ကြည်မင်း - ပါဝဲလ်မူ၂၄ချက်
(တိုင်းပြည်တစ်ပြည်) သည် ဤလိုလူတော်တွေကို ဖော်ထုတ်ပြီး လေ့ကျင့်ပေးရာတွင် သေသေချာချာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သင့် ပေသည်။ ဤသို့လုပ်ဆောင်ထားလျှင် အချိန်တန်တော့ အကျိုး ခံစားရမည်သာဖြစ်၏။ ခေါင်းဆောင်များသည် အကြံကောင်း ဉာဏ်ကောင်းများ ဝင်လာဖို့ အမြဲလမ်းဖွင့်ပေးထားရမည်။
ဤလိုလမ်းဖွင့်ပေးခြင်းမှာ ဦးနှောက်အတွက် ထွက်ပေါက် တစ်ခု ပေးထားခြင်းမျှသာမဟုတ်။ ထို့ပြင် စိတ်ကူးကောင်းတွေ ထွက်လာဖို့နည်းလမ်းတစ်မျိုး ဆိုသည့်သဘောလည်းမဟုတ်ပေ။ သူတို့ထံမှ အကြံတောင်းယူခြင်းမှာ လမ်းစဉ်ချမှတ်ရာတွင် သူတို့ကို ပါ ပါဝင်လာအောင် ဆွဲသွင်းခြင်းလည်းဖြစ်ပြီး တာဝန်ကို အတူ ထမ်းစေခြင်းလည်းဖြစ်သည်။
လမ်းဖွင့်ပေးလိုက်ခြင်းဖြင့် ထောင့်စုံဘက်စုံမှအမြင်များ နှင့် ထွေပြားဆန်းကြယ်သော အကြံပြုချက်များ ပေါ်ထွက်လာနိုင် သည်။ သို့သော် အဓိကပစ်မှတ်မှာ ပြဿနာတွေ တင်ပြရဲလာဖို့ သာမက ပြဿနာအတွက် အဖြေတွေအကြံပြုလာတတ်အောင် လေ့ကျင့်ခြင်းဖြစ်၏။
ဤအချက်ကို စဉ်းစားကြည့်လျှင် ကုမ္ပဏီတစ်ခု၏ ပစ္စည်း ပိုင်ဆိုင်မှု၊ ငွေကြေးပိုင်ဆိုင်မှု စသည်တို့မှာ ဦးနှောက်ပိုင်ဆိုင်မှုလောက် အရေးမပါတော့သည်ကို တွေ့လာမည်။ ဝန်ထမ်းများ အကြားတွင် သစ်ဆန်းသော၊ လှပသော၊ ကြွယ်ဝသော၊ လက်တွေ့ ဆန်သော စိတ်ကူးသစ်တွေ ဘယ်လောက်များများပေါ်ထွက်လာနိုင် သည်ကို စဉ်းစားကြည့်ပါ။ လမ်းဖွင့်ပေးလိုက်သောအခါ ဘယ် လောက်လွယ်လွယ်ကူကူနှင့် ဝင်ရောက်လာနိုင်ကြ၊ တင်ပြလာနိုင် ကြသည်ကို စဉ်းစားကြည့်ပါ။ ဤနှစ်ချက်ကို စဉ်းစားကြည့်ဖို့ အရေး ကြီးလှပါသည်။
ကုမ္ပဏီတိုင်းလိုလိုတွင် အရေးပါသော ဆုံးဖြတ်ချက်မှန်သမျှကို တံခါးအလုံပိတ်ထားသော အစည်းအဝေးခန်းထဲမှာပဲအောက်ခြေမှတက်လာသော အကြံဉာဏ်ပံ့ပိုးမှု တကယ့်နည်းနည်း ကလေးမျှနှင့် ဆုံးဖြတ်ချက်ချတတ်ကြသည်။ တကယ်ယူသုံးသင့် သည့်အချက်အလက်များ၊ သတင်းများက ကြိုးနီစနစ်ဖြင့် စားပွဲ အဆင့်ဆင့်မှာဖြစ်ဖြစ်၊ မှတ်တမ်းဌာနမှာဖြစ်ဖြစ် ဖုန်တသောသော နှင့် ကျန်ရစ်နေတတ်သည်။ ထို့ကြောင့်ပင် အမှတ်တစ်ဌာနမှ အတော်ဆုံးလူတွေပင်လျှင် အမှတ်နှစ်ဌာနမှ ထိပ်သီးပညာရှင်တွေ ဘာတွေလုပ်လို့ ဘာတွေကိုင်နေကြမှန်းမသိကြတာမျိုးတွေ တွေ့နေ ရသည်မှာ မဆန်းတော့။
လုပ်ငန်းအဖွဲ့အစည်းများတွင် (သဟဇာတသဘော၊ အညမညသဘောတွေ ပါးလျား၍) ခေတ်နှင့်အညီ လိုက်လျောနိုင် စွမ်း ကျဆင်းကုန်ကြသည်မှာ အံ့သြစရာလိုဖြစ်နေ၏။ စိတ်ကူးသစ် တွေ အလုအယက် ယှက်နွှယ်ပေါ်ထွက်လာမှုမျိုး ကင်းမဲ့သော အဖွဲ့ အစည်းသည် ထိုင်းသွား၊ သေသွားတတ်၏။ စိတ်ကူးသစ်တွေပြောဆိုတင်ပြခွင့် ပေးပြီး အလုပ်ဖြစ်သော အချေအတင်ငြင်းခုံ မှုမျိုးတွေပေါ်လာစေမှသာ လုပ်ငန်းအဖွဲ့အစည်းတစ်ခုသည် အသက်ဝင်နေမည်။ ခေါင်းဆောင်အနေဖြင့်ကား ဤလို ရှင်သန် နေသော သွေးကြောပေါ်တွင် ဖိဖိစီးစီးသွေးစမ်းကြည့်နေနိုင်ဖို့ လိုသည်။
