Skip to product information
1 of 9

Other Websites

ကျော်ဝင်း - ကမ္ဘာ့အစီအစဥ်သစ်ရှာပုံတော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဝက်စဖေးလီယားမှသည်•••

 

           ကမ္ဘာ့အစီအစဉ်အကြောင်း ပြောတော့မည်ဆိုလျှင်၊ “ဝက်စ ဖေးလီယား မှ စတင်ရပါလိမ့်မည်။ ဥရောပနိုင်ငံများကြား ဖြစ်ပွား ခဲ့သော “အနှစ် ၃၀ စစ်ပွဲအပြီး ၁၆၄၈ခုနှစ်ကချုပ်ဆိုခဲ့သော ဝက်စဖေးလီယားစာချုပ်(Treaty of Westphalia)ကို ဆိုလိုရင်းဖြစ်သည်။ စင်စစ် ဤစာချုပ်မှာ စစ်ပန်းလာသောနိုင်ငံများကြား ညှိယူခဲ့ကြသောကြားအဖြေတစ်ခုသာ ဖြစ်ပါသည်။ “မိမိတို့အာဏာစက်အတွင်း မိမိတို့နှစ်သက်သည့်ပုံစံနှင့် ကြိုက်သလိုအုပ်ချုပ်ရန်” ဆိုသော သဘောတူညီချက်ဖြစ်သည်။ ဤသည်ပင် အမျိုးသားနိုင်ငံများကြား ထားခဲ့ကြသည့် ကတိကဝတ်ဖြစ်သလို အမျိုးသားနိုင်ငံအချင်း ချင်းကြား ဆက်ဆံရေးစနစ်လည်း ဖြစ်လာခဲ့ပါသည်။ သို့အတွက် တိကျသောအဓိပ္ပါယ်နှင့်ဆိုလျှင် ကမ္ဘာ့အစီအစဉ်(world order) ဆိုသည်ထက် နိုင်ငံတကာအစီအစဉ်(international order)ဟူ၍ ပင် ဆိုရပါလိမ့်မည်။ 

          ဤစနစ်တွင် အခြေခံမူကြီးသုံးရပ်ရှိသည်ဟု ဆိုနိုင်ပါသည်။ ဤသည်တို့မှာ အချုပ်အခြာအာဏာပိုင်စိုးမှု (sovereignty)၊ “ပြည် တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး(non intervention)နှင့် “အင်အားချိန်ခွင်လျှာထိန်းညှိရေး” balance of power) တို့ဖြစ်သည်။ ပထ မနှစ်ချက်အရ နိုင်ငံများ၏တန်းတူညီမျှမှုကို အခြေခံသည်ဟု ယူဆနိုင်စရာရှိသော်လည်း၊ လက်တွေ့တွင် ဤသို့မဟုတ်ပါ။ ဤ ကာလ အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံအများစုမှာ “ခေတ်မီနိုင်ငံတော် ပုံသဏ္ဌာန် ဖြစ်မလာသေးဘဲ၊ ပဒေသရာဇ်စနစ် အတွင်းမှာပင် ရှိနေဆဲဖြစ်သည်။ ဥရောပအမျိုးသားနိုင်ငံများ အနေ နှင့်ဤနိုင်ငံငယ်များကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် သဘောထားခဲ့ကြသည် မဟုတ်ပါ။ တတိယအချက် (အင်အား ချိန်ခွင်လျှာထိန်းညှိ ရေး)တွင်လည်း နိုင်ငံကြီးတစ်ခု ခု ၏ “ချုပ်ကိုင်လွှမ်းမိုးမှု (hegemony)ဖြင့်သာ စခန်းသွားခဲ့သည်က များပါသည်။ သို့ အတွက် ဝက်စဖေးလီယားမူ ဆို သည်မှာ နယ်မြေပိုင်နက်ပေါ်အခြေခံသော တန်းတူရေးယုတ္တိနှင့် ပထဝီ နိုင်ငံရေးလွှမ်းမိုးမှုကို အခြေခံသော တစ်ဖက်စောင်းနင်းယုတ္တိတို့ ပေါင်းစပ်ထားခြင်းဟူ၍သာ ဆိုရပါလိမ့်မည်။ ဒုတိယယုတ္တိကသာ အဓိကဖြစ်နေ၍ မိမိတို့အမျိုးသားရေးအကျိုးစီးပွားနှင့် မောင်းသော နိုင်ငံတကာအစီအစဉ်သာ ဖြစ်ပါသည်။

