Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - သရဖူ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

(၁)

          လင် အဝေးသို့ သွားနေချိန်မှ ကိုယ်ဝန်ရှိရမည်ဆိုသည်မှာ အတော် ခက်သည့်အလုပ်ပင် ဖြစ်လေသည်။

          “တခြားနည်းလမ်းကို စဉ်းစားကြပါဦး” ဟု အေးကဆို၏။ အေး၏ ယောက္ခမသည် တခြားနည်းလမ်းကို စဉ်းစား၍ ရဟန်မတူပေ။ အဘွားကြီး သည် မဖြစ်စဖူး ဒီတစ်ခါ ချွေးသီးချွေးပေါက်များ ကျ၍နေပေသည်။

          ကျရပေမည်။ အလှည့်ဆိုတာ ရှိဦးမှပေါ့။ အစဉ်ပဲ သာတောင့်သာယာ နှင့် ပျော်ပျော်ကြီးနေခဲ့သောအဘွားကြီးသည် ဒီတစ်ခါ ချွေးသီးချွေးပေါက် ကျသင့်ပေသည်။ အေးမှာလည်း ချွေးပေါက်မကျပေမဲ့ အသက်ရှူရတော့ ကျပ်ပေသည်။

          “မောင်စိုးအောင် မသွားခင်ကတည်းက ကလေးရှိနေရစ်တယ်လို့ ပြန်လာရင် ပြောတာပေါ့”          

          “ဟင် ..”

          အေးသည် တစ်ချက်တည်း အော်၍ပစ်လိုက်ချင်သည်။ ဒါပေမဲ့ ယောက္ခမဆိုသည်မှာလည်း ရိုသေရဦးမည် မဟုတ်ပါလား။

          “ဖြစ်နိုင်ပါ့မလား မေမေ .. သူသွားတာကြာလည်းကြာပြီ၊ ပြီးတော့ မသွားခင်ကလည်း အေးမှာကလေးမရှိဘူးဆိုတာသူ သိသွားတယ်”

          “အို .. သမီးရယ်၊ ယောက်ျားတွေဟာ ဒီနေရာမှာ လှည့်လို့ လွယ် ပါတယ်”

          အေးရင်ထဲတွင် ဘုရား တလိုက်မိ၏။ သက်ကြီးရွယ်ထောက် ဆံပင် ဖြူတွေပင် ပေါက်လောက်နေသော ယောက္ခမကြီးကလင်လှိမ့်နည်းတွေ သင်နေပြန်လေသည်။ သူ့တစ်သက်တာတွင် ဘယ်လောက်များ အဘိုးကြီး ကို လှိမ့်လာခဲ့ပြီ မသိပေ။

          “အေးက သာအေးရဲ့ကလေးအဖြစ် တာဝန်မယူဘူးဆိုရင် ရိုစီ တစ် ယောက် ဒီကလေးကိုဖျက်ချမှာပဲ”

          “ဘာ.... ဘာ... ဒီလိုတော့ မလုပ်ပါနဲ့လေ”

          အေးသည် လက်ဖျားတွေ အေး၍လာပြန်သည်။ ရိုစီ၏ ကမြင်းမှု ပယောဂကြောင့် လူ့ဘဝတွင် သန္ဓေတည်စရှိသေးသောသားငယ်မှာလူ့ ဘဝကို မရောက်ခင်က အသတ်ခံရှာတော့မည်။

          “ကိုယ် ဖြစ်ခဲ့ပြီးမှပဲ မေမေရယ် .... ရိုစီ ထင်ထင်ပေါ်ပေါ်ပဲ မွေးပါစေ၊ ဘယ်လူနဲ့ပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဖြစ်တဲ့ကလေးအဖေနဲ့ ပေးစားလိုက်ပါတော့”

          အဘွားကြီးသည် ခေါင်းကို တွင်တွင်ယမ်းနေသည်။

          “ပြောရမှာခက်တယ် အေး၊ အင်း .. ခက်တယ်”

