Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ဂန္ထ၀င်လေးအုပ်နှင့်ဤသုံးဦး

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
ပထမပိုင်း
 [အခန်း - ၁)
မောင်ဘိုးထူးနှင့် မဂျမ်းဒုတ် ဇာတ်ခုံပေါ်တွင် ရန်ဖြစ်၍ ထွက်လာကြစေ

 

ထူး ။ ။ “ဟေ့ ဂျမ်းဒုတ်၊ လင့်ဝတ်ခြောက်ပါးဆိုတာ၊ မင်း မကြားဖူးဘူးလား။ မယားဆိုတာ လင်စီမံရာကို နာခံရတယ်ကွ”

ဒုတ် ။ ။ “လင်ဝတ်ခြောက်ပါးတဲ့၊ သူများ လင်ဝတ် ၉ ပါးလို့သာ ကြားဖူးတယ်။တော်ကော မယားဝတ် ၁၂ ပါးဆိုတာ မကြားဖူးဘူးလား”

ထူး ။ ။ “လင်ဆိုတာ သခင်တဲ့၊ သခင်ဆိုတော့ ကျုပ်ခိုင်းတာ မင်းအကုန်လုပ်ရမယ်သိလား”

ဒုတ် ။ ။ “လုပ်နိုင်ပေါင်တော်၊ နဂိုက မပူလိုလို့ ယောက်မရှာတာ၊ တော်လည်း သခင်မရှိလို့ မယားယူတာ မဟုတ်ဘူးလား။ နွားနဲ့လင် မကြင်ရဘူးတဲ့”

ထူး ။ ။ “မယား ယူရတာများ တယ်ဒုက္ခကြီးပါလား၊ ဒါကြောင့် “မိန်းမဟူသည်။တိုရှည်မသိ၊ အလိုရှိတိုင်း၊ ထင်မိထင်ရာ ပြုတတ်စွာ၏” လို့ မန်လည်ဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တာပဲ”

ဒုတ် ။ ။ “တော်က မန်လည်ဆရာတော်တပည့် လူလိမ္မာကြီးပေါ့လေ။ ဒီဘက်လှည့်စမ်းပါဦး၊ မျက်နှာထားကြီးကိုက ဘုရားဖြစ်မယ့် အုတ်ခဲကြီးလို ဟိုနားတိုးပါ။အင်္ဂတေစော် နံပါတယ်” ။

ထူး။ ။ “လူလိမ္မာပေါ့လေ၊ ထင်းခွေသမားထဲက ငါ့လို အစစ နှံ့စပ်တဲ့အကောင်ဘယ်ရှိသလဲ၊ ငါက ဆရာဝန်ကြီးတစ်ယောက်ဆီမှာ ခြောက်နှစ်တောင် တပည့်ခံဖူးတာကွ။ ငယ်ငယ်တုန်းက ငါလို မင်္ဂလသုတ်တို့၊ ပရိတ်ကြီးတို့အလွတ်ရတဲ့လူ ရှာစမ်းပါဦး”

ဒုတ် ။ ။ “တော်ပါ၊ နားငြီးပါတယ်။ ဒီလိုလူမိုက်မျိုးတော့ မိုးကြိုးပဲ မပစ်ဘူး”

ထူး ။ ။ “နင်လို မိန်းမယုတ်သာ ပစ်မှာလှဲ၊ ငါလို လူလိမ္မာကို မပစ်ဘူး”

ဒုတ် ။ ။ “ငါလို လူလိမ္မာကို မပစ်ဘူး။ လိမ္မာပါပေတယ်။ မန်လည်ဆရာတော်လက်သစ်ကြီးကို တော်လိုလူတော့၊ လူလိမ္မာမခေါ်ဘူး ကိုဘိုးထူးရေ၊ ရေထဲဆင်းသေမယ်”

ထူး ။ ။ “မင့် ယူမိတာတော့ ငါးပါးကြီး မှောက်တာပဲ၊ ကျုပ်ဖြင့် ဖူးစာနတ်သာဖိထောင်းချင်တာပဲ”

