စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - မြန်မာ့ဂန္ထဝင်လျှို့၀ှက်ဆန်းကြယ်ဝထ္ထုတိုများ

ကလောင်စုံ - မြန်မာ့ဂန္ထဝင်လျှို့၀ှက်ဆန်းကြယ်ဝထ္ထုတိုများ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး 0 Ks ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type
ရွှေလိပ်ပြာ
ပီမိုးနင်း

          ပီမိုးနင်း ရေးသားခဲ့သော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းကို ကဝိ မျက်မှန်မဂ္ဂဇင်း၊ အတွဲ- အမှတ်-၁၊ ဇူလိုင်၊ ၁၉၃၁ တွင် ရေးသားခဲ့သည်။

          လွန်ခဲ့သောအခါတွင်း၌ ကျွန်ုပ်သည် များစွာ စိတ်လက်မငြိမ်မသက် ဖြစ်ခဲ့၏။ သို့ မငြိမ်မသက်ဖြစ်ခြင်းမှာ အခြားကြောင့်မဟုတ်။ သားဖြစ်သူ မောင်ကျော်စိုးသည် မျက်စိအောက်မှ လောလောဆယ် ပျောက်ကွယ်သွား သော လရာသီ နှစ်လည်အခါဖြစ်သည့် ဖြစ်သည့်ပြင် ၎င်း၏မိခင်လည်း ထိုအခါနှင့် မဝေး သားနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါ၍ သွားခဲ့လေရာ ရာသီအပြောင်း မိုးသံလေသံတို့က မီးပြန်၍ မွှေးကြသောကြောင့် ဖြစ်လေ၏ ။

          သို့ဖြစ်လေရာ ပူပြင်းခြောက်သွေ့ လူသတ္တဝါတို့ လက်မြောက်တိုင်း ဆောက်လုပ်စီမံကာ ပင်ကိုခမ်းနားလှပခြင်းနှင့် ပြည့်စုံသော သယံဇာတ လောကဓာတ်သဘာဝအလှ၏ မြုပ်နှံရာ သင်္ချိုင်းနှင့်တူသော ရန်ကုန်မြို့ကြီး ကို မရှုဆိတ် မကြည်သာသဖြင့် မြေလတ်မီးရထားလမ်း မြို့တစ်မြို့သို့ရောက်သွားလေ၏။ ရောက်သွားပြီး နောက်တစ်နေ့တွင် မြို့၏အစွန်အဖျား ရွာငယ်တစ်ခုသို့ မိတ်ဆွေတစ်ယောက်နှင့်အတူ မြင်းလှည်းဖြင့်ရောက်၍ သွားပြီးလျှင် ထန်းတောတစ်ခုနှင့် မနီးမဝေး ထိုရွာရှိ ထန်းသမားတစ်ယောက် ၏ အောက်ထပ်မရှိသော အိပ်အပေါ်ထပ် နောက်ဖေးကြမ်းပြင်၌ ညနေချမ်း လေညင်းကိုခံကာ ချိုမြအေးကြည် ဝီစကီ ဆိုဒါ မမီသော ပင်ကျရည် စိမ်း ဖန့်ဖန့်ကလေးဖြင့် ဒူးနှန့်ကာ အာကိုဆွတ်ရင်း ဇာတ်လမ်းဇာတ်ကွက်ကလေး တစ်ခု စကင်းချရန် ကြံစည်၍နေလေ၏။ သို့ ကြံစည်ရာ၌ ဉာဏ်နီဉာဏ်ဝါ တို့ကို ထွက်ပေါ်ပြန့်ပြူး အထူးဝေဆာအောင် ကူညီထောက်ပံ့သော အရာ တစ်ခုသည်ကား အနီး၌ ကပ်လျက်ရှိသော မီးဖိုချောင်မှ ရဲခနဲ ရှဲခနဲ မြည်ကာ ခံတွင်းကို စွတ်စိုစေလျက် နှုတ်ခမ်းကြော၊ လျှာကြောများကို ရိုးရိုးရွရွဖြစ်စေသော မွှေးကြိုင်သင်းပျံ့ချိုမြိန်သောရနံ့ဖြစ်လေ၏။ ထိုရနံ့သည်ကား ကတောက် ကတက် ကော့ကော်ကက်ဟူ၍ မြည်ရာမှ သင်္ခါရသဘော ရွေ့ လျှောဖောက်ပြန်ကာ ရှဲခနဲ ရှဲခနဲ မြည်ရသောအဖြစ်သို့ ပြောင်းလဲဆိုက်ရောက်ရှာသော မြီးကောင် ပေါက်စ၊ လျှောက်မကညာကလေး၏အသံဖြစ်လေသတည်း။

