Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - တောကြီးထဲမှာကဆောရီးပဲ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
Type

( ၁ )

           မြီးတိုဆိုတဲ့ ကြောင်မကြီး စုံနံ့သာမြိုင်တောထဲကို မျက်စိလည်လမ်း မှားကာ ရောက်ရှိလို့လာရာက စ,လို့ ယခု ဆက်လက်ဖော်ပြ လတ္တံ့အံ့သော အကြောင်းချင်းတစ်တွေက ဆက်တိုက်ကြီးဆိုသလို ဖြစ်ပေါ်လို့လာရလေ တာပါ။ ဟုတ်တယ်။ ကြောင်မကြီး မြီးတို။ ဘယ်ကနေ ဘယ်လို မျက်စိ လည် လမ်းမှားလာခဲ့လေသလဲဆိုတာကိုဖြင့် ဘယ်သူက အတိအကျ သိရှိ နိုင်ပါလိမ့်မလဲ။ သူလည်း တိရစ္ဆာန်ပဲဥစ္စာ။ ခြေဦးတည့်ရာ ဟိုခုန်၊ သည် လွှားရင်း ညအခါလို မှောင်မှောင်မည်းမည်းကြီးထဲမှာ လူ့ရွာကို လွန်မြောက် လို့ တောထဲကို ရောက်လာတာမျိုး ဖြစ်ချင်ဖြစ်မှာပေါ့ ။

          သူမြီးတိုဖြစ်ကြောင်းကို ပထမတော့ အဘယ်တိရစ္ဆာန်ကမှ မသိကြပါ ဘူး။ သူကိုယ်တိုင်က ဖွင့်ပြောမှ သိကုန်ကြတာပါ။ နေဦး။ သူနဲ့စတွေ့တဲ့ တိရစ္ဆာန်တွေက တောကြောင်တွေခင်ဗျ။ ကြောင် ကြောင်ချင်းဆိုတော့ လည်း ရင်းနှီးကုန်ကြလေတာပေါ့။ အဲသမှာ သူက စပြောတာပါ။

          “ကဲ ... အဆွေတို့ နာမည်ကလေးတွေ ပြောပြပါဦး၊ ကိုယ်ကတော့ မြီးတို”... တဲ့။ ။

           သူ့မိတ်ဆက်စကား ဆုံးဆုံးချင်းမှာကိုပဲ တောကြောင် လေးငါးဆယ် ကောင်က တစ်ပြိုင်နက်တည်းဆိုသလို “မြီးတို”လို့ ရေရွတ်လိုက်တဲ့ အသံ ဟာ ကျွက်ကျွက်ကိုညံသွားခဲ့ပါလေရဲ့ ။ ကြောင်မကြီး မြို့တိုက နာမည်နဲ့ လိုက်ဖက်စွာ နည်းနည်းကလေးတိုနေတဲ့ သူ့အမြီးကို ဟိုယမ်း သည်ယမ်း ပေါ့ ။    

          “ပြောလေ အဆွေတို့ နာမည်တွေ”

          မြီးတိုက အဲသလိုလည်း ဆက်မေးလိုက်ရော တောကြောင်တွေ ငြိမ်ကျ သွားလိုက်တာ။ တော်တော့်ကို ကြာသွားတာပါ။ ပြီးမှ တစ်ကောင်က . .။

          “တို့ ... တောကြောင်တွေမှာ နာမည်မရှိဘူး”တဲ့။

          ဟုတ်ပါတယ်။ တောကြောင်တွေမှာ နာမည်မရှိပါဘူး။ တောကြောင် တွေသာမက စုံနံ့သာမြိုင်မှာ မှီတင်းနေထိုင်ကြတဲ့ ခြင်္သေ့၊ ဆင်၊ ကျား၊ ခွေး၊ နွား၊ ဒရယ်၊ ယုန်ငယ်၊ ချေ၊ ဆတ်၊ အဘယ်တိရစ္ဆာန်က နာမည်ပေး တတ်ကြမှာတဲ့လဲ။ ကျေးငှက်သာရကာ ငှက်ပေါင်းများစွာမှာ နာမည်မရှိ။ ရေမှာပျော်ပါး အရွယ်ရွယ် အစားစားသော ငါးတို့မှာလည်း နာမည်မရှိ။

          “လူတွေမှာက နာမည်ရှိတယ်တဲ့ ...၊ လူတွေက သူတို့သာမကဘူး၊ သူတို့မွေးထားတဲ့ တိရစ္ဆာန်တွေကိုပါ နာမည်ပေးထားကြတာ”

