Skip to product information
1 of 3

Other Websites

ချစ်ဦးညို မောင်ဝဏ္ဏ - မလေးမဏိစန္ဒာရဲ့နှောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တစ်

“ခရမ်းရောင်နဲ့ အစိမ်းရောင်တောက်နေတဲ့ ကောင်းကင်ကို ဆရာ အရင်တုန်းက မြင်ဖူးသလား၊ ဆရာတော့ မသိဘူး။ ကျွန်တော်

တော့ ဒီရောက်မှ မြင်ဖူးတော့တာပဲ။ ကောင်းကင်မှာ ဒီအရောင် ထွက်နေတာကို ကျွန်တော် သိပ်သဘောကျတယ်”

“ဗျာ ”

ကုလားတန်မြစ်ကို ဖြတ်လာသည့် ပင်လယ်လေက ကျွန်တော်တို့ နှစ်ယောက်ကြားမှ တိုးဝှေ့သွားသည်။ နွေးထွေး သော ပင်လယ်လေ၏ အတွေ့အထိကို အမှတ်တရ ခံစားနေမိ သောကြောင့် ဆရာ ဦးရင်မောင်၏ စကားကို ကြားပါလျက် ကျွန်တော် နားမလည်။

ကောင်းကင်၊ ခရမ်းရောင်၊ အစိမ်းရောင်

“ဆရာ ဘာပြောလိုက်တာလဲ”

 “ဟိုမှာ ကြည့်လေဗျာ”

အနောက်ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ ဆရာဦးရင်မောင်က ညွှန်သည်။ ကျွန်တော် လိုက်ကြည့်သည်။ ဝင်အံ့ နေခြည်ဖြာလက် နေသော တိမ်စု၊ ကောင်းကင်တစ်ခွင်တစ်ပြင်...

“ဘာတွေလဲဗျ”

 “တိမ်တွေ တွေ့တယ်လေ”

 “တိမ်တွေက ဘာရောင်တောက်နေသလဲဗျာ”

 တိမ်တွေက....

သူ ပြောမှပင် အသွေးစုံယှက်ဖြာသော တိမ်စုတို့ကို ကျွန်တော် ဂရုစိုက်ကြည့်မိသည်။ ဝင်လုဆဲနေ၊ ပင်လယ်ပြင် ရွှေ အနားကွပ် တိမ်ဖြူ၊ တိမ်နီ၊ တိမ်ဝါ၊ ထို့နောက် ကောင်းကင်ပြာ။

မြင်ရသည့်အတိုင်းပင် ကျွန်တော် အဖြေပေးလိုက်သည်။ “အနီရောင်၊ အဝါရောင်၊ ရွှေရောင်များ။ ဒါ... နေဝန်းဆည်းဆာရဲ့ သမားရိုးကျအရောင်တွေပဲပေါ့။ ဘာဖြစ်လို့လဲ”

“အသေအချာကြည့်ပါဦးဗျ”

ကျွန်တော် ထပ်ကြည့်သည်။

 “အဲ... ဟုတ်ပြီ၊ ငွေရောင်ဗျာ၊ ပြီးတော့ ခဲရောင်”

 “ထပ်ကြည့်ပါဦးဗျာ”

ဆရာဦးရင်မောင်ကို ကျွန်တော် လက်လျှော့ရပြီ။ သူသည် ဤဖွင့်ကာစ 'စစ်တွေကောလိပ်”သို့ ပထမဦးစွာ ပြောင်းရွှေ့ရောက်ရှိလာကြကုန်သော ကျွန်တော်တို့ နည်းပြဆရာများထဲတွင် အနုပညာ ဝါသနာ အထုံဆုံး၊ အနုပညာဓာတ်ခံ အကြီးမားဆုံး လူတစ်ယောက် ဖြစ်သည်ကို ဆရာတွေသာမက ကျောင်းသူ ကျောင်းသား အသိုင်းအဝိုင်းကလည်း သိထားသူ ဖြစ်သည်။

ပြီးတော့ သူသည် ဒဿနိကဗေဒဌာနနည်းပြ၊ သူ့ပညာ သူ့ဘာသာရပ်နှင့် သူ့သဘာဝတို့ လိုက်လျောညီထွေရှိချေသည်။ သူ စကားကို အေးဆေး ဖြည်းလေးစွာ ပြောတတ်သည်။ တွေးတောချိန်ဆရှိသည်။ နူးညံ့သိမ်မွေ့သည်။သူနှင့် အနီးကပ်ဆုံး ကျွန်တော်သည် သူ့အကြောင်းကို အသိဆုံးလည်းဖြစ်သည်။