ဒုတ် ။ ။ “ဖူးစာနတ် ဖိထောင်းချင်စရာကြီးပေါ့၊ ကောက်ညှင်းက စေးရမှာ ဆန်ကြမ်းက စေးလိုက်လေ၊ ကိုဘိုးထူးရယ်၊ ကျုပ်လို မိန်းမရတာ အင်မတန် ကုသိုလ် ထူးလို့ မှတ်ပါတော့။ တကယ်ဆိုတော့ ကျုပ်တို့လို “ဘုန်းကြီးကြိုက်၊ မင်းကြိုက်၊ ကာလသားနှင့် လားလားမှ မထိုက်တဲ့” ကုမ္မာရီ နုနုထွတ်ထွတ်ကလေးတွေနဲ့ တော်လိုလူမျိုးနဲ့ တန်တာမဟုတ်ပါဘူး”

ထူး။ ။ “ဘာတန်မလဲ “ကျုပ်တို့လို ကုမ္မာရီ နုနုထွတ်ထွတ်ကလေးတွေနဲ့” တဲ့၊အဟိ တော်ကွယ် ...၊ ဂျမ်းဒုတ်၊ ကျုပ် စကားများများ မပြောပါရစေနဲ့၊တော်တော် နေတော့ ငါက ဟုတ်တာတွေ အကုန်လျှောက်ဖော်မိလိမ့်မယ်”

ဒုတ် ။ ။ “အမယ် ကြီးကြီးကျယ်ကျယ် ရှိလိုက်တာ၊ ဖော်စမ်းပါ။ ဘာများ ဖော်စရာရှိလို့လဲ”

ထူး ။ ။ “တော်ပါကွယ်၊ ဒီအကြောင်း တော်ကြပါစို့။ ငါသိတာ ငါသိတယ်ဆိုရင်တော်ပါပြီ။ တကယ်ဆိုတော့ ငါလိုလင်မျိုးရတာ မင်းကံထူးလို့လို့ မှတ်ပါ”

ဒုတ် ။ ။ “ဘာတဲ့ ကံထူးလို့ သူ့ကို ရသတဲ့၊ အများကြီး ကံထူးတာပေါ့ လေ။သူတောင်းစားဖြစ်အောင် လုပ်ပေးဖော်ရတဲ့ လင်ကိုး။ ရှိတဲ့ပစ္စည်း ငမိုက်သားပီပီ ကစားပစ်ဖော်ရတာကိုး”

ထူး ။ ။ “မကဲပါနဲ့ကွယ် ဂျမ်းဒုတ်၊ မင်း ရှိတာ ဘယ်ကကုန်အောင် စားပစ်ရလို့လဲသောက်တော့ သောက်မိပါရဲ့” ဒုတ် ၊ ၊ “သောက်မိပါရဲ့တဲ့ အိမ်မှာရှိသမျှ ပစ္စည်းတွေကို တစ်ခုစီ ချရောင်းလို့ကုန်ပါပကော”

ထူး ၊ ၊ “ကိုယ့်ထူး ကိုယ်ချွန် ဆိုတာ၊ ဒါမျိုးပေါ့ကွ”

ဒုတ် ၊ ၊ “ကျုပ် ကျောအောက်က အိပ်ရာတောင် ဘယ်ရှိတော့သလဲ”

ထူး ။ ။ “အဲဒီတော့မှ မင်း စောစောထမှာ”

ဒုတ် ။ ။ “အဆုံးကျတော့ အိမ်ထဲမှာ ဘာတစ်ခုများ ကုန်းကောက်စရာ ကျန်တော့လို့လဲ”

ထူး ။ ။ “ဘာမှမကျန်ရင် အိမ်ပြောင်းတော့ ဒုက္ခနည်းတာပေါ့ကွ”

ဒုတ် ။ ။ “ဒါနဲ့လည်း အလုပ်ဆိုလို့ ဘာတစ်ခုမှ မလုပ်ချင်ဘူး။ စားဖို့နဲ့ ကစားဖို့သာသိတယ်”

