ခင်မောင်ညို(ဘောဂဗေဒ) - ကပ်ကျော်စီးပွါးရေး
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအကုန်၌၊ အမေရိကန် ဘဏ္ဍာရေးစနစ် ပြိုကွဲသော သတင်းတွေကို စကြားရသည်။ မူလက၊ ဘဏ္ဍာရေးအကြပ်အတည်းဟု ခေါ်ဝေါ်ရာမှ၊ အခြားကဏ္ဍတွေကိုပါ၊ ဆက်လက်ထိခိုက်သောအခါ၊ စီးပွားရေး အကြပ်အတည်းဟု ခေါ်ဝေါ်လာသည်။ အလုပ်အကိုင်တွေပြုတ်ကုန်ကြသောအခါ၊ အလုပ်ကိုင်အကြပ်အတည်း ဖြစ်သွားသည်။ အမေရိကန်နိုင်ငံမှာသာမက၊ ကမ္ဘာအနှံ့ ပြန့်သွားသောအခါ၊ ကမ္ဘာ့စီးပွားရေးအကြပ်အတည်း ဖြစ်သွားတော့သည်။
၁၉၉၆ ခုနှစ်မေလတွင်၊ အမေရိကန်ဘဏ္ဍာရေးဈေးကွက်ကို လေ့လာရန် ဟူသော ရည်ရွယ်ချက်ဖြင့် တစ်လတာခရီးသွားရခဲ့စဉ်က၊ ဤမျှစိတ်ဝင်စားစရာ မကောင်းလှပါ။ သို့သော် ၂၀၀၈ ခုနှစ် အောက်တိုဘာလ၌ နယူးယောက်က၊ ဝေါလ် စထရိလမ်းမကို ခြေချသည့်အချိန်၌ စီးပွားရေးအကြပ်အတည်းက သိသိသာသာ အစွမ်းပြနေပြီ။ ထိုအချိန်မှစ၍၊ ကိုယ်တွေ့ စာတွေ့၊ စီးပွားရေးကပ်နှင့် ပတ်သက်သောဆောင်းပါးတွေကိုရေးပါသည်။ နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သော အခါ၊ စီးပွားရေးအကြပ်အတည်းအကြောင်း၊ အတန်အသင့် နိုးနိုးကြားကြား ပြင်ပြင် ဆင်ဆင်ရှိနေကြသည်ကို တွေ့ရသည်။ ကိုယ်တိုင်လည်း ကုန်သည်အသင်းအဖွဲ့များ၊ သင်တန်းများ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ၊ အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များတွင်၊ ရန်ကုန်-မန္တလေး - နေပြည်တော် (ပျဉ်းမနား) မြို့များ၌ ဟောပြောပွဲ ဆွေးနွေးပွဲတွေ လုပ်ခဲ့သည်။
၂၀၀၉ ခုနှစ် မတ်လဆန်းတွင် တိုက်တိုက်ဆိုင်ဆိုင်၊ တစ်ခေါက် ပြန် ရောက်သွားရာ၊ ယခင်အခေါက် ကွန်ပျူတာဝယ်ခဲ့ဖူးသောဆိုင်ပင် မရှိတော့လောက်အောင်၊ အပြောင်းအလဲကမြန်လှသည်။ အမေရိကန်နိုင်ငံရောက် မြန်မာဝန်ထမ်း အတော်များများအတွက်၊ ကရုဏာများရသကဲ့သို့၊ ဟန်မပျက်နေနိုင်သူများအတွက် လည်း မုဒိတာပွားရပြန်သည်။
ယခင်အခေါက်ကရောက်ခဲ့သော လော့စ်အိန်ဂျလိစ်ကို ယခုအခေါက် ထပ်မရောက်။ ထိုစဉ်ကလည်း၊ ဟောလီးဝုဒ်တွင် စီးပွားရေးအကြပ်အတည်းဒဏ် စခံနေရပြီဟု ယူနီဗာဆယ်လ် စတူဒီယိုကိုသွားလည်စဉ်ကတည်းက သိခဲ့ရသည်။ ယခုတစ်ခေါက်တွင်စတင်ဝင်လိုက်သောဆန်ဖရန်စစ္စကို၊ ထို့နောက် ဆွေးနွေးပွဲ တက်သည့် ဟိုတယ်အသွားအပြန်တွေ့ရသော၊ ချီကာဂို အငှားယာဉ်မောင်းတွေ၏ အတွေ့အကြုံတွေအရ၊ အကြပ်အတည်းကို ကြားသိနေရသည်။ နေ့စဉ် အင်တာ နက်မှာ ဖတ်ရသော သတင်းတွေ၊ ပုံနှိပ်သတင်းစာတွေမှာလည်း အကြပ်အတည်း အကြောင်းတွေက အပြည့်။
