Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ပင်လုံမှစခဲ့သော

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
ပင်လုံမှစခဲ့သော သွေးစည်းညီညွတ်ရေး
                                                                          ဗိုလ်စိန်တင်

          ပင်လုံစာချုပ်ကို ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံရွာကလေး တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့လေသည်။

          ပင်လုံရွာကလေးသည် သာမန် ရှမ်းအမျိုးသား ကျေးရွာကလေးသာ ဖြစ်ပြီးလျှင် သနပ်ဖက် အသင့် အတင့် ထွက်သော ကျေးရွာကလေးသာ ဖြစ်သည်။ ယင်း ကျေးရွာကလေးရှိ ရှမ်းအမျိုးသားအားလုံးတို့ သည် ငါတို့ ရွာသည် ကမ္ဘာကျော်ရွာကလေးတစ်ရွာ ဖြစ်လာလိမ့်မည်ဟူ၍ မည်သူကမှ အိပ်မက်ခဲ့ဖူးခြင်း မရှိခဲ့ဘူးပေ။ ဤသို့ပင် ရှမ်းပြည်နယ်မှ တိုင်းရင်းသား အားလုံးတို့ကလည်း ပင်လုံရွာကလေးအကြောင်းကိုသာမန် ကျေးရွာကလေးတစ်ရွာအဖြစ်သာ သိရှိထား ခဲ့ကြသည်သာ ဖြစ်ပေသည်။

          သို့တစေ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း လန်ဒန်သို့သွားရောက်ကာ ဗမာ့ လွတ်လပ်ရေးအတွက် အရေးဆို ဆောင်ရွက်နေစဉ် ကာလဝယ် ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်း မပါသော ဗမာပြည် လွတ်လပ်ရေးသည် ဘာမျှ အဓိပ္ပာယ် မရှိ” ဟူ၍ တိတိလင်းလင်းပြောဆိုလျက် ရှမ်း၊ ကချင်၊ ချင်း ဒေသများကိုပါ လွတ်လပ်ရေးပေးရန်အတွက် တစ်ပါတည်းပင် ဗြိတိသျှ အက်တလီအစိုးရအား အရေးဆိုခဲ့ပါပေသည်။

          အတိတ်သမိုင်းကြောင်းကို ပြန်လည်၍ ကြည့်ပါ က ယခု ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည်မှာလည်း လွန်ခဲ့သောမြန်မာဘုရင်များ အုပ်ချုပ်ခဲ့သော လွတ်လပ် သည့် မြန်မာနိုင်ငံတော်ကတည်းကပင် တောင်တန်း ပြည်နယ်များပါဝင်သော လွတ်လပ်သည့် မြန်မာနိုင်ငံ ပင် ဖြစ်၏။ ဤတောင်တန်းနယ်အားလုံးသည် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ ခရစ်နှစ် ၁၈၈၅ ခုနှစ်၌ မြန်မာ နိုင်ငံအား အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက် တောင် တန်းနယ်တစ်ခုလုံးပါ အင်္ဂလိပ်တို့က တဖြည်းဖြည်း သိမ်းပိုက်ခဲ့ခြင်း ဖြစ်လေသည်။

          မြန်မာနိုင်ငံ အင်္ဂလိပ်များ စစ်ဖြစ်ခဲ့သော ပထမ စစ်ပွဲ၊ ဒုတိယစစ်ပွဲ၊ တတိယစစ်ပွဲများတွင် မြန်မာ လူမျိုးများသာမက တောင်တန်းပြည်နယ်သား အားလုံး က ပါဝင်တိုက်ခိုက်ခဲ့သည်ကို အထူးသတိပြုဖို့ လိုပေ သည်။ စစ်သူကြီး ဗန္ဓုလ အာသံသို့ စစ်ချီသောအခါ တွင် သိန်းဖော (ခေါ်) ကချင်အမျိုးသား ဂျိမ်းဖော့ အမျိုးသား စစ်သည်တော် ၁,ဝဝဝ မျှပါဝင် တိုက်ခိုက် ခဲ့ခြင်းနှင့် ဝက်ထီးကန်တိုက်ပွဲများတွင် ရှမ်းအမျိုးသား စစ်သည်တော် ၁ဝ,ဝဝဝ ကျော်ပါဝင်၍ နယ်ချဲ့သမား ဗြိတိသျှစစ်သည်တော်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