         ထိုအခါ ဤလောကကြီးဟာ လွန်စွာမှ ကြောက်မက်ဖွယ်ရာကောင်း လှသော ငရဲအိုးကြီးပေတကား၊ တစ်ကောင်ကိုတစ်ကောင် မျိုစားခြင်းဖြင့် တည်နေသော လောကဓာတ်ကြီးပေတကား၊ များစွာသော ပိုးမွှားတိရစ္ဆာန် တို့ကို ကြက်က စား၊ စားသော ကြက်ကို လူကမျိုး၊ မျိုသော လူမှာ ပိုးလောက် စား၊ ပိုးလောက်တွေမှာ ပုရွက်စာဖြစ်၊ ဖြစ်ကပျက်ပြန် လန်ကောဆိုသည့် လောကဓံဟာ အင်မတန်မှ စက်ဆုပ်ရွံရှာ ကြောက်စရာကောင်းပါကလားဟု တွေးတော၍နေခိုက်တွင် ဆီနှင့် ဝင်းပြောင်ရွှေဒင်္ဂါးရောင် ပေါက်သော ကြက် ပေါင်ကြော်ဝဝ နှစ်ချောင်းကို အမယ်အိုတစ်ယောက်သည် ပန်းကန်ပြားငယ် တစ်ခု၌ တင်ကာ ယူလာ ကျွန်တော်တို့ ရှေ့ချပြီး အနီး၌ ပုဆစ်တုပ်ထိုင်ကာ “အဘွားအိုတို့အရပ်မှာတော့ မောင်ရင်တို့ ရန်ကုန်မြို့မှာလို ဆန်းဆန်းပြားပြားတော့ မရှိဘူး၊ ဒါမျိုးကို အကောင်းဆုံးထားရတာပဲ” ဟု ပြောပါသည်။ . ကျွန်တော်က “ဒါထက်ကောင်းတာ ဘယ်မှာရှိမလဲ ဘွားရယ်၊ ရန်ကုန် မြို့မှာ ဒီလိုလတ်လတ်ဆတ်ဆတ်ကို လွယ်လွယ်ကူကူရဖို့ရာ အင်မတန်မှ ခက်တာပဲ။ ဒါထက် အားနာစရာ ဘွားရယ် ဘွားကိုယ်တိုင် လုပ်နေသလား”

          ထိုအခါ ကျွန်ုပ်သူငယ်ချင်းက “ဘွားမှာတော့ ဒါမျိုးတွေ ရိုးနေပြီ။ ဘွားကိုယ်တိုင်တော့ မလုပ်ပါဘူး။ အခုကြော်နေတာ မြေးပေါ့ ။ မြေး တစ်ယောက် အဘွားတစ်ယောက်မို့ မြေးတတ်သလိုနေတာကို ကြည့်နေ ရတာပဲ၊ ကြာတော့ ရိုးနေတာပေါ့ ဆရာရယ်” ။

