ခင်နှင်းယု - ဘုရင်ခံမလိုချင်ပေါင်
( ၁ )
“မေမေ ... ဒီနေ့ငါးပတ်ဝယ်လို့ ရခဲ့တယ်၊ ဒီမှာ ဈေးခြင်း၊ ငါးပတ်တောင် တစ်ဆယ်ဈေးတဲ့ မေမေရယ်၊ ခေါင်းပါ ထည့်ချိန်တာ ငါးပတ် သား ငါးဆယ်သားမှာ ခေါင်းက တစ်ဆယ်သားလောက် ရှိတယ်။ ခေါင်းရယ်၊ အရိုးရယ် ကင်ပွန်းချဉ်ရွက်နဲ့ ချဉ်ရေချက်မယ်၊ အသားကို အကြေမွှေပေတော့ ...”
ဆရာမ မြမြစိန်သည် သူဝယ်လာသော ဈေးခြင်းတောင်းကို မိခင်လက်သို့ အပ်လိုက်၏။ ပြီးလျှင် ပန်းကန်စင်ပေါ်ရှိ သတ္တု ထမင်း ချိုင့် လေးထောင့်ပုံ သုံးခုကို ဖွင့်ကြည့်၏။ ထမင်းချိုင့်အတွင်းတွင် အမဲသားပြုတ်ကြော်နှင့် ထမင်းအပြည့်တွေ့ရသည်။ ထမင်းချိုင့်လေး များကို လက်သုတ်ပုဝါနှင့် သေသေချာချာ ချည်နှောင်လိုက်သည်။
“ဘမောင်ချိန်၊ လှမောင်ချိန်၊ သူဇာချိန်၊ လာကြစမ်း လွယ်အိတ် အဆင်သင့် ဖြစ်ပြီလား။ ကဲ ... မင်းတို့ ထမင်းချိုင့် လာယူ၊ ကျောင်း ကားလာရင် စောင့်စောင့်နေရတာ မေမေ မကြိုက်ဘူး၊ သွားတစ်ခါတည်း အိမ်ရှေ့မှာ တန်းစီစောင့်နေ၊ ကားလာလာချင်း မင်းတို့ ကားပေါ် ချက်ချင်းတက်၊ ရော့ ယူသွားစမ်း ..”
ကလေးသုံးယောက်သည် မြမြစိန် အော်ခေါ်လိုက်သော အသံကြောင့် ပြေးလာကာ သူ့ရှေ့တွင် အဆင်သင့်ရပ်နေကြသည်။ မအေဖြစ်သူလက်ထဲမှ ထမင်းချိုင့်ကလေးများကို ဆွဲယူ၍ လွယ်အိတ် ကိုယ်စီနှင့် အောက်ထပ်သို့ ပြေးဆင်းသွားကြသည်။
ဈေးခြင်းတောင်းထဲရှိ ပစ္စည်းများကို တစ်ခုစီချကာ ဟင်းချက်ရန် ပြင်နေသော မေမေသည် သူ့ကို လှမ်းကြည့်၏။
“စိန်စိန်ရယ်၊ ကလေးတွေကို စကားပြောရင် တိုးတိုးသက်သာ ပြောပါ၊ ခုနစ်သံနဲ့ မအော်ပါနဲ့ ဟိုအငယ်ကောင် နိုးသွားဦးမယ်။ မောင်သန်းချိန် နို့တိုက်နေတာ ခုမှ အိပ်သွားတယ်၊ ဒါနဲ့ မောင်သန်းချိန် ဖို့ရော ဘာပါလဲ ...”
မေမေက သူ့ထုံးစံအတိုင်း သားမက်ကို ဦးစားပေးသော သဘော နှင့်မေး၏။
“ဘာပါရမလဲ မေမေ၊ ငါးပတ်ဆီမွှေ သူကြိုက်ပါတယ်၊ ပြီး တော့ သူကြိုက်တဲ့ တညင်းသီး ဝယ်လာတယ်၊ အရေကျိုငပိနဲ့ မိုးမျှော် ငရုတ်သီးစိမ်း မွှေးမွှေးထောင်းပြီး တညင်းသီးတို့နဲ့ဆို သူ သိပ်ကြိုက် တယ်၊ တညင်းသီးတောင် ပေါ်စဆိုတော့ ဒီလက်မလောက်ကလေး တွေကို လေးလုံးတစ်မတ် ပေးရတယ်၊ တစ်ကျပ်ဖိုး ဝယ်လာတယ်။ မနက် ရှစ်လုံး ညစာရှစ်လုံး သူတို့စားပေစေပေါ့၊ မေမေလည်း ကြိုက် တယ် မဟုတ်လား၊ တို့စရာမှာ ငွေတစ်ကျပ်ဖိုး ကုန်အောင် သုံးတယ်ဆို နည်းလား..”
“ဪ ... ငါက တစ်ခါတလေ ပုစွန်ဆီပြန် သူကြိုက်တတ်လို့...”