          အဘွားကြီးသည် သူ့သမီး၏ စာရင်းရှုပ်မှုအတွက် အတော်ပင် စိတ် ဆင်းရဲဟန်ရှိသည်။

          “ရိုစီနဲ့ စေ့စပ်ထားတဲ့သူငယ်က အမေရိက,က ပြန်လာဖို့ နှစ်နှစ် လောက် လိုသေးတယ်၊ မိဘချင်းလည်း လက်ဖွဲ့ပစ္စည်းကိစ္စကအစ ပြောပြီး ဆိုပြီးပဲ၊ ဒီတော့ ဘယ်လိုနည်းနဲ့မှ အပျက်မခံနိုင်ဘူး၊ ပြီးတော့လည်း ခက် တာက ရိုစီကိုယ်တိုင် သူ ဘယ်သူနဲ့ဖြစ်ခဲ့တယ်လို့ကို မသိဘူး”

          “ဟင် .... သေလိုက်ပါတော့ ရိုစီရယ်”

          “အင်း ... သေဖို့ပဲကောင်းပါတယ် အေးရယ်၊ ဒါကြောင့် သမီးကို ကူပါလို့ပြောရတာ”

          အဘွားကြီးသည် မျက်ရည်တွေရွှဲလာ၍ တရှုပ်ရှုပ်ဖြစ်နေသည်။ “ဘယ်သူနဲ့မှန်း မသိရအောင် ဘယ်လိုဖြစ်လို့လဲ”

          “ဪ .... ကပွဲမှာပေါ့ကွယ်၊ ကကြရင်း အရက်သောက်ကြရင်းနဲ့ တစ်ညတုန်းကသူ တော်တော် အမူးလွန်သွားတယ်ပြောတယ်၊ အဲဒီညက တ ယောက်ယောက်နဲ့ ဖြစ်လိုက်မှာပဲ”

          “ဟင် .. ရိုစီတစ်ယောက် အရက်သောက်တတ်မှကိုး”

          ကြောက်စရာကောင်းသည့် အဖြစ်များပါလား။ အေး တစ်ကိုယ်လုံး တွင် ကြက်သီးတဖြန်းဖြန်း ထလာသည်။

          “မောင်စိုးအောင် ပြန်လာချိန်မှာ အားလုံး အဆင်ပြေအောင် မေမေ ကြည့်လုပ်ပါ့မယ်”

          “ကိုကို ပြန်လာရင် အဖြစ်စုံကို မေမေက ပြောပြလိုက်ပေါ့”

          “မဖြစ်ဘူးသမီးရဲ့၊ အမယ်လေး သားရဲ့စိတ်ကိုသမီးကသိသားနဲ့နော်၊ ရိုစီနဲ့ကလည်း နည်းနည်းမှ စိတ်ချင်းသဘောချင်း တိုက်ဆိုင်တာမဟုတ်ဘူး၊ လက်မထပ်ခင် အကြောင်းစုံသိသွားရင် ဟို ယူမယ့်သူငယ်ကို စော်ကား ရမလား ဘာလားနဲ့ မဟားတရား သွားပြောမှာ”

          အေးသည် ဘာပြန်ပြောရမည်ပင် မသိပေ။ ရိုစီ၏ ဝမ်းထဲမှကလေး ကိုလည်းသနားသည်။ ဒါလောက် ပျံလွန်းနံ့လွန်းသော ရိုစီကိုလည်း ဒဏ် ခတ်ချင်သည်။ အမှန်အတိုင်း ဒီအိမ်ကြီးတစ်အိမ်လုံးကိုက ဖရိုဖရဲနိုင်လှ လေသည်။ သူသည် ပင့်သက်ချလိုက်ရင်း ....

           “ဒီလိုဆိုတော့ အေး ဘာလုပ်ပေးရမလဲ”

           အဘွားကြီးသည် ရွှင်၍လာသည်။

          “ကျေးဇူးတင်ပါတယ် သမီးရယ်၊ အစီအစဉ်တွေကို နောက်တော့ မေမေပြောပြပါမယ်၊ ကဲ... သမီး တာဝန်ယူတဲ့အကြောင်း ရိုစီကို သွားပြော ဦးမယ်၊ သူလည်း တရှုပ်ရှုပ်ငိုနေတာပဲ”