ယခုနောက်ဆုံးအခေါက်တွင်၊ အကြပ်အတည်းအကြောင်းသာမက၊ အကြပ်အတည်းကို ရင်ဆိုင်ပုံတွေ၊ ဖြေရှင်းပုံတွေ၊ ဆွေးနွေးချက်တွေကိုပါ စုဆောင်း သည်။ ချီကာဂိုမှာ ဧပြီလ ( ) မှ () အထိ ပြုလုပ်သည့်၊ အာရှပညာအသင်း၏ နှစ်ပတ်လည် ဆွေးနွေးပွဲ၊ အဖွဲ့ပေါင်း (၂၅၀) အနက်၊ တဖွဲ့ သတ်သတ်၊ အာရှဒေသ အပေါ် ဂယက်ရိုက်ခတ်မှုကို တက်တက်ကြွကြွ ဝိုင်းဖွဲ့ ဆွေးနွေးကြသေးသည်။
နယူးယောက်၊ ဝါရှင်တန်ရောက်တော့လည်း တချို့ မိတ်ဆွေတွေက၊ အလုပ်မရှိတော့။ ထုံးစံအတိုင်း ရတတ်သမျှ၊ သယ်နိုင်သမျှ စာအုပ်တွေလိုက်စု၊ လိုက်ဝယ်တော့၊ ကိုယ်ကောက်ကိုင်မိသော စာအုပ်အတော်များများကို၊ လိုက်ဝယ် ပေးကာ လက်ဆောင်ပေးသူတွေကိုလည်း အားနာစွာ၊ ကျေးဇူးတင်ရသည်။
စီးပွားရေးအကြပ်အတည်း၊ စီးပွားရေးကပ်ဟူသော ဝေါဟာရကို စကြား ရစဉ်ကပင်၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုကျော်လွှားနိုင်မလဲဟူသော မေးခွန်း ကို အမြဲမေးဖြစ် စပ်စုဖြစ်သည်။ သိရှိလေ့လာမှုသမျှ၊ ဖတ်ရှုမိသမျှကို လက်လှမ်းမီ သလောက် ဟောပြောဖြစ်၊ ရေးသားဖြစ်သည်။
ယခု ကပ်ကျော်စီးပွားရေးစာအုပ်သည် အမေရိကန်နိုင်ငံတွင်၊ ဘဏ္ဍာရေး အကြပ်အတည်းဖြစ်ချိန်၊ မုန်တိုင်း၏ဗဟို အလယ်တည့်တည့်တွင် ရောက်ရှိချိန်နှင့်နောက်ခြောက်လခန့်အတွင်း၊ ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့သော ကာလ (၂) ခုတို့၏ လက်တွေ့ ၊ စာတွေ့ အတွေ့အကြုံများမှ ပေါ်ထွက်လာသော ရလဒ်များဖြစ်ပါသည်။ မူဝါဒချမှတ်သူများ၊ လုပ်ငန်းရှင်များ၊ သင်တန်းသားများအတွက်၊ တစ်စုံတစ်ရာ အကျိုးပြုကောင်းပါရဲ့ ဟု မျှော်လင့်မိပါသည်။
ဤစာအုပ်ထုတ်ဝေရန် စီစဉ်နေစဉ်အတွင်း ထပ်မံရေးသားသော ဆောင်းပါးများကို၊ ဒုတိယတွဲတွင်၊လျှက်လက်ဖတ်ရှုပါရန် မေတ္တာရပ်ခံလိုပါသည်။
ခင်မောင်ညို (ဘောဂဗေဒ)
ကပ်ကျော်ကြသူများ
၂၀၀၈ ခုနှစ်မကုန်မီ ဒီနှစ်အတွက် နောက်ဆုံးကျင်းပမယ့် ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ပုဇွန်လုပ်ငန်းရှင်များ အသင်းရဲ့ နှစ်ပတ်တစ်ကြိမ် ဆွေးနွေး ဟောပြောပွဲကို တာဝန်ယူ ဟောပြောရ ပြန်ပါတယ်။ “ကပ်ကျော်စီးပွားရေး လုပ်ငန်း အကြောင်းပါ။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ စာအုပ် စာတမ်းတွေကို အမြဲတမ်း ဂရုစိုက်ဖတ်တယ်။ မြန်မာနိုင်ငံမှာ ရန်ကုန် မှာလုပ်တဲ့ ဟောပြောပွဲတွေအားလုံးလောက် လိုက်ပြီးနားထောင်တယ်။ နား ထောင်ရင်းနဲ့ လိုအပ်ချက်တစ်ခုကို သွားတွေ့တယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်း အကြောင်းတော့ သိရပါပြီ။ အဲဒီ အကျပ်အတည်းကို မြန်မာလုပ်ငန်း တစ်ခုအနေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်း သွားရမလဲဆိုတာ သိရှိဖို့လိုတယ်လို့ ယူဆမိတဲ့အတွက် လက်လှမ်းမီသလောက် ရှာဖွေစုဆောင်းပြီး တင်ပြဖြစ်တာပါ။
