Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၃)

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခမဲ့ မြည်းမလားဟေ့ ထောင်ကြီး

ထောင်ပြန်အစစ် သာကဒိုး 

          ယခုအခါ မြန်မာလူမျိုး မောင်သာကဒိုးသည် တော်တော်ပဲ လူပါးဝတတ၊ ဖင်ခေါင်းကျယ်တယ်တယ် ဖြစ်နေသည်ဟု ကြားရလေ၏။ အဘယ်ကြောင့် ဆိုသော် ဟောဒီ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးမှာ သူက “နောက်ဆုံး ပေါ် ထောင်ထွက်” ဖြစ်သောကြောင့်ပေတည်းတဲ့။

အေး ...။

          သူ ငါက စ ဒီတိုင်းပြည်က စတိုင်မျိုးစုံထွက်လာတဲ့ ထောင်ထွက် မျိုးစုံရှိသည့်အနက် သူက ထောင်ထွက်တွေထဲ လတ်ဆတ်သော နောက်ဆုံး ပေါ် ထောင်ထွက်ဖြစ်ခြင်းကြောင့်တဲ့။ ဘဝင်လေရိုက်ပြီး ဖင်ခေါင်းကျယ်တယ်တယ်လေး ဖြစ်နေခြင်းပါတဲ့။ ကောင်းပေဗျို့။

          ထိုမြန်မာလူမျိုး သာကဒိုးဆိုသော ငနဲသည် ဒီပြည်တွင် ခပ်ကျယ် ကတ်ကတ်စာများ ရေးသားလေ့ရှိရင်းကနေပြီး ကံကြမ္မာဇာတာရွကာ အစိုးရ အမအစဖြင့် အာမထိ လျှာမထိ ထောင်ကျသွားရပုံကို အလုံးစုံကိုတော့ ကိုကို မမတို့ သိကြပြီး အတိုင်းပေပ။ ဟုတ်စ။ အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် သာကဒိုးသည် ရေရေလည်လည် ထောင်ကျသွားခြင်း ဖြစ်သည်။ ထောင်က ထွက်လာသောအခါ သာကဒိုးသည် ယောက်ျားကောင်း အာဇာနည်ငန်ပီပီ မိန်းမများ အကြောင်း အားကြီးပဲ ရွပ်ရွပ်ချွံချွံ ရေးသားလေတော့၏။ မိန်းမတွေဟာ ဘာတွေလဲ။ တော်တော် ပါတိတ် ဝေဒနာ ပြင်းထန်ကြောင်း၊ တစ်ဖန် ဂျော်ဂျက်နာဆိုတာကလည်း ဒီ ငါ့တူမ တွေမှာ ကုရာနတ္ထိ ဆေးမရှိကြောင်း၊ ဒီကောင်မလေးတွေဟာ တော်တော် ခက်ကြောင်း စသည်ဖြင့် ဒိုသည် ထောင်က ထွက်လာပြီးကာမှ မိန်းမတွေ အကြောင်းကို သတ္တိပြောင်ပြောင်နှင့် ဖြောင်ခနဲ ဖြောင်ခနဲနေအောင် ရေး သားလေ၏။ တယ်လည်း ဟုတ်ပါကလားဟု အောက်မေ့ရလေ၏။ မိန်းမ တွေအကြောင်း အရေးများသောအခါ ငဒိုးမှာ အိမ်က ကြက်မ၊ လှယဉ်ကျေး မိတင်အေးနှင့် အိုးနင်းခွက်နင်း သပိတ်မှောက်ခြင်းတွေတောင် ဖြစ်ရသော ဟူ၏တဲ့။ ဤတွင် ဒိုးက “ဟေ့ အသာနေစမ်းကွ၊ ငါ သတ္တိရှိတယ်ကွ။ သတ္တိရှိလို့ အာဇာနည် ရဲရဲတောက် ယောက်ျားမို့ ၊ မိန်းမတွေအကြောင်း အဆီ တရွှဲရွှဲနေအောင် ရေးရဲတာပေါ့ကွ။ နောင်လည်း ဆက်ကာ ဆက်ကာ နင် လား၊ ငါလားချည်း ရေးသားဦးမကွ။ ဘာဖြစ်ရဦးမှာလဲကွ မကြောက်ဘူးကွ။ ဟေ့ ... ဗမာပြည်မှာ မိန်းမတွေကို အကြည်ညိုပျက်စေမှု ပုဒ်မ မပေါ်သေး သမျှ ရေးရဦးမကွ မှတ်ဟ” ဟု အဲသလို ဆိုလေ၏တဲ့။ (အောင်မယ်မယ် နှိပ်ကွယ် သူ့တွက်ကိန်းလည်း မဆိုးလေတဲ့)။

