Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - မြင်းမိုရ်တောင်ခြေ၀ထ္ထုတိုများ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

စန်သီရာ

          ယနေ့မှာ ကျွန်မတူမလေး စန်သီရာ၏မွေးနေ့ ဖြစ်သည်။ သူသည် (၁၆) နှစ် တင်းတင်းပြည့်၍ ကြာဖြူပွင့်လို စိုပြည်၍ နူးညံ့သည်။ ထိုနေ့က ဘရိုကိတ် လုံချည်ပြာနှင့် နီလာများကို ဝတ်ထားသည်။ ဘရိုကိတ်လုံချည်ပေါ်တွင် ငွေချည်ပွင့်နွယ်ကလေးများက တလက်လက်တောက်ပနေသည်။ သူသည် သူ၏ လှပရွှန်းစိုသော မျက်လုံးပြာလေးအတွက် အမြဲဂုဏ်ယူသည်။ “စန်သီရာ သိပ်လှ တာပဲကွယ်။ သူ့မျက်လုံးပြာလေးကိုက ချစ်စရာလေး၊ စန်သီရာ ကျန်းမာပါစေ ကွယ်”ကတော်မျိုးစုံသည် စန်သီရာ၏ ချောမောလှပခြင်းအတွက် ချီးကျူးသံများ နှင့် ဆုတောင်းသံများလည်း လှိုက်၍ဝေနေသည်။

          ဟိုဘက်ခြံက ကိုကိုနိုင်လည်း မကြာခင် ရောက်လာပါသည်။ ကိုကိုနိုင် သည် လေတပ်မှ ဗိုလ်ကလေးတစ်ဦးဖြစ်သည်။ သူသည် ခဏခွင့်နှင့်လာစဉ် စန်သီရာမွေးနေ့နှင့် ဆုံသဖြင့် လာရောက်ခြင်းဖြစ်ပါသည်။ စန်သီရာ၏ဖခင်မှာ တရားဝန်ကြီး ဖြစ်သည်။

          “ဟလို...ရစ်ချတ်”ဟူသော စန်သီရာအသံကိုကြား၍ ကျွန်မ လှည့်ကြည့် လိုက်မိသည်။ စန်သီရာသည် ပြေး၍ပင်သွားကာ ကိုကိုနိုင်နောက်မှ လိုက်လာ သောလူကို နှုတ်ဆက်နေပါသည်။ သူတို့နှစ်ယောက်၏ လက်ဆွဲနှုတ်ဆက်ပုံကို ကျွန်မ အသည်းယားလှသည်။ အသက်ရှူကြပ်လှသည်။ ဒါပေမဲ့ ကျွန်မ တူမမှာ ရန်ကုန်မြို့ရှိ နာမည်ကြီး ဗိုလ်ကျောင်းတွင်နေသူဖြစ်၍ ထူးဆန်းမည်မဟုတ် ပါ။ မကြာခင် စန်သီရာသည် ရစ်ချတ်ပေးသော နှင်းဆီပန်းရောင်စုံကို ပုလဲကုံးနှင့် ချည်ထားသော ပန်းစည်းအားပွေ့၍ ရစ်ချတ်နှင့် စားပွဲတစ်ခုတွင် ထိုင်နေ ကြသည်။

          ကျွန်မသည် ကျွေးမွေးပွဲစပြီဖြစ်၍ ဘွိုင်များနှင့် အလုပ်ရှုပ်နေပါသည်။ ကိုကိုနိုင်ကိုသော်မှ ပြုံးရုံပဲ ပြုံးပြနိုင်ပါသည်။ ကျွန်မသည် ကတော်များကြားတွင် ဖြတ်သွားရာမှ

          “အဲဒီမျက်လုံးပြာမျိုးပေါ့ မင်းကတော်၊ မျက်နှာများတာ ဒီရစ်ချတ်ဆိုတဲ့ ကောင်ကလေးကိုမှ တွဲပလေ၊ မင်းကတော် သိသလား”

          “သိသားပဲ၊ သူဌေးသားလူပေါလေးပါ၊ ဒီကောင်မလေးတော့ မကြာ ပါဘူး။ နန့်ပြာပြာပါ”