တကယ်တော့ အင်္ဂလိပ်လို စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း (Recession) 8:93:69:mj208:: (Depression) ožams savusoom sanje အတည်း (Crisis) လို့ “ကပ်”လို့ ခေါ်ကြတာပါ။ မြန်မာမှာတော့ ကပ် (၃) ပါးလို့ပဲ သတ်မှတ်ထားပြီး စစ်မက်ကြောင့် လူတွေ သေကျေပျက်စီးမှု (သတ္တန္တရ ကပ်)၊ လူအများအပြားငတ် မွတ်ခေါင်းပါးမှု(ဒုမ္ဘိက္ခန္တရကပ်)၊ ရောဂါ ဖြစ်ပွား သေပျောက်မှု (ရောဂန္တရကပ်) တွေကိုသာ ကပ်-လို့ ခေါ်ပါတယ်။ ဒါကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးတာကို ကပ်လို့ မခေါ်နိုင်သလို၊ ၁၉၃၀ ပြည့်လွန် နှစ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ စီးပွားပျက်ကပ်မျိုးလည်းမဟုတ်လို့ ကပ်လွတ်ပြီး ကပ်ကျော်ပြီးသား ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့ အချိန်မှာ ဘာတွေလုပ်ကြသလဲ၊ ဘာတွေလုပ်မလဲလို့ စဉ်းစားရတော့ ပထမဦးဆုံး - ကိုယ့်ဖောက်သည်တွေ၊ ကိုယ့်ရဲ့ စားသုံးသူတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲဆိုတာကစပြီး စဉ်းစားရပါတယ်။ ကိုယ်တစ်ယောက်တည်း ကိုယ့်လုပ်ငန်းတစ်ခုတည်း ကိုယ်လွတ်ရုန်းဖို့မဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းရှင်သန်ဖို့ တခြားလူတွေ လုပ်ငန်း တွေကို ချနင်းရတာမျိုးလည်း မဟုတ်ပါဘူး။ ရေတိုအတွက်သာ စဉ်းစားပြီး ရေရှည်ထည့်မတွက်ရတဲ့ ကိစ္စမျိုးလည်းမဖြစ်ပါဘူး။ ကိုယ့်ဖောက်သည်တွေ၊ လုပ်ငန်းတွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကိုကြည့်ပြီး အဲဒီလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့၊ ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုသစ်တွေကို ဈေးကွက် အခြေအနေသစ်အတွက် တီထွင်ကြံဆဖန်တီးပေးဖို့ တာဝန်တွေ ရှိပါတယ်။
တစ်နည်းပြောရရင်တော့ စားသုံးသူတွေ၊ လုပ်ဖော်ကိုင်ဖက် လုပ်ငန်း တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတာ၊ သူတို့ကိုကာကွယ်စောင့်ရှောက် တာဟာ ကိုယ့်လုပ်ငန်းကို ကာကွယ်စောင့်ရှောက်ရာလည်း ရောက်ပါတယ်။ အဲသလိုပဲ၊ ကိုယ့်လုပ်ငန်းကို ကာကွယ် စောင့်ရှောက်တာဟာလည်း ကိုယ့် လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့သူတွေ၊ စားသုံးသူတွေနဲ့ လုပ်ငန်းတွေကိုကာကွယ် စောင့်ရှောက်ရာလည်း ရောက်ပါတယ်။
အခက်အခဲနဲ့ တွေ့ချိန်မှာ၊ ကိုယ့် လုပ်ငန်းအရောင်းတက်အောင် ဘယ်လိုလုပ်မလဲ၊ လိုအပ်တဲ့ အသုံးစရိတ်တွေ၊ အလေအလွင့်တွေ ဘယ်လိုလျော့နည်းအောင် လုပ်မလဲဆိုတာတွေ စဉ်းစားကြပါတယ်။ ဒါပေမဲ့ ခါတိုင်း စီးပွားရေးလုပ်ငန်း အစီအစဉ်တွေ ရေးဆွဲရာမှာ အမြဲတမ်း စဉ်းစားလေ့ရှိတဲ့ ပြိုင်ဘက်လုပ်ငန်းတွေကို ဒီနေရာမှာတော့ ထည့်မစဉ်းစားတာတွေ့ရတယ်။
