ဦးသုခ - ရတနသုတ်
ရတနသုတ်နိဒါန်း
“ဘဘကို ကျွန်တော် တစ်ခုလောက် မေးပါရစေ” “တစ်ခုတည်း မနည်းလွန်းဘူးလားကွ၊ မေးစမ်းပါဦး” “ပရိတ်ကြီး ၁၁ သုတ်မှာ မင်္ဂလသုတ်က စ,တာနော်” “ဟုတ်ပါတယ်” ။ “မင်္ဂလသုတ်ပြီးတော့ ရတနသုတ်နော် ဘဘ၊ ရတနသုတ်ပြီး တော့ မေတ္တသုတ်”
“အေး၊ ဟုတ်တယ်၊ မေတ္တသုတ်ပြီးတော့ ဘာတုံး”
“မေတ္တသုတ်ပြီးတော့ အဲ ..အဲ”
မောင်လှအေးမှာ ရုတ်တရက် မဆက်နိုင်ဘဲ “မေတ္တသုတ်ပြီး တော့” ဟုထပ်၍ ဆိုနေသဖြင့် ကျွန်တော်ကပြုံးလိုက်ရပါသည်။
“မေတ္တသုတ် ပြီးတော့ ခန္ဓသုတ်” ပေါ့ကွ”
“အစီအစဉ် ဖြုန်းခနဲ မမှတ်မိဘူး ဘဘရဲ့”ဟု ရှက်ရွံ့ရွံ့ ပြော နေပါသည်။
“အများအားဖြင့်တော့ ဒီလိုပါပဲကွာ၊ အစီအစဉ်အတိုင်း ၁၁ သုတ်လုံးကို ဖြုန်းခနဲ မမှတ်မိကြပါဘူး၊ အဲသည်လိုမှတ်မိအောင် ဆိုရင် မြင်းခြံ ၉ ဆောင်တိုက် ဆရာတော်ဘုရားကြီး ရေးသားတော် မူခဲ့တဲ့ ပရိတ် ဂါထာစဉ်နဲ့ လင်္ကာကလေးကို ကျက်ထားရတယ်ကွ”
“ဒါဖြင့် ကျွန်တော့်ကို သင်ပေးပါ ဘဘ”
“မင်္ဂလ, ရတန, မေတ္တံ့၊
ခန္ဓ, မောရ, ဝဋ်, ဓဇံ။
အာဋာနာဋိယ, အင်္ဂလိ၊
ဗောဇ္ဈင်္ဂ, ပုဗ္ဗ သုတ္တံတိ”
တို့လာရှိသား၊ ပါဠိဘာသာ
ဂါထာဖွဲ့ရစ်၊ သုတ်ဆယ့်တစ်ကို
လေး-ရှစ်-ဆယ်ပါး၊
နယ်သွား ပတ်ယှက် ရပ်ထက်ဝန်းကျင်၊
ဘေးများဖြင့်တို့ မဝင်စိမ့်ငှာ၊
တံတိုင်းကာသို့
ကောင်းစွာဆို့ပိတ်၊ ထိုနိမိတ်ကြောင့်
“ပရိတ်”ပညတ်၊ ဘွဲ့ထူးတပ်၏”
“အဲဒါကို နှုတ်တက်ရထားရင် အားလုံး မှတ်မိရောပေါ့ကွာ၊ ဒါ တင်မကဘူး၊ “ပရိတ်” ဆိုတာ ဘာဖြစ်လို့ ခေါ်သလဲ ဆိုတာပါ သိ သွားပြီ၊ သူ့ထဲမှာ ပါတယ်လေ၊ “လေး-ရှစ်-ဆယ်ပါး၊ နယ်သွား ပတ်ယှက်၊ ရပ်ထက်ဝန်းကျင် အရပ်လေးမျက်နှာ၊ အရပ် ရှစ် မျက်နှာ၊ အရပ် ဆယ်မျက်နှာတို့မှ ဘေးအန္တရာယ်များစွာကို မဝင်ရောက်နိုင်စေခြင်းငှာ တံတိုင်းကာထားဘိသကဲ့သို့ ဆို့ပိတ် ထားနိုင်သော တံခိုးအာနိသင်ကြောင့် ပရိတ္တံ-ပရိတ်ဟု အမည်ရှိ သည်" အဲဒါကိုပါ တစ်ခါတည်း သိသွားရော”
မောင်လှအေးက ဝမ်းသာအားရ သူ့မှတ်စုစာအုပ်ထဲတွင် လောဘတကြီး ရေးချနေပါသည်။ ရေးပြီးသည့်အခါ သူက စကား ဆက်ဆိုပြန်၏။