          အဲသလိုကို ထောင်ထွက်ငနဲမှာ သူ့မှာ ရေးစားစရာ လက်ကျန်တော် တော်ကျန်နေသေးခြင်းတစ်ကြောင်း၊ ပြီးတော့ ဗမာပြည်နောက်ဆုံးပေါ်ထောင်ထွက်ဖြစ်သည်လည်း တစ်ကြောင်းကြောင့် ဘဝင်လေခ လူပါးဝတတ နိုင်ချင်နေရသည့် အထဲတွင် “ထောင်ပညာ” ဆရာတင်၍ လာလာမေးကြသော လူများက ရှိနေ၍လည်း ကိုယ့်လူမှာ ပို၍ ဒီတိုင်းပြည်ဝယ် ကတ်ကျယ် ကျယ် နိုင်နေခြင်းလည်း ဖြစ်သည်ဆို၏။ ကောင်း၏။

         တစ်နေ့ တစ်နေ့ အိမ်လာလာမေးသူ တသီကြီး၊ ထောင်ပညာ၊ ထောင် အကြောင်း၊ ထောင်အတွေ့၊ ထောင်ကိစ္စတွေ လင်းလင်းပြနေရသည်မှာ သင်း အရသာဟု ဆိုလေ၏။ ဆိုပါတော့။

          ဒိုးက တကတဲမှ စေတနာ့ဝန်ထမ်း၊ ထောင်သင်တန်း ဖွင့်နေလေ တော့၏ တဲ့ ... ကဲ။

          သာကဒိုးသည် သူ ထောင်ကျခြင်းကို သိဒ္ဓိတင် ဂုဏ်မြှင့်ကာ ဟောဒီ လို အပေါက်မျိုး၊ တယ်... လေကြွားလေ့ရှိလေသည်တဲ့။

          ဒိုးက “ဟေ့ ... ဘာမှတ်လဲ ဟိုတစ်ခါတုန်းက ခေတ်မီသူတိုင်း ဖဆ- ပ- လ ထဲ ဝင်ကြ၍ ခေတ်မီသူတိုင်းပင် မယားငယ်ယူသကွ..။ ဟော ခုတစ်ခါတော့ ခေတ်မီသူတိုင်းလည်း ထောင်ကျရတယ်ကွ... ဘာမှတ်လဲဟ၊ မှတ်ကွ” တဲ့။

          အဲ... အဲသလို အစိုးရသာ မကြားလောက်ဘူးဆိုပါက ကြားကြား သမျှသော သူတော်မကောင်းမကောင်းတို့၊ ထောင်းခနဲ ရှင်းရှင်းလင်းလင်း လက်ထိပ်ကွင်းကို ထင်းခနဲ မြင်ယောင်မိလောက်သော စကားကို တိတ် တိတ်လေး ပြောကြားတတ်သတဲ့။

          အမြဲ သူ့အိမ်တွင် စည်စည်ဝေနေသော ထောင်ပညာ လာမေးကြတဲ့ ငနဲသား၊ ထောင်သင်တန်းသားတို့အား ဒိုးက ...

          “ဟေ့ .. ရဲဘော်တို့ ... ထောင်ပညာ၊ ထောင်ဗဟုသုတဆိုတာ ရှိထား ရတယ်ကွ။ လူရယ်လို့ ဖြစ်လာတဲ့အခါ တစ်သက်တစ်ခါ၊ ထောင်စာ၊ ထောင် မကျပါဘူးလို့ ဤကမ္ဘာမှာ ဘယ်ကိုယ်တော်မြတ်ငနဲကမှ အာမခံနိုင်တာ မဟုတ်ဘူး။ သိကြားမင်းကရော၊ အိုင်ဆင်ဟောင်ဝါကရော၊ သမ္မတကြီးရော အာမ မခံနိုင်ပါဘူး ....”