ထူး ။ ။ “ဒါတော့ ပျော်ပျော်နေ သေခဲ ဆိုသလို ဖြစ်အောင် လုပ်ရတာပေါ့ကွယ်။သောက်သောက်စားစား၊ လူ့မင်းသား၊ သိကြားဧကန် ဖြစ်လတ္တံ့။ မသောက်မစား၊ လူ့ငနွား မယားအိမ်က ဆဲလတ္တံ့တဲ့”

ဒုတ် ။ ။ “မဟုတ်ပါဘူးတော်၊ ကလေးတွေ တစ်ပြုံကြီးနဲ့ ကျုပ်ကို ဘယ်လိုလုပ်ထားမယ် ကြံလို့လဲ”

ထူး။ ။ “ထင်သလိုပေါ့လကွယ်”

ဒုတ် ။ ။ “ကလေး လေးယောက် တာဝန်ကြီးကို ရွက်နေရတာတော့ ကျုပ်မှာ”

ထူး ။ ။ “မရွက်ချင်လည်း ချထားလိုက်လကွယ်” ။

ဒုတ် ။ ။ “ကလေးတွေက တစ်နေ့လုံး ဆာလို့ ထမင်းချည်းတောင်းနေတာပဲ”

ထူး ။ ။ “ထမင်းတောင်းရင် ကြိမ်လုံး ကျွေးလိုက်ရောပေါ့”

ဒုတ် ။ ။ “ဒါဖြင့် ဒီလိုနဲ့ ပြီးရောလို့ ပြောချင်တာပေါ့”

ထူး ။ ။ “အေးအေးနေစမ်းပါ မိန်းမရယ်၊ မဆူစမ်းပါနဲ့”

ဒုတ် ။ ။ “မဟုတ်ပါဘူး၊ ဒီလိုပဲ တစ်သက်လုံး အလေလိုက်ပြီး စော်ကားနေတော့မှာလား ကျုပ်ကို”

ထူး ။ ။ “တော်ပါ မိန်းမရယ်၊ စိတ်ဆိုးနေရရင် မကောင်းပါဘူး”

ဒုတ် ။ ။ “တော့်ဝတ္တရားကိုမှ ဘာရယ်လို့ မပြောရဘူးလား”

ထူး ။ ။ “မိန်းမရယ်၊ ကျုပ် စိတ်ဆိုးတတ်တယ်ဆိုတာ အသိသားနဲ့၊ တောင်းပန်လို့မရဘူးလားကွယ်။ ကျုပ်လက်က လက်ပြတ်ကြီးနော်၊ ထပြီး တီးလိုက်ရရင်

ဒုတ် ။ ။ “ရယ်စရာကောင်းလိုက်တာ၊ တော့်ကို ကြောက်ရဦးမှာလား”

ထူး။ ။ အသက်ရယ်၊ အလိမ္မာသားနဲ့ ၊ ကျောမယားချင်စမ်းပါနဲ့ကွယ်”

ဒုတ် ။ ။ “အမယ်လေး ... ကြောက်စရာကောင်းလိုက်တာ၊ ပုရွက်ဆိတ်တွင်း ရှာရဦးမယ်”

ထူး ။ ။ “ဒါဖြင့် မရွှေဂျမ်း အရိုက်မခံရရင် မအေးနိုင်ဘူးပေါ့ ” ၊

ဒုတ် ။ ။ “မဟုတ်ပါဘူး၊ တော့်ကို ကြောက်လိမ့်မယ် ထင်လို့ ဒါလောက်တောင်ကြိမ်းမောင်းနေရတာလား၊ နှမ်းစေ့လောက်မျှ မကြောက်ဘူး၊ ဂျမ်းဒုတ်တဲ့တစ်ဒုတ်တည်းရှိတယ်”

ထူး ။ ။ “အသက်ဘူးရယ်၊ တော်ပါကွယ်၊ ကျုပ် စိတ်ဆိုးလာတော့ နားရင်း ထအုပ်လိုက်လိမ့်မယ်”

ဒုတ် ။ ။ “ဟဲ့ ...၊ ယစ်ထုပ်”