စိတ်ကူးသစ်တွေထွက်လာစေရန် လုပ်ဆောင်ရမည့် နည်း လမ်း သုံးမျိုး ရှိသည်။
အုန်းကျွက်ဆူညံမှုကို အားပေးပါ
ပုံမှန်လုပ်လေ့ရှိသော “အကြံပေးစာထည့်ရန် ပုံ” ဆိုတာ မျိုးလောက်နှင့် ရပ်မနေရ။ ခေါင်းဆောင်တစ်ဦးသည် သူ့လူများ ထံမှ အကြံကောင်းဉာဏ်ကောင်းတွေ ထွက်လာဖို့၊ ပြောရဲ ဆိုရဲ ရှိလာဖို့ နည်းမျိုးစုံသုံးရမည်။
ဘယ်သူပေးတာဖြစ်ဖြစ် ကောင်းတယ်ဆိုရင် လက်ခံပါ
လမ်းဖွင့်ထားပါ။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် အကြံပေးနိုင်ကြပါ စေ။ အဆင့်ဆင့်တင်ပြခိုင်းတာတို့၊ ရာထူးကြီးလို့ဦးစားပေးတာတို့ မလုပ်ပါနှင့်။ ရှေ့တန်းကလူတွေ၊ အနီးဆုံးလူတွေ၏ အကြံတွေ၊ စိတ်ကူးတွေနဲ့ချည်း စခန်းမသွားပါနှင့်။ အလှမ်းကွာသော ဝန်ထမ်း တွေလည်း ပါဝင်ခွင့်ပေးပါ။
ဆက်သွယ်ရေးမြန်ဆန်မည့် နည်းသစ်တွေ သုံးပါ
ရေးသားတင်ပြတာထက် တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ် စသည်တို့ကို သုံးခြင်းက ပိုမြန်ပါသည်။ ခေတ်ပေါ်ပစ္စည်းတွေ ဆင်ပေးပါ။ များများသုံးကြဖို့လည်းအားပေးပါ။ ကွန်ပျူတာ ကွန်ရက်တစ်ခုသည် အချင်းချင်းတိုင်ပင်ရာ၊ ဆက်သွယ်ရာ၌ အလွန်ထိရောက်သည့်အတွက် သုံးစွဲဖို့ အားတက်သရောဖြစ်နေကြ ပါစေ။ ကြောက်စရာဟု မထင်ကြပါစေနှင့်။
“ဆွေးနွေးသမျှရဲ့ အဆိုးမြင်အဝိုင်းကိုပါ
ကျုပ် ပြည့်ပြည့်စုံစုံသိချင်တယ်၊ “မကောင်း
တာတွေကိုလူကြီးမမြင်သင့်ဘူး” ဆိုတာမျိုးနဲ့
ကြမ်းတဲ့ ရှတဲ့ စောင်းတွေကို သွေးပြီး၊ ချောပြီးမှ
ပေးတော့ ကျောက်စရစ်ခဲပဲရတာ ပေါ့။
ကျုပ်လိုချင်တာ စောင်းတွေ ရှိနေမြဲ
ကျောက်တုံးကိုလိုချင်တာ၊ ပြောကြပါ။
ပြော စရာရှိတာအားလုံး ပြောကြပါ”
(ဘာသာပြန်သူ၏ ရှင်းလင်းချက် ။ ။ နှင်းဆီကို ဆူးတွေချိုး၊ အရုပ်ဆိုးသော အကိုင်းတွေဖြတ်၊ ပိုးပေါက်ပါသော အရွက်တွေကို ဖယ်ပြီးမှ လှသော မွှေးသော ပန်းအဖြစ် တင်ပြခြင်းမှာ အကောင်းထက် အဆိုးကို ဖြစ်စေပါ သည်။ အဆိုး-အကောင်း အားလုံးကြားရလျှင် ပြဿနာကို ဖြေရှင်းရ ပိုလွယ်ပါသည်။
ဗျူရိုကရက်တို့၏ အမူအကျင့်များတွင် ဘာမဆို အစီရင်ခံစာဖြင့် အဆင့်ဆင့်တင်စေခြင်း၊ ငယ်သူက ကြီးသူထံ တိုက်ရိုက်တင်ပြခွင့် မပေးခြင်း၊ ငယ်သူက ကြီးသူကို ဖုန်းဆက်ခွင့်မပေးခြင်း၊ ကြီးသူက တစ်ခုခုပြောလိုလျှင် တယ်လီဖုန်းဖြင့် ပြောလိုက်၍ ရလျက်နှင့် “လာပါဦး” လှမ်းခေါ်ပြီးမှ အထာကြီးနှင့် ပြောဆိုခြင်း စသည်တို့ ပါဝင်ပါသည်။ ဤလို ဝန်ထမ်းအဖွဲ့အစည်းများ၊ လုပ်ငန်းများတွင် ဝန်ထမ်း စိတ်ဓာတ် ကျဆင်းမှု များပြား ကြီးမြင့်လေ့ရှိပြီး မကျေနပ်မှုလည်း ကြီးထွားနေတတ်သည်။ အမိန့်ပေး စေခိုင်းမှုသာ များနေသောကြောင့် စိတ်ကူးသစ်များ ထွက်ပေါ် လေ့မရှိ။)