Skip to product information
1 of 2

Other Websites

ကြည်အေး - တမ်းတတတ်သည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[၁]

ညကပင် အထွေးကို အိပ်မက် မက်သေးသည်။ အထွေးကို ခဏခဏ အိပ်မက်မက်လေ့မရှိ။ အထွေးက ကိုယ်နှင့်အတူ ရှိနေသလို စိတ်ထဲအမြဲနေသောကြောင့်ထင်သည်။ ညကမူ အထွေးကို အိပ်မက်မက်သည်။ ညက အေးလည်းအေးသည်။ နှင်းများဝေကာ ပြာမှောင်သည်။ တစ်လံအကွာက ဘာကိုမှ မမြင်ရ။ မမြင်ရသည်ကို အလကားငေးမောနေလျက်က ဝရံတာ တွင်ပင် ပက်လက်ကုလားထိုင်၌ အိပ်ပျော်သွားသည်။ သည် နောက် အထွေးကို အိပ်မက်မက်သည်။

အထွေးက ကိုယ်နှင့်အဝေးကြီးမှာ ရှိနေသည်တဲ့။ အထွေး၏ ဖြူဖွေးဝင်းပသော မျက်နှာကလေးကို လှမ်းမျှော်ပြီး မမှီမကန်းလို ကြည့်ဆဲမှာ နီးနီးလာတယ် ထင်ရလျက်က ဘယ်လို ဘယ်လိုမှန်းမသိ၊ အထွေးမရှိတော့ချေ။ အထွေးရေ လို့တော့ လှမ်းမခေါ်မိဘူးတဲ့။

မိုးလင်းလျှင် အထွေး၏ ထူထဲသော မျက်ခုံး၊ မျက်တောင်များကို သတိရ၏။ ပန်းနုရောင် နှုတ်ခမ်းက နားမှာ ကပ်လျက် စကားပြောမည်လို နီးစပ်၏။ ထို့ကြောင့် “အထွေး ရေ ကျွန်တော့်ဆီလာပါ၊ မောင့်ဆီလာပါ”ဟု အိပ်ရာပေါ် ဝမ်း လျားမှောက်လှဲ၍ ငိုရ၏။ ထိုသို့ငိုစဉ်ကမူ အထွေးဟာ ဘယ် တော့မှ ကိုယ့်ဆီလာတော့မယ် မဟုတ်ဘူးဆိုတာ ခုလို မသိသေး။

ညက အိပ်မက်ထဲမှာတော့ အထွေး၏ ဆံပင်များ သည် အင်မတန်ရှည်လျားကာ လွင့်ပါးနေတယ် ထင်သည်။ ကိုယ့်စိတ်ထဲက အထွေးရဲ့ မတိုမရှည် ဆံပြတ်များကို မကျေနပ် နိုင်လို့ထင်ရဲ့၊ အထွေးတစ်ယောက် လှပါလျက်နဲ့ ဆံပင်ပွနေတာ မကြိုက်နိုင်ပါဘူး။ အထွေးရဲ့ တဒိတ်ဒိတ်တိုးတဲ့ နှလုံးသွေးတစ် ဝက်ဟာ မဟာဆီမဟာသွေး စစ်စစ်ပါဆိုတာကို အားနည်းနည်း နာလျှင် အထွေးဆံထုံးထုံးဖြစ်မည် ထင်သည်။ အထွေး ဆံထုံး ထုံးတာ တစ်ခါမှ မမြင်စဘူး။ ကြည့်ချင်ပါရဲ့။ သို့သော် နောက် လည်း မြင်ဖူးမည်တော့မဟုတ်ချေ။

