ကြည်လွင်မြင့်(မုဒြာ) - လေးဆယ်ကျော်ကျန်းမာရေးနှင့် အသက်ရှည်အောင်နေထိုင်နည်းများ
စာရေးသူ၏အမှာ
စာရေးသူသည် ကျန်းမာရေးအတွက် မြန်မာ့ ဆေးပညာရှုဒေါင့်မှ စာအုပ် ၁၂ အုပ်ခန့် ရေးခဲ့ပြီးဖြစ်ပါသည်။ ထိုစာအုပ်များမှာ အရွယ်သုံးပါး၊ ယောက်ျား၊ မိန်းမ လူကြီး၊ လူငယ်မရွေး ဖတ်ရှုရန် အကြောင်းအရာမျိုးစုံကို ရေးသားခဲ့ပါသည်။ အထူးသဖြင့် လေဖြတ်ခြင်းအကြောင်းနှင့် လူအများလျစ်လျူရှုထားသည့် အပူ၊ အအေး အကြောင်း၊ သတိမမူ ဂူမမြင် ဖြစ်နေသည့် အနေအထိုင်၊ အစားအသောက် အမှားများအကြောင်း (ဥပမာ ရေနွေးညသိပ် အဆိပ်ထက်ပြင်း) စာအုပ်များကို ရေးသားခဲ့ပါသည်။
ယခုစာအုပ်မှာကား လူအားလုံးအတွက် ယေဘုယျ မဟုတ်ဘဲ အသက် ၄၀ ကျော်သူများ၊ ထို့ထက်ပို၍ ၅ဝကျော် ၆၀ ကျော်၊ ၇၀ ကျော် အရွယ်များအတွက် ရည်ရွယ်၍ ရေးပါသည်။
၄ဝ ကျော်မှ ဘဝစ၊
၅ဝ ကျလျှင် သတိယှဉ်
၆၀ ကျော်လျှင် လွန်ဆင်ခြင်
၇၀ ကျော်လျှင် အသင့်ပြင်
လောကအလှ သဘာဝများ တွင် မိန်းမောနေသူများ သမုဒယ နှင့် အယုအယတွင် သာယာနေသူများ အတွယ်အတာ နှင့် မဖယ်ခွာနိုင်သူများ စီးပွားဉစ္စာ ပညာမာန်တက်နေသူများ ချမ်းသာရေး တွင် မွေးပြီး ကျန်းမာရေးကို မေ့နေသူများ အတွက်ဖြစ်သည်။
၄၀ ကျော်ပြီး တစ်နေ့နေ့တွင် ဖြုန်းခနဲ မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်ဒုက္ခ၊ ဘယ်အချိန်က ဝင်ရောက်တည်းခိုနေမှန်း မသိသည့် ဒေနာရောဂါ၊ သွေးစစ် အ ဓာတ်မှန်အဖြေထွက်လာတော့မှ သွေးတိုးရှိနေပြီး ဆီးချိုရှိနေပြီ၊ နှလုံးသွေးကြောပိတ်နေပြီး ကျောက်ကပ် အလုပ်မလုပ်တော့၊ အသည်းအဆီဖုံးနေပြီး အသည်းခြောက်နေပြီး ကင်ဆာအလုံးအကျိတ်တွေ့နေပြီ စသည့် နာတာရှည်ရောဂါ၊ ရေရှည်ကုရတော့မည့် ရောဂါ၊ လေနာ၊ ရှာသမျှငွေ၊ စုဆောင်းခဲ့သမျှ ငွေ ဆေးကုတာနှင့် ကုန်ရတော့မည့် ဘဝ ရောက်ရတော့မည့် အခြေအနေ၊
ဤအခြေအနေမျိုးကို မရောက်ကြရစေရန် စီပွားရေးနှင့် အခွင့်အရေးများနောက် လိုက်ရင်း အချိန်ကုန်နေရာမှ အစားအသောက်၊ အနေအထိုင် မဆင်ခြင်မှု မသိ၍ မှားယွင်းမှုကြောင့် ဖြစ်ရသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ မဖြစ်ပွားမီ ဆင်ခြင်နိုင်စေရန် မိမိသိရှိတတ်ကျွမ်းသမျှ ကျန်းမာရေး ဗဟုသုတများကို ဖြန့်ဖြူးပေးခြင်း ဖြစ်ပါသည်။
