှာ ကျွန် တော့်တွင် ရည်ရွယ်ချက်နှစ်ရပ်ရှိပါသည်။ သူ၏ ရှေ့ကြီးပွားရေးနှင့် ကျွန်တော်ကိုယ်တိုင်ကလည်း မျိုးချစ်စိတ် ထက်သန်သူဖြစ်၍ မြန်မာ ပြည်ကြီး အဓွန့်ရှည်ကြာစွာ တည်တံ့သော လွတ်လပ်ရေးမျှော်မှန်းချက် ဖြစ်ပါသည်။

          သူ စစ်ထဲဝင်သွားကြောင်းကို ကျွန်တော်၏ ဆွေမျိုးဉာတိများနှင့် မိတ်သင်္ဂဟများ သိလာကြသည်။ အချို့မှာ ဆင်းရဲနွမ်းပါးသော ကျွန်တော်၏ဘဝကိုသိ၍ အပြစ်ပြောကြသည်။ အချို့လည်း အပြစ် မပြောကြ။ အချို့မှာ ကျွန်တော့်သားကိုအားကျ၍ သူတို့သားများကို အဆက်အသွယ်ရှိရာ စစ်ထဲသို့ သွင်းလိုက်ကြသည်။ အချို့ကမူ လူငယ်များ၏ တက်ကြွသောစိတ်ကို မရှုဆိတ် မနာလို၍လည်းကောင်း၊ မျိုး ချစ်စိတ် မရှိ၍လည်းကောင်း အမျိုးမျိုး ချိုးနှိမ်ရှုတ်ချ ကဲ့ရဲ့ပြစ်တင်စကား ပြောလာကြပါသည်။

          ဤလူစုနှင့် ကျွန်တော်နှင့် သဘောချင်း မတိုက်ဆိုင်၍ အတိုက်အခံ ပြောရတော့သည်။

          သူ စစ်ထဲဝင်ပြီး ကျွန်တော့်အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါသည်။ စစ်ဒဏ်ကိုလည်း တစ်နေ့တခြား ကုန်းခံနေရပါ သည်။ ရောဂါကလည်း နေ့ဆက် ရက်ဆက် နှိပ်စက်လျက်ရှိပါသည်။ မျက်စိလည်း အားနည်းသထက် နည်းနေပါသည်။ ဆေးဖိုးဆေးခနှင့် စားသောက်ရသည့် တန်ဖိုးကလည်း အဆပေါင်းများစွာ တတိုးတည်း တိုးနေသည်။ ကျွန်တော့်မှာ သူများနည်းတူ မရှာနိုင် မဖွေနိုင်သည့် အထဲတွင် မတန်တဆ သုံးစွဲနေရသဖြင့် ဘာပစ္စည်းတစ်ခုမျှ ကျွန်တော့် ထံ၌ အားကိုးရန် အဖိုးထိုက်အဖိုးတန် မကျန်တော့ပါ။

          ကျွန်တော်၏တ်တွင် သူခိုး သုံးကြိမ်ခိုးခံရပါသည်။ အလစ်ဝင်၍ လည်း ၅ ကြိမ် အဆွဲခံရပါသည်။ ကျွန်တော့်၌ ကျန်သမျှပစ္စည်း စောင်၊ ခြင်ထောင်၊ အဝတ်အစားနှင့်တကွ အဖိုးတန်တာကလေးတွေ မှန်သမျှ ကုန်ဆုံး၍သွားပါပြီ။

          ဒုက္ခတွေ ဝိုင်းဝိုင်းလည်နေသည့်တိုင် ကျွန်တော် စိတ်မပျက်ပါ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု စိတ်တင်း၍ထားပါသည်။ ကျွန်တော်၏သားသည် တနင်္ဂနွေနေ့တိုင်း ကျောင်းအား၍ အိမ်သို့ပြန် လာပါသည်။ အားပါးတရ ရွှင်လန်းဝမ်းမြောက်စွာ ပြောပြသော သူ၏ စစ်ပညာနှင့် သူ၏ နေရေးထိုင်ရေးများကို ကြားရတိုင်း ကျွန်တော် ပီတိ ဖြစ်မိသည်။

          ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ နံနက်စောစောအချိန်ကစ၍ သူ့ကို တစ်မနက်လုံး ကျွန်တော်မျှော်လျက်နေပါသည်။ ၁၁ နာရီ လောက်တွင် သူရောက်လာသည်။

          သူ၏ နှမကလေးများက သူလာလျှင် စားရန် ဖွယ်ဖွယ်ရာရာမရှိ သော်လည်း ရှိသမျှကလေးကို စားကောင်းအောင် ချက်ပြုတ်၍ ထားကြ သည်။ နှမများ ချက်ပြုတ်ထားသမျှကို အားရပါးရ သူထိုင်စားနေသည်။ သူ အားရပါးရ စားနေပုံကိုကြည့်၍ ကျွန်တော် ဝမ်းနည်းမိပါသည်။ သူ့နှမများ သူ့အတွက် အကောင်းဆုံး စီမံထားသော ဟင်းအမည်မှာ ပဲပြုတ်၊ ငါးပိထောင်းမျှသာဖြစ်ပါသည်။

