Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၅)

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

တွေ့ကြပြီဆိုမှဖြင့်ကွယ်

ကြူမွှေး

(၁)

         အေးကျော်သည် “မြန်မာ့အောင်လံ”သတင်းစာတိုက်မှ အယ်ဒီ တာပေါက်စကလေး တစ်ဦးဖြစ်၏။

အယ်ဒီတာဆို၍ တခြား တခြားသော အယ်ဒီတာကြီးများကဲ့သို့ ဣန္ဒကြီး တစ်ခွဲသားနှင့် ခပ်တည်တည်ကြီးနေသောသူမဟုတ် “ပျော်ပျော် နေသေခဲသည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဟေးလားလားနှင့်သာ ပျော်ပျော်ပါးပါး နေထိုင်သောသူ ဖြစ်လေသည်။

         သူ့အနေနှင့် အယ်ဒီတာအလုပ်ကို ဝါသနာပါ၍သာ လုပ်နေခြင်း ဖြစ်သည်။ ရသည့် လခကတော့ သူ့အဖို့ လုံးဝလုံလောက်ခြင်း မရှိပေ။ လစဉ် လတိုင်း မန္တလေးမြို့ရှိ မိဘများက သူ့အား ထောက်ပံ့နေရလေသည်။ သူ၏မိဘများမှာ မန္တလေးမြို့တွင် ကိုယ်ပိုင် ရက်ကန်းစင်ကြီးများ မြောက် မြားစွာ ထောင်၍ အထည်ဆိုင်ကြီး ဖွင့်ထားလေသည်။

         တကယ်ဆိုတော့ အေးကျော်အနေနှင့် မည်သည့် အလုပ်မျှ မလုပ်ဘဲ သူ့မိဘလုပ်စာကို ထိုင်စားမည်ဆိုလျှင်လည်း အေးအေးလူလူ ထိုင်စားနေနိုင်သူဖြစ်လေသည်။

         သို့သော်... သို့သော် ... သူမှာ ဘဝကဝိပါကဝဋ် မကင်းရှာသဖြင့် မြို့ မဟာ ရန်ကုန်ကြီးတွင် အဆင်းရဲခံ ဒုက္ခခံ၍ အယ်ဒီတာ ပေါက်စဘဝဖြင့် လာရောက်လုပ်ကိုင်နေရခြင်း ဖြစ်လေသည်။

          သူသည် ရေကျော်ထဲတွင်ရှိ အိမ်တစ်အိမ်တွင် တစ်လငါးဆယ်နှင့် ထမင်းလခပေး၍ နေထိုင်လေသည်။

           တစ်နေ့သော ညနေတွင် လဟာပြင်ဘက်သို့ လျှောက်လာခဲ့ပြီး နောက် တရုတ်ထမင်းဆိုင်တစ်ဆိုင်တွင် ညနေစာကို မှာယူစားသောက်ခဲ့ လေသည်။

         အချိန်မှာ ညနေရုံးဆင်းချိန်ဖြစ်သဖြင့် သူ့လိုပင် ထမင်းလာ၍ စားကြသူများနှင့် အိမ်အပြန်အိမ်ရှင်မများအတွက် အခေါက်ကင်၊ ဘဲကင် စသည်တို့ကို ဝင်ဝယ်ကြသူများတို့ဖြင့် သူစားနေသော ဆိုင်မှာ စည်ကား၍ နေလေသည်။ လဟာပြင်တွင် တရုတ်ထမင်းဆိုင်များရှိကြသည့်အနက် သူဝင်စားသော ကြက်ဥနို့အေးဆိုင် ရှေ့ရှိ တရုတ်ထမင်းဆိုင်မှာ နာမည်က လည်းကြီး ကောင်းလည်း ကောင်းလှသဖြင့် တခြားဆိုင်များထက် လူပိုမို ၍ စည်းကားနေသည်။ လူစည်ကားလှသဖြင့် သူတောင်းစားအထီး၊အမ ပေါက်စနကလေးတွေမှာလည်း ထမင်းကျန်၊ဟင်းကျန်များကိုလည်းကောင်း၊ အသပြာငါးပြားကိုလည်းကောင်း၊ ပေးရန်တောင်းခံသည့်အသံတွေကလည်း ဆူညံလှတော့၏။

