Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - စိတ်ကူးချိုချိုပင်ကိုရေးပုံပြင်များ(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

သမင်နှလုံးသားနဲ့ ကလေး

          တစ်ခါတုန်းက မြစိမ်းတောင်ခြေ တောနက်ကြီးထဲမှာ နာမည် ကျော် ဓားပြဗိုလ်ကြီး “ဗိုလ်မိုးသီး”နဲ့သူ့တပည့် လူဆိုးသူခိုး အယောက် ၂ဝ တို့ ခိုအောင်းနေခဲ့ကြသတဲ့။ မြစိမ်းတောင်ခြေ တောနက်ကြီးဟာ သစ်ပင်ချုံနွယ်တွေ အလွန်ရှုပ်ထွေး ထူထပ်တာမို့ သွားရေးလာရေး ခက်တယ်။ တောင်မြင့်ကြီးတွေ၊ အလွန်နက်ရှိုင်းတဲ့ ချောက်ကြီးတွေ ရှိကြတာမို့ တောတောင်ထဲမှာ ကျက်စားကြတဲ့ မုဆိုးတွေတောင် မသွားကြ၊ မလာကြဘူး။ ပြီးတော့ ဆူးပင်တွေပေါတဲ့ လျှိုမြောင်တွေ ထဲမှာလည်း အဆိပ်ပြင်းတဲ့ မြွေဆိုးတွေ ထောင်သောင်းချီပြီး ရှိနေ ကြလို့ လူမပြောနဲ့ ကျားတွေ၊ ဆင်တွေတောင် 'မြစိမ်းတောင်ခြေ တောနက်ကြီးကို ရှောင်ကွင်းသွားကြတယ်။

          ဒါပေမယ့် သတ္တိကောင်းတဲ့ ဗိုလ်မိုးသီးတို့ အဖွဲ့ ကတော့ အဲဒီ တောထဲမှာတဲအိမ်ကလေးတွေဆောက်ပြီး စိတ်ချလက်ချ နေကြသတဲ့။ ဒီလောက်နက်တဲ့ တောကြီးထဲကို ဘုရင်မင်းမြတ်ရဲ့ စစ်သည်ရဲမက်တွေ လိုက်မလာဝံ့ကြဘူး မဟုတ်လား။ ရဲမက်တွေက ဓားပြတွေကို မကြောက်ပေမယ့် မြွေဆိုးတွေ၊ ကျားဆိုးတွေကိုတော့ ကြောက်ကြ တယ်လေ။ ဒါကြောင့်မို့ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ဓားပြ ဗိုလ်ကြီး ဗိုလ်မိုးသီးတို့အဖွဲ့ ကို ရဲမက်တွေက ဖမ်းဆီးနှိမ်နင်းချင်ကြ ပေမယ့် တောထဲကို မဝင်ရဲကြတာနဲ့ သူတို့ဟာ ဗိုလ်မိုးသီးတို့အဖွဲ့ကို အဝေးကပဲ ချောင်းမြောင်းနေခဲ့ကြရသတဲ့။

          ဗိုလ်မိုးသီးတို့အဖွဲ့ဟာ ရှင်ဘုရင်ရှိတဲ့ နေပြည်တော်မြို့နဲ့ဝေးတဲ့ ကျေးလက်တောရွာတွေကိုပဲ မကြာခဏ ဝင်ရောက်ပြီး လုယက် တိုက်ခိုက်နေကြတယ်...တဲ့။ သူတို့က လက်နက်မရှိတဲ့ လူထုကို လက်နက်၊ လေးမြားအားကိုးနဲ့ အနိုင်ကျင့်ကြတာပေါ့လေ။