အထွေး ကိုယ်တို့မြို့ကို ရောက်စကဆိုလျှင် သည့် ထက် ဆံပင်တိုသေးသည်။ အထွေးကို ရှမ်းမလို့ ထင်ကြသည်။ အထွေး၏ အမြဲပခုံးကမချသည့် လွယ်အိတ်ထဲ ဘာပါလေမလဲ လို့ သင်္ကာမကင်း ဖြစ်ကြသည်။ အထွေး၏ ရင်ဖုံးအကျီ ဖျင်မည်းကို မျက်စိရှုပ်ကြသည်။ ဟောင်းနွမ်းပျော့ဖတ်သော ကြိုးကြီးချိတ်ထဘီအနီနှင့် အစိမ်းချိတ်ကို ခပ်တိုတို ဝတ်ပြန် တော့ အရပ်ခပ်ပြတ်ပြတ်နှင့် အထွေးကို ကြည့်ရသည်မှာ ဘာလိုနေ သလိုလိုပင်တည်း။ အထွေးကို တစ်ခါမြင်ရသူများက လှတယ် ပါကလားရယ်လို့ နှစ်ခါပြန် မကြည့်သော်လည်း ဆန်းကြယ်ပါ တကားရယ်လို့ သုံးလေးခါလည်ပြန်လှည့် စမြဲ တည်း။

သည်လိုပင် ဆံပင်ညှင်းသိုးသိုး၊ အဝတ်အစား မလှ မပနှင့် အထွေးရောက်ခဲ့ချိန်မှာ ကိုယ်က နောက်ဘာဖြစ်မည်ဆိုတာ စိုးစိမျှမသိသည့် ပျော်ရွှင်ခြင်းနှင့် သောင်ပြင်သို့ ပြေးဆင်း ခဲ့သည်။

အထွေးရောက်သည့်နေ့မို့ထင်ရဲ့ သောင်ပြင်က သဲများ ထပြီးပျံအောင် လေက ဗုံးဗုံးဒိုင်းဒိုင်း တိုက်သည်ကို သတိရသည် လေ။ ဧရာဝတီမြစ်ပြင်က အောက်အရပ်ဆီကို ခါတိုင်းလို သာယာပြေပြစ်မစီးဆင်းနိုင်ချေ။ လှိုင်းအနှောင့်အယှက်ထသည်။ ရေက ကြည်စမြဲ၊ ဖြူစမြဲ၊ မြစ်လယ်ကရေကို လက်ခုပ်နှင့် ခပ်၍သောက်လျှင် ချိုစမြဲပင်။ ချက်ချင်း အေးလာပြီး တိမ်များ ထူထပ်လာတယ် ထင်ရသော်လည်း အညာမိုးနှောင်းသည် ကိုယ်တို့မြို့မှာ ကောင်းလေ့မရှိ။ ကိုယ့်ကျောပေါ်ကို မိုးပေါက်များ စပ်အောင် မကျလာ။

ကိုယ်ရေကူးနေဆဲမှာ “အထွေး”ဆိုသည့် တစ်နေ့မှာ ကိုယ်တမ်းတနေရမည့် နာမည်ကို ပထမဆုံး ကြားဖူးသည်။ ထိပ်တင်မထွေးလို့ သူတို့က ရွတ်ကြ ပြောကြသည်။ ရှင်ဘုရင့် သားတော်နှင့် ရှမ်းမက မွေးသည့် သမီးလို့ဆိုကြသည်။ ကိုယ် ရေကောင်းကောင်း မကူးတော့ချေ။ ခါတိုင်းလို မြစ်လယ်မှာ ကိုယ်ဖော့ပြီး လုံချည်ပူပေါင်းနှင့် လှိုင်းမစီးတော့ချေ။ အကြောင်းကတော့ အထွေးဟာ ကိုယ်တို့အိမ်ခေါင်းရင်းက ဒေါ်မြမင်းတို့ အိမ်မှာ ရောက်ပြီဆိုတာ သိရသည်မို့ ဖြစ်လေ၏။

