ခင်မောင်ညို(ဘောဂဗေဒ) - ကမ္ဘာ့စီးပွားရေး မိတ်ဆက်
ကမ္ဘာ့စီးပွားရေးမိတ်ဆက်
Randy Charles Epping-A beginners guide to the World Economy
ကမ္ဘာ့စီးပွားရေးဆိုသည်မှာ
What is the world economy?
ကျွန်တော်တို့သည် နည်းလမ်းပေါင်းများစွာဖြင့်ကမ္ဘာ့စီးပွားရေး အဆောက်အအုံကြီး၏ အစိတ်အပိုင်းများ ဖြစ်နေကြသည်။ နံနက်ပိုင်း ၌ ပြည်ပမှ တင်သွင်းလာသော ကော်ဖီကို သောက်သောအခါ၊ နိုင်ငံခြားဖြစ် ဓာတ်ပြားဖွင့်စက်ကို ဖွင့်၍ သီချင်းနားထောင်သောအခါ၊ အားလပ်ရပ်များ၌ ပြည်ပသို့ သွားသည့်အခါ ကျွန်တော်တို့သည် တိုးပွားလာသည့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးလောကထဲ၌ ပါဝင်ပတ်သက်နေကြရာရောက်သည်။
ကမ္ဘာ့စီးပွားရေး၏တစ်စိတ်တစ်ဒေသအဖြစ် ကျွန်တော်တို့သည် နိုင်ငံဖြစ် ကုန်စည်နှင့် ဆောင်ရွက်မှုများကို စားသုံးသူသက်သက် အဖြစ်သာ ရှိနေကြသည်မဟုတ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများမှ ရသည့် တက္ကသိုလ်ရန်ပုံငွေများ၊ပင်စင်ရန်ပုံငွေအတွက် ဝင်ငွေများသည် အငြိမ်းစားလခများပေးချေရန်အတွက်လည်းကောင်း၊ တက္ကသိုလ်သော်လည်းကောင်း၊ ရန်ပုံငွေသော်လည်းကောင်း မည်သည့်အရာ ဖြစ်ဖြစ် ကမ္ဘာ့စီးပွါးရေး၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်သည်။ စားသောက်ကုန်သွင်းကုန်များ၊ မောင်တော်ကားပို့ကုန်များ၊ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများ၊ ရုပ်ရှင်၊ ခရီးသွားလုပ်ငန်း ကဲ့သို့ သော ဝန်ဆောင်မှုအပေးအယူများ စသည်တို့သည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံတကာ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများကို ဖြည့်ဆည်းပေးလျက် ရှိကြသည်။
၂။ ကမ္ဘာတစ်ဝန်းတွင် ဥစ္စာဓနကို ဆုံးဖြတ်ပုံ
(How is wealth determined around the world ?)
နိုင်ငံတစ်ခု၏ ဥစ္စာဓနကို ထိုနိုင်ငံရှိ တိုင်းသူပြည်သားများအား ကြည့်ခြင်းအားဖြင့် တိုင်းတာဆုံးဖြတ်နိုင်သည်။ သို့သော် မည်သည့် ကိန်းဂဏန်းများကို အားကိုးမည်နည်း။ ဘရာဇီးများထက် ဝင်ငွေပိုရ သည့်အတွက် ကူဝိတ်များသည် ချမ်းသာသည်ဟု ပြောကြမည်လား။ အိမ်ထောင်စုတစ်ခုလျှင် ပိုင်ဆိုင်သည့် တယ်လီဖုန်းဦးရေ ဂျပန်များ ထက် ပိုများသောပြင်သစ်များကို ပို၍ ချမ်းသာကြွယ်ဝသည်ဟုပြောမည်လား။ အမေရိကန်များထက် စုဆောင်းငွေများသည် အီတလီ များကို ပိုချမ်းသာသည်ဟု ပြောမည်လား။
ဥစ္စာဓနကို တိုင်းတာရန်အတွက် နည်းလမ်းပေါင်းများစွာရှိသည်။ နိုင်ငံတစ်ခုစီ၊ တစ်ခုစီ၌လည်း သီးခြားစာရင်းအင်အားရှိကြသည်။ဘောဂဗေဒပညာရှင်အများစုက ဥစ္စဓနဆိုသည်မှာ စတော့ရှယ်ယာ နှင့် မြေယာကဲ့သို့ သော အရာများကို လူတစ်ဦးက မည်မျှပိုင်ဆိုင် သနည်းဟူသောအချက်ဖြင့် တိုင်းတာလေ့ရှိကြသည်။ သို့သော် လူအတော်များများတို့က သူတို့၏ ဝင်ငွေ၊ သူတို့၏လစာတို့ဖြင့် သူတို့မည်မျှချမ်းသာကြွယ်ဝသည်ကို တိုင်းတာလေ့ရှိကြသည်။