          အေးကျော်မှာ ထိုဆိုင်သို့လာ၍ ထမင်းလာစားတိုင်း သူ၏ ဟင်း ကြွင်း ဟင်းကျန်များကို သူတောင်းစားများအား စွန့်ကြဲပစ်လေ့ရှိ၏။

         ယခုလည်း သူ့တွင် ဟင်းတွေမှာ ပိုမိုနေသဖြင့် သူတောင်းစားများ အား စွန့်ကြဲပစ်ရန် သူတောင်းစားများကို လိုက်လံကြည့်ရှုနေလေသည်။

         သူထိုင်၍ စားသောက်နေသော ခုံနေရာမှာ ဟင်းခွက်များနှင့် အခေါက်ကင်၊ အသားကင်တို့ထားရှိသော ခုံများအနီးတွင် ဖြစ်လေသည်။

         သူသည် စားသောက်၍ ပိုလျှံကာနေသော ဟင်းများအား သူတောင်းစားတို့ကို စွန့်ကြဲရန်အတွက် ပတ်ဝန်းကျင်ကို မျက်စိကစားနေ စဉ် သူ့အနီးသို့ ခြောက်နှစ်ရွယ်ခန့်ရှိ အဝတ်အစား ညစ်ပေပေနှင့် ချာတိတ် ကလေးတစ်ဦးမှာ လက်ဖက်ရည်ချိုင့်တစ်ခုကို ကိုင်ရင်း ရပ်နေသည်ကို မြင်လိုက်ရလေသည်။

         ထိုကြောင့် အေးကျော်သည် စေတနာ ပရလပွဖြင့် ထိုကလေးလက်ထဲမှ ချိုင့်ကို မပြောမဆိုနှင့် ဆွဲယူလိုက်ပြီးနောက် သူစား၍ ကျန်ရှိနေသော အခေါက်ကင်များနှင့် တခြားစားစရာတွေကို အကုန်လုံး သွန်မှောက်၍ ထည့်ပေးလိုက်စဉ် ... ။

         “ဟင်. ဟင်.. ဒါ... ဒါ.. ဒါက ဘာလုပ်တာလဲရှင့်..”

         ဒေါသသံဖြင့် သူ၏ကျောဘက်ဆီမှာ ပြောလိုက်သော မိန်းမသံ တစ်သံကြောင့် အေးကျော်မှာ လှည့်၍ကြည့်လိုက်ရာ တစ်ခါက သူနှင့် ဘုကျခဲ့ဖူးသော လှပျိုဖြူကလေးဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

         “ကျုပ်စားလို့မကုန်တဲ့ ဟင်းတွေကို ထည့်ပေးတာလေ ... အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ...”

         အေးကျော်က ပမာမခန့်နှင့် လှပျိုဖြူအား ပြန်ပြောလိုက်လေသည်။ ပတ်ဝန်းကျင်တွင် စားသောက်နေကြသူများနှင့် ဆိုင်မှ တရုတ်များမှာ သူတို့ နှစ်ဦးအား ငေး၍ ကြည့်ရှုနေကြလေသည်။

         “ဆိုင်လို့ပြောတာပေါ့ ရှင့် ... ဒီချိုင့်ဟာ ကျွန်မရဲ့ ချိုင့် ... ဒီဆိုင် မှာ ဘဲပေါင်းဟင်းချိုလာပြီး ဝယ်တာကို ရှင်က ဘာထင်ပြီး ရှင့်ဟင်းတွေ ထည့်လိုက်ရတာလဲ..”.

         မိန်းမပျိုက ခပ်ဆတ်ဆတ်ကလေး ပြန်၍ ရန်တွေ့ကာ ပြောလိုက် မှ အေးကျော်မှာလည်း အဖြစ်မှန်ကို ရိပ်မိ၍ သွားလေတော့သည်။

         “အယ် ... သိပါဘူး ... ကျုပ်က သူတောင်းစားချိုင့်မှတ်လို့”

         “ဘာ ... ဘာ ... ဘာပြောတယ်ရှင် ... ရှင်က လူကို သူတောင်းစား လို့ ဆိုလိုက်တာပေါ့လေ .. ဟုတ်လား” ကို

         မိန်းမပျိုက အသားများ ဆတ်ဆတ်တုန်မတတ်ဒေါသဖြစ်ကာ အေးကျော်အား မေးလိုက်လေသည်။ ။

         “အလိုလေးဗျာ.. ကျုပ်က သူတောင်းစားပါလို့ ခင်ဗျားကို ဘယ်မှာ ပြောရသေးလို့လည်း စကားကို ကိုယ်လိုရာဆွဲပြီး မကောက်ပါနဲ့” .

