Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခေတ်ဘုန်းသစ် - ကစားရင်းနဲ့သင်တဲ့သင်္ချာ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
ကစားရင်းနဲ့ သင်တဲ့ သင်္ချာ
(မူကြိုဆရာမများနှင့် ကလေးမိဘများအတွက်)

          ကလေးဆိုတာမျိုးဟာ တကယ်တော့ သဘာဝအားဖြင့် အင်မတန်မှ လေ့လာစူးစမ်းမှု အားကောင်းကြသူများပဲဖြစ်ပါတယ်။ သူတို့ အနားဝန်း ကျင်က ကမ္ဘာကြီးဟာ ဘယ်လို ကမ္ဘာကြီးမျိုးလဲ၊ ဘယ်လိုတွေ ဖြစ်နေကြ သလဲ၊ ဘယ်လိုတွေ လုပ်ကိုင်လှုပ်ရှားနေကြသလဲဆိုတာကို သူတို့ သိပ် သိချင်ကြပါတယ်။ ကလေးတို့ရဲ့ စူးစမ်းလိုစိတ်၊ သိချင်စိတ်ကို အခြေခံ ပြီးတော့ သင်္ချာကို သင်ပေးမယ်ဆိုရင်ဖြင့် ကလေးတို့ဟာ သင်္ချာသင်ရ တာကို ပျော်လာပြီးတော့ သင်္ချာကို ချစ်လာပါလိမ့်မယ်။

           ဒီအရွယ် ကလေးတို့ကို သင်္ချာသင်တဲ့ အခါမှာ သမားရိုးကျ သင်္ချာ သင်နည်းနဲ့ သင်လို့မရပါဘူး။ သမားရိုးကျ သင်္ချာသင်နည်းဆိုတာက စားပွဲ တစ်လုံးပေါ်မှာ ကလေးကို ထိုင်ခိုင်းပြီးတော့ တစ်နှစ်သုံးလေးတွေ ရေးခိုင်း တာ၊ တစ်နဲ့ တစ်ပေါင်း ဘယ်လောက် ရသလဲဆိုပြီးတော့ စာရွက်ချပြီးတော့ တွက်ခိုင်းတာမျိုးပါပဲ။ ဒီသင်နည်းဟာ မူကြိုအရွယ်နဲ့ သူငယ်တန်း အရွယ် ကလေးများအတွက် အင်မတန်မှကို ပျင်းစရာကောင်းတဲ့ သင်နည်းပါပဲ။

          ကလေးတို့ဟာ မူကြိုနဲ့ မူလတန်းအရွယ်မှာကတည်းက သင်္ချာကို မချစ်လာ ဘဲနဲ့ မုန်းလာပါလိမ့်မယ်။ စာသင်ရတာပျင်းစရာ၊ စာဆိုတာပျင်းစရာလို့ ထင်လာပါတော့တယ်။ ဒီသင်နည်းမှာ ကလေးတို့ အတွက် စိတ်ဝင်စားစရာ ဘာမှ မရှိသလို၊ စူးစမ်းလေ့လာချင်စရာလည်း ဘာဆိုဘာမှ မရှိပါဘူး။ တွေးခေါ်စဉ်းစားစရာလည်း ဘာမှ မပါ ပါဘူး။

          သင်္ချာဆိုတာဟာ တကယ်တော့ မှတ်ဉာဏ်ထဲမှာ အလွတ်ကျက် ပြီးတော့ သိမ်းထားရမယ့် အရာမဟုတ်ပါဘူး။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဂါထာရွတ်သလို၊ မန္တာန် စုတ်သလိုမျိုး ခေါင်းထဲမှာ အလွတ်ရနေအောင်လို့ မှတ်ထားရမယ့် ဘာသာမဟုတ်ပါဘူး။ သင်္ချာရဲ့ နဂို မူလအလှက တွေးရတဲ့ အလှပါ။ စဉ်းစားရတဲ့ အလှပါ။ စူးစမ်းရတဲ့ အလှပါ။ ဒီအလှတွေကို ပျက်အောင်လို့ တစ်နဲ့ တစ်ပေါင်းရင် နှစ်၊ နှစ်နဲ့ နှစ်ပေါင်းရင် လေး၊ သုံး သုံးလီ ကိုး စသဖြင့် ဘာမှကို မစဉ်းစားခိုင်းဘဲနဲ့ ကလေးတို့ ခေါင်းထဲကို အလွတ်ဝင်နေအောင်လို့ ရိုက်ထည့်လိုက်ခြင်းဟာ သင်္ချာရဲ့ စဉ်းစားတွေးတော ရတဲ့ အလှကို သတ်ပစ်လိုက်သလိုပဲ။ သုံးနဲ့ သုံးမြှောက်ရင် ဘာရသလဲ ဆိုတဲ့အဖြေကို သုံး သုံးလီ ကိုး ဆိုတဲ့ အလီကို ကျက်ထားတဲ့ ကလေးဟာ တန်းပြီးတော့ ရေးနိုင်ပါတယ်။ ကိုးဆိုပြီးတော့ တန်းရေးနိုင်ပေမယ့် သုံး သုံးလီဆိုတာဟာ ဘာလဲ၊ ဘာကြောင့် ကိုဖြစ်သလဲဆိုတဲ့ တကယ့် သဘောသဘာဝ (Concept) ကို နားမလည်နိုင်တော့ပါဘူး။ ဒီသဘော သဘာဝ (Concept)ကို သိဖို့က သုံးသုံးလီကိုး ဆိုတဲ့ အလီကို ကလေးတို့ အလွတ်ရွတ်နိုင်ဖို့ဆိုတဲ့ ကိစ္စထက် ပိုပြီးတော့ အရေးကြီးပါတယ်။ သင်္ချာဟာ အရာဝတ္ထုတွေ၊ ပုံသဏုန့်တွေရဲ့ တကယ့်အတွင်းက သဘော တရားအလှ ကို ရှာဖွေခြင်းပါပဲ။ ကမ္ဘာအကြောင်းသိဖို့၊ စကြဝဠာ အကြောင်း သိဖို့၊ အံ့သြစရာ သိပံပညာရဲ့ လျှို့ဝှက်ချက်များစွာကို ရှာဖွေဖို့ အတွက် သင်္ချာရဲ့ သဘောသဘာဝ (Concept) ကို ကျွန်မတို့ အသုံးပြုရပါတယ်။ အခြေခံရပါ တယ်။