          “အား ... မှန်ပေသါ ” ၊

          သာကဒိုးထံ ပညာခံကြကုန်သော ထိုထောင်သင်တန်းသားတို့က ထောက်ခံကြလေ၏။

          “အေး ... ဒါကြောင့် ထောင်ပညာ၊ ထောင်ပညာနဲ့ နာမည်သာဆိုး တယ်၊ ယောက်ျားငနဲတိုင်း တတ်ထားအပ်တဲ့ အဌာရသ တစ်မျိုးဟနော်။ ကြိုးစား သင်ကြားကြား .. အရှုံးမရှိဘူးတဲ့”

          သာဒိုးကသည် ထောင်အကြောင်းမေးလာသမျှ ပြောရင်း လင်းရင်းကပင် အခမဲ့ကုသိုလ်ဖြစ် ဆောင်သင်တန်းပမာ ရောက်နေရပြီး သူ့အိမ်မှာထောင်ပရိုက်ဗိတ် ကျူရှင် (ဝါ) ထောင်အလွတ်ပညာသင်ကျောင်းဖွင့်သလို ဖြစ်နေလေတော့သည်။ အေး ... ကောင်းသည်တဲ့။

          အချို့မှာ ကိုယ်အရင်က စားထား၊ မျိုထား၊ ဆို့ထားသမျှ စိတ်မလုံကြ သဖြင့် အကယ်၍ ဤခေတ်သမယ၌ မတော်တဆများ ... မတော်တဆခဲ့ပါ လျှင် ကောင်ပညာမှာ ၇ တန်းစာလောက်တော့ ဖတ်ပြီးဖြစ်အောင် အသင့် လာ၍ ကြိုတင်ရယ်ဒီ ဆောင်ကြည့်ကြသည်လည်း ရှိသည် ဆို၏။

          အချို့ ထောင်ပညာကို တစ်ကန့်စီ လာလာ သေသေချာချာ မေး၍ မူလတန်းကနေ တစ်တန်းပြီး တစ်တန်း မှန်မှန်ဆိုသလို ထောင်ပညာကို ယူသည်။ အချို့ကလည်း ကသောကမျော သုံးလေးရက် ဆက်တိုက်ကြီး လာမေးမေးနေပြီး ထောင်ပညာကို တကတ် ဖြတ်လမ်းကနေ ထောင် တက္ကသိုလ်ဝင်တန်းအထိ တရကြမ်း ဖိဖိသင်သည်လည်း ရှိလေ၏။ ဒါတွေ ကတော့ တယ်ပြီး မရှင်းမရှင်း လက်ထိပ်ကွင်းနဲ့ ဆွေရင်းမျိုးရင်းများ ဖြစ်ဟန် ရှိပေ၏။

          ဒိုးအဖို့မူကား ထောင်ပညာပေးဖို့ ဘယ်သူ့မှ ဝန်မလေး။ ဒိုးမှာ နာမည်ကျော် “ဘားလမ်းအချုပ်” တွင်လည်း ရက်အတန်ကြာစံခဲ့ရ။ “ထောင် အချုပ်တွင်လည်း ခံဖူး၊ စံဖူး။ “ထောင်ကျ ၏ ဘဝအရသာလည်း မျိုးလာ ဆို့လာ ‘ထောင်ကျထောင် အလုပ်ကြမ်း” စခန်းကိုလည်း လှမ်းခဲ့ရ၊ ကြမ်းခဲ့ရ။ ဒီတော့ကာ ဒိုးမှာ ထောင်ဘဝ၊ ထောင်လောကမှာဖြင့် ထောင်ပညာတွေထဲထောင်ဘီအေတန်းထိ မအောင်ဘူးဆိုရင်တောင် “ထောင်ဆရာဖြစ်တန်း” လောက်တော့ဖြင့် တရကြမ်း အတန်းကျေခဲ့ပြီဟု ပြောနိုင် ကြားနိုင် ဖြန်းနိုင် နေလေကပြီ ..။ အေး ...။

          “ရဲဘော်တို့ .... မှတ်တဲ့ .... မှတ် လောက၌ မတည့်သော အရာကြီး များ တော်တော်များများရှိ၏။ ဖရဲသီးနဲ့ ဘဲဥ၊ နုတင်နဲ့ ဆွေငြိမ်း၊ ပလိန်းကိတ် နဲ့ ငံပြာရည်၊ ထောင်သားတွေနဲ့ နို့၊ ကြက်ဥ”

          “ဗျာ .. ခင်ဗျာ” မရှင်းသော ဆရာတပည့်တစ်ဦးက မေးလေ၏။ “ဟဲ့ .. ဒါ သိပ်အရေးကြီးတယ်တဲ့ ... မှတ်တဲ့ .... လောက်မှာ ထောင်သားနဲ့ ကြက်ဥနဲ့ နို့နဲ့ ဘယ်တော့မှ မတည့်ဘူး”

          " ဪ......"