          အမြီးကလေး နည်းနည်းတိုတာကြောင့် မြီးတိုလို့တွင်နေတဲ့ ကြောင် မကြီးက သူလာခဲ့တဲ့ လူ့ရွာအကြောင်းကို သို့ကလို အနို့လိုကစလို့ ဖြည်း ဖြည်းချင်း ရှင်းပြလိုက်တဲ့အခါ စုံနံ့သာမြိုင်တောကြီးထဲမှာ နာမည်ဆိုတဲ့ အကြောင်းအရာဟာ တောမီးပမာ ပျံ့နှံ့သွားပါတော့တယ်။

          ဂုတ်ကျားတဲ့။ ဝိုင်းလုံတဲ့။ ဘလက်ကီ (Blacky)တဲ့။ ဂျနီဖာ (Jennifer) တဲ့။ စုတ်ဖွားတဲ့။ ခွေးနာမည်တွေ။ ။ မိဖြူတဲ့။ ရွှေဝါတဲ့။ ကစ်ကစ်တဲ့။ ယွန်းမီတဲ့။ ကြောင်နာမည်တွေ။

          ကြာဖြူတဲ့။ အေဝမ်းကြည်တဲ့။ ရွှေမန်းမေတဲ့။ တိုးမောင်တဲ့။ ရွှေတိုး တဲ့။ ငွေတိုးတဲ့။ နွားနာမည်တွေ၊ ကျွဲနာမည်တွေ။

          ရွှေနီတဲ့။ ပျံလွှားတဲ့။ ဂျက်ကီ (Jackie) တဲ့။ တိမ်ယံတဲ့။ မြင်းနာမည် တွေ။ မိုမိုဆိုတာကတော့ ဆင်နာမည်ပဲပေါ့။

          လူတွေဟာ သူတို့နဲ့အတူနေတဲ့ တိရစ္ဆာန်တွေကို နာမည်ပေးကြပါ တယ်။ လူတွေကိုယ်တိုင်ကလည်း နာမည်တွေနဲ့ပါ။

          ဒါကို လူ့ရွာကနေ တိရစ္ဆာန်တွေနေတဲ့ တောထဲကိုရောက်လာတဲ့ ကြောင်မကြီး မြီးတိုက ခရေစေ့တွင်းကျ ရှင်းပြလိုက်တဲ့အခါကျတော့ အကောင်မှန်သမျှ နာမည်ပေးချင်ကြတယ် ဖြစ်ကုန်ကြပါလေရော။ ဒါနဲ့ အခုတလော လူတွေပေးနေကြတဲ့နာမည်တွေကတော့ ဒါမျိုးတွေပဲလို့ ဆိုကာ တိုက နာမည်လှလှဆန်းဆန်း တချို့ကို ရွတ်ပြရှာပါတယ်။

          ဃဩ၊ သုမ်ည၊ ဗဲဗဲ၊ ဠားရာ၊ အဏိတ်စ၊ ယိမ်းသိုက်၊ မွေညီလျာ၊ ေရာ၊ ရာဇူသုဝဏ်၊ လျှံရေဆက်ပိုက်၊ အိမ်ဇာမူး၊ နည်ဇာ၊ ရွေးရိပ်၊ တိမ်း မူးယံ၊ ပိုက်ပိုက်ကျွံ... စသည် စသည်။

          “နာမည်တွေကတော့ အပျံစားတွေပါလား မြီးတိုရ ... အနို့ဘဇာ အဓိပ္ပာယ်တွေတဲ့တုံး”

          “အဓိပ္ပာယ် ... ဟုတ်စ အဓိပ္ပာယ်တော့ ဘယ်သိပါ့မတုံး”

          တိရစ္ဆာန်ကလေးတွေ နည်းနည်းတော့ ငိုင်ကျသွားကြတာ အမှန်ပါ။ ဘာအဓိပ္ပာယ်မှန်းမသိတဲ့ နာမည်တွေလို့ ဆိုတာကိုး။

(၃)

          နာမည်ဆိုတာ ခေါ်လို့လွယ်အောင် ပေးရတာလို့ ဆိုပါတယ်။ ဆိုကြ ပါစို့ Stefani Germanotta ဆိုတာကြီး။ အဲသည့်မိန်းကလေးက အဲသည့် နာမည်ကြီးကို မသုံးဘဲ လေဒီဂါဂါ (Lady Gaga) လို့ လုပ်လိုက်တဲ့အခါ ကျတော့ ခေါ်ရတာ လွယ်မသွားပါလား။

          အနို့ သော် အထက်တစ်နေရာမှာ ဖော်ပြခဲ့သလို မြီးတိုပြောပြတဲ့ နာမည်တွေကကျတော့ ခေါ်ဖို့ ခက်လိုက်တာ။ ဘာအဓိပ္ပာယ်မှန်းလည်း မသိ။ သို့သော် လှလှဆန်းဆန်း ကလေးတွေတော့ ဖြစ်သဗျ။ တိရစ္ဆာန်တွေ က အဲသည့်နာမည်မျိုးတွေ သဘောကျကုန်ကြတာ။