ဆိုလိုတာက ကိုယ့်လုပ်ငန်း ရှင်သန်နိုင်အောင်၊ ရပ်တည်နိုင်အောင်၊ကြိုးစားနေတဲ့အချိန်မှာ ကိုယ်လုပ်စရာ ရှိတာသာလုပ်၊ ဘေးလုပ်ငန်းတွေ၊ ပြိုင်ဘက်လုပ်ငန်းတွေကို လိုက်ကြည့် မနေနဲ့ ထည့်မတွက်နေနဲ့ဆိုတဲ့သဘော ပေါ့။ ဒီနေရာမှာ ဆရာတော် အရှင် ဆေကိန္ဒရဲ့ဘေးမကြည့်နဲ့၊ ဘေးကြည့်ရင် ဘေးတွေ့မယ်” ဆိုတဲ့ အဆုံးအမကို ပြေးပြီး သတိရမိပါတယ်။
အခက်အခဲကို ရင်ဆိုင်ကြရာမှာ နိုင်ငံအဆင့်၊ လုပ်ငန်းစုအဆင့်၊ လုပ်ငန်း အဆင့်ရယ်လို့အဆင့်ဆင့်ရှိရာမှာ နိုင်ငံ အဆင့်ကလုပ်ဆောင်စရာ ရှိတာလည်းလုပ်၊ လုပ်ငန်းစုအဆင့်ကတတ်နိုင်သလောက် ဖြေရှင်းရသလို လုပ်ငန်းအဆင့်မှာလည်း လုပ်ဆောင်နိုင်တာတွေ၊ လုပ်ဆောင်စရာတွေ ရှိနေ သေးတယ်လို့ တွက်ဆရပါတယ်။ အထူးသဖြင့် လုပ်ငန်းအဆင့်က ဥစ္စာရင်လိုဥစ္စာရင်ခဲ လုပ်ဆောင်နိုင်တယ်လို့ နားလည်ရပါတယ်။
တိုးတက်မှုတစ်ရပ်အနေနဲ့ကတော့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့ အဆင့်တိုင်း အဆင့်တိုင်းက စိတ်ပါဝင်စားမှု၊ စီစဉ်မှု၊ ဆောင်ရွက် လုပ်ကိုင်မှုတွေ တိုးပွားလာနေတာပါပဲ။ တောင်ကျော်ပြီ၊ ကပ်ကျော်ပြီလို့ စိတ်ချလက်ချနေလို့ရတဲ့ အချိန်အထိ ကံအား၊ ဉာဏ်အား၊ ဝီရိယအားတွေ သုံးကြမယ်ဆိုရင် အာရှစီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့သလို နာဂစ် မုန်တိုင်းဒဏ်ကို ကျော်လွှားနိုင်ခဲ့သလို အခုလည်း ကျော်လွှားနိုင်ကြဦး မှာပါ။ ဒီကြားထဲမှာတော့ မမေ့မလျော့ မပေါ့မဆ၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေကြရဦးမှာပါ။
ကပ်ကျော် စီးပွားရေးလုပ်ငန်း ( ၁ )
ခင်မောင်ညို (ဘောဂဗေဒ)
စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့်အချိန်များ၌ ရှင်သန်ရေးသည်၊ စီးပွားရေးလုပ်ငန်းများ အတွက်ရော၊ စားသုံးသူများ အတွက်ပါ အလွန်ခက်ခဲ သည့် အလုပ်ဖြစ်သည်။ စီးပွားရေး အခက်အခဲနှင့် ကြုံတွေ့ရသည့်အခါ မိမိ၏ စီးပွားရေးလုပ်ငန်းများသည် အတိတ်က မကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုအသစ် များ၊ အခက်အခဲများကို ရင်ဆိုင်ရသည်။ ယခင်က အမြတ်ထွက်ခဲ့သောလုပ်ငန်း များ အမြတ်မထွက်နိုင်တော့။
စီးပွားရေးလုပ်ငန်းများအားလုံးသည် အတက်အကျသံသရာကို ရင်ဆိုင်ကြရသည်။ စီးပွားရေးကောင်းသည့်အခါ ကောင်းမည်။ ဆိုးသည့်အခါ ဆိုးမည်။ ဘယ်အချိန်ဖြစ်မည်၊ ဘယ်လောက် ကြာမြင့်မည်၊ ဘယ်လို မကြာခဏမည်ဆိုသည်ကိုသာ မသိရှိခြင်းဖြစ်သည်။ မိမိ၏ စီးပွားရေးလုပ်ငန်းကို မည်မျှ ထိခိုက်မည်၊ မည်မျှကြာကြာဒုက္ခခံရမည် ဆိုသည်မှာ မိမိလုပ်ငန်း၏ သဘာဝ၊ မိမိ၏ ဈေးကွက်၊ မိမိလုပ်ငန်း၏ အပြောင်းအလဲလုပ်နိုင်စွမ်း၊ အခက်အခဲကို ကျော်လွန်နိုင်စွမ်းတို့အပေါ်တွင် မူတည်သည်။