          ကျွန်မမှာ ကတော်များထံမှ အတင်းပြောသံကို ကြားလျှင် ရင်ထဲမှာ နှင့်သွားသည်။ ကျွန်မ တူမ နန့်ပြာပြာဟုတ်သည်, မဟုတ်သည်ထက် သူတို့ လူစုပင် စောစောက တရားဝန်ကြီးကတော်ရှေ့တွင် စန်သီရာအလှကို စာဖွဲ့ခဲ့ သည်မဟုတ်ပါလော။ မျက်လုံးပြာလေးကိုပင် ချီးမွမ်းခဲ့ကြသေးသည်။ ဒီပတ်ဝန်း ကျင် ဒီလူတန်းစားတွေမှာ ဒီလိုပဲ ဖြစ်ကြမည်ပင်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အတင်းပြောသည်ထက် ဟန်ဆောင်မှုများ ပြည့်နေသည့် ဒီလူတန်းစားတွေကို ရွံသွားပါသည်။ အမှန်တော့ကာ ကျွန်မက ရွံ့၍အော့နေဦးတော့ သူတို့ ဂရုစိုက် ကြမည် မဟုတ်ပါ။ ကျွန်မကလည်း ဂရုစိုက်ခံရလောက်သူ တစ်ယောက်မဟုတ်။ ကျွန်မမှာ တရားဝန်ကြီး ဦးမောင်ကြီး၏ နှမအငယ်ဆုံးပင် ဖြစ်လင့်ကစား ကျွန်မကို လူသိနည်းလှပါသည်။ ကျွန်မ အဖို့လည်း မိဘမရှိသည့်နောက် မောင့်အရိပ်ကို ခိုလှုံရချိန်တွင် နောက်ဖေးချောင် စခန်းမှလွဲ၍ ကျွန်မသည် ဘာမျှ စွက်ဖက်ပိုင်ခွင့် မရှိပါ။ ဒါကြောင့်လည်း ဒီပတ်ဝန်းကျင်က ကျွန်မကို မေ့ထားပါသည်။ ဒါပေမဲ့ ကိုကိုနိုင်ကမူ ကျွန်မကို လေးစားစွာနှင့် အသိအမှတ် ပြုရုံမက လွန်ခဲ့သော နှစ်နှစ်ကပင် ကျွန်မ ကိုကိုနိုင်နှင့် ချစ်ခဲ့ပါသည်။

          ကျွန်မသည် စန်သီရာအတွက် စိတ်ထဲတွင် မကောင်းလှပါ။ “ပြောရက် လေခြင်း”ဟူသော မခံချင်စိတ်က ရင်ထဲမှာ ခုန်နေသည်။ ကိုကိုနိုင်အနားကို ရောက်နေစဉ်တောင်မှ ကျွန်မ ဣန္ဒြေဆယ်၍ မရသေးပါ။

          ပြင်ပတွင်နေရောင် မရှိတော့ပေမဲ့ ကျွန်မတို့ တစ်အိမ်လုံး ရောင်စုံမီးပွင့် များနှင့် ထိန်နေပါသည်။ ရောင်စုံတောက်နေသော ပရိသတ်တွေလည်း တဖြည်း ဖြည်း ပြန်ကုန်ကြသည်။ မီးပွင့်လေးများလည်း ငြိမ်းကုန်ကြပြီ။ အားလုံးသိမ်းဆည်းပြီး၍ ကျွန်မအိပ်ခန်းသို့ ကျွန်မဝင်ခဲ့သည်။ အဝတ်သစ်များကိုလဲရင်း ကျွန်မ စိတ်ပျက်နေသည်။ ကျွန်မရင်ထဲတွင် မတင်မကျဖြစ်နေသည်။ စန်သီရာ အတွက် စိုးရိမ်စိတ်မှာ တကယ်ပဲ ရင်ထဲတွင် ကျပ်နေသည်။ ရစ်ချတ်ဟာ ဘယ်လို လူတန်းစားလဲ။ သူတို့တွဲကြသည်မှာ သူငယ်ချင်းလိုလား ကျွန်မ ခေါင်းရှုပ်သွားပါသည်။ စန်သီရာ နက်ဖြန်ကျောင်းသို့ပြန်တော့မည်ဖြစ်သဖြင့် စိတ်အနည်းငယ် သက်သာသွားပါသည်။

          ကျွန်မသည် ပြတင်းများကိုဖွင့်၍ အိပ်ရာပေါ်တွင် လှဲလိုက်သည်။ ကျွန်မ ဒီအကြောင်းများကို စန်သီရာမိခင် ဒေါ်မေမေခင်အား ပြောသင့် မပြောသင့် စဉ်းစားနေမိသည်။ စန်သီရာကျောင်းသို့ ပြန်သွားပါသည်။ ကျောင်းမှာ ရန်ကုန်ထဲတွင်ရှိပေမယ့် ကျောင်းအိပ်ကျောင်းစား ပို့ထားပါသည်။ ကျွန်မတို့က အင်းစိန်မှာ နေပါသည်။

          ကျွန်မယောက်မ မေ (ခေါ်) ဒေါ်မေမေခင်မှာ ကောင်းမွန်စွာ နေမကောင်း လှပါ။ စန်သီရာ ကျောင်းပြန်သွားမှပင် အပြင်မထွက်တော့ဘဲ အိပ်ခန်းထဲတွင် ဝင်နေတတ်သည်။ သူ့ရောဂါမှာ နှလုံးရောဂါဖြစ်၍ စန်သီရာနှင့် ပတ်သက်သော စိတ်မကောင်းစရာများကို သူ့အား မပြောပြပါ။