အတွေးအခေါ်သမား သူ၏ စကားလုံးတိုင်း နောက်ကွယ်တွင် သူ တွေးထားသည့် အတွေးများအပြင် ကြားရသူ နာရသူပါ လိုက်တွေးစေတတ်သော အတွေးများ ပါရှိတတ်သည်။

ဦးရင်မောင်သည် နှုတ်ဖျားမှ လာသော စကားမျိုးကို ဘယ်တုန်းကမှ မပြောဆိုဖူးခဲ့၊ သူ့နှုတ်ထွက် စကားလုံးတိုင်းမှာ အတွေးအင်အားတို့ ပါနေသည်ချည်းသာပင်။ ထို့ကြောင့် တစ်ခါတစ်ရံ သူ့စကားအသုံးတို့မှာ ရုတ်တရက်အဖို့ အဓိပ္ပာယ် ငုပ်နေတတ်သည်။ ဘာဆိုလိုသည်ကို မသိရ။

ယခုလည်း အနောက်ဘက် ကောင်းကင်၏ မိုးကုပ် စက်ဝိုင်းဆီမှ တိမ်တွေကို ညွှန်ပြရင်း တိမ်၏ အရောင်တွေကို ကျွန်တော့်အား ကြည့် ခိုင်းနေသည်။ ကျွန်တော် မြင်သမျှ ပြောသည်။ မဟုတ်သေးတဲ့။

နေဝင်ဆည်းဆာ၏ တိမ်တောက်ရောင်များမှာ ဘာဆန်း သလဲ။

ရွှေရောင်၊ အနီရောင်၊ အဝါရောင်၊ ငွေရောင်၊ ခဲရောင်၊ ဒါပဲရှိမည်။ ကျွန်တော် မြင်ရသည်မှာလည်း ဒါတွေပဲ ဖြစ်သည်။

“ဆရာပြောတဲ့အထဲမှာ အနီရောင်၊ ရွှေရောင်၊ အဝါရောင်၊ ပြီးတော့ ကောင်းကင်ပြာလဲ ပါတယ်နော်”

“အင်းလေဗျာ”

“ဟို မြောက်ဘက်ယွန်းယွန်း အလိပ်လိပ်ထနေတဲ့ အစု ထဲကို ကြည့်စမ်းဗျာ။ ကောင်းကင်ပြာနဲ့ ပုဇွန်ဆီရောင်နဲ့ မထိ တထိလေး ခတ်နေတဲ့နေရာမှာ ဘာရောင်လေး တောက်နေသလဲ”

သူ ပြသည့်နေရာသို့ ကျွန်တော် ကြိုးစား၍ကြည့်ရသည်။

 “အား.... ဟုတ်ပြီါ။ အနီနဲ့ အပြာနု၊ မရမ်းရောင်”

“မရမ်း မဟုတ်ဘူးဗျ။ ခရမ်း၊ ခရမ်း၊ ဗွိုင်အိုလက်၊ ခရမ်းက အနီနဲ့အဝါဘက်ကို လုတယ်။ ခရမ်းက အပြာဘက်ကို လုတယ်။ ခရမ်းရောင်ရဲ့ အဓိပ္ပာယ်က ရှုပ်ထွေးနက်ရှိုင်းခြင်း၊ မဟာ ဆန်ခြင်း၊ အလှမ်းကွာခြင်း၊ ငုပ်လျှိုးတိမ်မြုပ်ခြင်း...တဲ့”

“ဟုတ်ပါပြီ... ခရမ်းရောင်”

“နောက်တစ်ခုကြည့် ဦးဗျာ။ ဟိုတောင်ဖက်နားဆီမှာ အမျှင်စလေးတွေယှက်နေတဲ့နေရာ၊တွေ့လား၊ အဲဒီမှာ ကောင်းကင် ပြာရဲ့ အပြာအားက အတော်ကြီးတယ်။ တိမ်က ပါးပါးလှပ်လှပ် ကျဲသွားလေတော့ နေရောင်ကလဲ ဖောက်ထွက်နေလေတော့၊ရွှေဝါရောင်ဖျော့ဖျော့လေး စွန်းထင်းနေတယ်။ အဲဒီ ရွှေဝါရောင် ပေါ်မှာ ကောင်းကင်ရဲ့ အပြာနုနဲ့ ထပ်လိုက်စမ်းဗျာ။ ဘာရောင်ထွက်နေသလဲ”

“ဟုတ်တယ် အစိမ်းရောင်ကို ကျွန်တော် တွေ့ရပြီ”

“ကိုင်း ဟုတ်ပြီလား၊ ကျွန်တော်ပြောတာ ခရမ်းရောင်နဲ့ အစိမ်းရောင်တိမ်ကို ဆရာ ဘယ်မှာ တွေ့ဖူးသလဲ”