“ဘဘက မေတ္တသုတ်ကို ပထမ စ,ရေးတယ်နော်” “အေး ...” “မေတ္တသုတ်ပြီးတော့ မင်္ဂလသုတ် ရေးတယ် ဟုတ်လား”“အင်း ... မင်းမေးချင်တာ ငါရိပ်မိပြီ၊ ပရိတ်ကြီး အစဉ်အလာ အတိုင်းဆိုရင် မင်္ဂလသုတ်ကို ပထမ စ,ရေးရမယ်၊ မင်္ဂလသုတ် ပြီး ရင် ရတနသုတ် ရေးရမယ်ရတနသုတ်ပြီးမှ မေတ္တသုတ် ရေးရမယ်၊ အခုတော့ ဘဘက မေတ္တသုတ်ကို စ,ရေးတယ်၊ မေတ္တသုတ်ပြီးမှ မင်္ဂလသုတ်ကို ရေးတယ်၊ အဲဒါဘာဖြစ်လို့လဲလို့ မေးချင်တာ မဟုတ် လား” “ဟုတ်ပါတယ် ဘဘ၊ အဲဒါကိုမေးချင်လို့ စကားစ,ခဲ့တာပါ" “ဟုတ်ပြီ ...ဟုတ်ပြီ၊ ဒီလိုဆိုတော့လည်း ငါက ပြောရတော့မှာ ပေါ့ ၊ ဒီလိုကွာ၊ ငါ့ရည်ရွယ်ချက်က “ပရိတ်ကြီး အစဉ်”ကဲ့သို့ ရည် ရွယ်ခဲ့တာမှ မဟုတ်ဘဲကလား၊ အကြောင်းဆိုက်ရာ စကားစပ်မိရာ က မေတ္တာမပို့မီ ဆည်းပူးထားရှိရမယ့် ‘အခြေခံကျင့်ဝတ်တရားများ ကို သုံးသပ်ဆင်ခြင်မိလို့ ရေးခဲ့တာကိုးကွ၊ အမှန်ကို ဝန်ခံရမယ် ဆိုရင် မေတ္တာပို့တယ်ဆိုတာ `သဗ္ဗေသတ္တာ အဝေရာ ဟောန္တ' ဆို တဲ့ စကားပါရင် လုံလောက်တယ်လို့ ငါကိုယ်တိုင် ထင်ခဲ့မိတယ်။ နောက်ပြီး မေတ္တသုတ်မှာ အစဖြစ်တဲ့ “ကရဏီယ မတ္ထ ကုသလေန" ဆိုတဲ့ ပါဠိတွေကိုလည်း ပရိတ်တရားလောက် ဘုရားရှိခိုးဂါထာများ လောက်သာ သဘောထားပြီး ရွတ်ခဲ့မိတာ အမှန်ပဲကွ ... ။
တစ်နေ့တော့ ကျောက်တန်းမြို့က ဆရာဦးစောမောင်နဲ့အတူ ကျိုက္ကမော့တောင်ပေါ်မှာ မေတ္တာဘာဝနာအကြောင်း စကားစပ်မိ တာနဲ့ သူက အရိပ်အမြွက် ပြောပြတယ်၊ သတ္တဝါအများကို မေတ္တာ ပို့မယ့် သူဟာ မိမိကိုယ်တိုင် မေတ္တာပို့နိုင်တဲ့ ‘ပဋိပဒါ"တရားများ စွမ်းအားရှိသမျှ ပြည့်စုံထားရမည့် အကြောင်း၊ သို့မှသာ မိမိ၏ မေတ္တာဟာ ထက်မြက် စူးရှနိုင်မည့် အကြောင်းတွေပေါ့..
အဲဒီမှာတင် သဘောပေါက်လာပြီး “မေတ္တသုတ်” ကို တစ်ပိုဒ် ချင်း ဆင်ခြင်လာမိတယ်၊ နက်နက်နဲနဲ သုံးသပ်လာမိတယ်၊ ကိုယ့်ဉာဏ်အတိုင်းအတာနဲ့ပေါ့ကွာအဲဒီနောက် ကိုယ်ဖတ်ဖူးသမျှ၊ မှတ် ဖူးသမျှ၊ ကြားနာခဲ့ဖူးသမျှစကားတွေ စာတွေနဲ့ နုနယ်ငယ်ရွယ်သူ ၊တွေ သဘောပေါက်အောင် ငါသိသလောက်သိကြရအောင် ဆွေးနွေး ခန်းတွေ ရေးခဲ့တာပါပဲ ... ။
ဒါကြောင့်မေတ္တသုတ်ကိုပထမရေးခဲ့တာဖြစ်တယ်။ အဲဒီနောက် “မင်္ဂလသုတ်” ကိုလည်း ခေတ်လူငယ်တွေ နားလည်အောင် ရေးစမ်း ပါဦး-လို့ တိုက်တွန်းကြပြန်တာနဲ့ ရေးဖြစ်တာပါပဲ၊ အဲဒီ သုတ္တန် နှစ်ခုစလုံးဟာ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနှင့် စိတ်ကျင့်တရားတို့ကို ဖော်ပြထားတာဖြစ်တယ်၊ ကျင့်ဆောင်သူမှန်သမျှမှာ လောကီ,
လောကုတ္တရာ ကောင်းကျိုးချမ်းသာများ ရရှိကြမှာ သေချာပါတယ်။သိပ္ပံနည်းကျတယ်လည်း ဆိုရမှာပေါ့ကွာ၊ ဘယ်ပါရဂူကြီးတွေ ဖြစ် ဖြစ် ဝန်ခံကြပါလိမ့်မယ်” ။