          တစ်ခါတစ်ရံ မေသည် မျက်မှန်တပ်၍ ကတ္တီပါနက်ပေါ်မှ စိန်လုံးလေး များကို ရွေးချယ်နေသည်။ စန်သီရာသည် သူကိုယ်တိုင် ရွေးချယ်သော ကျောက် မျက်ရတနာများကိုမှ ကြိုက်တတ်ကြောင်းကိုလည်း ပြုံးပြုံးပြုံးပြုံးနှင့် ကျွန်မအား ပြောပြတတ်ပါသည်။

          တစ်နေ့တွင်လည်း ပုလဲများကို ရွေးနေစဉ်ပင်

          “မသက်ဖြူ စန်သီရာဆီကို ကမ္ဘာကျော် အမျိုးသမီးများဆိုတဲ့ စာအုပ် တွေ ပို့ပြီးပလား”ဟု မေးရာ၊ ကျွန်မက ပို့ပြီးကြောင်း ပြောပြပါသည်။

          “စန်သီရာဟာ အဖြူနဲ့မေတို့က သူ့ကိုဘယ်လောက် အလိုလိုက်တယ်၊ ဘယ်လောက် ချစ်တယ်ဆိုတာ သိပါတယ်နော်။ အေးလေ သမီးလေးက သိမှာ ပါပဲ။ ဒီလို အလို လိုက်တာလည်း သူကြိုးစားအောင်လို့ပါ။ အနည်းဆုံး တရားဝန်ကြီး သမီးဟာ ဝတ်လုံတစ်ယောက်ဖြစ်ရင် ကျေနပ်တာပါ”ကျွန်မမှာ မေ့စကားကို ခပ်မဆိတ်ပင် နားထောင်နေပါသည်။

          အားလပ်ချိန်တွင် ပုလဲလုံးလေးများကိုပဲ ရွေးနေတတ်ပါသည်။ အမှန်တော့ မေ့မှာ မျက်စိရောဂါကြောင့် စာပင်ကြာရှည်စွာ ဖတ်ခွင့်မရသော်လည်း သူ့သမီးလေးအတွက်၊ ကျောက်မျက်ရတနာများကိုမှ ဘယ်ဆရာဝန်က တားမြစ်တားမြစ် သူကိုယ်တိုင်ပဲ ရွေးချယ်တတ်ပါသည်။

          စန်သီရာတို့ ဖခင်မှာ ပင်စင်ယူကတည်းက စာဖတ်ခန်းတွင်သာ အချိန် ကုန်တတ်ပါသည်။

          ကျွန်မသည် ယနေ့ည ကိုကိုနိုင်နှင့် တွေ့စရာ ရှိပါသည်။ ကိုကိုနိုင်လည်း နက်ဖြန်ကို မင်္ဂလာဒုံသို့ ပြန်တော့မည်။ ကိုကိုနိုင် ရှိရာသို့ ကျွန်မထွက်လာ ခဲ့သည်။

          သော်ကရွက်နီများလည်း ခြောက်၍ မြေသို့ ကြွေနေကြသည့်မှာ ငွေရည် ယိုစိမ့်၍ ညဉ့်ဦး၏ လေကလည်း ဖြည်းညှင်းစွာ တိုက်ခတ်ရင်း အဝေးမှ ကရမက်ပန်းရနံ့များကို သယ်ယူလာသည်။

          သစ်ကိုင်းကြားမှ ငွေရောင်ဖြင့် ရောနေသော ကိုကိုနိုင်မျက်နှာကို ကျွန်မ သည်ငြိမ်သက်စွာပင် ငေးနေမိသည်။ ကိုကိုနိုင်သည် လှပသူ မဟုတ်ပေမဲ့ ခန့်ညားသူဆိုလျှင် မမှားပါ။

          “အဖြူ ရှေ့နှစ် ဆောင်းဦးပေါက်ရင် ကိုကိုနိုင်တို့ လက်ထပ်ရအောင် နော်၊ အဲဒီအချိန်လောက်ဆိုရင် ရာထူးလည်း တက်ရော သဘောကျလား”

          အမှန်တော့ ကျွန်မအဖို့ အလွန်ပဲ ဝမ်းသာမိပါသည်။ ကျွန်မသည် အိမ်တစ်ဆောင် မီးတပြောင်နှင့် အိမ်ရှင်မ ဖြစ်ရမည်ထက် သူများလက်အောက်မှ လွတ်မြောက်ကာ ကိုယ့်ချစ်သူနှင့် တစ်အိုးတစ်အိမ် နေရမည်ကို ပို၍ ဝမ်းသာ ပါသည်။