          “တော်တော် အရေးကြီးတာတဲ့နော် ... ထောင်သားဖြစ်ပြီးမှ ဒါ သတိ မပြုမိလို့ ကြက်ဥသောက်မိတဲ့ အမတ်မင်းကလေးတစ်ဦး ဒုက္ခ ....။ ကြက်ဥနဲ့ ထောင်သားတွေ့ခဲ့ဖူးတဲ့ ဒုက္ခ ... အမယ်လေးလေး ...” “ကြက်ဥနဲ့ ထောင်သားနဲ့ နို့နဲ့ ဓာတ်မတည့်” ။ သာကဒိုး၏ ကုသိုလ်ဖြစ် ဆောင်သင်တန်းတွင် ဒီအထိ စုံလင်သည်။

          “ထောင်ဆိုတာ ပထွေးအိမ်နေရသလိုလို ... မိထွေးနဲ့ နေရတာမျိုး လိုလို ... ။ အေး တစ်ခါတစ်ခါတော့ ယောက္ခမအိမ်နေရတာမျိုး ဘဝနဲ့ တော်တော်ဆင်ချင်သဟ ..။ ယောက္ခမနဲ့ တူသော အာဏာပိုင်ရှေ့ ခပ်တည် တည်နေ။ နောက်မှ ခိုးလျှင် ခိုးစားတန်စား ဟုတ်လား ...။ အဲ ... ထောင် ကြပ်ဆိုတာများကတော့ကွာ ယောက်ဖနဲ့ အတော်ဆင်ချင်သဟ ..။ ပေါင်း လို့ရတဲ့အခါလည်း ရ၊ ဘုကျချင်ကျနဲ့ ယောက်ဖပဲ ..”

          “ဟုတ်လား ...”

          “ထောင်အဖို့ ဆက်ဆံရေးက ထောင်အာဏာပိုင်တွေ၊ ထောင်ကြပ် တွေနဲ့ဟာ အဓိကပဲ။ အစစ ထောင်သားအဖို့ရာ ဘဝအခြေအနေကိုက တွေး တာ ခေါ်တာတွေဟာ တစ်မျိုးဖြစ်လာတတ်တာ ကလား...။ မှတ်ကွ ..ထောင်သားအဖို့ရာမှာ လောကမှာ တွေ့လေသမျှ မိန်းမမှန်သမျှလည်း အကုန် သိပ်သိပ်လှနေတတ်သဟ .။ မယုံမရှိနဲ့။ ဤဖေကိုယ် ကိုယ်တွေ့ဟ ...”

          “အလိုလို ..”

          “ဒါ အမှန် ကိုယ့်လူ .. ထောင်သားရဲ့ မျက်စိမှာ တွေ့သမျှ မိန်းမဟာ သိပ်သိပ်လှနေကုန်တတ်တယ်။ ထူးတယ် ဆန်းတယ်... မအောက်မေ့နဲ့တဲ့.. မျက်ပဲ၊ ရင်ကော့၊ ဖင်ကောက်လေးများတောင် ဒေဝစ္ဆရာ အရင်း ထင်သ ယောင်မိသဟယ် ... တကယ် ...”

          “မြတ်စွာဘုရားရေ ..”

          အပြင်လူအဖို့တော့ ကြားရ ကြားရ နားဝမှာ ဒါ.. အူကြောင်ကြောင် ဖြစ်စရာပင်တည်း။ သို့သော် ထောင်သားအဖို့ ထိုစကားမှာ ရောမပို၊ ဘဲရီး မပို၊ တကယ် မပို။ အားလုံး မိန်းမမှန်ရင် ပပဝတီပင် ထင်ချင်သည်။ (မယုံ ဘူးလား၊ မယုံရင် အစ်ကိုတို့ ထောင်ကျကြည့်တော့ သိတော့မပေါ့တဲ့) ကဲ.....။