Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၄)

Regular price 2,800 MMK
Regular price Sale price 2,800 MMK
Sale Sold out

အိမ်ထောင်ရေးဒုက္ခ

ရန်အောင်

          “အိမ်ထောင်ရေး ဒုက္ခတွေ ကြုံရချေသော် ထိုဒုက္ခသည် လင်မယား အတွက်ကားမကောင်း။ သို့သော် ယင်းအိမ်ထောင်ရေး ဒုက္ခကို အရင်းပြု လျက် အမြတ်ထုတ်တတ်လျှင် တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းလှပါ ပေတော့သတည်း။ ။”

          အထက်ပါစကားကို ကျွန်တော်သည် တော်ရမ်းမယ်ဘွဲ့၊ အကျယ် ချဲ့ကာ အရွဲ့တိုက်၍ ဆိုခြင်းမဟုတ်ပါ။ တကယ် လက်တွေ့ သုံးသပ် ဆည်းပူးအပ်သဖြင့် သိမှတ်ရသော သင်ခန်းစာမှ ထုတ်နုတ်ဖော်ပြခြင်းသာ လျှင် ဖြစ်ပါသည်။

          ဃရာဝါသော ဗဟုကိစ္စေ” ဟူသည် စကားအတိုင်း အိမ်ထောင် ရေးကိစ္စတာဝန်များကား ကြီးမားမြားမြောင်လှ၏။ ယင်းသည့် မြောက်မြား လှသောကိစ္စ အတန်တန်ရှိသည့်အတွက်ကြောင့်ပင်လျှင် ဒုက္ခအတန်တန် ဆင်းရဲမှု အဖန်ဖန်တို့ ပေါ်ပေါက်ရခြင်းဖြစ်ပါသည်။

          အိမ်ထောင်ရေးဒုက္ခဟူရာ၌ လင်သော်လည်းကောင်း၊ မယားသော် လည်းကောင်း၊ အကျင့်ဖောက်ပြား မယားငယ်ယူခြင်း၊ လင်စောင်ထားခြင်း ကိစ္စမျှကိုသာ အိမ်ထောင်ရေးဒုက္ခဟု မမှတ်ယူစေလိုပါ။ ဆွေရေး၊ မျိုးရေး သားသမီးရေးတို့သည်လည်းကောင်း၊ စီးပွားရေး၊ ရှာရေးဖွေရေးသည်လည်း ကောင်း၊ လင်နှင့်မယား စိတ်သဘောချင်း မတိုက်ဆိုင်မှု၊ အဆင်မပြေမှုသည်လည်းကောင်း၊ မကျန်းမမာဖြစ်ရေး၊ သေဆုံးရေးသည် လည်းကောင်း၊ အားလုံးသော ကိစ္စအရပ်ရပ်တို့သည် အိမ်ထောင်ရေး ဒုက္ခတွင် အကျုံးဝင် လျက်ရှိပါ၏။ ကျွန်တော့်အတွက် ပြောရလျှင် ပထမအိမ်ထောင်မှာ ကျင့်ဆောင်ပုံ ဟန်မကျသဖြင့် ကွာရ ရှင်းရပေရာ ဤသို့ မိမိ၏မယား၊ ချစ်သက်ထားနှင့် ကွဲပြားကွေကွင်းရခြင်းသည်လည်း အိမ်ထောင်ရေး ဒုက္ခ တစ်ရပ်ပင် မဟုတ်ပါလော။

          ဒုတိယဇနီး မန်းမနီး ရေဝေးအညာသူကလေးမှာလည်း ကျွန်တော် ၏ မျက်ကွယ်တွင် မျက်နှာငယ်ငယ်ဖြင့် ကွယ်လွန်သေဆုံး၍သွားရှာရ ပေရာ၊ အနှာသည်လည်း အပူကြီးလှသောအိမ်ထောင်ရေးဒုက္ခမီးပင် မဟုတ် ဟုလော။

          ယခုလက်ရှိမယား၊ ဦးတည် ဖွားနွယ်၊ ပေါက်ဖော်မယ်ကား..အမယ် လေး...ဘသမီး.. ဒေါစကီးသဖြင့် အများကြီးစိတ်ရှုပ်ရပြန်၏။

          သို့သော် ... အိမ်ထောင်ရေး ဒုက္ခ၊ ဒီလှိုင်းတွေထပေမယ့်၊ ကောင်းလှ သည့် အချက်တွေကို တွက်ရေခေါင်းခေါက်၍ ပြလိုပါသည်။