          ပြောကြစတမ်းဆိုလျှင် ကိုလိုနီနယ်ချဲ့စနစ်နှင့် ကမ္ဘာစစ်ကြီး များမှာ ဤစနစ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစု ဒဿနပညာရှင် အီမာနျူယယ်ကန့်၏ “ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှစစ်မခင်း ဆိုသော မှန်းဆချက်သည်လည်းကောင်း၊ကား(လ)မာကွဲ၏ ‘လူမျိုးစုံသွေးစည်းချစ်ကြည်ရေး နိုင်ငံတကာ ဝါဒသည်လည်းကောင်း၊ ဝက်စဖေးလီယားဝိညာဉ် အမျိုးသား အကျိုးစီးပွားကို မကျော်လွှားနိုင်ခဲ့ဟု ဆိုရပါလိမ့်မည်။ ပထမ ကမ္ဘာ စစ်အပြီး၊ အမေရိကန်သမ္မတ ဝုဒရိုးဝီလဆင်၏ တန်ဖိုးအခြေခံ နိုင်ငံ တကာစနစ်မှာလည်း သူ့မိခင်နိုင်ငံကပင်လက်မခံခဲ့၍၊ လက်တွေ့ အရာမထင်နိုင်ခဲ့သော သမိုင်းဝင်အလံတစ်ခုအနေနှင့်သာ ကျေနပ်ခဲ့ ရသည်။ သို့နှင့်တိုင် ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံခေါင်းဆောင်များကမူ ဝက်စဖေးလီယားအစီအစဉ်ကို ခံတွင်းတွေ့နှစ်ခြိုက် ခဲ့ကြဟန်တူသည်။ ဒုတိယ ကမ္ဘာစစ်အပြီး၊ နိုင်ငံတကာဆက်ဆံရေး စနစ် ပြန်လည်တည်ဆောက်ကြရာမှာပင် ဝက်စဖေးလီယားအမွေ ကိုသာ ဆက်ခံလာခဲ့ကြသည်။ ပြောရလျှင် စစ်ပြီးခေတ်သည်ပင်လျှင် ဝက်စဖေးလီယားအကောက်အယူ၏ အမြင့်ဆုံးကာလဟု ဆိုနိုင် လိမ့်မည် ထင်ပါသည်။

 