          တစ်နေ့တော့ ဗိုလ်မိုးသီးတို့ လူဆိုးတွေဟာ ရွာကြီးတစ်ရွာကို ညဘက်မှာ မြင်းတွေစီးပြီး ဓားပြဝင်တိုက်သတဲ့။ ရွာသူ၊ ရွာသားတွေ ဟာ ဗိုလ်မိုးသီးတို့ရဲ့ မြင်းစီးဓားပြတွေ ရွာထိပ်ရောက်လာကြပြီး...“ဗိုလ်မိုးသီးတဲဟေ့.. ရှိတာအကုန်ထုတ်၊ ဇက်ပြုတ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြိမ်းမောင်းသံကြီး ကြားတာနဲ့ လွတ်ရာကျွတ်ရာကို ကြောက်အားလန့်အား ထွက်ပြေးကြရောတဲ့။ ဗိုလ်မိုးသီးဆိုရင် နာမည် ကြားရုံနဲ့ ရွာသူ၊ ရွာသားတွေက ဒူးတုန်အောင် ကြောက်ရှာကြတာ ကိုး။ မကြောက်လို့လည်း မဖြစ်ဘူး၊ ဗိုလ်မိုးသီးရဲ့ လက်သုံးတော် ဓားရှည်ကြီးက သိပ်ထက်တာကိုး။ ဘယ်လောက်ထက်သလဲဆိုရင် အုန်းပင်၊ ထန်းပင်ဆိုရင်တောင် သူ့ဓားကြီးနဲ့ တစ်ချက်တည်း ခုတ် လိုက်ရုံနဲ့ လူတစ်ဖက်စာလောက်ကြီးတဲ့ အုန်းပင်၊ ထန်းပင်တွေဟာ ထက်ပိုင်းပြတ်ပြီး လဲကျသွားတာတဲ့။ ဗိုလ်မိုးသီးမှာ အဲဒီလောက်ကြောက်စရာကောင်းအောင် ထက်တဲ့ဓားကြီး ရှိနေတော့ ရွာသူ၊ ရွာသား၊ ကလေး၊ လူကြီးမကျန် “ဗိုလ်မိုးသီး.. ဟေ့”လို့ ဆိုလိုက် တာနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ကုန်ကြတော့တာပေါ့။

          အဲဒီညက ဗိုလ်မိုးသီးတို့ ဓားပြအဖွဲ့ ဟာ ရွာထဲက အိမ်တွေပေါ် တက်ပြီး အဖိုးတန်ပစ္စည်းတွေကို ရှာဖွေသိမ်းပိုက်ကြသတဲ့။ ရွာထဲက လူတွေ တစ်ယောက်မကျန် ထွက်ပြေးကုန်ကြတော့ အဖိုးတန်ပစ္စည်းတွေကို သူတို့ စိတ်တိုင်းကျ အေးအေးဆေးဆေး ရွေးယူရုံပဲလေ။ ဒါပေမယ့် အဲဒီရွာက ရွာသာကြီးပြီး လူဦးရေသာများတာ၊ အိမ်တွေမှာ အဖိုးတန်ပစ္စည်း သိပ်မတွေ့ရဘူးတဲ့။ ဘယ်တွေ့မလဲ၊ ရွာသားတွေက ဓားပြတိုက်မှာစိုးလို့ သူတို့ရဲ့ အဖိုးတန် ရွှေငွေရတနာတွေကို လုံခြုံတဲ့ တစ်နေရာမှာ သွားဝှက်ထားကြတာကိုး။

          ရွာသားတွေရဲ့ လိမ္မာပါးနပ်မှုကို ဝါရင့်ဓားပြဗိုလ်ကြီး ဗိုလ်မိုးသီး က နားလည်တာပေါ့။ သူတို့လိုချင်တဲ့ အဖိုးတန် ရွှေငွေရတနာတွေ မရလို့ ဗိုလ်မိုးသီးဟာ ဒေါသူပုန်ထ၊ စိတ်တိုသွားသတဲ့။

          “အင်မတန် ဉာဏ်နီဉာဏ်နက်များတဲ့ ရွာသားတွေ၊ မိုးသီး အကြောင်း ကောင်းကောင်းကြီး သိစေရမဟေ့...”လို့ ကြုံးဝါးပြီး ဗိုလ်မိုးသီးက သူ့အပေါ် ဉာဏ်များ လှည့်စားတဲ့ရွာကို မီးနဲ့ရှို့ပစ်ဖို့ သူ့တပည့်ကျော်ကို အမိန့်ပေးလိုက်တယ်။

          “ဟိတ်... တစ်ရွာလုံး ပြာပုံဖြစ်အောင် မီးတိုက်ပစ်၊ အိမ်တိုင် ငုတ်တိုကလေး တစ်ခုတောင် မီးမလောင်ဘဲ မကျန်ခဲ့စေနဲ့။ ငါပြော တာ ကြားလားဟေ့...”