သူ ပထမဆုံး ပြောလိုက်သည့် စကားကို ယခုမှပင် ကျွန်တော် လိပ်ပတ်လည်တော့သည်။ ခရမ်းရောင်နှင့် အစိမ်း ရောင် ထွက်နေသော ကောင်းကင်။

“မလှဖူးလား”

 “တကယ် လှတာပေါ့ ဗျာ”

ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်မိကြသည်။ သူ့ ရယ်သံကား ခြောက်သွေ့ နေပေသည်။

“အင်း...... ကျွန်တော်တို့မှာလဲ ကောင်းကင်ကြည့်လိုက်၊ ပင်လယ်ကြည့်လိုက်၊ ကုလားတန်မြစ်ရေပြင်ပေါ်က လှိုင်းကြပ်ခွပ် လေးတွေ ကြည့်လိုက်၊ တစ်ခါတစ်ခါ အုန်းတောသွားလိုက်၊ နေဗွီ ပွိုင့်သွား၊ သောင်ပြင်မှာ ပျော်ပွဲစားလိုက်နဲ့ ပြန်တွေးကြည့်တော့ သဘာဝအလှတွေနဲ့ချည်း အချိန်ကုန်နေရတော့တာပဲ”

သူ့လေသံသည် ညည်းညူသံမဟုတ်၊ တရားသံဝေယူသံ လိုလို ဖြစ်နေသည်။ ဆရာ ကိုရင်မောင်ကား လောကကို အမြဲ တမ်း ဤသို့ ခွင့်လွှတ်သော မျက်လုံးများဖြင့် ကြည့်တတ်သူပင်။

သာမန်အားဖြင့် ကြည့်လျှင် ဆရာကိုရင်မောင်သည် အတွေးသမား၊ အဆွေးသမားဟု ထင်စရာ။ နူးညံ့ညင်သာသော သူ့လှုပ်ရှားမှုနှင့် ပြောပုံဆိုပုံများကကို စိတ်ကူးယဉ်သမားဟု ထင်စရာ။ သို့ သော် သူသည် ကျွန်တော်တို့အားလုံးထဲတွင် တကယ်တမ်း ခံနိုင်ရည်ရှိသူပေပင်။

ကျွန်တော်တို့ဟူသည်ကား ဤဖွင့်စ စစ်တွေကောလိပ်သို့ ပိုင်အိုးနီးယားအုပ်စုအဖြစ် ဦးမွန်မဆွ ရောက်ရှိလာကြသည့် ဌာန အသီးသီးက ကျူတာများ ကထိကများပင်တည်း။

အနယ်နယ် အရပ်ရပ် တက္ကသိုလ်ကောလိပ်မှ ထရန်စဖာ” ရလာခဲ့ကြကုန်သော ကျွန်တော်တို့သည် စစ်တွေတွင် လာရောက် တွေ့ဆုံကြသည်။ ကောလိပ်ဖွင့်သည့်ကာလ ဆိုသော်လည်း သင်တန်းများက အပြည့်အစုံ မဖွင့်သေး။ ကျွန်တော်တို့ ဆရာ တစ်စုသည် အဆောက်အအုံသစ်ကြီး၏ အပေါ်ထပ် အခန်း ကျယ်ကြီးတွင် ဘော်ဒါကျောင်းသားများလို ခုတင်တစ်လုံးစီ၊ စားပွဲတစ်လုံးစီဖြင့် စုနေကြရသည်။ သည်ရောက်မှ တစ်ယောက်ကို တစ်ယောက် မိတ်ဖွဲ့ကြရသည်။

စစ်တွေသည် ဆရာအားလုံးအတွက် ဒေသစိမ်း၊ နယ်စိမ်း ဖြစ်နေသည်။ အတွေ့အကြုံသစ်၊ နေရာသစ်၊ ဘဝသစ်။

နေ့ချင်းညချင်း မိတ်ဆွေဖွဲ့ လိုက်ကြရသော ဆရာတွေ အချင်းချင်းကလွဲ၍ စစ်တွေမြို့ပေါ်တွင် အသိအကျွမ်းမရှိကြ။ ဘယ်သွားလို့ ဘယ်လာရမှန်း မသိကြ။

“ထရန်စဖာအော်ဒါ”တွင် စစ်တွေ”ဟု ဆိုလိုက်ကတည်းက အားလုံးစိတ်ထဲတွင် တစ်ခုတည်းသောအသိ ဝင်လာခဲ့ကြသည်။ “အဝေးကြီးပါလား” ဟူသော အသိ။

ဆရာတွေချင်းပင် ယခုမှ အသိမိတ်ဆွေဖြစ်ကြရသည့် အတွက် ဆရာမတွေဆိုလျှင် ပြောစရာ မလိုတော့။ ဆရာမတွေကကျောင်းအဝင်ဝက ဗိုလ်တဲလို အိမ်ကလေးမှာစုနေကြသည်။ ဆရာမတွေကိုလည်း ကျွန်တော်တို့ မတွေ့ဖူးသေး။ အသိအကျွမ်း မဖြစ်ကြသေး။