          အဘွားကြီးသည်ကား ဆံပင်ဖွေးဖွေးဖြူသော်လည်း ပါးရေမလိပ်၊ အသားလတ်လတ် သွားတစ်ချောင်းမျှ ချွတ်ယွင်းခြင်း မရှိသဖြင့် အလွန်ဆုံး ရှိလှရင် အသက် ငါးဆယ်ကျော် ခြောက်ဆယ်ထက်ပိုမှာ မဟုတ်ဟု မှတ်ထင် ၍ နေခိုက်မှာ ကျွန်ုပ်မိတ်ဆွေက “ဆရာ အဘွားအသက် ဘယ်လောက်ရှိပြီ ထင်သလဲ” ဟု မေးသဖြင့် ထင်မြင်သည့်အရွယ်ကို ပြောလိုက်ရာ အမယ်အိုက “ဒီလိုပဲ အများက ထင်ကြတာပဲ။ အဘွားအမေ အသက် တစ်ရာ့နဲ့ ငါးနှစ်၊ သွားတစ်ချောင်းမှ မကျိုးဘူး၊ အဘွား အခု ကိုးဆယ်ပြည့် ဖို့ သုံးနှစ်လိုတော့တယ်” ။

          ထိုအခါ ကျွန်ုပ်မှာ များစွာ အံ့သြ၍နေပါကြောင်း။

          “အဘွား အသက်ရှည်မှာပေါ့။ အသက်ရှည်တဲ့ မျိုးရိုးအပြင် နဂိုက ပျော်ပျော်ပါးပါးနေတတ်တာကိုး၊ ပျော်ပျော်နေ သေခဲဆိုတာလိုပေါ့၊ ဒါထက် မောင်ရင်က ရန်ကုန်မြို့မှာ ဘယ်လိုရာထူးနဲ့လဲ” ဟု မေးရာ ကျွန်ုပ်၏ မိတ်ဆွေက ကျွန်ုပ်လုပ်ကိုင်သော ဝတ္ထုသတင်းစာ အလုပ်အကြောင်းကိုပြော၍ပြရာ အဘွားကြီးက “ဪ.. အဘွားသိပြီ၊ ဒါးပိန်ယိမ်းဆရာ ဦးမောင်ကြီးတို့၊ ဆရာမတို့၊ ဆရာသင်တို့ ၊ တောင်လုံးပြန် ဆရာ ဘယ်သူ ဆိုလား မောင်ရယ်၊ ဒီလိုဇာတ်စာအုပ်များ ရေးသကိုး။ အဘွားတို့ ဟိုအခါက အင်မတန်ဖတ်တာပဲ၊ အဘွားစာပေ အင်မတန်ဝါသနာပါတယ်။ ဒီအရင် ငယ်ငယ်ကတော့ နန်းတွင်းဇာတ်တော်ကြီးတွေ၊ နိပါတ်တော်ဇာတ်ကြီး ဆယ်ဘွဲ့ ဒီလိုစာကြီးတွေ ဖတ်တာပဲ။ ဒီနောက် ကာလဇာတ်တွေ ပေါ်လာကြ တယ်။ အခု မောင်တို့ကာလမှာ ရေးသားစီကုံးကြတဲ့ ဇာတ်များတော့ အဘွား မဖတ်ဖူးဘူး။ မျက်စိကလည်း ရှေးကလို မကောင်းဘဲကိုး၊ ဆင်းရဲပြီး ဖြစ်ချင် တိုင်းဖြစ်နေတဲ့ဘဝရောက်တော့ စာဖတ်ခန်းလည်း မရှိပါဘူး မောင်ရင်ရဲ့။ ဒါထက် မောင် စာရေးဆရာဖြစ်ရင် အဘွား ပြောပြချင်တယ်၊ တကယ့် အဖြစ်ပဲ။ ရေးနိုင်ပါ့မလား” ဟု မေးလေ၏။