          ဗိုလ်မိုးသီးရဲ့ တပည့်တွေ ရွာကို မီးရှို့ခါနီးမှာ သူ့တပည့် တစ်ယောက်ဟာ ခြောက်လသားအရွယ် ယောက်ျားကလေးတစ် ယောက်ကို ပွေ့ချီပြီး ဗိုလ်မိုးသီးဆီ ပြေးလာသတဲ့။

          “အိမ်တစ်လုံးထဲကနေ ဒီကလေးကို တွေ့ခဲ့ပါတယ်။ သူ့မိဘ တွေ အကြောက်လွန်ပြီး ထွက်ပြေးတော့ ကလေးကို မေ့ကျန်ခဲ့ပုံ ရပါတယ်”လို့ တပည့်က ပြောပြတော့ ဗိုလ်မိုးသီးဟာ ရုတ်တရက်

          ပျော်ရွှင်သွားတယ်။ သူဟာ တောပုန်းဓားပြဘဝ ရောက်ကတည်းက သူ့ဇနီးနဲ့ သားသမီးတွေက သူ့ကို စွန့်ခွာသွားကြတယ်လေ။ သူက သားကလေးတစ်ယောက် လိုချင်နေခဲ့တာ ကြာပြီ။

          “ဟား...ဟား၊ ဟန်ကျပြီဟေ့။ ဒီကလေးဟာ ငါ့သားဖြစ်ပြီ။

          ငါ မွေးစားမယ်ဟေ့။ ရွာကို မီးရှို့ခါနီးမှာ အသက်ဘေးက ကပ်လွတ် ခဲ့လို့ ဒီကလေးကို “ကံကောင်း”လို့ အမည်မှည့်လိုက်မယ်။ သူဟာ ငါ့သား ကံကောင်း ဖြစ်သွားပြီဟေ့”လို့ ဗိုလ်မိုးသီးက ဝမ်းသာအားရ အော်သတဲ့။

          ဒီလိုနဲ့ ကံကောင်းဟာ မြစိမ်းတောင်ခြေ တောနက်ထဲက တော ပုန်း ဓားပြတွေကြားမှာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာခဲ့တာပေါ့။ လူဆိုး၊ လူကြမ်းတွေကြားမှာ နေရတော့ ကံကောင်းဟာ ငယ်ငယ် ကတည်းက လူရိုင်း၊ လူကြမ်းကလေး ဖြစ်ခဲ့ရသတဲ့။ သူဟာ လေးခွ ကိုင်နိုင်တဲ့ အရွယ်ကစလို့ လေးခွနဲ့ ကျေးငှက်တိရစ္ဆာန်တွေကို ပစ်သတ်တယ်။ စမ်းချောင်းထဲက ငါးကလေးတွေကိုလည်း ဖမ်းပြီး မီးကင်စားတယ်။ ဖားကလေးတွေ၊ ပုတ်သင်ညိုကလေးတွေကိုလည်း ကံကောင်းက တုတ်နဲ့ ရိုက်သတ်ပစ်တာပဲ။ ပြီးတော့ လူကြီးတွေ စားတာတွေ အကုန်လိုက်စားပြီး လူကြီးတွေ ပြောသလို အကုန်လိုက် ပြောတော့ ကံကောင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပါးစပ်ကြမ်းပြီး အဆဲ သန်တဲ့ လူရိုင်းကလေး ဖြစ်နေတော့တာပေါ့။ ကံကောင်း လူရိုင်း ကလေး ဖြစ်နေတာကို သူ့ရဲ့ မွေးစားအဖေ ဗိုလ်မိုးသီးက အလွန် သဘောကျသတဲ့။ ။