နိုင်ငံအမျိုးမျိုး၌ လခများကို နှိုင်းယှဉ်သောအခါ ပန်းသီးနှင့် သစ်တော်သီးများကို နှိုင်းယှဉ်ရသည်နှင့် တူနေသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်နိုင်ငံစီရှိ လစာများကို ပေးချေသာ ငွေကြေး များတူညီခြင်းမရှိကြပေ။ ပြင်သစ်တို့၏ လစာ ပြင်သစ်ဖရန့်ငါးသိန်း သည် ကနေဒါတို့၏ လစာကနေဒါဒေါ်လာ တစ်သိန်းထက်ပို၍ တန်ကြေးရှိပါသလား။ ထိုသို့ တစ်ဦးစီရရှိသည့် ဝင်ငွေများကို ဘုံတိုင်းတာနိုင်သည့် အတိုင်းအတာတစ်ခုဖြင့် ပြောင်းလဲပစ်ရန် လိုအပ်သည်။
လစာများကို ပြောင်းလဲပစ်နိုင်သည့် နည်းတစ်နည်းမှာ ထို ငွေကြေးများ၏ တန်ဖိုးများကို ပထမဦးစွာ နှိုင်းယှဉ်ရန်ဖြစ်သည်။ အများအားဖြင့် နိုင်ငံခြားငွေဖလှယ်နှုန်းများကို အသုံးပြုလေ့ရှိသည်။ နိုင်ငံခြားငွေဖလှယ်နှုန်းက ငွေကြေးတစ်ခု၏ တန်ဖိုးကို အခြား ငွေကြေးတစ်ခုဖြင့် တိုင်းတာတွက်ချက်လေ့ရှိသည်။ နိုင်ငံခြားငွေ ဖလှယ်သည့်နှုန်းများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခြားငွေဈေးကွက် များက သတ်မှတ်သည်။ ဤသို့ သတ်မှတ်ချက်သည် သက်ဆိုင်ရာ နိုင်ငံ၏စီးပွါးရေးနှင့် နိုင်ငံရေးစနစ်အပေါ်၌ ဈေးကွက်ကရှုမြင်ပုံကို ရောင်ပြန်ဟပ်သည်။ နိုင်ငံခြားငွေဖလှယ်နှုန်းများသည် တိုကျိုမြို့၌ နေသူတစ်ဦး၏ ယန်းငွေဖြင့်ရသော လစာကို ဒေါ်လာအဖြစ်သို့ပြောင်းရာ၌ အသုံးပြုနိုင်သည်။ ထိုသို့ ရရှိသော ငွေဖြင့် အမေရိကန် နိုင်ငံလော့စ်အိန်ဂျလိစ်မြို့၌အမေရိကန်ဒေါ်လာဖြင့် ရရှိသည့်လစာနှင့် နှိုင်းယှဉ်ရန် အသုံးပြုနိုင်သည်။
သို့ သော် ထိုလစာများသည် မည်မျှ ဝယ်နိုင်ကြသနည်း။ နိုင်ငံတစ်ခုနှင့်တစ်ခု နေထိုင်မှုစရိတ် မတူညီကြပေ။ ထို့ကြောင့် ငွေဖလှယ်မှုနှုန်းများကို အသုံးပြုလာခြင်းကို နှိုင်းယှဉ်ရန်အတွက်ခက်ခဲသည်။ ဥပမာ မက်ဒိုနယ်ဟမ်ဘာဂါတစ်ခုသည်လည်းကောင်း၊ အခန်း(၂)ခန်းပါသည့် အိမ်တစ်အိမ်သည်လည်းကောင်း၊ လော့စ်အိန် ဂျလိစ်မှာထက် တိုကျို၌ သုံးဆမြင့်မားနေလျှင် ဂျပန်၌ လစာမြင့်မား ခြင်းကြောင့် ဂျပန်အလုပ်သမားများသည် အမေရိကန်အလုပ်သမား များထက် ချမ်းသာသည်ဟု မဆိုနိုင်ပေ။
ထို့ကြောင့် နိုင်ငံတစ်ခုစီ၌ ထိုလခများက မည်မျှဝယ်ယူနိုင် သည်ကို ကြည့်ရှုရန်အရေးကြီးသည်။ လခတစ်ခု၏ ဝယ်နိုင်စွမ်းအား (Purchasing Power)က ထိုငွေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ မည်မျှများများဝယ်နိုင်သည်ကို ပြသည်။ ကုန်စည်နှင့် ဝန်ဆောင်မှု တစ်ခု၏ စရိတ်များကို နှိုင်းယှဉ်ခြင်းအားဖြင့် ဥပမာ အိုးအိမ်၊ ဆံပင်ညှပ်ခ၊ အစားအသောက်၊ ရုပ်ရှင်လက်မှတ် စသည်တို့ ပါဝင်သော ထွက်ကုန်များကို ခြင်းတောင်းတစ်ခုတွင် စုစည်းထည့်သွင်း၍ ၎င်းတို့၏ စရိတ်ကို တိုင်းတာခြင်းအားဖြင့် ပိုမိုအားကိုးနိုင်လောက်သော နိုင်ငံခြားငွေဖလှယ်နှုန်းကိုရသည်။ ထိုနှုန်းကို ဝယ်နိုင်စွမ်းအား အရ တိုင်းတာသော ဖလှယ်နှုန်း(PPP-Purchasing Power Parity) ဟု ခေါ်သည်။
အမှန်တကယ်နိုင်ငံခြားငွေဖလှယ်နှုန်း PPPကို နိုင်ငံတစ်ခုနှင့် နိုင်ငံတစ်ခုရှိ လစာများ၏ အမှန်တန်ဖိုး သို့မဟုတ် အမှန် ဝယ်နိုင်စွမ်းအား နှိုင်းယှဉ်ရန် အသုံးပြုနိုင်သည်။ နိုင်ငံတစ်ခုရှိ နိုင်ငံသားက အခြားနိုင်ငံသားတစ်ဦးထက် ပိုမိုပိုင်ဆိုင်ခြင်း၊ ဝင်ငွေပိုရခြင်းကြောင့် သမားရိုးကျ နိုင်ငံခြားငွေဖလှယ်နှုန်းဖြင့် တွက်လျှင် ပိုမိုချမ်းသာသည်ဟု ပြောနိုင်သော်လည်း ရေရှည်၌ ထိုဥစ္စာဓနဖြင့် ထိုပုဂ္ဂိုလ် ဘာလုပ်နိုင်သည်က အရေးကြီးသည်။