ပို့စဒမ်မျှခြေနှင့်ကမ္ဘာ့ကုလသမဂ္ဂ

           ဒုတိယကမ္ဘာစစ်ကြီး၊ ပြီးလုပြီးခင်ကာလများက ကျင်းပခဲ့သော တီဟီယံ၊ ယော်(လ)တာနှင့် ပို့စဒမ်ထိပ်သီးဆွေးနွေးပွဲများကို မှတ်မိ ကြဦးမည်ထင်ပါသည်။ စင်စစ်ဤဆွေးနွေးပွဲများ(အထူးသဖြင့် ပို့စဒမ် ဆွေးနွေးပွဲ)မှာ စစ်အောင်ပွဲဝေစုခွဲခြင်းနှင့် စစ်ပြီးခေတ်နိုင်ငံတကာအစီအစဉ်အတွက် အကြိုညှိနှိုင်းကြခြင်းဟု ဆိုနိုင်ပါသည်။ စစ်အောင်ပွဲဝေစု ခွဲကြရာတွင် ဥရောပအရှေ့ပိုင်းမှာ ဆိုဗီယက်ယူနီယံ ဩဇာအောက်သို့ ရောက်သွားပြီး၊ အနောက်ခြမ်းမှာ အမေရိကန် မဟာမိတ် ဖြစ်သွားသည်။ ကွန်မြူနစ်များ အာဏာရလာသော တရုတ်ပြည်မှာ ဆိုဗီယက်တို့နှင့် ဘက်တစ်ဖက်တည်း ဖြစ်လာသလို အာရှမှဂျပန်မှာလည်း ကိုရီးယားစစ်ပွဲကာလမှာပင် အမေရိကန် ဘက်သား ဖြစ်သွားသည်။ ကိုရီးယား၊ ဗီယက်နမ်စသော နိုင်ငံများ မှာလည်း နှစ်ခြမ်းခွဲခံလိုက်ရပြီး၊ တောင်ခြမ်းမှာ အမေရိကန်ဘက်၊မြောက်ခြမ်းမှာ ဆိုဗီယက်ဘက် အသီးသီးဖြစ်ကုန်ကြသည်။ ဤသို့ဖြင့် ကမ္ဘာကြီး၏သုံးပုံတစ်ပုံမျှကို ဆိုဗီယက်တို့ကဝေစုရလိုက်ပြီး ကျန် သုံးပုံနှစ်ပုံမှာ အမေရိကန်ဦးဆောင်မှုအောက်သို့ ရောက်သွား ခဲ့ရသည်။

          တစ်ဆက်တည်းမှာပင် စစ်ပြီးခေတ် နိုင်ငံတကာ ဆက်ဆံရေး ကိုဦးဆောင်ဦးရွက်ပြုနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို စတင် ပုံဖော်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးချိန်မှာ ဝက်စဖေးလီယားကာလလိုမဟုတ်တော့ဘဲ၊ လွတ်လပ်စနိုင်ငံသစ်များ အရှုရှိုပေါ် ထွက်နေချိန် ဖြစ်သည်။ သို့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးမှာ ကမ္ဘာ့ နိုင်ငံအားလုံးကို ကိုယ်စားပြုဖို့လိုလာသည်။ သို့နှင့်တိုင် စစ်ပြီး ခေတ်၏တကယ့်နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီယှဉ်ပြိုင်မှုသာ ဖြစ်ရာ၊ ကမ္ဘာ့နိုင်ငံအားလုံး တန်းတူရည်တူပါဝင်ခွင့် ဆိုသည်ထက် အိုင်ဒီအို လိုဂျီပြိုင်ဘက်အုပ်စုကြီးနှစ်ခု၏ နေရာယူမှုကသာ အဓိကဖြစ် လာခဲ့ရသည်။ သို့ဖြင့် ပို့စဒမ်မျှခြေနှင့် ဝက်စဖေးလီယားတို့ ပေါင်း စပ်လိုက်ခြင်းသည်ပင်လျှင် ကုလသမဂ္ဂဖွဲ့စည်းရေးဖော်မြူလာ ဖြစ်လာရတော့သည်။ ပို့စဒမ်မျှခြေအရ စစ်နိုင် မဟာမိတ်ငါးနိုင်ငံ (အမေရိကန်၊ ဆိုဗီယက်၊ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်)တို့မှာ လုံခြုံ ရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ ဖြစ်လာသည်။ ဤငါးနိုင်ငံ ကပင် ဗီတိုအာဏာကိုင်ထားသည်ဖြစ်ရာ သူတို့သဘောမတူလျှင် ဘာခြေလှမ်းမှလှမ်းလို့မရသည့် အနေအထားဖြစ်သည်။ အသစ်ရေးဆွဲအတည်ပြုလိုက်သော ကုလသမဂ္ဂပဋိညာဉ်စာတမ်းသည် လည်း ဝက်စဖေးလီယားအခြေခံမူ သုံးချက်ကိုသာဆက်ခံလိုက် ခြင်းဖြစ်ပါသည်။ 

