Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ပါရမီဖြည်စမို့မဂ္ဂဇင်းဝထ္ထုရှည်များ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
ပိုးခန်းဆီးနောက်မှ ငရဲခန်း
( ၁ )

          လောင်ကျွမ်းစ ပြုနေသော ဖယောင်းတိုင်သည် ငြိမ်သက်တည့်မတ်နေပေသည်။ ဖယောင်း တိုင်ထိပ်ရှိ မီးညွန့်မှာမူ ယိမ်းယိုင်လှုပ်ရှား၍နေပေသည်။

          ဘုရားရှင်ရုပ်ပွားတော်၏မျက်နှာတော်မှာ တည်ကြည်ငြိမ်သက်၍နေသော်လည်း မီးညွန်လှုပ် ရှားသည်နှင့်အမျှ မျက်နှာတော်မှ ရွှေရောင်များမှာ အရောင်ပြေးနေသလို ဖြစ်နေပေသည်။

          တောင်ဘက်ပြတင်းမှ လေအေးများ တိုက်လိုက်သောအခါ မီးညွန့်သည် ပြာ၍မှိန်သွားတော့ သည်။

          အမှန်တော့ တောင်ဘက်မှပြတင်းကို ပိတ်လိုက်ဖို့ကောင်းပေမယ့် ဘုရားကို အာရုံပြုနေသော ဒကာမလေး သီသီသည် ငြိမ်သက်ရာမှ လှုပ်ရှား၍ မရပေ။ သို့သော် ခန္ဓာကိုယ်က ငြိမ်သက်၍နေပေ သည်။ စိတ်များကမူ လေတိုက်နေရသော မီးညွန့်များထက်ပင် လှုပ်ရှား၍နေသေးသည်။ မျက်စိများ ကမူ ဘုရားသခင်၏ ရုပ်ပွားတော်ကို အာရုံပြုနေသော အချိန်က နည်း၍ ဖယောင်းတိုင်မီးညွန့်ကို ကြည့်နေသောအချိန်က များပေသည်။

          “လွတ်မြောက်ခြင်း”နှင့် “မလွတ်သေးခြင်း”တို့မှာ စကားအားဖြင့် တစ်လုံးသာကွာသော်လည်း ဘဝအားဖြင့် ခြားနားလေစွတကား။

          သံသရာမှလွတ်မြောက်လေပြီဖြစ်သော ဗုဒ္ဓဂေါတမတွင်မူ ကြွင်းကျန်သောရုပ်ပွားတော်သည် ပင်လျှင် ငြိမ်သက်အေးချမ်းသော ရူပကာယတော် ရှိ၍ ထက်ဝန်းကျင်တို့သည်လည်း ချမ်းမြေ့ အေးချမ်းဖွယ်ရာ ဖြစ်နေပေသည်။

          ဘုရားရုပ်ပွားတော်ရှေ့ရှိ သီသီ၏ အသည်းနှလုံးများကမူ ကပ်နှစ်စွဲငြိသော တဏှာ၏ ပြင်းစွာ လောင်ကျွမ်းခြင်း ခံနေရ၍ တည်ငြိမ်ခြင်းကို မတတ်စွမ်းနိုင်ရှာပေ။ သီသီသည် မလွတ်မြောက်သေးသူ ဖြစ်ပေသည်။ သို့သော် သူသည် လွတ်မြောက်ခြင်း၏ အကြောင်းအရာများကိုတွေးတောကြံဆမိ ၍ ဘုရားရှင်၏ မျက်မှောက်တော်တွင် ပုဆစ်တုပ်ကာ ကြည်ညိုနေခြင်း မဟုတ်ပေ။ ဤရှည်လျားလှသောသံသရာဝယ် ချစ်ကြင်သူနှင့်အတူလည်ပတ်ရပါမည့်အကြောင်းကို ဆုတောင်းဆုယူ ပြုနေခြင်း မျှသာ ဖြစ်သည်။