          ထိုအခိုက်တွင် “ဟုတ်တယ်အမေ၊ အမေပြောတဲ့ အမေ့မောင် အတ္ထုပ္ပတ္တိဟာ ဝတ္ထုရေးရရင် အင်မတန်ကောင်းမှာပဲ” ဟု ပြောရင်း ၎င်း၏မြေးသည် ပန်းကန်ပြားတစ်ချပ်နှင့် ကြက်ကြော်များကို အပြည့်ယူ၍ လာပြီး နံရံ၌ ထောင်ထားသော ဝါးကျည်ထောက်ကို ယူကာ ဖန်ခွက်ထဲသို့ ထန်းရည် ကို လောင်းထည့်၍ တစ်ခွက်ကို လျင်မြန်စွာ မော့လိုက်ပြီး ကြက်ခေါင်းကို ယူကာ ကျွန်ုပ်အား ပေးပြီးလျှင် အတောင်ပံတစ်ခုကို ယူ၍ ကိုက်လေ၏။ ၎င်း၏အသွင်မှာ ခံ့ညားဖြူစင်လျက် အသက်သုံးဆယ်ကျော် လေးဆယ်နီးနီး ရှိလေ၏။ ပျော်ပျော်ပါးပါးနေတတ်သော အသွင်ရှိလေ၏။ အသွင်နှင့်လျော်ညီစွာ စိတ်နေသဘောထား ရွပ်ကြွပ်သူဖြစ်သောကြောင့် မိဘနှစ်ပါး သေဆုံးပြီး အဘွားကြီးနှင့်သာ လူပျိုကြီးလုပ်၍နေခဲ့သူဖြစ်လေ၏။

          အဘွားကြီးက ကျွန်ုပ်၏မျက်နှာကို စိုက်ကာကြည့်ပြီး “မောင်တကယ် ရေးမလား၊ ပုံမဟုတ်ဘူး၊ တကယ့်အဖြစ်မောင်ရဲ့ ။ မောင်ရင် ယုံမှာတော့ မဟုတ်ဘူး”

          “ကောင်းရင်ရေးပေါ့ အဘွားရယ်။ ထူးထူးဆန်းဆန်းဆိုရင် တကယ်ပဲ ဖြစ်ဖြစ်၊ ပုံပြင်ပဲဖြစ်ဖြစ် ယုတ္တိရှိရင် ရေးကောင်းတာပါပဲ။ ထူးဆန်းတာဖြစ်ရင် နားထောင်စမ်းပါရစေ အဘွားရယ် ပြောစမ်းပါ” ဟု ကျွန်ုပ်က ပြောလေရာ အဘွားကြီးသည် အောက်ပါအတ္ထုပ္ပတ္တိကို ပြော၍ ပြပါသည်။ သို့သော် လည်း မြန်မာစာမှာ တစ်စုံတစ်ယောက်ပြောသော အတ္ထုပ္ပတ္တိကို စကား အတိုင်း တိုက်ရိုက်ရေးရခြင်း၌ အတော်ခက်ခဲသည့်ပြင် ဖတ်သူများအတွက် လည်း မချောမမော အထစ်အဖုများသော လမ်း၌ သွားရသကဲ့သို့ဖြစ်သောကြောင့် ကျွန်ုပ်မှတ်ကြားရသမျှကို အသေးအဖွဲအမူအရာ အပြောအဆိုတို့ ၌ ဓမ္မတာသဘောတရား၏ ညွှန်ကြားချက်ကို လိုက်ကာအထင်အမြင်ဉာဏ် ကို သုံးရခြင်းမှတစ်ပါး အမှန်အတိုင်းရေးသားလိုက်ပေကြောင်း။

* * *

           (အခန်း ၁)         

          ထိုအခါသည်ကား ဒုတိယကုလားကြီးတက်ပြီး၍ ရန်ကုန်မြို့ကို အင်္ဂလိပ်မင်းများ သိမ်းယူပြီးနောက် ကိုးနှစ် ဆယ်နှစ်ခန့်အခါ ဖြစ်လေ၏။