ထိုအခါ ဌာနအသီးသီးက ဆရာများအားလုံးထံမှ ညီညာ ဖြဖြ မျှတသော ညည်းသံများ ထွက်လာကြတော့သည်။

အင်္ဂလိပ်စာဌာနက ကထိကဆရာ ဦးအောင်ဘန်းသည် ညနေတိုင်ဆိုလျှင် အဆောင်လက်ရမ်းပေါ်တွင် လက်ထောက်ရင်းကျောင်းဝင်းထဲက အရွက်မဲ့ အရိုးပြိုင်းပြိုင်း သစ်ခြောက်ပင်ကြီးကို ကြည့်ကာ “အိုး......... ဟော့န်တက်ဒ်ထရီး... ဟော့န်တက်ဒ်ထရီး”ဟု ညည်းနေတတ်သည်။ ဆရာသည် အင်္ဂလိပ်စာ ဆရာအဖြစ်ကို ဂုဏ်မြောက်ပီသစွာ ပိုင်ဆိုင်ထားသူပင်။တတွတ်တွတ်အင်္ဂလိပ်လို ရေရွတ်ကာ သူ့ ထရန်စစ္စတာ အိတ်ဆောင် ရေဒီယိုလေးကို ထုတ်လျက် အင်္ဂလိပ်ပိုင်း အသံလွှင့်ချက်ကိုဖမ်းရင်း သူ့ကိုယ်သူ နှစ်သိမ့်နေတတ်သည်။

ဆရာတွေထဲတွင် စားဖိုမှူးတာဝန်ကျသော အင်္ဂလိပ်စာ ဌာနမှ ဆရာဦးလွန်းဦးအား မနက်ဈေးဝယ်ရာမှ ပြန်လာတိုင်းနှိုးဆော်တတ်သည့် ဓာတုဗေဒဆရာ ဦးစိန်သင်း။

သူ့နည်းသူ့ဟန်ဖြင့်တော့ အားလုံး အလွမ်းဖြေနေကြသည် ချည်းသာပင်။ ဖော်ကွာဝေး၊ ဆွေးစိတ်ပို၊ တစ်ကိုယ်တည်း၊ အထီး ကျန်စိတ်များက ကျွန်တော်တို့ဆရာတွေ ကြားထဲမှာ ကူးယှက် ပျံ့နှံ့နေကြသည်။ တစ်နည်းနည်းနှင့်တော့ ကိုယ့်အလွမ်းကိုယ် ဖြေသိမ့်ကြရသည်ချည်းသာ။

သည်အထဲတွင် ဆရာ ဦးရင်မောင်သည် ဣနြေအရဆုံးဟု ကျွန်တော်မြင်သည်။ သူနှင့် ပေါင်းသင်းကြည့်သောအခါလည်း သူသည် ပင်ကိုကပင် ငြိမ်သက်သူဖြစ်ကြောင်း တွေ့ရသည်။

နေရာသစ်၊ အတွေ့ အကြုံသစ်၊ လူသစ်၊ ဘဝသစ်၊ သူစိမ်း ဆန်သော လောကသစ်ထဲတွင် ဦးရင်မောင်သည် ထူးပြီး မခံစား တတ်တော့သော ခံစားမှုမျိုးဖြင့် ရင့်ကျက်နေလေသည်။

“ကျွန်တော်က ဆရာ့လို လက်စလက်န မရှိဘူး။ စာရေး ချင်စိတ်ထက်၊ စာဖတ်ချင်စိတ်က ပိုများနေတယ် ထင်တယ်။ စာဖတ်နေရရင် ကျွန်တော် အားလုံးကို မေ့ပျောက်ထားလို့ရတယ်” ဟု သူ ကျွန်တော့်ကို ပြောတတ်သည်။ ပြောသည့်အတိုင်းလည်း အချိန်ရှိသရွေ့ စာအုပ်နှင့် မျက်နှာမခွာ။ ယုတ်စွအဆုံး ထမင်း စားခန်းထဲမှာပင် စာဖတ်သည့် 'စတင်း” လေးတစ်ခုကို စားပွဲ ပေါ်တင်၊ စာအုပ်ကိုဖွင့် စာဖတ်ရင်း ထမင်းစားတတ်သူ။

ဦးရင်မောင်နှင့် ကျွန်တော် တွဲမိခြင်းမှာလည်း စာရေး စာဖတ် ဝါသနာတူကြသောကြောင့်ပင် ဖြစ်သည်။ ထို့ပြင်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)