“ကြိုက်တတ်တာတော့ သိတာပေါ့ မေမေရေ၊ တစ်နေ့က ပုစွန် ထုတ် ငါးကောင် နှစ်ကျပ်ခွဲကျတယ်၊ မေမေ ယုံလား၊ အဲဒီတော့ ပုစွန်ကို တစ်လမှာ နှစ်ခါလောက်ပဲ ကျွေးနိုင်တယ်၊ သူ့ကျွေးရင် သူ့ သားတွေက လူကဲတွေ၊ စကားတတ်တွေ၊ ဖေဖေ့ကိုပဲ ကျွေးတယ်။ ကျွန်တော့်ကိုတော့ မကျွေးဘူးနဲ့၊ မေမေ့မြေးတွေကိုပါ နေ့စဉ်လိုလို ပုစွန်ကျွေး ရရင် လဝက်နဲ့ ဗိုက်မှောက်နေရမှာ၊ သူတို့လား တစ်ယောက် နှစ်ကောင်လောက်နဲ့ ဝမှာမဟုတ်ဘူး။ ဒီတော့ တစ်လတစ်ခါလောက် စားရတော်ရောပေါ့၊ မေမေ့သားမက်ကလည်း ရှည်တော်မူပါတယ်။ ပုစွန်တစ်ပိဿာကို ခြောက်ကျပ်၊ ခုနစ်ကျပ်၊ ပေါချိန်က စားတော်မူ ပါဆို ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ ခုတစ်ဆယ်ဈေး ဖြစ်တော့မှ စားလို့ အရသာရှိတော်မူတယ် ..”
“ဟဲ့ ... ယောက်ျားဆိုတာ ဒီလိုပဲပေါ့၊ ညည်းက အော်ကျယ် အော်ကျယ် လုပ်မနေပါနဲ့ဦး၊ နှစ်ဦးတူတူ ရှာကြပေမယ့်လို့ ၊ သူ့ခမျာ မျိုမကျ ဖြစ်နေမယ်၊ ဒါနဲ့ မနက်ကအငယ်ဆုံးကောင်အတွက် ငါ နို့ ဖျော်တော့ နို့မှုန့်တစ်နေ့စာပဲ ရှိတော့တယ်နော် ညနေကျဝယ်လာခဲ့ဦး..”
“ဝယ်ခဲ့ပါ့မယ် မေမေရယ်၊ အဲဒီကောင်ကလဲ နို့ဖြတ်ခါမှ ဒီနို့ပဲ စို့ချင်တယ်၊ သမီးက မှောင်ခိုဈေး အားမပေးချင်လို့ ဟိုနေ့က နို့မှုန့်ဝေ တဲ့ ကော်မတီလူကြီးတွေ သွားတွေ့တော့ “ကလေးကို တစ်နှစ်နဲ့ခြောက်လသားအထိပဲ နို့မှုန့်ပေးတယ်၊ ခု ခင်ဗျားသား နှစ်နှစ်တောင် ရှိအောင် ကျွန်တော်တို့ ပေးလာခဲ့လို့၊ ခြောက်လတောင် လွန်လာခဲ့ပြီ” တဲ့၊ ဥပဒေနဲ့တောင် သမီးက ငြိစွန်းနေသေးတယ်၊ “
ဒါကြောင့် ခင်ဗျား ဘယ် ရုံးမှာ အလုပ်လုပ်တယ်ဆိုတာ ထောက်ခံစာ ယူလာပြီး ပြရဦး မယ်”တဲ့၊ ညနေကျ ကိုယ့်ဘာသာပဲ ဈေးထဲက ဝယ်လာခဲ့တော့မယ် မေမေ၊ ပူစူးနဲ့ မလေးရော ..”//
“အောက်ဆင်း ကစားနေကြတယ် ..”
ဒေါငြိမ်းမယ်သည် သမီးဖြစ်သူကို ဘာမျှဆက်မပြောတော့ဘဲ၊ သူ၏ မီးဖိုချောင်ကိစ္စကို စ၍လုပ်တော့သည်။ ကိုးနာရီတွင် ထမင်း အပြီးစားကာ သမီးနှင့် သားမက် အလုပ်သွားကြမည် ဖြစ်သည်။ ထွေထွေရာရာပါးစပ်က ဘာမျှမပြောပေမယ့်၊ မောင်သန်းချိန် သူကြိုက်သော ဟင်း၊ အတို့၊ ငါးပိရေကျိုများနှင့် အားပါးတရ စားတာ မြင်လျှင် ဒေါ်ငြိမ်းမယ်သည် စိတ်ချမ်းသာ၏။ မြမြစိန် မအားလျှင် သူကိုယ်တိုင် ဈေးသွား၏။ သူတို့က ရှာကျွေးသူများဖြစ်၍ သူက ထိုင်စားသူ ဖြစ်သည်ဟု သူ့ကိုယ်သူ သဘောပေါက်ထားသည်။ ယူဆ ထားသည်။
သားမက်နှင့်သမီး ရုံးသွားမှ ပူစူးနှင့် မာလေးကိုရေချိုးပေးကာ နံနက်စာ ကျွေးရသည်။ ကလေးများကို ထမင်းကျွေးနေစဉ်ဖြစ်ဖြစ်၊ အကြီး ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်အတွက် ထမင်းချိုင့် ပြင်ပေးစဉ် ဖြစ်ဖြစ် များသောအားဖြင့် ဒီအမဲသားကို နုပ်နုပ် စဉ်းကြော် ခရမ်းချဉ်သီးနှင့် ရော၍ အရေစပ်စပ်နှင့် နယ်ဖတ်စား၍ လည်းရအောင်၊ ဟင်းအဖြစ် ကျွေးရတိုင်း၊ သူစိတ်မကောင်း။
“ဖွားဖွား ... ပုစွန်စားမယ်၊ ငါးကြော် ငါးကြော် ...”