          ဥပမာ - နွားကြီး သဲသြ။ ကျွဲကြီး သုမ်ည။ တောင်ဆိတ်ကလေး ဗဲဗဲ။ ဆင်ကြီး အဏိတ်စ။ သမင်မကလေး မွေညီလျာ။ ဒေါင်းမကလေး ရာဇူသုဝဏ်။ နာမည်တွေ ... နာမည်တွေ။

          ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ဘုတ်အုပ်ကြီးထဲမှာ “နာမည်ကောင်း ရွေးသူ အကြောင်း”ဆိုတဲ့ ဇာတ်ဝတ္ထုတစ်ပုဒ်ပါသဗျ။ ဧက နိပါတ်မှာပါ တဲ့ “နာမသိဒ္ဓိ”ဆိုတဲ့ ဝတ္ထုပေါ့ ။ ရွာစဉ်လှည့်ပြီး နာမည်ကောင်းလိုက်ရှာ တဲ့ လုလင်ဟာ ငသက်ရှည်လို့ဆိုတဲ့သူ သေတာကို တွေ့ခဲ့ရ၊ ငခရီးလို့ဆိုတဲ့သူ လမ်းမှားနေတာကို တွေ့ခဲ့ရ၊ သူဌေးမလို့ဆိုတဲ့သူ ကျွန်ခံနေတာကို တွေ့ခဲ့ရတာကြောင့် နာမည်ဆိုတာ ပညတ်ပါဆိုပြီး သဘောပေါက်သွားတဲ့ ဇာတ်ဝတ္ထုပါ။

          သို့သော် သူ့ဘာသာသူ ပညတ်ချင် ပညတ်၊ မပညတ်ချင်နေ၊ စုံနံ့ သာမြိုင်က တိရစ္ဆာန်တွေကတော့ ကြောင်မကြီးမြီးတိုပြောပြတဲ့ လူ့ရပ်လူ့ ရွာမှာ လူရော တိရစ္ဆာန်ပါ နာမည်လေးတွေ မှည့်တတ်ကြပုံကို သဘော ကျပြီး တစ်တောလုံး နာမည်မှည့်ဖို့ ဖြစ်ကုန်ကြပါပြီ။

          “အဓိပ္ပာယ်ရှိချင်ရှိ၊ မရှိချင်နေ ... နာမည်ရှိတာ ကောင်းပါတယ်။ အဲ ... နာမည်တော့ မပျက်စေနဲ့”

          ဂျက်က အဲသလို အကြံပေးတဲ့အခါ တိရစ္ဆာန်ကလေးတွေက မျက်စိ ကလေးတွေနဲ့ ဝိုင်းကြည့်ကြသဗျ။ နာမည်ပျက်တယ်ဆိုတာကို တိရစ္ဆာန် တွေက နားလည်ပုံမရပါဘူး။

          “ဒေဝဒတ်တို့ .. ဟစ်တလာတို့ မူဆိုလိုနီတို့ အဲသည့်နာမည်မျိုး တွေကို နာမည်ပျက်တယ်လို့ ခေါ်တယ် ...၊ ဘယ်သူကမှ ထပ်မမှည့်ချင် ကြတော့ဘူး။ လူတွေဟာ သူတို့ချစ်တဲ့ တိရစ္ဆာန်တွေကိုတောင် အဲသည့် နာမည်မျိုးတွေ ပေးလေ့မရှိကြဘူး”

          ဟုတ်တယ်လေ။ ကိုယ်ချစ်တဲ့ တိရစ္ဆာန်ကလေးတွေကို ကိုယ်ကြိုက် တဲ့ မင်းသမီး၊ မင်းသား၊ အဆိုတော်၊ ဇာတ်မင်းသားတွေရဲ့ နာမည်တွေပဲ ချစ်စနိုးပေးလေ့ရှိကြတဲ့ဥစ္စာ။ ဟစ်တလာလို့ပေးပါ့မလား။ ဒေဝဒတ်လို့ ပေးပါ့မလား။ မူဆိုလိုနီလို့ပေးပါ့မလား။ ဂျက်ရဲ့ စကားကို ထောက်ခံရင်း နဲ့ ကြောင်မကြီး မြီးတိုက သေသေချာချာ ဆက်ရှင်းပြလိုက်တဲ့အခါ စုံနံ့သာ မြိုင်က တိရစ္ဆာန်တွေ သဘောပေါက်သွားကြပုံရပါတယ်။

          ဪ ... စုံနံ့သာမြိုင်က တိရစ္ဆာန်တွေ လောကမှာတောင် မမှည့် ခေါ်ချင်တဲ့ လူနာမည်တွေ ရှိနေပါ့ကလား။ မြီးတိုဆိုတာကမှ ကျက်သရေ ရှိသေး။