          ယင်းအကြောင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း သည် တောင်တန်းပြည်နယ်အားလုံးပါ လွတ်လပ်ရေး ရရှိအောင် တစ်ပါတည်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          အင်္ဂလိပ်အစိုးရကမူ တောင်တန်းဒေသမှာ မတိုး တက်သဖြင့် ၁၉၁၉ ခုနှစ်က မြန်မာပြည်မအား ဒိုင် အာခီအုပ်ချုပ်ရေး ပေးသောအခါ တောင်တန်းဒေသ အား ခြွင်းချန်ထားခဲ့သလို ထိုအုပ်ချုပ်ရေးမျိုးနှင့် မထိုက် တန်သေး။ တောင်တန်းဒေသသည် မတိုးတက်သေး၊ အုပ်ချုပ်နိုင်ခြင်း မရှိသေးဟူသော အကြောင်းပြချက်နှင့် ခြွင်းချန်ထားလေသည်။ ထိုအကြောင်းပြချက်ကိုဗိုလ်ချုပ်အောင်ဆန်းက လက်မခံနိုင်၊ မြန်မာတို့နှင့် အတူ လွတ်လပ်ရေး တစ်ပါတည်း ရထိုက်သည်ဟူ၍ သာ တောင်းဆိုခဲ့သည်။

          ဤသို့ တောင်းဆိုနေခိုက် ပဒေသရာဇ် သြဇာ အာဏာဖြင့်သာ ဆက်လက်ကြီးစိုးနေချင်သေးသည့် စော်ဘွားအချို့သည် ဗြိတိသျှအစိုးရထံ သံကြိုးရိုက် လိုက်သည်။ “ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းတို့၏ ကိုယ်စားလှယ်မဟုတ်။ ရှမ်းပြည်တောင်တန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောခွင့်မရှိ။ တောင်တန်း ဒေသကို တောင်တန်းကိုယ်စားလှယ်ကသာ ပြောပိုင် ခွင့်ရှိသည်” ဟူ၍ ကန့်ကွက်ခဲ့ရာ ထိုသံကြိုးစာကို ဗိုလ်ချုပ်အောင်ဆန်းအား နန်းရင်းဝန် အက်တလီက ပြခဲ့သည်။ ဗိုလ်ချုပ်မှာ ကြောင်အမ်း၍ အတော်ပင် ဗျာများ မှိုင်တွေသွားခဲ့ရသည်။

          သို့တစေ နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်စနစ်ကို တိုက်ပွဲဝင်ရင်း ရှမ်းပြည်လူထုအား တိုးတက်စည်းရုံး နိုင်ခဲ့သည်။ တောင်ကြီးမြို့ရှိ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်က ချက်ချင်းပင် လူထုအစည်းအဝေးကျင်းပ ခဲ့၏။ ထိုအစည်းအဝေးကြီးမှ ဗိုလ်ချုပ်အောင်ဆန်းကိုထောက်ခံသည်။ မြန်မာပြည်မကို လွတ်လပ်ရေးပေး လျှင် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသအားလုံးလည်း လွတ်လပ်ရေး တစ်ပြိုင်တည်းပေးရမည်ဟုတောင်းဆိုပြီး ထိုတောင်းဆိုချက် ကြေးနန်းအား လန်ဒန်တွင်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းထံ ပို့လိုက် သည်။ ဗိုလ်ချုပ်ကား ထိုသံကြိုးစာကိုင်၍ အက်တလီ အား အရေးဆိုခဲ့ရာ အက်တလီအစိုးရအဖို့ “တောင်တန်း ခေါင်းဆောင်များ အချင်းချင်း ရှမ်းပြည် တစ်နေ ရာရာမှာဖြစ်စေ တွေ့ဆုံကြပြီး တိုင်ပင်ညှိနှိုင်းကြစေလို သည်” အများသဘောတူသောအချက်ကို အင်္ဂလိပ် က လက်ခံပါမည်။ တောင်တန်းသား အများစု မြန်မာ ပြည်မနှင့် ပူးပေါင်းလိုလျှင် ပူးပေါင်းပေးမည်။ တသီး တခြားနေလိုက တသီးတခြား နေခွင့်ပြုမည်” ဟူ၍ အောင်ဆန်းအက်တလီစာချုပ်တွင် ပါဝင်ချုပ်ဆိုခဲ့ရ သော ပင်လုံ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသော လွတ်လပ်ရေး၏ ပထမဆုံးသော့ချက်ပင်တည်း။ ယင်း စာချုပ်အရလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းချက်ကြောင့်လည်းကောင်း၊ တောင်တန်း ခေါင်းဆောင်များ စည်းလုံးညီညွတ်လျက် ပင်လုံရွာ တွင် မြန်မာပြည်မနှင့်အတူ ပူးပေါင်းနေထိုင်မည် ဟူသော စာချုပ်ကို နယ်ချဲ့ နောက်လိုက် အဖျက်သမား ပယောဂတို့ကြားမှ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြပေ သည်။