          ကံကောင်းက ယုန်အရှင်ကလေးတစ်ကောင်ကို ကိုင်ပေါက်ပြီး သတ်ပစ်တာကိုတွေ့ရင် ဗိုလ်မိုးသီးက လက်ခုပ်လက်ဝါးတီးပြီး “ဒါမှ ငါ့သား ကံကောင်းကွ”လို့ အော်ဟစ်အားပေးသတဲ့။ ကံကောင်းက ဗိုလ်မိုးသီးရဲ့ တပည့် လူဆိုးတစ်ယောက်ကို ဆဲရင်လည်း “ငါ့သား ကံကောင်းကွ၊ မှတ်ထား” ဆိုပြီး ရယ်မောသတဲ့။

          ကံကောင်း ၁ဝ နှစ်သား အရွယ်ကျတော့ လေးရယ်၊ မြားရယ်၊ ဓားမြှောင်ရယ် ကိုင်ပြီး ယုန်တို့၊ ရှဉ့်တို့၊ တောကြက်တို့ကို လိုက် ပစ်တယ်။ ပစ်လို့ရရင် လူဆိုးကြီးတွေလုပ်သလို အကောင်ပလောင်တွေကို သူကိုယ်တိုင် မီးကင်ပြီး စားသတဲ့။ သူက စမ်းချောင်းထဲမှာ ငါးမျှားပြီး ငါးတွေကိုလည်း မကျက်တကျက် ကင်စားတာပဲ။

          ဗိုလ်မိုးသီးတို့ ဓားပြထွက်တိုက်ကြတဲ့ အချိန်မှာတော့ ကံကောင်း မလိုက်ရဘူး။ တောထဲမှာ ဗိုလ်မိုးသီးရဲ့ လူယုံတော် လူဆိုးကြီး “သံခဲ ́နဲ့ နေခဲ့ရတယ်။ သံခဲက ကံကောင်းကို မကောင်းတဲ့အတတ် တွေ အကုန်သင်ပေးတယ်။ နဂိုရိုင်းနေတဲ့ ကံကောင်းဟာ သံခဲကြီးနဲ့ ပေါင်းမိတော့ ပိုပြီးရိုင်းလာတာပေါ့။ အသက် ၄၀ လောက်ရှိတဲ့ သံခဲကြီးကိုလည်း “မင်း”တစ်လုံး “ငါ”တစ်လုံးနဲ့ ရွယ်တူလို စကား ပြောတယ်။ ကံကောင်း အဲဒီလို ရိုင်းနေတာကိုလည်း ဗိုလ်မိုးသီးက လုံးဝ မဆုံးမဘူး။ မဆုံးမတဲ့အပြင် ကံကောင်းကို မြှောက်တောင်ပေး သေးတယ်။

          “ငါ့သား... ဘယ်သူ့ကိုမှ မကြောက်နဲ့။ မင်းကို တစ်ခွန်းဆဲရင် ငါးခွန်းပြန်ဆဲ။ မင်းကို လက်နဲ့ရိုက်ဖို့ ရွယ်ရင် မင်းက ဓားနဲ့ပြန် ခုတ်။ လှံရှိရင် လှံနဲ့ထိုး။ မနိုင်ရင်ထွက်ပြေးပြီး အဝေးကနေ မြားနဲ့ ပစ်။ သားကို လက်တွေဖမ်းချုပ်ရင် သားက သွားတွေနဲ့ သူ့လက်ကို ကိုက်ပစ်လိုက်။ မှတ်ထားနော်... ငါ့သား”ဗိုလ်မိုးသီးက ကံကောင်းကို ပိုပြီးရိုင်းသွားအောင်၊ ပိုပြီးကြမ်း သွားအောင်လေ့ကျင့်သင်ကြားပေးနေတာ။သူ့မှာ အင်မတန်ဆိုးဝါးတဲ့ အကြံအစည်ရှိတယ်။