           အပြိုင်အုပ်စုနှစ်ခု၏ နေရာယူမှုဘက်က ကြည့်လိုက်လျှင်မူ အမေရိကန်အုပ်စုဘက်မှ အလေးသာသည်ဟု ဆိုနိုင်သည်။ လုံခြုံ ရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်နေရာမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကိုယ်စားပြုခွင့်မရဘဲ အမေရိကန်ထီးရိပ်အောက်မှ ဖော်မိုဆာ ထိုင်ဝမ်ကျွန်းကလေးကသာ အပိုင်စီးထားနိုင်ခဲ့သည်။ သို့ဖြင့် ဗီတိုအာဏာငါးခုအနက် ဆိုဗီယက်မှလွဲပြီး လေးခုလုံးမှာ အမေရိကန်ဘက်တွင်သာ ရှိနေတော့သည်။ သို့နှင့်အမျှ စစ်ပြီးခေတ် နိုင်ငံတကာအစီအစဉ်မှာ အမေရိကန်ဦးဆောင်မှုအောက်တွင် ရှိသည်ဟု ဆိုရမလို ဖြစ်နေတော့သည်။ နိုင်ငံတကာစီးပွားရေး အစီအစဉ်ဆိုလျှင်လည်း ဘရီတန်ဝုကွန်ဖရင့်(၁၉၄၆)က မွေးထုတ် လိုက်သော ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်(ဖ)နှင့် ဂတ်အဖွဲ့ (နောင် ဒဗလျူ တီအို)တို့မှတစ်ဆင့် အကောင်အထည်ဖော်ပြီး၊ အမေရိကန် အုပ်စုအတွင်းမှာသာ တကယ်အလုပ်ဖြစ်နိုင်ခဲ့ပါသည်။

        

  အပြိုင်အစီအစဉ်များ

           စစ်ပြီးခေတ်၊ စစ်အေးတိုက်ပွဲကာလကို ဆူပါ-ပါဝါ နှစ်ခုကို အခြေတည်၍ “ဒ္ဓိဝင်ရိုးကမ္ဘာ (bipolar world)ဟု ခေါ်ကြသည်များ ရှိသည်။ အမေရိကန်ဦးဆောင်သော ဝင်ရိုးတစ်ခုက၊ ကုလသမဂ္ဂနှင့် ဘရီတန်ဝုသုံးဖော်မှတစ်ဆင့် နိုင်ငံတကာအစီအစဉ်ကို အကောင် အထည်ဖော်နေစဉ်မှာပင် ဆိုဗီယက်ဦးဆောင်သောဝင်ရိုးဘက်မှ လည်း သူ့အစီအစဉ်နှင့်သူ အပြိုင်ရှိနေသည်။ ဆိုဗီယက်တို့၏ နိုင်ငံ ခြားရေးမူဝါဒမှာ အခြေခံအကောက်အယူနှစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး"(peacefulcoexistence)”နှင့်လူမျိုးချစ်ကြည်ရေးနိုင်ငံတကာဝါဒ (Internationalism) ဖြစ်သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးပေါ်လစီကို ကုလသမဂ္ဂမှသွားပြီး၊ ဒစ်ပလိုမေစီ သဘော သာဖြစ်သည်။ အမှန်တကယ် အကောင်အထည်ဖော်လိုသည်မှာ “လူမျိုးစုံချစ်ကြည်ရေး နိုင်ငံတကာဝါဒ အမည်ခံ “တော်လှန်ရေး များကို တင်ပို့နိုင်ရေး” ပေါ်လစီဖြစ်ပါသည်။