          လွန်ခဲ့သည့် ၅ နှစ်ခန့်က ကျွန်တော်သည် အိမ်ထောင်ရေး ဒီလှိုင်း ပတ်သဖြင့် သမုဒ်တွင် လွင့်စဉ်၍သွားလျက် အင်းစိန်မြို့ အနီးအပါးက ထန်းတပင်မြို့ ကလေးတွင် ၇ ရက်မျှ ခိုအောင်း နေထိုင်ခိုက်တွင် ဆောင်းပါး ၇ ပုဒ်နှင့် မဂ္ဂဇင်း ဝတ္ထုရှည် တစ်ပုဒ်ကို ချက်တဖြုတ် ရေးသားနိုင်ခဲ့ပေရာ ဤမျှလောက် ရက်အနည်းအပါးတွင် စာများများရေးနိုင်ခြင်းကား အကြောင်း ရင်းရှိလေသလောဟု စောကြောစစ်ဆေး မျှော်တွေး စဉ်းစားလိုက်သည်ရှိသော် လားလား..အကြောင်းရင်းကားယင်းသည် အိမ်ထောင်ရေးဒုက္ခ မီးလျှံတွေထသဖြင့် အုံကြွကာ ဉာဏ်ထွက်ပြီး စက်ကဲ့သို့ အလုပ်လုပ်နိုင် ခြင်းသာလျှင် ဖြစ်ပါပေတော့သတည်း။ | ယင်းစကား၏ ထင်ရှားသော သာဓကများကို ပြပါမည်။

          ကွယ်လွန်လေပြီးသော ကျွန်တော်တို့ ဗမာပြည်ခေါင်းဆောင်ကြီး တစ်ဦးမှာ အိမ်ထောင်ရေး ဒုက္ခ မကြာခဏတွေ့ရသည်ဟု ကြားဖူးပါ၏။ အိမ်ရှင်ဇနီး ချစ်မငြီးနှင့်၊ ဂရီးဂရီး စကားများလျက် မခေါ်မပြောဘဲ နေခဲ့ သည့် အကြိမ်ပေါင်းမှာ မြောက်မြားစွာပင် ရှိသည်ဟု ကြားရဖူးပါသည်။

          မကွယ်လွန်မီ တစ်ရက်ကပင်လျှင် အိမ်ရှင်မနှင့် အချင်းများလျက် တစ်ပါး ဌာနသို့ သွားရောက်အိပ်စက်ရသည်ဟု ကြားရပါ၏။ သို့ဖြစ်ပါလျက် စာပေလောက၊ အနုပညာလောက၊ ဂီတပန်တျာ ပညာအရပ်ရပ်တို့အတွက် အမှီပုဂ္ဂိုလ်ကြီး ဖန်တီးဆောင်ရွက်၍ သွားခဲ့သော ကိစ္စမြောက်မြားစွာပင် ကျန်ခဲ့ပေရာ အိမ်ထောင်ရေး ဒုက္ခသည် ကာယကံရှင်အတွက် အကျိုးယုတ် သော်လည်း၊ တိုင်းပြည်အတွက်ကား အကျိုးရှိသည်ဟု ကျွန်တော်ဆိုခြင်း ဖြစ်ပါသည်။

          စာပေ၏ ဘုရင်တစ်ဆူဖြစ်ပေသော ဆရာပီမိုးနင်းမှာလည်း အိမ် ထောင်ရေး ဒုက္ခ မြောက်မြားစွာကို တွေ့ကြုံရ ရှာပါသည်။ ဆရာပီမိုးနင်း၏ အိမ်ထောင်ရေးဒုက္ခများအနက် ထင်ရှားသော သာဓကများကား သားကြီးသြရသ ကျော်စိုးမှာ တစ်ပါးသူ လက်ချက်ဖြင့် အသက်ထွက်ဇီဝိန် ကြွေသောကြောင့် ပီမိုးနင်းခမျာ ပဠာမြေလူး ဖြစ်ခဲ့ရ၏ ယင်းသည့်နောက်ကျော်စိုးတို့မိခင်မှာ မျက်မမြင် ဒုက္ခိတ ဘဝသို့ ရောက်ခဲ့၏။ ဤမျှသာ မဟုတ်တုံသေး။ ဆရာပီမိုးနင်း၏ ထာဝရ ဒုက္ခလည်း ရှိရှာပါသေး၏။ ထိုထာဝရ ဒုက္ခကား ဝမ်းရေးအတွက် အမြဲပူပန်ကြောင့်ကြနေရခြင်းပင် ဖြစ်ရာ ယင်းသည့်ဒုက္ခ အဝဝတို့ကြားမှ စာများ အတောမသတ်ရေးနိုင်ခြင်း မှာ ဒုက္ခကြောင့်ပင်လျှင် တသွင်သွင်ရေးနိုင်ရော့သလားဟု စဉ်းစားဖွယ် မရှိပါလော။