         အေးကျော်က နှုတ်ခမ်းကြီးကို မဲ့ကာ ရွဲ့ကာနှင့် ပြန်ပြောလိုက်လေသည်။

         “ကိုယ်လိုရာကို ဆွဲကောက်ပြီး ပြောတာမဟုတ်ဘူး၊ ရှင်ပြောတာက ဒီသဘောပဲရောက်တာမဟုတ်လား”

          “ဟာ .. ဒါကတော့ ခင်ဗျားက သက်သက်မဲ့ ကျုပ်အပေါ် အထ အန ကောက်ပြီးပြောတာပဲ၊ ကျုပ်ကတော့ ခင်ဗျားချိုင့်ကို သူတောင်းစား ချိုင့်မှတ်ပြီး ထည့်မိတာ အမှန်ပဲ။ ပြီးတော့ ဒီကလေးရဲ့ အဝတ်အစားကိုလည်း ကြည့်ဦးလေ တစ်ကိုယ်လုံး ပေကျံပြီးနေတော့ ကျုပ်စိတ်ထဲမှာ သူတောင်းစား လေးလို့ ထင်ပြီး အခုလိုပြုမိတာပဲ”

         “ကြည့်စမ်း ရှင်ဟာ ပြောလေကဲလေပဲ၊ ဒီကလေးရုပ်ကိုများ သေသေချာချာ ကြည့်စမ်းပါဦး... သူတောင်းစားရုပ်လားလို့ဆိုတာ သူ့ အဝတ်အစားပေရေနေတာက သူကစားနေတုန်း ကျွန်မက အဖော်ခေါ် လာလို့ရှင့်၊ သူများသားသမီးကို ချိုးချိုးဖဲ့ဖဲ့ မပြောပါနဲ့။

         “ဒီလိုမပြောစေချင်ရင် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ပေးပြီးမှ ခေါ်ပေါ့ဗျ၊ ခုတော့ ခင်ဗျားသားရဲ့ အဝတ်အစားက”

         “ဘာ ... ဘာ ခင်ဗျားရဲ့ သားလည်း ကျွန်မက အပျိုရှင့် အပျို၊ ဒါ ကျွန်မသားမဟုတ်ဘူး၊ အိမ်နားက ကလေးရှင့် သောက်ရမ်းမပြောနဲ့”

         အေးကျော်က အပျိုမှန်းသိလျက်နှင့် မိန်းမပျိုအား တမင်ရွဲ့၍ ပြောခြင်းဖြစ်၏။ ထိုစဉ် လူတစ်ယောက်မှာ ထမင်းစားနေရာမှ ထလာပြီး နောက် သူတို့နှစ်ဦးအား

         “ကဲပါဗျာ... တော်ကြပါတော့၊ တစ်ဦးနဲ့ တစ်ဦး မတော်တဆ မှားပြီးဖြစ်ရတဲ့ဥစ္စာ ရန်ဖြစ်မနေကြပါနဲ့တော့” ထိုသူက ဝင်၍ ဖျန်ဖြေလိုက် လျှင် မိန်းမပျိုက..

         “မဟုတ်ဘူးရှင့် ... ရှင်က သူ့အကြောင်း မသိလို့ အခုလိုဝင်ပြောနေ တာ၊ သူဟာ ကျွန်မကို အခုတစ်ခါသာ မဟုတ်ဘူး။ အရင်တစ်ခါ မုန့်ဟင်းခါးဆိုင်မှာ တွေ့တုန်းကလည်း ဒီလိုပဲ လူကို အကြောင်ရိုက်ပြီးပြီ.. အခုလည်း သူတမင်တကာလုပ်တာပဲ”

         မိန်းမပျို၏ စကားအဆုံးတွင် ကျော်က တစ်ချက်ရယ်မော လိုက်ပြီးနောက်... ။