          ၁၉၆၀အလွန် ဆိုဗီယက်-တရုတ်အကွဲအပြဲများနောက်ပိုင်း တွင် တရုတ်တို့ဘက်မှလည်း သီးခြားနိုင်ငံတကာအစီအစဉ် တစ်ရပ် တင်ပြလာကြသည်။ “ကမ္ဘာသုံးခုအယူအဆ”Three Worlds Policy)ဟုဆိုပါသည်။ ဆိုဗီယက် အမေရိကန် ဆူပါ-ပါဝါ နှစ်ခုမှာ ပထမကမ္ဘာ၊ ဥရောပဖွံ့ဖြိုးပြီးနိုင်ငံများမှာ ဒုတိယကမ္ဘာနှင့်၊ တရုတ်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို တတိယကမ္ဘာဟူ၍ ခွဲထား သည်။ ဤအယူအဆကပေးသော မဟာဗျူဟာအညွှန်းမှာတတိယကမ္ဘာကိုအခြေခံ၊ဒုတိယကမ္ဘာကိုကြားထား(သို့မဟုတ်) မဟာ မိတ်ပြု၊ ပထမကမ္ဘာကို ဦးတည်တိုက်ဟူ၍ ဖြစ်သည်။ ပထမကမ္ဘာ အတွင်းမှာပင် ဆိုရှယ်နယ်ချဲ့ (ဆိုဗီယက်)ကို တိုက်ရန်အတွက် အမေရိကန်နှင့်ပင် မဟာမိတ်ပြုနိုင်သည်ဟုဆိုသည်။ တရုတ်တို့၏ မဟာမိတ် အယ်(လ)ဘေးနီးယားပါတီကမူ ထိုစဉ်ကပင် ဤ အယူ အဆကို လက်မခံခဲ့ပါ။ နိုင်ငံတကာအစီအစဉ် မဟုတ်။ တရုတ်ပြည် အကျိုးစီးပွားအတွက် ဖော်စပ်ထားသောဗျူဟာဟူ၍ ဝေဖန်ခဲ့သည်။ ဆိုဗီယက်တပ်များ တရုတ်နယ်စပ်မှ ဆုတ်ခွာသွားသည်နှင့် ဤ ပေါ်လစီမှာလည်း အလိုလိုပျောက်သွားခဲ့ပါသည်။

          ဤအချိန်တွင် ကုလသမဂ္ဂအလံလွှင့်၍ လှုပ်ရှားနေသော အမေရိကန်သည်လည်း၊ သီးခြားအစီအစဉ်များဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် သြဇာနယ်ပယ်ထူထောင်ခဲ့ကြသည်။ ကွန်မြူနစ်ဆန့်ကျင် ရေး မွှန်ထူစိတ်ဖြင့် ဒီမိုကရေစီနှင့် ဘယ်လိုမှမနီးသော အစိုးရမျိုး ကိုပင် မဟာမိတ်ပြုခဲ့သည်များ ရှိသည်။ အာရှမှ ဆစ်(ခ)မာရီး၊ ငိုဒင်ဇင် စသူများ၊ အရှေ့အလယ်ပိုင်းမှ ဆဒမ်ဟူစိန်လို ပုဂ္ဂိုလ်များ လက်တင်အမေရိကမှ ဘာတစ္စတာလို၊ပီနိုချက်လို လူသန်ကြီးများမှာ တစ်ချိန်က အမေရိကန်လူများ ဖြစ်ခဲ့ကြသည်။ ၁၉၇၅ နောက်ပိုင်းဗီယက်နမ်စစ်ပွဲအပြီးမှ ပေါ်လစီစစ်ဆေးမှုများပြန်လုပ်ပြီး အထိုက် အသင့် ထိန်းသိမ်းလာခဲ့သည်။

မည်သို့ပင်ဆိုစေ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာအစီအစဉ်မှာ စစ်အေးကို စစ်ပူမဖြစ်အောင်မူ ထိန်းနိုင်သိမ်းနိုင်ခဲ့သည်ဟူ၍တော့ ဆိုနိုင်ကောင်းမည် ထင်ပါသည်။ 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)