          ဒါကြောင့်မို့လို့ ကလေးတွေကို သင်္ချာသင်ကြားတဲ့အခါမှာ အထပ် ထပ် လေ့ကျင့်တဲ့နည်းတွေ (ဥပမာ-တစ်နဲ့ တစ်ပေါင်း နှစ်၊ နှစ်နဲ့ နှစ်ပေါင်း လေး စသဖြင့်) ၊ ကတ်ပြားနဲ့ သင်တဲ့နည်းတွေကို မသုံးသင့်ပါဘူး။

နံပါတ်တွေနဲ့ မိတ်ဆက်ပေးမယ်

          မူကြို အရွယ် ကလေးတို့ကို နံပါတ် (တစ် နှစ် သုံး လေး) စတာတွေကို သိအောင်လို့ လုပ်ပေးလို့ရပါပြီ။ သိအောင်လို့ လုပ်ပေးရမယ်လို့ ဆိုခြင်းဟာ တစ် နှစ် သုံး လေးငါး စတာတွေကို ပါးစပ်ကနေ အလွတ်ရွတ် တတ်အောင်လို့ သင်ပေးဖို့ မဟုတ်ပါဘူး။ ။

          ... မူကြိုက သိပ်ကောင်းတာပဲ။ မူကြိုတတ်ပြီးတော့ ဘာမှ မကြာ ဘူး အိမ်က သမီးလေး တစ်ကနေ တစ်ရာ အထိ အလွတ်ရွတ်တတ်ပြီ' စသဖြင့် မိဘများ ပြောတဲ့ အသံများကို ကျွန်မတို့ဝန်းကျင်မှာ မကြာခဏ ဆိုသလိုပဲ ကြားရတတ်ပါတယ်။ သူတို့ ပြောသလိုပဲ ကလေးတို့ဟာလည်း တစ်ကနေ တစ်ရာအထိကို အမှားအယွင်းမရှိ တောက်လျှောက် ရွတ်နိုင်ကြ တယ်။ ဒါဟာ တကယ်တော့ ချီးကျူးစရာ ကိစ္စလား၊ ဝမ်းသာစရာလား ဆိုတာတွေးကြည့်ဖို့ လိုပါတယ်။

          သုံးလေးနှစ်အရွယ် ဒီကလေးဟာ နံပါတ်တွေကို တစ်ကနေ တစ်ရာ၊ တစ်ကနေ တစ်ဆယ် စသဖြင့် ရွတ်တတ်တာတော့ မှန်ပါရဲ့ ။ ဒါပေမဲ့ တစ် ဆိုတာ ဘာကို ပြောတယ်၊ နှစ်ဆိုတာ ဘာဆိုတာကို တကယ်တော့ သူတို့ သေသေချာချာ မသိပါဘူး။ ဆိုလိုတာက တစ်ဆိုတာဟာ မုန့်တစ်ခု၊ အရုပ်တစ်ခု၊ ကားတစ်စီး စတာကို ဆိုလိုတာ၊ နှစ်ဆိုတာက မုန့်နှစ်ခု ၊ အရုပ်နှစ်ရုပ် စတာတွေကို သေသေချာချာ နားလည်ရမယ်လို့ ဆိုတာပါပဲ။ တစ်ရဲ့ အဓိပ္ပာယ် ၊နှစ်ရဲ့ အဓိပ္ပာယ်ကို သူတို့ သေသေချာချာ သိဖို့လိုပါတယ်။ နှစ်က တစ်ထက် ပိုများတယ်၊ သုံးဟာ နှစ်တို့ တစ်တို့ထက် များတယ် ဆိုတာကိုလည်း ကလေးဟာ မသိပါဘူး။