စာရေးသူ၏ ဖခင်ကြီးသည် ၉-၁-၂၀၁၄ တွင် အသက် ၈၁ နှစ်ပြည့်ပါသည်။ ယခုအခါ အသက် ၈၂ နှစ်ထဲဝင်ပြီ ဖြစ်ပါသည်။ လူကြီးများမှ လွဲ၍ ပုံမှန် စားနိုင် သောက်နိုင်း အိပ်ပျော် စားဝင်ပြီး လေးထပ်တိုက်ကိုပင် ဆင်းနိုင်၊ တက်နိုင်ဆဲ ဖြစ်ပါသည်။
စာရေးသူ၏ ညီ အသက် ၅ဝ ကျော်သူမှာ မျိုးရိုးမရှိဘဲ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါဝင်ပြီး ကျန်းမာရေး မကောင်းပါ။ သူကိုယ်တိုင်က မေ့ဆေးအထူးကု ဆရာဝန်ကြီး ဖြစ်ပါသည်။ သူ့ဘဝ တစ်လျှောက်လုံး
ကျောင်းနေစဉ်က ပညာနှင့်၊ ကျောင်းပြီးတော့ လူနာနှင့် လုံးပန်းနေခဲ့ရာမှ ၄၀ ကျော်သောအခါ ရောဂါများ ဝင်လာခြင်းဖြစ်ပါသည်။ လူနာတွေကုနေပြီး သူ့ကိုယ်သူ သတိမထားခဲ့ပါ။ ယခုအခါ အချိုတမရ၊ အငန်းမရနှင့် သူ့မှာ နေ့စဉ် အစားအသောက် ဒုက္ခတွေ့နေရရှာပါသည်။ ၅ဝ ကျော်လျှင် သတိယှဉ်ဆိုသည့်အတိုင်း သူသည် အစားအသောက်ကို သတိယှဉ်ပြီး စားနေရသည်။ ကြိုက်တာလည်း မစားရ၊ မကြိုက်တာလည်း စားရ များများစားလည်း မရ နည်းနည်းစားတော့ မဝ ဆိုသည့် အခြေအနေမျိုး။
စာရေးသူကိုယ်တိုင်ကတော့ ကျန်းမာပါသည်။ မိဘ၊ ဆရာသမားများအပေါ် ဘဝတစ်လျှောက် ရိုသေ လုပ်ကျွေးခဲ့သည့် ကျေးဇူးကြောင့် ကျန်းမာပါသည်။ သို့သော် သတိလက်လွတ် ကျန်းမာနေခြင်း မဟုတ်ပါ။ဆင်ဆင်ခြင်ခြင်နှင့် နေထိုင်စားသောက်ပြီး သတိကြီးကြီးဖြင့် ကျန်းမာနေခြင်းဖြစ်ပါသည်။ အစားအသောက်၊ အနေအထိုင်၊ အပြုအမူ(ကာလ၊ အတ္တ၊ ကမ္မ) သုံးပါးတို့ကို အလွန်ဆင်ခြင်ပြီးနေမှ
တော်ရုံကျမည့် အရွယ်ဖြစ်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုသည့် စာရေးသူတို့၏ စာပေမိတ်ဆွေများကိုလည်း ဆင်ခြင်ကြစေရန် တိုက်တွန်းလိုပါသည်။
စာရေးသူသည် စာအုပ်များ ထုတ်ဝေသည့်အခါ စာအုပ်တန်ဖိုးနှင့် ကိုက်ညီသော အသိပညာ၊ ကျန်းမာရေးသုတများကို စာဖတ်သူ မိတ်ဆွေများအား ပေးလိုပါသည်။ စာရေးသူ၏ မိတ်ဆွေ၊ ထုတ်ဝေသူ အလင်းသစ်စာပေတိုက်မှ ဆရာဦးဉာဏ်အောင်ကလည်း ဤသို့ပင်ထပ်တူ စေတနာထားပါသည်။ ဤသို့ နှစ်ဦးထပ်တူ စေတနာကြောင့် စာဖတ်သူ မိတ်ဆွေများ ကျွန်တော်တို့၏ စာတစ်အုပ်၊ စာတစ်ပုဒ်ကြောင့် ကျန်းမာစွာ နေထိုင်သွားနိုင်မည်ဆိုလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ များစွာမှ ပီတိသုခ ရရှိမည်ဖြစ်ကြောင်း လေးစားစွာဖြင့် တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
-၂၀၀၄