ကလေးဆိုသည်က ဘာမျှနားမလည်၊ သူတို့စားချင်သည်ကို သာ အော်တတ်သည်။ ဒေါ်ငြိမ်းမယ်သည် ထိုအချိန်တွင် ရင်ထဲနင့်တင့် တင့် ဖြစ်သွားတတ်၏။ ငါးခူဈေးမှာ ပေါချိန်တွင် ခြောက်ကျပ် ခုနစ် ကျပ်ဖြစ် ၍ ရှားချိန်တွင် ကိုးကျပ် တစ်ဆယ်ဆိုသည်ကိုလည်း ဘာမျှ မပြောချင်ပေ။ ငါးချင်း တူသော်လည်း ငါးခူနှင့် ငါးကျည်းတွင် အာဟာ ရဓာတ် သည် ငါးခုတွင် ပို၍ပါသည်။ ငါးခုကို ကြွပ်ကြွပ်ကြီး မကြော်ဘဲ တစ်ပတ်ရစ် ကြော်၍ ဖြစ်စေ၊ ပုစွန်ကြော် ဖြစ်စေ၊ ရက်ခြားလောက်အသီးအနှံနှင့်ရော၍ မြေးများကို ကျွေးချင်သည်။ ဟင်း အာဟာရ ဖြစ်အောင် တစ်ခွက်ကောင်းချက်၍ ထမင်းဘူးလေးနှင့် ပေးလိုက်ရ သည့်က မုန့်ဖိုး၊ သွားရည်စာဖိုး ပေးသည်ထက် ကလေးများအဖို့ ကျန်းမာရေးနှင့် သင့်တော်သည်။ ထိုကြောင့်ပင် ထမင်းဘူး ထည့်ပေး သောစနစ်ကို သူက လုပ်ခဲ့၏။
ပူစူးနှင့်မာလေးကို ထမင်းကျွေးပြီး တရေး အိပ်ခိုင်းရ၏။ သူ ကိုယ်တိုင်လည်း ထမင်းစားပြီး တရေးတော့ မှိန်းချင်သည်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်အတွင်း လူကြီးပိုင်းရောက်လာလျှင် နံနက်စာ ထမင်းစားပြီးချိန် အနည်းဆုံးနာရီဝက်လောက်တော့ အိပ်ရာ ပေါ်လှဲ၍ အနားယူသင့်သည်။ မှိန်း၍ နေသင့်သည်။ သို့သော် နို့စို့ အပါက နိုး၍ လာပြန်သည်။ သူသည် မြေးငယ်ကိုချီ၍ အောက်ခန်းသို့ ဆင်းလာ၏။
“မသန်းဌေး တစ်ယောက်ကော ပုမ ...” ပုမသည် ဒေါ်ငြိမ်းမယ်အသံကိုကြားမှ မီးဖိုမှ ပြေးထွက်လာ၏။
“ကြီးကြီးဌေး ဒီမနက် ဥပုသ်ဇရပ်သွားတယ်၊ ဘုန်းတော်ကြီး လည်း ဆွမ်းချိုင့်ပို့ရင်း သီလယူမယ်တဲ့၊ ဒါပေမဲ့ ဒီနေ့ဇရပ်မှာ တစ်နေ့ လုံး မနေဘူးတဲ့၊ မွန်းလွဲရင် ပြန်လာလိမ့်မယ်။ ကြီးကြီးငြိမ်း ကိစ္စရှိ လို့လား..”
ပုမသည် ဒေါ်သန်းဌေး အစီအစဉ်ကို ချက်ချက်ချာချာ ပြောပြ ၏။
“အေး ... သူပြန်လာရင် ကြီးကြီးငြိမ်းတို့ အိမ်ဘက် ခဏကူးလာ ပါလို့ ....”
“ဟုတ်ကဲ့ .. ဆက်ဆက် ပြောလိုက်ပါ့မယ် ...” ။
ဒေါ်ငြိမ်းမယ်သည် မြေးငယ်နှင့်အတူ သူ့အိမ်ကို ပြန်လာသည်။