အထွေးကတော့ သေးငယ်သော ကချင်တောင်ပတ် လည်ဝိုင်းသည့် မြို့ကလေးထုံးစံအတိုင်း သတင်းပျံ့လွယ်ကာ လူတို့တစေ့တစောင်း လာကြည့်လွယ်သော အဖြစ်ကို ဂရုစိုက် ဟန် မပေါ်ချေ။ အထွေးက ဟန်လုပ်ပြီး နေတာလားလည်း မသိ။ အထွေးနှင့် ဒေါ်မြမင်းတို့ညီအစ်မ စကားဝိုင်းပြောနေကြ သည်။ ကိုယ်ကလည်း ဂန္ဓမာပွင့် အဝါများကို စိတ်ဝင်စားဟန်ဆောင်ပြီး အထွေးကိုကြည့်နေခဲ့သည် မဟုတ်လား။ လာကြည့် ပြီး ပြန်သွားကြသူများအထဲမှာ ကိုယ်မပါချေ။ ကိုယ်က ပြန်ဖို့ စိတ်မကူးမိဘဲ ရင်ထဲမှာ ညှင်းညံ့မြို့မြဝေဒနာတစ်မျိုးကြွလို့ ဒေါ်မြမင်းတို့ အိမ်ထောင့်မှာ မာလကာပင် ခြေကန်ပြီးရပ်လျက် ရှိသည်။

အထွေး၏ ရင်တင်းဖြိုးဖျပ်သော မျက်လုံးအကြည့် ကို သတိပြုမိပါရဲ့။ ခပ်တောင့်တောင့် ထိုင်တာကို သဘောမကျ ရှိပါရဲ့။ အင်္ကျီမည်းပေါ်က ငွေမတ်စေ့ ကြယ်သီးများတပ်ကာ ငွေခွက်နှင့်ဝံစွယ်ကို ဆွဲကြိုးဆွဲထားတာ အရုပ်ဆိုးသည်ထင်၏။ အဲသည်တုန်းကတော့ အထွေး၏ နာမည်ပျက်လှသော လွယ် အိတ်ကို မမြင်မိချေ။

ဒေါ်မြမင်းတို့ ညီအစ်မက အထွေးရှေ့မှာ မျက်လွှာ သိပ်မပင့်ချေ။ ခါးညွှတ်ကာ ကိုယ်ကိုရို့သည်။ အထွေးကို “မမ ကလေး”လို့ ခေါ်သံကြားသည်။ အထွေးကမူ ဣန္ဒြေကြီးကြီးနှင့် စကားသိပ်မပြောသော်လည်း ပြောသမျှမှာ အံ့သြစဖွယ် တိုးတိတ်သာယာ၍ ရွှင်လန်းသော လေသံပါလေရာ ကိုယ်စိတ် ချမ်းသာခဲ့သေး၏။