          တိုင်းတစ်ပါးမှ ထင်ရှား ကျော်ကြားလှသော အိမ်ထောင်ရေး ဒုက္ခ သည်ကြီးများ ရှုပါဦး။

          အမေရိကန် သမ္မတကြီး လင်ကွန်းမှာ အိမ်ထောင်ရေး ဒုက္ခ အမြဲ တွေ့၍ နေရှာသောပုဂ္ဂိုလ်ကြီးဟု ဥဒါန်းတွင်ရစ်ပါပေတော့သည်။

          လင်ကွန်း၏ သမိုင်းကို ရေးသားသည့်ကိုယ်တွေ့ ပုဂ္ဂိုလ်တစ်ဦးက “လင်ကွန်း၏ အနှစ် ၂၀ မျှသော အိမ်ထောင်သည်ဘဝ၌ တစ်နေ့တစ်ရက် တာမျှပင် စိတ်ရွှင်လန်းချမ်းခြင်း မဖြစ်ခဲ့ရရှာပေ”ဟု ရေးသားခြင်းကိုထောက်လျှင် လင်ကွန်းမှာ အဘယ်မျှ ဒုက္ခသည်သည့်အိမ်ထောင်ရှင်ကြီး ဖြစ်ကြောင်း စဉ်းစားနိုင်လောက်ပါ၏။

          လင်ကွန်းက သူ့မိတ်ဆွေ တစ်ဦးထံသို့ ပေးသည့်စာတစ်စောင်တွင်လည်း အောက်ပါ အချက်အလက်များပါ၏။

          “ဤကမ္ဘာလောက၌ ရှိရှိသမျှသော ဒုက္ခိတသတ္တဝါများထဲတွင် ကျွန်ုပ်သာလျှင် စိတ်အဆင်းရဲဆုံး ဖြစ်၏။ အကယ်၍ ကျွန်ုပ်၏နှလုံးထဲ တွင် ပေါ်ပေါက်ခံစားရသည့် ဒုက္ခဝေဒနာများကို လူသားအားလုံးတို့အား အညီအမျှ ခွဲဝေပေးလိုက်ပါဘိမူကား ဤကမ္ဘာလောကတွင် ရှိသမျှသော လူအပေါင်းတွင် တစ်ဦးတစ်ယောက်မျှ ရွှင်ရွှင်လန်းလန်း ရှိနိုင်ကြတော့မည် မဟုတ်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ ကျွန်ုပ်သည် ဤဘဝမျိုးဖြင့် အသက်ရှင် ၍ မနေလိုတော့ပါ။ အသက်ရှင်၍ နေရခြင်းထက် သေရခြင်းက မြတ်ပေ သေး၏...”

          အထက်ပါ လင်ကွန်း၏စာကိုထောက်လျှင် သူ့ခမျာ အဘယ်မျှ အိမ်ထောင်ရေး ဒုက္ခကျရောက် ခံစားနေရရှာသည်ကို တွေးချင့်နိုင်လောက်ပါ ပေပြီ။

          ဤမျှသာမဟုတ်တုံသေး။ လင်ကွန်း၏ ဒုက္ခဖြစ်အင်ကို မျက်မြင် ကိုယ်တွေ့ပုဂ္ဂိုလ်တစ်ဦးက “တစ်ခါကဗျာ ဧည့်ပရိသတ် ဗိုလ်ပုံအလယ်မှာ ပေါ့...ပြောပဲ မပြောချင်တော့ပါဘူး။ ကျုပ်တို့ သမ္မတ သူတော်ကောင်း ကြီးကို သူ့ဇနီးက လက်ဖက်ရည်ပူပူထည့်ထားတဲ့ ပန်းကန်နဲ့ပေါက်ပြီး ပူဇော် ကန်တော့တယ်ဗျ..။ ကျုပ်တို့ သမ္မတကြီးဟာ အိပ်ခါနီးဆုတောင်းပတ္တနာ ပြုတာတောင် တစ်ခါမှ ရွှင်ရွှင်လန်းလန်းပြုတာ မမြင်ရပါဘူး...”ဟု ဆို သတတ်။

          ဤမျှ ငရဲသားပမာ အိမ်ထောင်ရေး ဒုက္ခဝေဒနာကို ကြီးလှစွာ ခံစားရရှာသော သမ္မတကြီး လင်ကွန်း ကြိုးပမ်းဆောင်ရွက်ခဲ့သွားသည့် အချက်အလက် ကွင်းကွင်းကွက်ကွက်တို့သည်ကား မြောက်မြားလှစွာရှိ ကြောင်း လူအပေါင်းတို့ သိကြပြီး ဖြစ်ပါ၏။