“ဟုတ်ကဲ့ ဘဘ၊ ရတနသုတ် အကြောင်းကျတော့ကော”
“ရတနသုတ်ကျတော့ တစ်မျိုးကွ၊ သူက “ဘုရားရတနာ၊ တရား ရတနာ၊ သံဃာရတနာ” ဆိုတဲ့ ရတနာသုံးပါး ဂုဏ်ကျေးဇူးတို့ကို ဖော်ပြပြီး သစ္စာဆိုတာ ဖြစ်တယ်၊ “ဤမှန်ကန်သော သစ္စာစကား
ကြောင့် သတ္တဝါများ ကိုယ်, စိတ်နှစ်ဖြာ ချမ်းသာကြပါစေ” ပေါ့ ။အဲဒီမှာလည်း နှုတ်ကရွတ်ရုံနဲ့ သစ္စာစကား အစစ်အမှန်ဖြစ်ဖို့ မလုံလောက် ဘူးကွ” “မှန်ရာပြော သစ္စာ- ဆိုတဲ့ စကားတော့ ရှိတယ် မဟုတ်လားဘဘ"
“ရှိပါတယ်၊ သို့ပေမယ့် တို့တစ်တွေ ပြောတဲ့ စကားဟာ ဘယ် လောက်အထိမှန်သလဲ။ မှန်ပါတယ်လို့ တို့ကိုယ်တိုင်ကော ဘယ် လောက်အထိ ခိုင်ခိုင်မာမာ ယုံကြည်ထားသလဲ၊ အဲဒါ အရေးကြီး ဆုံးပေါ့။ မင်းတို့ ငါတို့ ဗုဒ္ဓဘာသာတစ်ယောက် အနေနဲ့ ရတနာ၃ ပါးဆိုတာကို ဘယ်လိုနားလည်ထားသလဲ၊ ဘယ်လောက် လက်ခံ ထားသလဲ၊ ဘယ်အထိ နှစ်သက်လိုလား နေသလဲ၊ အဲဒီအတိုင်းကိုပဲ တွေးကြည့်ကြရအောင်၊ ကဲ ... 'ရတနာ” ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ။ မင်းပြောစမ်း”
“ရတနာ' ဆိုတာ လူတိုင်း နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းလို့ ကြားဖူးထားပါတယ် ဘဘ”
“အေး .. ဟုတ်ပြီ၊ ယေဘုယျအားဖြင့် “ရတနာ' ဆိုတာ သက်ရှိ၊ သက်မဲ့ ရယ်လို့ နှစ်မျိုး နှစ်စား ရှိတယ်၊ မင်းသိမှာပေါ့။ သက်ရှိဆိုတာ ဆင်ရတနာ,မြင်းရတနာ, သားသမီးရတနာ အပါအဝင်ပေါ့။ သက်မဲ့ဆိုတာကတော့ ရွှေ,ငွေစိန်,ကျောက်,တိုက်တာ,အဆောက်အအုံပေါ့ကွယ်၊ ဒီလိုမဟုတ်လား”
“ဟုတ်ကဲ့ ဘဘ” “ကဲ .. အဲဒီ သက်ရှိသက်မဲ့ အလုံးစုံသော ရတနာ ရတနာ တွေထက် ဗုဒ္ဓရတနာ, ဓမ္မရတနာ, သံဃာရတနာ အဲဒီ ရတနာ ၃ ပါးတို့က တို့တစ်တွေ အတွက် အနှစ်သက်ဆုံး,အမြတ်နိုးဆုံး,အကျိုး အပေးဆုံး, အတုမရှိရတနာများ ဖြစ်ကြပါပေတယ်-လို့ နှစ်နှစ် ကာကာ စွဲစွဲမြဲမြဲ အသွေးထဲ အသားထဲကပါ သိထားကြရဲ့လား၊ လက်ခံ ထားကြရဲ့လား၊ တထစ်ချ ယုံကြည်ထားကြရဲ့လား၊ ပထမအဆင့် အနေနဲ့ ရတနာ ၃ ပါးကို ယုံကြည်ပြီးမှ ထိုရတနာ ၃ ပါးတို့၏ ဂုဏ်ကျေးဇူးကို ယုံကြည်နိုင်မှာ အဲသလို ယုံကြည်ပြီး ပြောဆို ရွတ်ဖတ်မှ “မှန်ကန်သော သစ္စာစကား' ဖြစ်မယ်ပေါ့ ၊ သို့ကလို “မှန်ကန်သော သစ္စာစကား” ဖြစ်မှ “သတ္တဝါများချမ်းသာကြပါစေ”ဆို တဲ့ ဆန္ဒအတိုင်း ချမ်းသာကြမှာပေါ့၊ ပရိတ်တော်က ဆိုထားတယ် လေ။