          ဤဖယောင်းတိုင်၏ တန်ခိုးကလည်း သူ၏ဆန္ဒကို ပြည့်ဝလိမ့်မည်ဟု သီသီက အကြွင်းမဲ့ ယုံ ကြည်နေပေ၏။

          ခရမ်းရောင်တောက်နေသော လျှပ်စစ်မီးလုံးများ ငြိမ်းထား၍ ဘုရားခန်းတစ်ခုလုံးတွင် ဖယောင်းတိုင်၏ အလင်းရောင်သာ ရှိနေလေသည်။

          မီးစာသည် လောင်တိုင်းလောင်တိုင်း ဖယောင်းတိုင်မှာ တိုး၍တိုး၍လာသည်။ သီသီ၏ရင်ခုန်သံ များသည်လည်း တဖြည်းဖြည်း မြန်၍လာသည်။ နားကလည်း ခြံဝဆီသို့ စွင့်၍နေပေသည်။

          ဖယောင်းတိုင်မီးတောက်သည် နောက်ဆုံးတစ်ချက် ဝင်းခနဲထတောက်မီးမီးတောက်မှာ မှေး မှိန်သွားတော့သည်။ ယခုတစ်ခါတွင်မူ ပြန်လည်၍ လင်းမလာတော့ပေ။

          သီသီသည် ဒူးတုပ်ရာမှ ထလိုက်၏။ ဖယောင်းတိုင်ငြိမ်းသွားပြီဖြစ်၍ ခရမ်းရောင်မီးလုံးကို ဖွင့် လိုက်သည်။ မှေးမှိန်မှိန်ဖြစ်နေသော ခရမ်းရောင်မှာ ဘုရားဆင်းတုတော်ရှေ့တွင် ချမ်းအေးသော အရောင် ဖြစ်နေပြန်၏။

          သီသီကတော့ သက်ပြင်းတစ်ချက် ပြင်းစွာချလိုက်မိ၏။ တောင်ဘက်တံခါးရှိရာသို့ သွားရင်း လမ်းဘက်ဆီသို့ မျှော်ကြည့်မိပြန်သည်။

          မိုးရေကြောင့် ပြောင်ချောနေသော ကုက္ကိုင်းလမ်းကို လရောင်မှိန်မှိန်အောက်တွင် မြင်နေရ သည်။ လသာပုံကလည်း မှေးမှိန်လှပေသည်။ ညဉ့်နက်ပြီဖြစ်၍လမ်းမကြီးကလည်း တိတ်ဆိတ်ငြိမ် သက်နေသည်။ တစ်ခါတစ်ခါတွင် ဝင်းနေသော မီးလုံးကြီးနှစ်လုံး တပ်ထားသည့် ကိုယ်ပိုင်ကားကြီး တစ်စီးနှစ်စီးသာ လမ်းမပေါ်သို့ ဖြတ်၍သွားလေသည်။

          အိမ်သည် ကုက္ကိုင်းလမ်းမကြီးပေါ်တွင် အရှေ့ဘက်သို့ မျက်နှာပြ၍ဆောက်ထားသည်။ တောင် ဘက်မှ မီးနှစ်လုံးဝင်းနေသောကားကြီးတစ်စီးစီး မောင်းလာတိုင်း သီသီသည် မျှော်လင့်ချက်ပြင်းစွာ နှင့် ကြည့်နေသည်။ မီးလုံးများသည် ခြံဝင်းဘက်ဆီသို့ ကွေ့မလာဘဲ ကျော်သွားတိုင်း ရင်ထဲမှာ ဟာ ၍ဟာ၍သွားတော့သည်။