          ယောက္ခမကြီးမှာ လက်ကိုင်ပဝါနှင့် မျက်လုံးကိုတို့၍ အခန်းပြင်သို့ ထွက်သွားတော့သည်။

          လောကကြီးတွင် လူတွေသည် ကိုယ်ကိုယ်တိုင်ပြုခဲ့သောမကောင်း မှု ဒုစရိုက်နှင့် လော်လီဖောက်ပြားမှု၏အပြစ်ဒဏ်ကို ခံကြရသောအချိန် တွင် ဘာ့ကြောင့်များ ကြောက်ရွံ့ကြပါလိမ့်။ ထိုအချိန်အခါကျမှ ဟီရိ ဩတ္တပ္ပတရားကို သတိရခြင်းမှာ ပို၍နေလေပြီ။ မလုပ်ခင်ကသာ အရှက် နှင့် အကြောက်တရားကလေးများပေါ်လိုက်ရင် ရာဇဝင်အခန်းရှုပ်တို့သည် လူ့လောကတွင် ပေါ်လာကြမည် မဟုတ်ပေ။

          အေးသည် နာမည်နဲ့လိုက်အောင် အေးအေးပျော့ပျော့လေး ဖြစ် သည်။

          သူ့ခင်ပွန်း ကိုစိုးအောင်မှာ အမြတ်တော်ကြေးဝန်ထောက်ဖြစ်၍ ဌာနဆိုင်ရာလုပ်ငန်းများတိုးတက်ရေးအတွက် လန်ဒန်တွင် ပညာသွားသင် နေခြင်းဖြစ်လေသည်။ ပြန်လာလျှင် ကိုကို့မှာရာထူးတိုးမည်တော့ အမှန်ပဲ ဖြစ်သည်။

          ဒီကြားထဲမှာမှလာ၍ ရိုစီကိစ္စက ဖြစ်လိုက်ရသေးသည်။ ယောက္ခမ၊ ယောက်မများနှင့်အတူ နေရစ်ခဲ့ရသောအေးသည် ယခုလိုမဖြစ်ခင်ကပင် နည်းနည်းမျှ စိတ်သဘောချင်း မတိုက်ဆိုင်ခဲ့ပေ။

          ဒါပေမဲ့အေးသည် ကိုကို့ကို ချစ်သည်။ ကိုကို့ကိုချစ်လျှင် သူ့မိဘများ ကိုလည်း ချစ်ရ ရိုသေရပေမည်။ မိမိနှင့်ညားခါမှ တစ်အိမ်တစ်စင်ခွဲနေဖို့ တွေ ဘာတွေကိုလည်း သွေးမဆောင်ချင်ပေ။

          အေးသည် ငိုချင်သလိုဖြစ်လာ၏။ ဖေဖေနှင့် အမေကိုသတိရလာသည်။ အမေတို့၊ ဖေဖေတို့ကလည်း ခုလောက်ဆိုလျှင် စိတ်ပြေဖို့ ကောင်းလောက်ပါပြီ။ ကစဉ့်ကရဲနှင့် ဒုစရိုက်တွေများလာသောဒီအိမ်ကြီးကဇယား ရှုပ်လာလေလေ၊ အေးချမ်းစည်းလုံးသောအမေ့အိမ်ကို သတိရမိလေလေ ဖြစ်တော့သည်။

          ယခင်ကမူ ရိုစီအဖြစ်ကဲ့သို့ ရှုပ်ပွေသောသတင်းမျိုးကို သတင်းစာ များတွင် အပျင်းပြေသဘောနှင့် ဖတ်ခဲ့ဖူးသည်။ ယခုတော့ ထိုဇာတ်ရှုပ် တွင် ကိုယ်တိုင်ဝင်၍ ကရဦးတော့မည်ဖြစ်သဖြင့် ရင်ပူလာတော့သည်။ ရင်ပူလာမှပင် အမေ၏မေတ္တာရေကြည်ကို ဆာလောင်လာတော့သည်။ တကယ်တော့ ဖန်ပြာခွက်ကယ်နဲ့ ကျောက်စက်ကျရေထက် အေးမြကြည် လင်သော မိခင်၏မေတ္တာရေကြည်မျိုးကား အေးတစ်ယောက်အဖို့ အိပ် မက်ထဲ ဇွတ်ထည့်ပြီးမက်ပါမှသာ သောက်ရတော့မည့် ဘဝပါကလား။