          ထိုအခါ၌ လှိုင်မြစ်မှာ အလွန်စည်ကားသော ရေလမ်းဖြစ်လေရာ စံရွေးမြို့ သည် လှေကြီး လှေငယ်တို့ဖြင့် ပြည့်နှက်လျက် ကြက်တောင်စိုက် စည်ကားသော ဆိပ်ကမ်းမြို့ ဖြစ်လေ၏။ ယခုအခါ၌ပင် စံရွေးသည် မြစ်စောင်းတော ရပ်အဖြစ်သို့ ရောက်၍နေသော်လည်း ၎င်းအရပ်မှ ရန်ကုန်နှင့် ပြည်သွား မီးရထားလမ်းမြို့များကို တောရပ် တောနယ်အနေဖြင့် ခေါ်ဝေါ်အသုံးပြုကာ မီးရထားလမ်း မြို့တစ်မြို့သို့ မိမိတို့အရပ်မှ တစ်စုံတစ်ယောက်သွားသည် ကို တောတက်သည်ဟု ပြောစမှတ်ပြုကြလေသည်။ ထိုမြို့၌ ကုန်သည် ပွဲစား သူဌေးသူကြွယ် အတော်များပြားလေရာ လူစွမ်းလူစ ထက်မြက်သော လူကုံထံသားများလည်း အတော်ထင်ရှားကြလျက် ပတ်ဝန်းကျင်ရပ်ရွာများ အပေါ်၌ ကျော်ကြားထင်ရှား သူရသတ္တိအရာ၌လည်း ဂုဏ်သတင်းကြားခဲ့ လေသည်။

          ၎င်းမြို့၌ မောင်မင်းဒင်ခေါ်သူမှာ မိဘနှစ်ပါးကလည်း စည်းစိမ်ဥစ္စာ နှင့် ကုံလုံကြွယ်ဝသည့်ပြင် နဂိုက ရဲစွမ်းသတ္တိနှင့် ပြည့်ဝသဖြင့် ထင်ရှားသော ကာလသားခေါင်းတစ်ယောက် ဖြစ်လေ၏။ ရုပ်ရည်မှာလည်း ပီသသူဖြစ် လေရာ အဆိုပါ အဘွားကြီး၏မြေး ထန်းရည်သမားရုပ်မျိုးဖြစ်သဖြင့် ၎င်းအဘွားကြီးသည် ထိုမြေးကို မိမိ၏မောင်ကြီး ကိုမင်းဒင်နှင့်တူသောကြောင့် ဤမျှလောက် ချစ်ခင်လျက် ထန်းသမားအလေ့ဖြင့် ထင်သလို နေထိုင် သည်ကို အလိုလိုက်ကာနေခဲ့ခြင်း ဖြစ်လေ၏။

          မောင်မင်းဒင်မှာ ပွဲလမ်းသဘင်ဟူသမျှ၌လည်းကောင်း၊ မင်္ဂလာဆောင် အလှူအတန်းဟူသမျှ၌လည်းကောင်း ကြီးကြပ်စောင့်ရှောက်သူအနေဖြင့် အများသူတို့၏ ဆည်းကပ်ခယခြင်းကို ခံရလေ၏။ ဗိုလ်ကို ချိုးရန် ပေါ်လာသော လူမိုက် ဂုဏ်ယူလိုသူဟူသမျှသည် ညနေချမ်းအခါ အပျိုပေါင်းစုံ ရေခပ်လာသည့် ရေတွင်းများအနီး အပျိုတို့၏မျက်မှောက်၌လည်းကောင်း၊ လူစည်သော ဈေးထိပ်၌လည်းကောင်း မောင်မင်းဒင်၏ တံတောင်နှင့် ဖနောင့် ကို ကျောအောင့်အောင် ခံယူကြရလေ၏။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။