          လရောင်သည် တဖြည်းဖြည်း မှိန်၍လာသည်။ မိုးဖွားလေးများသည် စိပ်စိပ်ရွာချနေရာမှ တ ဖြည်းဖြည်း အသံကျယ်လာကြသည်။ မိုးသက်လေများကလည်း ပြတင်းကိုတိုးဝှေ့ဝင်လာကြသည်။ ခြံထဲရှိ သစ်ပင်ကြီးများသည် အမှောင်ထဲတွင် ယိမ်းယိုင်နေကြသည်။ သစ်ရွက်များ ရိုက်ခတ်သံက လည်း သရဲကြီးတွေ ညည်းညူနေသလို ငြီးငွေ့ကြောက်မက်ဖွယ် ကောင်းနေလေသည်။

          ဝင်းခနဲလျှပ်စီးလက်လျှင် မှန်ပြတင်းသည် အရောင်တောက်၍သွားသည်။ သီသီသည် ကြာ ရှည် မကြည့်ရဲတော့ပေ။ ပြတင်းကို ပိတ်လိုက်၏။

          ဘုရားကိုဝတ်ပြုကာ ဘုရားခန်းမှထွက်လာတော့သည်။ တစ်အိမ်လုံးသည် တိတ်ဆိတ်၍ သူ့ အိပ်ခန်း တစ်ခုတည်းမှ မီးရောင်သာ လင်းနေလေသည်။

          အောက်ထပ်မှ နံရံကပ်နာရီ၏ ၁၂ နာရီတီးသံကို သီသီသည် လမ်းလျှောက်ရင်း ကြားလိုက် သည်။

          အိပ်ခန်းဝတွင် ရပ်ရင်း ခုတင်ကို ကြောင်၍ကြည့်နေမိသည်။ ဖြူဖွေးသော ခုတင်ကြီးကို ကြည့် နေရသည်မှာ သရဲခြောက်သလို စိတ်နှလုံးမချမ်းမြေ့စရာလို ဖြစ်၍နေပေသည်။

          သူသည် ခုတင်ဘေးတွင် ရပ်နေစဉ် အိပ်ရာဘေးမှ တယ်လီဖုန်းခေါင်းလောင်းသံ မြည်၍လာ သည်။ သီသီသည် တယ်လီဖုန်းကို ကောက်၍ကိုင်လိုက်သည်။

          တစ်ဖက်မှ ဘာတွေပြောနေသည် မသိပေ။ သီသီကတော့ သက်ပြင်းချလျက်ရှိသည်။ သူသည် တုန်နေသောအသံကို ထိန်း၍ ပြန်ပြောနေသည်။

          “ဖယောင်းတိုင်ငြိမ်းတဲ့အထိ သီသီ ထိုင်ရာက မထဘူး၊ လှုပ်လဲမလှုပ်ပါဘူး မင်းကတော်၊ မီး ကလဲ လုံးလုံးမကျန်ဘူး လောင်သွားတယ်၊ ဒါပေမဲ့ ဒါပေမဲ့.. အခု ၁၂ နာရီထိုးပြီ.. သူ ပြန်မလာ သေးဘူး”

          သီသီသည် တစ်ဖက်မှပြောသည်ကို ငြိမ်၍နားထောင်ပြန်သည်။

          “ကျေးဇူးတင်ပါတယ် မင်းကတော်၊ သီသီကို ဒီလိုဂရုစိုက်လို့ ဝမ်းသာပါတယ်၊ ဖယောင်းတိုင် ငြိမ်းချိန်အထိ စောင့်နေလို့ သီသီအားနာလိုက်တာ၊ ဟုတ်ကဲ့.. ဘယ်လို ဘယ်လိုနက်ဖြန်ကို နည်း တစ်ခု ပြောဦးမယ်လား”

          သီသီသည် တစ်ဖက်မှပြောသည်ကိုခေါင်းတညိတ်ညိတ်နားထောင်ရင်း နောက်ဆုံးနှုတ်ဆက် ၍တယ်လီဖုန်းကို ချလိုက်သည်။