မိမိ၏စီးပွားရေးလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည့် အချိန်သည် အချိန်ကောင်း-ခေတ်ကောင်း ဖြစ်နေနိုင်သည်။ စီးပွားရေးအဆောက်အအုံ၏ အခြေအနေကလည်း ကောင်းနေနိုင်သည်။ ထို့ကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးချိန်၊ စီးပွားရေး အခက်အခဲနှင့် ကြုံတွေ့နေရချိန်တွင် မည်သို့လုပ်ရမည် ကို စဉ်းစားထားမိကောင်းမှထားမိမည်။ ယခု- အရောင်းတွေ၊ အသားတင်ဝင်ငွေတွေ၊ အမြတ်တွေ ကျကုန်ပြီ။ စီးပွားရေးအဆောက်အအုံ၏ အခြေအနေက မည်သို့ပင် ရှိနေပါစေ၊ မိမိ၏ စီးပွားရေးလုပ်ငန်း ကိုယ်နှိုက်က တိုးတက်မှု နှေးကွေးသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ။
အကောင်းဘက်ကကြည့်လျှင် “ဆင်းရဲလေလေ-သံဝေရရ” ဆိုသကဲ့ သို့ ကိုယ့်လုပ်ငန်းကို ပြန်လည်သုံးသပ်ရန် အခွင့်ကောင်း-အခါကောင်း ဖြစ်သည်။ ကိုယ့်လုပ်ငန်း ဘာတွေလုပ်ခဲ့၊ ဘာတွေဖြစ်ခဲ့၊ ဘာတွေရခဲ့သည်။ ဘယ်နေရာရောက်အောင် သွားချင်သည်၊ ကိုယ့်ရည်မှန်းချက်တွေရအောင်၊ ဘယ်လိုလုပ်ရမည်ကို စဉ်းစားရမည့်အချိန် ဖြစ်သည်။
မည်သည့် အကြောင်းကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးရသည် ဖြစ်စေ ကိုယ့်စီးပွားရေးလုပ်ငန်းကို တွန်းအားပေးရန် အတွက်၊ ကိုယ့်လုပ်ငန်း ဆက်လက်ရှင်သန်ရန်အတွက်၊ လုပ်ငန်းစဉ် (၇) ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရမည်။
၁။ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း။
၂။ အစီအစဉ်တစ်ခု ချမှတ်ရေးဆွဲခြင်း။
၃။ အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။
၄။ ရလဒ်များကိုစောင့်ကြည့်ခြင်း။
၅။ ညှိနှိုင်းပြုပြင်မှုများပြုလုပ်ခြင်း။
၆။ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများမှ သင်ခန်းစာများရယူခြင်း။
၇။ အောင်မြင်မှုအသီးအပွင့်များကို ရယူခံစားခြင်း တို့ဖြစ်သည်။
မိမိ၏ စီးပွားရေးလုပ်ငန်းကို စီးပွားရေးနှေးကွေးမှုနှင့် ရင်ဆိုင်ရန် ပြင်နေစဉ် မိမိ၏လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားသင့်သည်။ အထောက်အထားတွေ စုဆောင်းထားသင့်သည်။ နောင်အရေးကြုံလျှင်၊ ပြန်လည်အားကိုးအားထားပြုနိုင်မည်။ ကိုယ် ဘာတွေ မှန်ခဲ့၊ မှားခဲ့သည်ကို ဆင်ခြင်နိုင်မည်။ ခေတ်ကောင်းနှင့် ပြန်ကြုံလျှင် ပို၍ကောင်းမွန်အောင် ဆောင် ရွက်နိုင်မည့် နည်းလမ်းတွေ၊ အကြံကောင်း၊ ဉာဏ်ကောင်းတွေကိုလည်း ရစေနိုင်သည်။