ချစ်ခြင်းမေတ္တာဆိုသည်မှာ အဆုံးအစရယ်လို့ မပြနိုင် ဘူး အထွေး။ မနက်စာစားပြီး တစ်နေ့လုံး လောက်လေးဝနှင့် ချိုးပစ်ထွက်လည်နေပြီး ညနေရေကူးဆင်းရာက တက်လာသည့် ၁၉ နှစ်သားကလေးဟာ အခု ပြန်တွေးသည့်အခါ နှစ်နှစ်ပင် မပြည့်သေးသော်လည်း ကိုယ်ပဲရယ်လို့ယုံကြည်နိုင်သေးသည်မှာတော့ အထွေး၏ ရုပ်ပုံကို စွဲ မက်သော၊ စိတ်ချင်းတစ်နည်း မဟုတ်လျှင် ကျန်တစ်နည်းနှင့် တူပေသည်မို့သာတည်း။ သည် တုန်းကတော့ ချစ်ခြင်းမေတ္တာဆိုသည်ကို မရွတ်ဆိုတတ်သေး တာအမှန်ပင်။ သို့ရာတွင် ကိုယ်ရဲ့ လက်ဖျားများတော့ တုန်ရီ လေပြီ။ မကြာခင် ငိုယိုနေရတော့မည်ဆိုတာကို မသိသေး သော်လည်း ငိုတော့ ငိုချင်လေပြီ။ ဂန္ဓမာပင်များ အကြားမှာပင် သည်အတိုင်းနေသည်မှာ နေဝင်၍ မိုးချုပ်သည် အထိပင်တည်း။ ယခု ပြန်တွေးလိုက်လျှင် ဒါဟာ အစလို့ဆိုချင်ဆိုနိုင်မည်။ သို့သော်...အထွေး။ အထွေးကို တွေ့လိုက်ပြီးလျှင်ပြီးချင်း ကြင်လို့ ချစ်တာပါပဲ ဆိုတာ မပြောရက်နိုင်သလို ရှိလှတာကို သူတစ်ပါးနှင့်တကွ အထွေးပါ နားလည်မည်မထင်၊ အရင့်အရင် မမြင်ဖူးခင်၊ မကြားဖူးခင်က ချစ်ရတယ်ထင်သည်။ သည်လိုပင် ကိုယ်သေဆုံးပြီးသည့်နောက်အထိလည်း ကိုယ်ရဲ့ အချစ်က ထူး ဆန်းသော နည်းတစ်နည်းနှင့် အထွေးအဖို့ ကျန်ရစ်ဦးမည် ထင် သည်။ တစ်ခါတစ်ရံတော့လည်း ချစ်ခြင်းမေတ္တာဆိုသည့် ကမ္ဘာ မြေပေါ်မှာနေ၍ မိုးတိမ်ဗွေနှင့်လည်း လှမ်းမီသော အင်အားကြီးတစ်ခုသည် ကိုယ်၌လာ၍ဖြစ်ပေါ်ပြီး “အထွေး”ဟူသည့် လှပသော ရုပ်တစ်စုံကို ဖန်ဆင်းသည်လို့ပင် ဆန်းပြားစွာထင်သည်။ ဒါကြောင့် အထွေးသည် ကိုယ်ပိုင်သော၊ ကိုယ်ကဖြစ်သော သံသရာအစအဆုံးက ရင်းနှီးခဲ့သောသူပါဟု ပြောပြရလျှင် အနည်းငယ် စိတ်ကျေနပ်သည်။

သည်တုန်းကများသာ ယခု အချိန်အထိ ဖြစ်ပေါ်လာ မည့် အကြောင်းအရပ်ရပ်ကို ကြိုတင်ပြီးသိမည်ဆိုလျှင် အထွေး ၏လက်ကလေးကို မြဲမြဲဆွဲ၍ လွတ်ရာဝေးဝေးသို့ တစ်ခါတည်း ပြေးပါလေရဲ့။ ယခုပြောနေရင်းလည်း ကိုယ့်မေးရိုး ကိုယ့်လက် သီးနှင့် ဆောင့်ထိုးလိုက်ချင်သည်။ အမြဲပင် သည်လိုပြောပြီးနေခဲ့ ရသည်။ နောက်ကျပြီ၊ နောက်ကျပြီလို့ ထင်သည်။ စင်စစ်တော့ ယခုလို ပြောလာသည်မှာ သံသရာတစ်ဝက်မျှ ကြာပြီဖြစ်သော် လည်း တကယ်နောက်ကျသည်မှာ ယနေ့မှသာတည်း။ မနေ့က တုန်းကဆိုလျှင်တောင် နောက်မကျသေးဘူးဟု ဆိုချင်ဆိုနိုင် သည်။ လောကမှာ မဖြစ်နိုင်တာတွေ များသလောက်ပင် ဖြစ်နိုင် တာတွေလည်း များပါလေသည်။ သို့သော် မောင့်ကိုတော့ အထွေး ခွင့်လွှတ်စေချင်သည်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်ကတော့ သည်လိုပဲ တောင်းပန်နေရမည့်သူ ဆိုတာ ကို အထွေး အသိပါတည်း။

စင်စစ်တော့ အထွေးက ခွင့်လွှတ်တတ်သူ သို့မဟုတ် မထိခိုက်တတ်သူ၊ သို့မဟုတ် မပြုံးချင်ဘဲ ပြုံးတတ်သူဖြစ်သည်။ ဘယ်ဟာလဲရယ်လို့တော့ ကိုယ်ဘယ်အခါမှ ပြောနိုင်မည် မဟုတ်။ အထွေးက မောင့်ကို စိတ်နှလုံးဝေစေသည်၊ ဒါပဲသိ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)