          မိုးသည်းထန်စွာ ရွာနေသည့်ကြားထဲက လျှပ်စီးကလည်း လက်ပင်လက်လွန်းလှပေသည်။ သီသီသည် ပြတင်းအနားသို့ မကပ်ရဲတော့ပေ။ အခန်းထဲတွင် မီးကိုလည်း မပိတ်ရဲ။ မှောင်ထဲတွင် တစ်ယောက်တည်းထိုင်နေရသည်မှာ အသည်းထိတ်စရာ ကောင်းလှသည်။ လင်းနေခြင်းကလည်း ဟာလာဟင်းလင်းနှင့် ကျောမလုံသလို စိတ်ချောက်ချားစရာလို ဖြစ်နေပေသည်။

          ခေါင်းရင်းဘက်ရှိ အပြာရောင်မီးလုံးအငယ်ကို ဖွင့်ကာ မီးချောင်းအဖြူ လင်းလင်းကြီးကို ပိတ် လိုက်သည်။ အိပ်ခန်းသည် ပြာမှိုင်းမှိုင်းဖြစ်လာသည်။ မိုးသံ၊ လေသံများသည် တိုး၍ဆူလာသည်။

          လေများကလည်း အေးစက်စက်ဖြစ်လာသည်။ သီသီသည် ထိုမိုးနှင့်လေတိုက်သံများကို ကြာ ကြာ ထိုင်၍ နားမထောင်လိုတော့ပေ။

          ဗြုန်းခနဲ ဗီရိုကို ဖွင့်လိုက်သည်။ မီးခိုးရောင် သိုးမွေးဆွယ်တာအရှည်ကို ထုတ်ယူလိုက်သည်။ ခေါင်းပတ်ဖို့ အပြာရောင်ပဝါပါးတစ်ခုကိုလည်း ယူလိုက်သည်။

          သူသည် ဘာမဆိုလုပ်ရဲသူလို ရဲရင့်ဖျတ်လတ်၍နေပေသည်။ အခန်းဝတွင် မတ်တတ်ရပ်ရင်း အပြင်ရှိ မီးလုံးများကို အားလုံးဖွင့်လိုက်သည်။ လှေကားထိပ်တွင် မီးခလုတ်များကို နှိပ်လိုက်သောအခါနီညိုရောင်လှေကားကြီးမှာလင်း၍သွားသည်။ လှေကားထစ်များအလယ်တွင် ကော်ဇောအရှည် ခင်းထား၍ သူ့ခြေနင်းသံကို မကြားရပေ။

          “မသက် မသက်ရေ.. မသက်၊ ထစမ်း”

          သူသည် လှေကားရင်းရောက်သည့်အထိ မသက်နာမည်ကို ခေါ်၍ ဆင်းလာသည်။ လှေကား ရင်းမှ မီးခလုတ်ဖွင့်လိုက်သည်တွင် ဧည့်ခန်းမှာ လင်းသွားပြန်သည်။

          သူသည် ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်လိုက်၏။ လွန်ခဲ့သော သုံးလလောက်ကကိုကိုနှင့်ရန်ဖြစ် ခဲ့သော ရေဒီယိုရှေ့ကို လှည့်၍မျှ မကြည့်ပေ။

          မကြာခင် မသက်သည် အနီးသို့ ရောက်လာသည်။

          “မမ.. အနွေးထည်တွေဝတ်လို့ ဘာဖြစ်လို့လဲ”

           “သွားစမ်း.. ဒရိုင်ဘာကို သွားနှိုး၊ ကားထုတ်ခဲ့လို့ ပြော”

          “ဟင်.. မမ ဘယ်သွားမလို့လဲ”

           “ဘယ်သွားသွား နှိုးမှာ သွားနှိုးစမ်း”

          မသက်သည် စိုးရိမ်သလို၊ ကြောက်သလို ဖြစ်နေသည်။ ပဝါပါးကို ခေါင်းတွင်သိုင်းပြီး မေးမှာ ချည်ထားသောကြောင့် သီသီမျက်နှာမှာ ဖြူဝိုင်းဝိုင်းလေး ဖြစ်၍ပေါ်နေသည်။