ဦးသုခ - သဗ္ဗေသတ္တာ
ကိုယ့်ဝမ်းနာ ကိုယ်သာသိ
သုခ
ကျွန်တော်၏ ကလောင်အမည်မှာ သုခဖြစ်ပါသည်။
၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့အား လုပ်ကြံမှုနှင့် ပတ်သက်၍ ဦးစော၏ အပေါင်းပါ တရားခံများအနက် သုခအမည် ဖြင့် ပုဂ္ဂိုလ်တစ်ယောက် ပါဝင်ခဲ့သည်။
ကျွန်တော်၏ဇာတိမှာ ကျိုက်လတ်မြို့ဖြစ်၍ ကျိုက်လတ်သားဟု အတော်များများက သိ၍ထားကြရာ ဦးစော၏အမှုတွင် ပါဝင်သော ကိုသုခကလည်း ကျိုက်လတ်မြို့ကဟုသတင်းစာအသီးသီးတွင် ဟိုးလေး တကျော် ပေါ်ပေါက်နေခြင်းကြောင့် စာဖတ်ပရိသတ် တော်တော်များများ ကမြို့ပေါ်မှဆိုလျှင် အိမ်သို့လာ၍ မေးကြသည်။ ရပ်ဝေးကဆိုလျှင် အပြစ်တင်စာများ၊ ဆဲရေးသောစာများ၊ အကျိုးအကြောင်း စုံစမ်းသော စာများ၊ ရသမျိုးစုံ မျက်နှာပူစွာ ဖတ်ရှုခဲ့ရပါသည်။ကျိန်ဆဲစာနှင့် ကဲ့ရဲ့ရှုတ်ချသော စာများမှာ ရာကျော်နှင်နှင် ရှိပေ၏။ ထိုအကြောင်းအချက်မှတစ်ပါး အခြားသော နာမည်တူများက လည်း အနုပညာလောကတွင် ရှိနေကြောင်း သိရပြန်ပါသည်။
ရုပ်ရှင်နှင့် ပြဇာတ်တွင် လူရွှင်တော် ကိုသုခ၊ ပန်းချီဘက်တွင်လည်း ကိုသုခ၊ ထို့ကြောင့် ကျွန်တော်နှင့်သူတစ်ပါး ကွဲကွဲပြားပြား ခွဲခွဲခြားခြား ဖြစ်ကြစေရန် “သုခ”ရှေ့က “စာရေးဆရာ” ဆိုသော နာမ ဝိသေသန တွဲ၍ စာရေးဆရာသုခဟု ဖြစ်ရပါလေသတည်း။
သို့သော်
စာရေးဆရာသုခဟု ကလောင်အမည် မှည့်ပြီးခါမှ ဘဝပေးအခြေ အနေအရ ရုပ်ရှင်နယ်တွင် တလည်လည်နှင့် ဇာတ်ညွှန်းရေးသူအဖြစ်မှ ရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရသည့် ကာလအတွင်း လုံးချင်းဝတ္ထုများ စိတ်အား လက်အားနှင့် ရေးသားနိုင်စွမ်း မရှိခဲ့။ အလုပ်တွေ မအားလို့ ဟူသော ဆင်ခြေများမှာ သဘာဝကျသောစကားတော့ မဟုတ်။ ကိုယ်ညံ့ဖျင်း၍ အပျင်းကို တရားခံရှာသော ဆင်ခြေဟု ကိုယ့်ကိုယ်ကို အပြစ်တင်ရပါ သည်။
ကဝိမျက်မှန်မဂ္ဂဇင်းတွင် မျိုးစေ့ချခဲ့ပြီး တစ်တန် ရွှင်ပျော်ပျော် ခေတ်က အညွန့်အညှောင့် ပေါက်အောင် ကြိုးစားခဲ့ရသော စာပေ အကိုင်းအခက်၊ အရိပ်အာဝါသအောက်မှ မကင်းကွာရက်သော မခွဲခွာဝံ့သော သံယောဇဉ်သည် သတင်းစာနှင့် မဂ္ဂဇင်းတို့တွင်သာ ကြိုးကြား ကြိုးကြား အာလယ ဖြေဖျောက်ရပေသည်။
ခေတ်သည်
တစ်နှစ်မှသည် တစ်နှစ်သို့၊ တစ်ချိန်မှသည် တစ်ချိန်သို့ ရွေ့လျား လျက် ရှိသကဲ့သို့ စာပေ၏ အရေးအသား၊ အတွေးအခေါ်၊ အယူအဆ၊ အဆုံးအဖြတ်တို့သည်လည်း ပြောင်းလဲတတ်လေရာ ကျွန်တော်၏ အတ္တနောမတိကား ကျွန်တော်၏ စစ်ကြိုခေတ်က လုံးချင်းဝတ္ထုများပင် လျှင် အကြောင်းအရာများအားဖြင့်လည်း အားမရ၊ စာရေး စာသား အားဖြင့်လည်း မတည်မခန့် စိတ်မသန့်စရာတွေဟု ဆုံးဖြတ်မိသည်။
အတွေ့အကြုံ၊ အလေ့အကျင့် ရင့်ကျက်လာသည်ဟု ဆိုရမည်လား မပြောတတ်။ စစ်ပြီးခေတ်မှ ယနေ့အထိ စာများကိုကား ကျွန်တော် နှစ်သက်မိပါသည်။
ဤဝတ္ထု
လုံးချင်းမရလျှင် ရှိပါစေ။ ဆရာကိုယ်တိုင် ကောင်းနိုးရာရာ ရွေးချယ်၍ မဂ္ဂဇင်းပါ အဟောင်းများကို တစ်ပေါင်းတည်း စုစည်း ထုတ်ဝေလိုပါသည်ဟု ပြောလာသော ရွှေသမင်စာပေအား ယခုတစ်ကြိမ် ရလွယ်သမျှ မဂ္ဂဇင်းဝတ္ထုကလေးများ စုပေါင်း၍ ပေးလိုက်ရပါသည်။ သို့လင့်တစေ ကျွန်တော်၏ စာပေဆောင်ရွက်ချက်များမှာ နှုတ်ခမ်းနီ၊ ပါးနီမခို့တရို့ ခြယ်တတ်သော တစ်ဆယ်ကျော် ငါးနှစ်ပတ်လည်တို့၏ အကြိုက် ဖြစ်ချင်မှ ဖြစ်ပေမည်ဟူသော သံသယကား ထုတ်ဝေသူထက် ကျွန်တော့ကို ပို၍နှိပ်စက်နေကြောင်း ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ တော့သတည်း။
သုခိအတ္တာနံ ပရိဟရန္တု
သုခ