          “သူတော့ နေ့စဉ်နေ့တိုင်း စစ်ကျောင်းမှာ ဝက်တစ်မျိုး၊ ကြက် တစ်မျိုး ငါးတွေ အမျိုးမျိုး ဟင်းမည်ပေါင်းစုံနဲ့ အဆီအဆိမ့်တွေ စားနေရ တယ်။ ခုလို ငါးပိထောင်းနဲ့ ပဲပြုတ်ကို အိမ်ကလူတွေဝမ်းသာအောင် မစားချင်ဘဲနဲ့ သူ ဟန်လုပ်စားနေတယ်”

          ကျွန်တော်သည် ဤအတွေးဖြင့် သူ့ကို ကောင်းကောင်းကလေးမှ မကျွေးနိုင်ပါကလားဟု တွေးတော ဝမ်းနည်းမိခြင်းဖြစ်ပါသည်။

          “သားရေ... အကြောင်းကိစ္စအထူးရှိရင် မင်းဆီကို စာပေးလို့ရသလား”

          စားသောက်ပြီးသောအခါ ခါတိုင်းကဲ့သို့ ဝိုင်းဖွဲ့၍ စကားပြောကြ ပါသည်။ ။

          “ရပါတယ် အဖေရဲ့ ... မောင်ခင်မောင် နံပါတ် ၁၂၊ မူလတန်းစစ် ပညာသင်ကျောင်း၊ ပဉ္စမအပတ် မြန်မာ့တပ်မတော်လို့ရေးလိုက်ရင် ရောက်ပါတယ်” ။

          “ဂျပန်တွေ မင်းတို့ကို သိပ်ပါးရိုက်တယ် ပြောကြတယ် ဟုတ်သလား”

          “ရိုက်တာပေါ့ အဖေရဲ့”

          သူက ခပ်ပြုံးပြုံး ပြန်၍ပြောပါသည်။

          “ဒီအတိုင်းဆိုရင် မင်းတို့ကို စော်ကားတာပေါ့”

          ကျွန်တော့်မျက်နှာ မှုန်သွားခြင်းကိုသူက ကြည့်၍ အပြုံးမပျက် ပြန်ပြောပါသည်။

          “စော်ကားတယ် ဘယ်ဟုတ်မလဲ အဖေရဲ့ ... သူတို့က ဆရာ၊ ကျွန်တော်တို့က တပည့်၊ ဆရာက တပည့်ကို ဘယ်မှာစော်ကားပါ့ မလဲ။ စစ်ပညာ တတ်စေချင်တဲ့စိတ်နဲ့ ကြိုးကြိုးစားစား သင်ပေးတာပဲ။ ကျွန်တော်တို့က မလိုက်နိုင်လို့ ဖျင်းလို့အရိုက်ခံရတာပဲ”

          ကျွန်တော်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။

          “ဆုံးမတာတော့ ဆုံးမတာပေါ့ကွယ် ... ပါးစပ်နဲ့လည်း ဆုံးမလို့ ရတာပဲ။ ကြိမ်လုံးနဲ့လည်း ရတာပဲ။ ခုလို ပါးရိုက်တာက စော်ကားတာ နဲ့ တူမနေဘူးလား”

          ပါးရိုက်တာ ကျွန်တော် မကြိုက်မှန်း သူသိ၍ ခပ်တွေတွေကလေး ပြန်၍ပြောသည်။

          “ဒါကတော့ အဖေရယ်... သူတို့ ဘယ်လိုပဲလုပ်လုပ် ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပညာရဖို့ပဲ၊ ခုနေအခါမှာ ပါးရိုက်ခံရုံမကလို့ ဖနောင့်နဲ့ပဲ ပေါက်ပေါက်၊ ဒူးနဲ့ပဲ တိုက်တိုက် ခံရမှာပဲ။ စစ်ပညာတတ် တာသာ ပဓာနပါ အဖေရယ်”

          “အစားအသောက် ကောင်းကောင်းကျွေးပြီးခုလို စစ်ပညာသင်ပေး တာတော့ ကျေးဇူးတင်တာပေါ့ကွယ် ... ဒါပေမဲ့ ပါးနားရိုက်တယ်ဆို တော့ အဖေ စိတ်ဘယ်ကောင်းမလဲ”

           “အစားအသောက်လား”

          သူသည် ငါ့ ၍ပြောလို၍လား၊ သို့မဟုတ် ဝမ်းမြောက်သွား၍လား ကျွန်တော် မခွဲခြားနိုင်လောက်အောင် နဂိုမျက်နှာပုံပန်းမျိုးမှ မချိုမချဉ် မျက်နှာမျိုးပြင်၍ ပြောလေသည်။